ရွက်မွန်စာမျက်နှာ

Thursday, January 22, 2015

Transition without Justice

ပြီး
ခဲ့တဲ့အပတ်က ကျနော်ဘာသာပြန်ခဲ့တဲ့ စာအုပ်တစ်အုပ် ပုံနှိပ်ထုတ်ဝေဖြစ်တယ်။ ဘာသာပြန်ထားတာတော့ အတော် ကြာပါပြီ။ တောင်အာဖရိကနိုင်ငံက တွေ့ဆုံဆွေးနွေးပွဲတွေအကြောင်း အတွင်းကျကျရေးထားတဲ့ စာရေးဆရာ၊ သတင်းစာ ဆရာ အယ်လစ်စတာ စပါ့ခ်ရဲ့ (Tomorrow is Another Country) စာအုပ်ကို ဘာသာပြန်ထားတာပါ။ ဒီအထဲမှာ အတက် အကျတွေ ရှိတယ်။ နိုင်ငံရေးရဲ့ ပုံဆောင်ခဲမဆန်၊ အရည်ဆန်တဲ့ ပျော့ပြောင်းမှုတွေ တွေ့ရမယ်။ နိုင်ငံတစ်ခု ကံကြမ္မာကို တွေ့ရမယ်။

ဆွေးနွေးပွဲတွေမတိုင်မီ မင်ဒဲလားက သမ္မတဘိုသာဆီ တောင်းဆိုခဲ့ရတာ အကြိမ်ကြိမ်၊ မျက်နှာချင်းဆိုင် တေ့တေ့ဆိုင်ဆိုင် တွေ့ကြပြီးတာတောင် အပြောင်းအလဲအတွက် ထပ်စောင့်ရတဲ့နှစ်က မနဲမနော။ တစ်ခါ ဆွေးနွေး နေစဉ်မှာ ANC စစ်ရေးခေါင်းဆောင် ခရစ္စဟာနီ လုပ်ကြံခံရတာ၊ ဘိုပါတောင် အကြမ်းဖက်မှု အရေးအခင်းကြီးဖြစ်တာ.. အခု KIO ဌာနချုပ်က သင်တန်းကျောင်းကို ပစ်တာမျိုး၊ ကြားဖြတ် လက်ပံတောင်း၊ ကိုပါကြီး သွေးထွက်သံယိုဖြစ်တာမျိုး တွေနဲ့ ဆင်လှတယ်။

ကျနော်ဘာသာပြန်ဖြစ်တာက တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ပဲ၊ နောက်ဆုံး ကျနော်တို့တိုင်းပြည် ပြဿနာကိုပြေလည်အောင် ဖြေရှင်းနိုင်မယ် ယုံကြည်လို့ပဲ။ ပိုလို့တိတိကျကျ ပြောရရင်.. Grand coalition (အမျိုးသား ပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရ) လိုမျိုး လိုအပ်တယ်လို့ ထင်မြင်မိလို့ပါပဲ။ လက်ရှိအစိုးရမှာ ပြောရရင် အရင်ဗိုလ်ချုပ်ဟောင်းတွေက အများစု၊ အစိုးရဗျူရိုကရေစီ ယန္တယားထဲမှာ စစ်ထွက်အရာရှိဟောင်းတွေက ဒုနဲ့ဒေး၊ အခု အမြဲတန်းအတွင်းဝန်စနစ် (Permanent secretary) လုပ်မယ်ဆိုတော့ အဲသည်စစ်တပ်အရာရှိဟောင်းတွေက လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီလို့ တော်တော်များများ အမြဲတန်းအတွင်းဝန်တွေ ဖြစ်လာနိုင်တယ်။ (ဥပမာ-လုပ်သက် ဌာနတစ်ခုမှာ ၁၅ နှစ်ရှိနေတာ၊ မဟာဘွဲ့တစ်ခု ရထားတာ.. စသည်ဖြင့်)။ ဒါက လက်ရှိ ကြိုက်သည်ရှိ-မကြိုက်သည်ရှိ အရှိတရား။ တစ်ဖက် အတိုက်အခံ NLD ကတော့ လူထုထောက်ခံမှုတွေ ရနေတုန်းပဲ။ သို့သော် အနာဂတ် နိုင်ငံတော်ပုံစံ ပီပီပြင်ပြင် ပြောဆိုတာ မတွေ့ရ။ အထူးသဖြင့် အပြောင်းအလဲကို ဘယ်လို မိုဒယ်နဲ့သွားမှာလဲဆိုတာ.. ပြောဆိုတာမျိုး မတွေ့ရသေး။ အုပ်ချုပ်ရေး အတွေ့အကြုံက မရှိ။ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်မီးကလည်း ဖြေရှင်းကြရမယ်။ အုပ်စုတစ်ခုခုက တစ်ဘတ်သတ် လွှမ်းမိုးထားတာမျိုးမဟုတ်ဘဲ… National Unity Government (အမျိုးသား ပြန်လည် သင့်မြတ်ရေး အစိုးရ) မျိုး တောင်အာဖရိကမှာ ဖြတ်သန်းခဲ့ကြသလို၊ လိုအပ်မယ် ထင်မြင်မိတယ်။ သူတို့က The Rainbow Nation သက်တန့်ရောင်စုံ နိုင်ငံတော်ကို တည်ခဲ့ကြတယ်။ ဒီလိုစိတ်ကူး အိပ်မက်တွေနဲ့ ဒီစာအုပ်ကို ဘာသာ ပြန်ပါတယ်။

၁၉၉၀ အစောပိုင်းက မြန်မာပြည်ဟာ အာရှတိုက်တဲ့ တောင်အာဖရိကလို့ တင်စားပြောခဲ့ကြတယ်။ အထူးသဖြင့် ဆန်ရှင် ကိစ္စတွေနဲ့ တိုက်တွန်းပြောဆိုကြစဉ်ကပါ။ မတူတာက လုံးဝမတူပါဘူး။ မင်ဒဲလား ထောင်ထဲနှစ်ရှည် ရှိနေစဉ်မှာ ပြည်တွင်း အင်အားစု ၄၀၀ ကျော် မဟာမိတ်ဖွဲ့ထားတဲ့ UDF က သပိတ်တွေ တစ်ခြိမ်းခြိမ်း။ ဒီမှာတော့ ဒေါ်စုအကျယ်ချုပ် ကျသွားရင် NLD က တိတ်ဆိတ်။ ဟိုမှာတော့ "Make Townships Ungovernable" (မြို့နယ်တွေ အုပ်ချုပ်မရစေရ) ဆိုပြီး အုံးအုံးကြွကြွ။ ဒီမှာတော့ "မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ" ဆိုပြီး၊ ပြီးတော့ မေ့မေ့ပျောက်ပျောက်။ ဆင်ခြေ ပေးကြရင် မြန်မာစစ်အစိုးရက သူမတူအောင် ဖိနှိပ်တယ်ဆိုကြမယ်။ တကယ်တော့ တောင်အာဖရိကမှာလည်း အသက် သွေးချွေး ထိခိုက်ခဲ့ကြတာ မနည်းပါဘူး။ ၁၉၉၀-၁၉၉၄ အတွင်းမှာပဲ အစီရင်ခံစာတစ်ခုအရ ၁၄၀၀၀ သေ၊ ၂၂၀၀၀ ထိခိုက် ဒဏ်ရာရတယ်ဆိုတယ်။ အကြောင်းကတော့ လူမျိုးစုချင်းတိုက်ခိုက်မှုတွေ အပါအဝင်၊ နိုင်ငံရေးအကြမ်းဖက်မှု တွေကြောင့်ပါ။ ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၁၀-လ လောက်မှာ တစ်လလျှင် လူသေပျောက်မှုနှုန်း ၄၆၀ ထိတောင် ရှိတယ်လို့ ဆိုပါတယ်။ တောင်အာဖရိက ရဲတွေကြောင့် လူဖြူဒေသမှာ၊ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား အဓိကရုဏ်းတွေကြောင့် သေကြေကြရမှုက ၆၀၀ အထိ ရှိခဲ့တယ်။ ဒီအတွင်းမှာ အစိုးရက လက်ပါတဲ့၊ လက်ကျာ အစွန်း ရောက်အုပ်စုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှု တွေလည်း မနည်းမနော ရှိခဲ့သေးတယ်။ ၁၇၃ ယောက်တောင် ရှိခဲ့တယ် ဆိုတယ်။ အတိုက်အခံတွေကြောင့် သေကြေ သွေးထွက်သံယိုကိစ္စတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် Fire necklace မီးလည်ဆွဲလို့ခေါ်တဲ့ သတင်းပေးတွေကို ကားတိုင်ယာကွင်းစွပ် မီးရှို့သတ်ပစ်တာမျိုးကိစ္စတွေလည်း အများကြီး ရှိခဲ့ ပါတယ်။ (Human Rights Committee 1997)

တောင်အာဖရိက အပြောင်းအလဲ ဖြစ်လာပြီးတဲ့နောက်မှာ ဘာရလဒ်ကျန်သလဲ။ လူဦးရေ သန်း ၄၀ မှာ ၂၃ သန်းက လျှပ်စစ်နဲ့ သန့်ရှင်းရေးစနစ်တွေ ရှိမနေဘူး။ လူ ၁၂ သန်းက သန့်ရှင်းတဲ့ ရေပေးရေးစနစ် မရှိဘူး။ ကလေး ၂ သန်း ကျောင်းမနေနိုင်ဘူး။ လူဦးရေရဲ့ သုံးပုံတစ်ပုံက စာမတတ်ကြဘူး။ အလုပ်လက်မဲ့က ၃၃% ရှိနေခဲ့တယ်။ လူဦးရေတစ်ဝက် နီးပါး ဆင်းရဲမှုမျဉ်းအောက် ရောက်နေတယ်။ ကျနော်တို့ နိုင်ငံနဲ့လည်း သိပ်မထူးပါဘူး။ ဒါပေမယ့် ဒီအခက်အခဲတွေကို သူတို့ ကျော်ခဲ့ကြတယ်။ အတိတ်က အင်အားစုနှစ်ဖက်အကြား ရန်လိုသတ်ဖြတ်ရင်း ဖြစ်ခဲ့ကြတဲ့ ကိစ္စတွေကို အသွင်ပြောင်းကာလ တရားမျှတမှု ဖော်ထုတ်ခဲ့ကြတယ်။ အမှန်တရားပေါ်ပေါက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင် (Truth and Reconciliation Commission) လိုမျိုး ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြတယ်။

ကျနော် စာအုပ်ဘာသာပြန်ပြီးတဲ့နောက်၊ တောင်အာဖရိကက ပညာရှင်တစ်ယောက် Patrick Bond နဲ့ ချင်းမိုင်က ဆယ်မီနာတစ်ခုမှာ တွေ့ဖြစ်တယ်။ ကျနော် Tomorrow is another country စာအုပ် ဘာသာပြန်ထားကြောင်း သိတဲ့ သူက သူ့စာအုပ်ကို ပြောပြတယ်။ Elite transition တဲ့။ ကျနော် ဘာသာပြန်ထားတဲ့စာအုပ်က တောင်အာဖရိက အပြောင်းအလဲကို တစ်စိတ်တစ်ပိုင်းပဲ လွှမ်းခြုံမယ်လို့ သူကဆိုတယ်။ တကယ်က ခေါင်းဆောင်လူနည်းစုတွေက သဘော တူညီလိုက်ကြတဲ့၊ အပေါ်ပိုင်းမှာသာ ကျေလည်ပြီးစီးသွားတဲ့ Elite transition ပဲ။ ကျန်တဲ့ စီးပွားရေး၊ ပိုင်ဆိုင်မှု အခင်းအကျင်း၊ နီယို လစ်ဘရယ် အာဂျင်ဒါ အားလုံး က ဒီအတိုင်းပဲ။ အဲသည်တော့ အကျပ်အတည်း (Crisis) တွေနဲ့ လူမှုလှုပ်ရှားမှုတွေ ဆက်လက်ဆင်နွှဲနေရသေးတဲ့ တောင်အာဖရိက သင်ခန်းစာကို သူတင်ပြတယ်။ သူကပြောတယ်။ ဒါပြီးရင် သူ့စာအုပ်လည်း ဆက်ပြန်ပါတဲ့။ ဒါမှ ပြည့်စုံလိမ့်မယ်တဲ့။ သို့မဟုတ်ရင်လည်း အခြားတစ်ဖက်က ကြည့်မြင်မှုကို ရနိုင်မယ်။

ကျနော်တို့လည်း သင်ခန်းစာယူဖို့ မကောင်းဘူးလား။ အခင်းအကျင်းက အရင်အတိုင်း၊ ပိုင်ဆိုင်မှုတွေ၊ ခရိုနီတွေ၊ နောက်ကြောင်းမပြန်ရ ဥပဒေတွေ၊ လယ်သိမ်းမြေသိမ်း ကိစ္စတွေ၊ … စစ်ဗိုလ်စစ်သားဟောင်းတွေ ဦးစီးနေဆဲ အစိုးရယန္တယားတွေ။ ဒီကြားထဲ ကျနော်တို့လို ပြည်ပရောက်တွေ အိမ်ပြန်ခဲ့ကြတယ်။ အမျိုးသားရင်ကြားစေ့လိုစိတ်၊ ပြန်လည်သင့်မြတ်လိုစိတ် အရင်းခံနဲ့ အိမ်ပြန်ခဲ့ကြတယ်။ ခုအချိန်အထိ တရားမျှတမှုကိစ္စ မပြောကြရသေးဘူး။ ၈၈၈၈ ငွေရတုလို ပြန်လည်အောင့်မေ့ အထိမ်းအမှတ်လောက်ကလွဲလို့ အမှန်တရားကို မတို့ထိနိုင်ကြသေးဘူး။ ပြည်ပရောက် ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံသူတွေ အိမ်ပြန်ရေး စိတ်ကူးမယဉ်နိုင်ကြသေးဘူး။ အနည်းဆုံး ထိပ်သီးခေါင်းဆောင်တွေ ကြား Elite transition တောင် မစနိုင်သေးဘူး။ အဲသည်တော့ လူမှုရေး တရားမျှတမှု လှုပ်ရှားမှု တွေက ဆက်ရှိနေမှာပဲ။ အခွင့်အရေးတောင်းတာတွေလည်း ဆက်ရှိနေမှာပဲ။ အကျပ်အတည်းတွေကလည်း ခဏခဏ လာဦးမှာပဲ။ ကျနော်တို့ နိုင်ငံကို သက်တန့်ရောင်စုံ နိုင်ငံတော်ဖြစ်အောင်လည်း ဆက်ပြီး ကြိုးပမ်းကြရဦးမှာပဲ။

Patrik Bond ရဲ့ စာအုပ် Elite transition ကို ဒီလင့်ခ်မှာ ရနိုင်ပါတယ်။

အောင်သူငြိမ်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.