ရွက်မွန်စာမျက်နှာ

Monday, May 25, 2015

တိုင်းပြည်ကိုသွေးအိုင်ထဲ မပို့ပါနဲ့

ရွေး ကောက်ပွဲနား နီးလာတာနဲ့အမျှ အမုန်းတရားကို အခြေခံပြီး မဲဆွယ်တဲ့ သို့မဟုတ် မဲဆွယ်ပေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာလိမ့်မယ်လို့ ထောက်ပြဖူးပါတယ်။ အစ္စလမ်ဆန့်ကျင်ရေး မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရား ဟောပြောမှုတွေက ထိပ်ဆုံးက နေရာယူလာမှာ အသေအချာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကို အခုပဲ စတင်တွေ့နေရပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြည်တွင်းထုတ် စာစောင်တခုမှာ ပါလာခဲ့တဲ့ ဆောင်းပါးတခု ဖြစ်ပါတယ်။ အဆိုပါဆောင်းပါးကို ရေးသားသူဟာ နာမည်ကြီး ကျမ်းတတ် ဆရာတော် တပါး ဖြစ်တာကိုလည်း မြင်ရပါတယ်။

ဆောင်းပါရဲ့ ဆိုလိုရင်းက ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်မယ့် သူတွေကိုသာ မဲပေးဖို့ ပြောထားပါတယ်။ ဆောင်းပါးရှင် ဆရာတော် ရည်ညွှန်းလိုတဲ့ ဗုဒ္ဓသာသနာကို ကာကွယ်တဲ့သူဟာ ဘယ်သူ၊ မကာကွယ်တဲ့သူဟာ ဘယ်သူဆိုတာ စာဖတ်သူများ သိပါတယ်။ အကျယ်မပြောလိုပါ။ ရန်ကုန် မန္တလေးက ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြား မွတ်စလင်များရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရောက်နေပြီလို့လည်း ပြောဆိုထားပါတယ်။ တချိန်ထဲမှာလည်း ကချင်နဲ့ ကယားနယ်တွေမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများကို ခရစ်ယာန်ဘာသာဝင်သူပုန်များက သတ်ဖြတ်နေတယ်လို့လည်း စွပ်စွဲထားတာ တွေ့ရပါတယ်။ ကောင်းပါပြီ အဲသလို အခြေအနေမျိုး မြန်မာပြည်မှာ တကယ် ဖြစ်ပျက်နေသလားဆိုတာ လေ့လာဖို့လိုပါတယ်။
လတ်တလော တွေ့ရသလောက်ကတော့ ခရစ်ဘာသာဝင် သူပုန်တွေက ဗုဒ္ဓွဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ် နေတာ မတွေ့ရပါဘူး။ တခုပဲရှိပါတယ်။ အဲတာကတော့ ကေအန်ယူနယ်မြေမှာ ဘုန်းတော်ကြီး တပါးကို ၂ဝ၁၄ ခုနှစ်က သတ်ဖြတ်ခဲ့တဲ့ လူတချို့ကို ကရင်အမျိုးသားလက်နက်ကိုင် အဖွဲ့အစည်း လေးခုနဲ့ ပေါင်းစုထားတဲ့ အထူးခုံရုံးကနေ ထောင်ဒဏ် ၇ နှစ်၊ ရှစ်နှစ် စသဖြင့် အပြစ်ပေးလိုက်တယ် ဆိုတဲ့ သတင်းကိုတော့ ဧရာဝတီသတင်းဌာနရဲ့ အွန်လိုင်း သတင်းမှာ ဖတ်လိုက်ရပါတယ်။

အဆိုပါ ကရင်အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ကတော့ ကေအန်ယူ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်ပါတယ်။ ဒီအဖွဲ့လေးဖွဲ့က အထူးခုံရုံးတခုကို စုဖွဲ့ပြီး လူသတ်မှုကျူးလွန်သူများကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ ဘုန်းတော်ကြီးကတော့ လှိုင်းဘွဲ့မြို့နယ် မယ်လရွာသစ်က ဆရာတော် ဦးကုသလ (သက်တော် ၆၈ နှစ်) ဖြစ်ပါတယ်။ အသတ်ခံရတဲ့ အကြောင်း အရင်းက လူမျိုးရေး၊ ဘာသာရေးနဲ့ မပတ်သက်ပါ။ ဆရာတော် ဦးကုသလက သစ်ပင်များမခုတ်ဖို့ တားမြစ်ရာကနေ အငြိုးထားခံရပြီး အသတ်ခံရတာလို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် စီးပွားရေး သောင်းကျန်းတဲ့ သစ်ခုတ်သူများရဲ့ လက်ချက်လို့ ပြောရမှာပါပဲ။ ဆရာတော်ဦးကုသလကို သတ်ဖြတ်သူတွေထဲမှာ ကရင် လက်နက်ကိုင် ငါးဦးနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တဦးတို့ ပါဝင်နေပါတယ်။ အဆိုပါ ကရင်လက်နက်ကိုင် ငါးဦးဟာ ကေအန်ယူနဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီက ရဲဘော်များဖြစ်ပြီး၊ ကြံရာပါလူသတ်တရားခံ နောက်တဦးဖြစ်တဲ့ ဘုန်းတော်ကြီး ကတော့ ဦးဗုဒ္ဓဝံသ ဖြစ်တယ်လို့ သိရပါတယ်။ စုစုပေါင်း လူသတ်တရားခံ ခြောက်ဦး ဖြစ်ပါတယ်။ လေးဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ် ခဲ့ပါတယ်။ တရားခံ နောက်တဦးနဲ့ ဘုန်းတော်ကြီး ဦးဗုဒ္ဓဝံသ တို့ကတော့ ထွက်ပြေးလွတ်မြောက် နေတယ်လို့ ကရင်သတင်းဌာန (ကေအိုင်စီ) က ဆိုပါတယ်။ ပြောရရင် ဒီလူသတ်မှုဟာ သစ်ခုတ် ရောင်းတဲ့ အုပ်စုကနေ အငြိုးထားပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးစီးပွားကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာလို့ ဆိုနိုင်ပါ တယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကနေတဆင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ပါ။

နောက်တချက်ကတော့ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေထဲမှာ ခရစ်ယာန်သူပုန်တွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေကို သတ်ဖြတ်နေတယ်လို့ ဆောင်းပါးရှင်ဆရာတော်က ပြောဆိုခြင်းဟာ မှားယွင်းနေပါတယ်။

ဘယ်ခရစ်ယာန်သူပုန်ကမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းမျိုး အခုအထိမကြားရပါ။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများထဲမှာ ခရစ်ယာန်အများစုလို့ ပြောနိုင်တာက ကေအိုင်အေ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ တပ်မတော်၊ စီအန်အက်ဖ် လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ကေအန်ယူတို့ ဖြစ်ပါတယ်။ အခုအချိန် အထိ အဲဒီအဖွဲ့အစည်းများက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဘာသာခြား ဖြစ်တာကြောင့် သူတို့နယ်မြေထဲမှာ သတ်ဖြတ်နေတယ်လို့ မကြားရပါ။ အမှန်တကယ် သတ်ဖြတ်နေတယ်ဆိုရင် အခုလို လက်ကိုင်ဖုန်းခေတ်၊ အင်တာနက် ခေတ်မှာ ဘယ်လိုမှ ဖုံးကွယ်လို့မရပါ။ ဒေသခံ ဗုဒ္ဓဘာသာဝင်များ ကလည်း လက်ခံမှာ မဟုတ်ပါ။ ဆန့်ကျင်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမှာလည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ အစ္စလမ်ဘာသာဝင်များကြောင့် အတိဒုက္ခ ရောက်နေတယ်လို့ ရေးသား ပြောဆိုတာကလည်း အခြေအမြစ် မရှိပါ။ အထူးသဖြင့် မန္တလေးလို နေရာမျိုးမှာ ဒေသခံ မြန်မာတွေ ဒုက္ခရောက်နေတာ ဘယ်သူ့ကြောင့်လဲ ဆိုတာ မန္တလေးသားတိုင်း သိပါတယ်။ ရှေးကထဲက အတူနေလာခဲ့တဲ့ မြန်မာမွတ်စလင်တွေကြောင့်လား၊ ဒါမှမဟုတ် အခုခေတ်ကြမှ အရှေ့ဖက်က ဝင်လာတဲ့ သူများကြောင့်လား ဆိုတာ အထက်မြန်မာပြည်က ပြည်သူတွေ သဘောပေါက်ထားပြီးသားပါ။ အရှေ့ဖက်က ဝင်လာတဲ့ သူများကို ဆန့်ကျင်ဖို့ ရန်လုပ်ဖို့ အတွက် ပြောတာမဟုတ်ပါ။ မြင်သာအောင် တင်ပြခြင်းသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်များက ဖြစ်ခဲ့တဲ့ တောင်ကုတ်မှာ အစ္စလမ်တရားဟော ဆရာတွေ အသတ်ခံရတာ၊ မိတ္ထီလာအရေးအခင်း စတာတွေနဲ့အတူ တချို့သော မြို့များမှာ မွတ်စလင်ဘာသာဝင်များ တိုက်ခိုက်ခံရပါတယ်။ အဓိကရုန်းတွေ ဖြစ်ခဲ့ပါတယ်။ သေတဲ့သူတွေလည်း သေခဲ့ရပါတယ်။ မိတ္ထီလာမှာဆိုရင် ပဋိပက္ခဖြစ်နေစဉ်အတွင်း သက်ဆိုင်ရာအာဏာပိုင်တွေဟာ တားဆီးရမယ့်အစား လက်ပိုက်ကြည့်နေခဲ့ကြတာ အားလုံးသိပါတယ်။ တိုင်းပြည်တခုအတွင်းမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပွားဖို့ လိုပါသလား။ နိုင်ငံရေးအရ မိမိရဲ့ ပြိုင်ဖက်တဦးကို အလဲထိုးဖို့ အားလုံးအတူတကွ ပိုင်ဆိုင်နေထိုင်တဲ့ အိမ်ကိုပါ မီးတင်ရှို့တဲ့ လုပ်ရပ်မျိုးတွေဟာ ဆိုးကျိုးကိုပဲ သယ်ဆောင်လာမယ်ဆိုတာ နိုင်ငံသားတိုင်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ အစိုးရက မသိဟန်ဆောင် မျက်စေ့မှိတ်ထားပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုလက်ရှိအစိုးရဟာ တက်လာကထဲက တိုင်းပြည်ဖွံ့ဖြိုးတိုးရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဦးမော့လာရေး စတာတွေအတွက် ထိထိရောက်ရောက် လုပ်ခဲ့တာ တခုမှမရှိပါ။ နောင်တချိန်မှာ ပြိုင်ဖက်နိုင်ငံရေးအုပ်စု အာဏာမရေး အတွက်သာ အလေးပေးဆောင်ရွက် နေတာမြင်ရပါတယ်။ ဒါကြောင့် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကို တမင်ပဲ ဖန်တီးနေသလားလို့တောင် ယူဆလာရပါတယ်။

အခုလို ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မျိုးမှာ လူသိထင်ရှားရှိတဲ့ ဆရာတော်တပါးက အမုန်းတရားကို အခြေခံတဲ့ ဆောင်းပါးတပုဒ်ကို ရေးတင်လာတာဟာ တိုင်းပြည်တခုလုံးအတွက် အလွန်အင်မတန် အန္တရာယ်ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မြန်မာပြည်မှာ အကြမ်းဖက်တာတွေ၊ သွေးထက်သံယို ဖြစ်တာတွေကို ပြည်သူအများစုက မမြင်လိုပါ။ ပြောရမယ်ဆိုရင် မြန်မာပြည်ဟာ လွတ်လပ်ရေးရကတဲက ပြည်တွင်းစစ်ကြောင့် သွေးထွက်သံယို ဖြစ်ခဲ့ရတာ အခုအချိန်အထိလို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းစစ်ကို မရပ်စဲနိုင်သေးပဲ ပြည်တွင်းမှာ နောက်ထပ် ဘာသာရေး လူမျိုးရေး ပဋိကက္ခတွေ ဖန်တီးဦးမယ် ထပ်ဖြစ်ဦးမယ်ဆိုရင် ဒီလိုတိုင်းပြည်မျိုးဟာ ဘယ်လိုမှ ကောင်းနိုင်စရာမရှိပါ။

အခုဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး ပြဿနာများအတွက် တာဝန်အရှိဆုံးသူကတော့ လက်ရှိ အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဟာ တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာကို ကြည့်ပြီးဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ နောက်တခါ မဲအနိုင်ရရှိဖို့ ဗုဒ္ဓြွဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေ တဦးနဲ့တဦး အကြမ်းဖက် တိုက်ခိုက်ဖို့၊ အိမ်တွေဗလီတွေ မီးရှို့ဖို့၊ သွေးထွက်သံယိုဖြစ်ဖို့ လိုအပ်ပါသလား။ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ ဗုဒ္ဓဘာသာ ဝင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ တဦးနဲ့တဦး သတ်ဖြတ်ဖို့လိုပါသလား။ မြန်မာပြည် သွေးအိုင်ထဲမှာ နစ်မွန်းမသွားဖို့ အစိုးရက ရိုးရိုးသားသား ဆောင်ရွက်ပါလို့ တိုက်တွန်းလိုပါတယ်။

လူမျိုးရေး ဘာသာရေး အမုန်းတရားကို အခြေခံထားတဲ့ ရေးသားပြောဆိုမှုတွေ၊ မဲဆွယ်မှုမျိုးတွေကို အစိုးရက တားဆီးပိတ်ပင် ပေးဖို့လိုပါတယ်။ ကျူးလွန်သူများကိုလဲ သတိပေးတန်ပေး၊ အရေးယူတန်ယူ ဆိုတာမျိုးနဲ့ ပဋိပက္ခတွေ ရင့်မှည့်မသွားအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသေးတဲ့ အခုကာလဟာ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဲသလို အချိန်ကာလမျိုးမှာ လူမျိုးရေးဘာသာရေးနဲ့ ပတ်သက်လို့ ကြီးကြီးမားမား အမှားကျူးလွန်မိခဲ့ရင် နောင်မှာ ဒီအမှားကို ပြန်နုတ်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး ဆိုတာ သတိပေးလိုပါတယ်။ အရင်က အစ္စလမ် ဘာသာဝင်တွေကို အဓိက ပစ်မှတ်ထားနေရာကနေ အခုအချိန်မှာ ခရစ်ယာန် ဘာသာဝင် တွေပါ ပစ်မှတ်နောက်တခု ဖြစ်လာမယ့် အရိပ်အယောင်ကို မြင်နေရပါတယ်။

လည်ချောင်းသွေးနဲ့ ခြေဆေးပြီး အောင်ပွဲခံတယ် ဆိုတာ ရှေးတုန်းက ပဒေသရာဇ်တွေထဲမှာတောင်မှ အတော်လေး ရက်စက်ကြမ်းကြုပ်တဲ့ ပဒေသရာဇ်များသာ လုပ်ပါတယ်။ တိုင်းပြည်ကို သွေးအိုင်ထဲပို့ပြီးမှ ရလာတဲ့ အောင်ပွဲဟာ တရားမျှတတဲ့ သန့်စင်တဲ့ လုပ်ရပ်မဟုတ်တာကြောင့် နောက်ထပ် သွေးမြေကျစေမယ့် ဖြစ်ရပ်တွေကို အနာဂတ်မှာ ဆက်ပြီး ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် သမ္မတကြီးအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်ခေါင်းဆောင်များ အနေနဲ့ အခု ကျန်ရှိနေသေးတဲ့ ကာလတိုလေးအတွင်းမှာ သမိုင်းလှပစေဖို့ သန့်သန့်ရှင်းရှင်း ဆောင်ရွက်ကြပါလို့ အကြံပေးလို ပါကြောင်း။

ဇော်မင်း
၂၂ ရက်၊ မေလ၊ ၂ဝ၁၅ ခုနှစ်

1 comment:

Unknown said...

အဲဒီလို ရေးတဲ့ဖုန်ြးူကီူးဟာ ပါရာဇိကကို ကြိုတင်ကျူးလွန်ထားတာပါဆရာ၊ ဆရာ့ဆောင်းပါးတွေ သိပ်ဆင်ချင်တုံတရားနြဲူ့ပည့်ဝပါတယ်။ဆရာကျမ်းမာပါစေ၊ လိုရာပြည့်ပါစေဗျာ။ ဗမာဖုန်းကြီူးတွေဟာ တရားကို စာကွယ်နေတယ်}}ဆို သလိုဖြစ်နေတယ်။ ဗဟုသုတလဲမရှိ၊ မနေ့က ဒကာမတစ်ယောက်က ဖုန်းဆက်တယ်၊ ရွာဖက်မှာ တရားပွဲကျင်းပဖို့ ကောင်းတယ်တဲ့လေ၊ မင်းဖုန်းကြီးတွေက ကိုယ်တိုင်တရားမရှိဘဲနဲ့ လှေျူာက်ဟောနေကြတာ၊ တိုင်းပြည်မှ စစ်အာဏာရှင်တွေဖျက်လို့ ပျက်နေရတဲ့အထဲ အဲဒီ ဓမ္မကထိကတွေဖျက်လိုီ့ ပိုပျက်နေပြီူ၊ ဖုန်းကြီးတွေက ဟန်ဆောူင်ပြီူး လိမ်ညာ စားနေကြူတယ်လို့ ကျုပ်ကပြောလိုက်တယ်။ ကျုပ်က ဖ်ုန်းကြီးအချူင်းချင်းဆိုတော့ ပိုသိတာပေါ့၊ ကိုရင်ူတွေကို စူာချပေးတယ်၊ ဆုံးမတယ်၊ လိမ်ညာမပြော၊ လှူဒါန်းသူမရှိ၊ ပကတိ ငြိုမ်းချမ်းစွာနေရပါတယ်။ (ဦးအာနန္ဒာမယာဘိဝံသ)

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.