အင်္ဂလိပ်ဘာသာစကားမှာ ဆပ်ဘ်ဟူးမင်း (Subhuman) ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ အဲတာကို မြန်မာလို ဘာသာပြန် ဖွင့်ဆိုရမယ်ဆိုရင် လူမဆန်ဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။ နောက်ထပ် အဓိပ္ပါယ် တခုကတော့ လူသားအဆင့်မရှိအောင် နိမ့်ကျတဲ့ အခြေအနေ လို့လဲ ဆိုနိုင်ပါသေးတယ်။ လူသားအဆင့်မရှိအောင် နိမ့်ကျတဲ့ အခြေအနေ ဆိုတော့ အဲတာကို ဆီလျှော်အောင် ဘာသာထပ်ပြန်မယ်ဆိုရင် တိရိစ္ဆာန်သာသာ အခြေအနေ လို့လည်း ဆိုနိုင်ပါတယ်။
ဂျပန်ခေတ်ကို မီလိုက်တဲ့ လူကြီးများပြောပြချက်အရ အဲဒီခေတ်တုန်းက ချွေးတပ်ဆွဲတယ် ဆိုတာရှိပါတယ်။ ချွေးတပ် ဆွဲတယ် ဆိုတာက အခုခေတ်စကားနဲ့ ပြောရရင် အတင်းအဓမ္မလုပ်အား ပေးခိုင်းတာမျိုးနဲ့ ဆင်တူပါတယ်။ ချွေးတပ်ဆွဲ ခံရတဲ့ ချွေးတပ်သားတွေဟာ ဘယ်မှာ လုပ်အားပေးရသလဲဆိုရင် မြန်မာယိုးဒယား ရထားလမ်းဖောက်လုပ်ရေးမှာ လုပ်အားပေးကြ ရပါတယ်။ သေမင်းတမန်လမ်းလို့ သမိုင်းမှာတွင်ခဲ့ပါတယ်။ အဲဒီချွေးတပ်သားတွေဟာ တောတောင် ထူထပ်တဲ့ နေရာတွေကို ဖြတ်ပြီး ရထားလမ်းဖောက်ရတာ ဆိုတော့ အလုပ်ပင်ပန်းတဲ့ဒဏ်အပြင် ငှက်ဖျားရောဂါကိုလည်း ရင်ဆိုင်ရပါတယ်။ ချွေးတပ်သားတွေကို ဂျပန်စစ်တပ်က အဲသလို အတင်းအဓမ္မ ခိုင်းစေပေမယ့် စားရေရိက္ခာက မလုံလောက်တဲ့အပြင် အလွန်ညံ့ဖျင်းတယ်လို့ ဆိုပါတယ်။ နေမကောင်းရင် ဖျားနာရင် ကုသဖို့ ဆေးဝါးကလည်း ရှားပါး လွန်းတယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုပြီး နှိပ်စက်တာကိုလည်း ခံရပါတယ်။ ဒါကြောင့် အစာအဟာရ ပြတ်လပ်တဲ့ဒဏ် ငှက်ဖျားဒဏ် နှိပ်စက်တဲ့ဒဏ်တွေနဲ့ ချွေးတပ်သား အများအပြား သေဆုံး ပါတယ်။ သေဆုံးခဲ့တာ များလွန်းလို့ စာရင်းအင်းတောင် မရှိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲသလို အခြေအနေမျိုးကို ကိုယ်တိုင်ကြုံခဲ့ရလို့ ပြန်ပြောင်းပြောပြတဲ့ လူကြီးတွေက ဒီလိုဆိုပါတယ်။ “ချွေးတပ်သားဘဝမှာ နေရစားရတာ ကတော့ကွာ လူနဲ့မတူပါဘူး။ တိရိစ္ဆာန်သာသာပါပဲ”။
၁၉၃၇ ခုနှစ် တရုတ်ပြည် နန်ကင်းမြို့တော်ကို ဂျပန်တွေ ဝင်သိမ်းတုန်းက နန်းကင်းမြို့တော်ထဲမှာ ရက်ပေါင်းများစွာ လူသတ်ပွဲ တွေကို ဆင်နွှဲခဲ့ပါတယ်။ ခြောက်ပတ်လောက်အတွင်းမှာ တရုတ်လူမျိုး လူကြီးလူငယ်၊ ကလေး၊ မိန်းမမရွေး သုံးသိန်းကျော် အသတ်ခံရပါတယ်။ အမျိုးသမီး အများအပြား အသတ်မခံရခင်မှာ အဓမ္မပြုကျင့်တာကိုလည်း ခံရပါတယ်။ ဒုတိယကမ္ဘာ စစ်ကြီးပြီးလို့ နှစ်ပေါင်း လေးဆယ်ကျော်လောက်မှာ အဲဒီနန်ကင်း လူသတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်စစ်သား ဟောင်း တချို့ကို အနောက်တိုင်း မီဒီယာတချို့က အင်တာဗျူးလုပ်ပါတယ်။ အဲသလို အင်တာဗျူးလုပ်တဲ့အခါမှာ လက်နက်မဲ့တဲ့ တရုတ်လူမျိုး အရပ်သား အများအပြားကို ဘာကြောင့် သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ခဲ့ တာလဲလို့ မေးပါတယ်။ အဲဒီမေးခွန်းကို ဂျပန်စစ်သားဟောင်းတချို့က အထက်အမိန့်အရ လုပ်ရတာလို့ ဖြေပါတယ်။ တချို့ကတော့ ဒီလိုပြောပါတယ်။ နန်ကင်းကို ဝင်တိုက်တဲ့အခါမှာ ဂျပန်စစ် ခေါင်းဆောင်တွေက နောက်လိုက်ဂျပန် စစ်သားတွေကို ဦးနှောက်ဆေးတဲ့ အယူအဆတခု ကြိုတင် ရိုက်သွင်းထားပါတယ်။ အဲတာကတော့ ငါတို့ဂျပန်လူမျိုးဆိုတာ နေမျိုးနွယ်တွေဖြစ်တယ်။ မြင့်မြတ်တယ်။ တရုတ်လူမျိုးဆိုတာ ကတော့ ဒင်ပြည့်ကျပ်ပြည့် လူသားလို့ မဆိုနိုင်ဘူး၊ ညစ်ပတ်နံစော်ပြီး အဆင့်အတန်းနိမ့်ကျတဲ့ ကောင်တွေ၊ ဇတ်နိမ့် လူသားတွေ၊ တိရိစ္ဆာန်သာသာ လောက်သာရှိတဲ့ အကောင်တွေ၊ ဘာမှ တန်ဖိုးမရှိဘူးလို့ ဆိုတဲ့ အယူအဆကို ရိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တိရိစ္ဆာန်သာသာ အကောင်တွေ ဖြစ်တာကြောင့် သတ်သာသတ် ဘာမှနှမျောစရာ မရှိဘူးဆိုတဲ့ အမြင် ဖြစ်ပါတယ်။
အထက်က ပြောခဲ့တဲ့ အကြောင်းအရာတွေက စစ်ပွဲတွေကြောင့် လူသားတွေ လူသားဘဝကနေ တိရိစ္ဆာန်သာသာ အခြေအနေကို ဆိုက်ရောက်ခဲ့ရပုံကို တင်ပြတာပါ။ စစ်နိုင်တဲ့လူမျိုးက စစ်ရှုံးတဲ့လူမျိုးကို လူသားအနေနဲ့ မဆက်ဆံပဲ အပေါ်စီးကနေ တိရိစ္ဆာန်ပမာ ပြုမူဆက်ဆံခဲ့တာကို မြင်ရပါတယ်။ ဒီနေရာမှာ မေးခွန်းတချို့ပေါ်လာပါတယ်။ လူတွေ တိရိစ္ဆာန်သာသာ အခြေအနေကို ဆိုက်ရောက်သွားတာဟာ စစ်ဖြစ်နေတဲ့ ကာလမျိုးမှာပဲ ကြုံနိုင်တာလား။ စစ်မဖြစ်တဲ့ ကာလမျိုးမှာကော မရှိနိုင်ဘူးလား။ လူမျိုးချင်း မတူတဲ့အကြားမှာပဲ ဖြစ်တတ်တာမျိုးလား။ ဒါမှမဟုတ် စစ်မက်ဖြစ်ပွားခြင်း လည်းမရှိ လူမျိုးချင်းလည်းတူပြီး တိုင်းပြည်တပြည်အတွင်းမှာ အတူတူနေထိုင်ရင်းကနေ တိရိစ္ဆာန်သာသာ အခြေအနေမျိုးကို ဆိုက်ရောက်သွားနိုင်တဲ့ အဖြစ်အပျက်တွေကော ဖြစ်ပွားနိုင်သလား အစရှိတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
တလောက အွန်လိုင်းကနေ သတင်းတခု ဖတ်လိုက်ရပါတယ်။ ပုသိမ်မြို့က ချောင်ကျကျနေရာတခုက ထမင်းဆိုင် တဆိုင်ဟာ အလုပ်ကြမ်းသမားတွေ အထမ်းသမားလုပ်သားတွေအတွက် ထမင်းတပွဲကို ကျပ်နှစ်ရာဆိုလား နှစ်ရာ့ ငါးဆယ်နဲ့ ဆိုလား ရောင်းပေးနေတယ်လို့ ဖတ်လိုက်ရပါတယ်။ လဖက်ရည် တခွက်တောင် ကျပ်သုံးရာလောက် ရှိနေတဲ့အချိန်မှာ ထမင်းတပွဲကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ်ဆိုတော့ ဖြစ်ကော ဖြစ်နိုင်ပါ့ မလားလို့ စဉ်းစားမိပါတယ်။ ပုသိမ်ကို အရောင်းအဝယ်ကိစ္စနဲ့ မကြာခဏ ခရီးသွားနေရတဲ့ မိတ်ဆွေက ပြန်ပြောပြမှ ဇာတ်လမ်းအမှန်ကို သိရပါတယ်။
ထမင်းတပွဲကို နှစ်ရာ၊ နှစ်ရာငါးဆယ်နဲ့ ရောင်းတာ ဟုတ်တယ်လို့ မိတ်ဆွေကဆိုပါတယ်။ ထမင်းတပွဲက ဗိုက်ပြည့်ရုံ ပမာဏတော့ ပန်းကန်ထဲမှာ ထည့်ပေးတယ်။ ဆန်ကတော့ ပုသိမ်လိုနေရာမျိုးမှာ ဈေးအပေါဆုံး ဆန်လို့ဆိုပါတယ်။ အဲဒီ ထမင်းပေါ်မှာ ပဲဟင်းအရည်ကျဲကို ရွဲရွဲဆမ်းပေးလိုက်ပြီး ဇွန်းတချောင်းတပ်ပေးလိုက်တယ်။ အဲတာပါပဲတဲ့။ ဘာဟင်းရန်မှ မပါဘူးလို့ ဆိုပါတယ်။ ကန်စွန်းရွက်ချဉ်ရေ၊ ငါးပိရေကြဲတောင် မပါဘူးလို့ ဆိုပါတယ်။ ဟင်းရန်လို့ ခေါ်နိုင်တာကတော့ ဆားထည့်ထားတဲ့ ခွက်ကလေးတခုနဲ့ ငရုတ်သီးစိမ်းထည့်ထားတဲ့ ပန်းကန်လေးတချပ်ပဲ ရှေ့မှာရှိတယ်လို့ ရှင်းပြပါတယ်။ အဲဒီ ထမင်းဆိုင်ကလေးဟာ တခြားဟင်းအမယ်လေးတွေလည်း မရှိမဟုတ် ရှိပါတယ်။ ဒါပေမဲ့ ဈေးအချိုဆုံး၊ အသက်သာ ဆုံးနဲ့ စားချင်တယ် ဆိုရင်တော့ ပဲဟင်းရည်ရွဲရွဲ တမျိုးသာဆမ်းထားတဲ့ နှစ်ရာ့ငါးဆယ်တန် ထမင်းတပွဲဖြစ်ပါတယ်။
အခြေခံ အလုပ်သမားတွေဟာ ရရှိတဲ့ တနေ့တာ လုပ်အားခက နည်းပါးလွန်းတာကြောင့် ဘဲဥဟင်းကိုတောင် နေ့တိုင်း မစားနိုင်ပါ။ ကြက်သား၊ ဝက်သားဆိုတာကတော့ အိပ်မက်ကမ္ဘာထဲမှာလို့ ဆိုနိုင်ပါတယ်။ ဒီကြားထဲမှာ မိသားစုအရေး ကလေးများအရေး စတာတွေကလည်း နေ့တိုင်းရင်ဆိုင်နေရတဲ့ ကိစ္စတွေဖြစ်တာကြောင့် ငွေကို တတ်နိုင်သမျှ ချွေတာရ ပါတယ်။ နေမကောင်းဘူး ဖျားတယ်နာတယ်ဆိုရင် ပိုပြီးဒုက္ခရောက်ပါတယ်။ ဆေးခန်းကို သွားနိုင်တဲ့သူက လူနည်းစုသာ သွားနိုင်ကြပါတယ်။ နီးစပ်ရာဆေးဆိုင်၊ ကွမ်းယာဆိုင်က အဆင်ပြေမယ်ထင်တဲ့ ဆေးကိုဝယ်သောက်ရင်း ကျန်းမာရေး ပြဿနာကို ဖြေရှင်းရပါတယ်။ နောက်တချက်က အိမ်ထောင်မရှိတဲ့ လူလွတ် အလုပ်သမားတွေ အနေနဲ့ကလည်း အိမ်ကနေ ထမင်းထုပ်လာတာထက် အဲဒီဆိုင်ကလေးက နှစ်ရာ့ငါးဆယ်တန် ပဲဟင်းရည်ကြဲဆမ်း ထမင်းတပွဲဟာ ပိုလို့အဆင်ပြေနေ ပါတယ်။ တဦးထဲသမားများအနေနဲ့ ထမင်းချက်ဖို့ ထင်းဝယ်ဦး၊ မီးသွေးဝယ်ဦး၊ မီးမွှေးပြီးချက်ဦး ဆိုတာတွေကို မလုပ်လိုပါဘူး။ နှစ်ရာ့ငါးဆယ်တန် ထမင်းတပွဲကို အဆင်သင့်မှာစားလိုက်တာက ပိုပြီးအဆင်ပြေ ကြတယ်လို့ သိရပါတယ်။ ရတဲ့ လုပ်အားခက နည်းပါးလွန်းတဲ့ သူတွေအတွက် ဘဲဥဟင်းကိုတောင် နေ့တိုင်းမစားနိုင်လို့ ပဲဟင်းရည်ကြဲဆမ်း ဆန်ကြမ်းထမင်းတပွဲနဲ့ နေ့လည်စာကို နေ့စဉ်ဆိုသလို ပြီးလိုက်ရတယ်ဆိုတာ တကယ်တန်း စဉ်းစားကြည့်မယ်ဆိုရင် တိရိစ္ဆာန်ထက် နည်းနည်း လောက်ပဲ သာတဲ့ အခြေအနေလို့ ပြောရတော့မှာပါ။
ကနေ့ မြန်မာပြည်မှာ လူတချို့က ဝက်သားနဲ့ကျော်တဲ့ ခေါက်ဆွဲကျော် ဒါမှမဟုတ် ထမင်းကျော် တပွဲကို တထောင့်ငါးရာ လောက်နဲ့ ဝယ်စားနိုင်တဲ့အချိန်မှာ တချို့ကတော့ တရက်လုပ်အားခ တထောင့်ငါးရာရအောင်တောင် မနည်းကြီး ရုန်းကန် နေရတာကို တွေ့ရပါတယ်။ မနည်းကြီး ရုန်းကန်နေရတဲ့ တချို့ဆိုတာ တကယ်တန်းတော့ လူများစုကြီးဖြစ်နေပါတယ်။
အာဏာရပါတီက လူကြီးတဦးက တနေ့ကို ကျပ်နှစ်ထောင်ဝင်ငွေရှိရင် လောက်ငှတယ်လို့ပြောခဲ့ပါတယ်။ တွက်ကြည့်ရ အောင်ပါ။ တနေ့ကို ကျပ်နှစ်ထောင်။ ထမင်းစားတော့ ပုသိမ်က ချောင်ကလောင်ထဲမှာ ရောင်းတဲ့ ထမင်းဆိုင်ကလေးက နှစ်ရာ့ငါးဆယ်တန် ပဲဟင်းရည်ဆမ်း ထမင်းမျိုး။ တရက်ကို နှစ်နှပ်စားရမှာ ဆိုတော့ ထမင်းဖိုးသက်သက်ကပဲ တရက်ကို ငါးရာ။ အလုပ်အသွားအပြန် ကားခမပါသေး။ နံနက်စာ မပါသေး။ နေ့ခင်းနေ့လည် သောက်မယ့် လဖက်ရည်ဖိုး မပါသေး။ ဆေးလိပ် ကွမ်ယာဖိုး မပါသေး။ တနေ့နှစ်ထောင်ဆိုတာ ဖြစ်သလို ပဲဟင်းရည်ကြဲနဲ့ စားမယ်ဆိုရင်တော့ လောက်နိုင် ပါတယ်။ ပိုလောက်ငှအောင် ညနေစာကို ထမင်းမစားပဲ ဆန်ပြုတ်ပဲ သောက်မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ လဖက်ရည် မသောက်ပဲ နေဆိုရင်လည်း လောက်ငှနိုင်ပါတယ်။ အဲသလိုသာ နေကြစားကြရမယ်ဆိုရင် ရတော့ရတာပေါ့။ ဒါပေမဲ့ လူဟာ တဖြည်းဖြည်းနဲ့ လူအဖြစ်ကနေ တိရိစ္ဆာန်သာသာ ဘဝမျိုးကို ရောက်သွားမှာပါ။ အဲတာမျိုးကိုမှ ဆပ်ဘ်ဟူးမင်းလို့ မပြောရင် ဘယ်လိုပြောရမှာလဲ။
ရန်ကုန်မြို့ တခုထဲကို ကြည့်မယ်ဆိုရင် လမ်းမတွေပေါ်မှာ အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ထား သူတွေ၊ အဟာရ ချို့တဲ့ တာကြောင့် ညိုးငယ်တဲ့မျက်နှာတွေ၊ ခွန်အားမဲ့သလို ဖြစ်နေတဲ့ မျက်လုံးတွေ၊ ဘတ်စ်ကား စပယ်ရာရဲ့ ရိုင်းရိုင်းပြပြ အော်ဟစ် ငေါက်ငန်းသံတွေနဲ့ အလုပ်သွားအလုပ်ပြန် လုပ်နေရသူတွေ များလွန်းမက များလှပါတယ်။ သူတို့ဟာ တရက်တာ လုပ်အားခကို တိုးပေးလိုခြင်း မရှိတဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်လုပ်နေရသူတွေပါ။ သူတို့တွေဟာ လူတွေဖြစ်နေပေမဲ့ ဘဝ အဆင့်အတန်းဟာ တိရိစ္ဆာန်ဘဝ ရောက်မသွားယုံ တမယ်ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ တချိန်ထဲမှာလည်း အဖိုးတန် နိုင်ငံခြားဖြစ် အဝတ်အစား ဝတ်ထားသူတွေ၊ အီတလီလုပ် ဖာရယ်ရီ ပြိုင်ကားတို့ လမ်ဘာဂီနီ ပြိုင်ကားတို့ကို မောင်းပြီး လေအေးစက် ပေးထားတဲ့ ဈေးကြီးတဲ့ အထက်တန်းစား စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်မှာ ထိုင်နိုင်သူတွေကိုလည်း မြင်ရပါတယ်။ ဘန်ကောက်၊ စင်္ကာပူမှာ သွားပြီး ဈေးဝယ်ထွက် သူတွေ၊ ဆေးကုသသူတွေလည်း ရှိပါတယ်။ သူတို့တတွေ ကတော့ လူဖြစ်ကျိုးနပ်သူတွေလို့ ဆိုရမှာပါ။
ပြန်ကောက်ပါ့မယ်။ လူတွေဟာ လူသားဆန်တဲ့ အဆင့်အတန်းနဲ့အညီ သင့်တင့်လျှောက်ပတ်စွာ နေထိုင်စားသောက် ပညာသင်ကြားခွင့် မရတော့ဘူး ဆိုရင်၊ ကျန်းမာရေးအတွက် ဆေးမကုသနိုင်တော့ဘူးဆိုရင် တိရိစ္ဆာန်သာသာ ဘဝထက် ဘာမှ မပိုတော့ဘူးလို့ ပြောရတော့မှာပါ။ မြန်မာပြည်က လူအများစုဟာ ဂျပန်ခေတ်က ချွေးတပ်သားများ ပြောသလို နေရစားရတာ တိရိစ္ဆာန်သာသာပါကွာ ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်နေပြီလား။ အားလုံးဝိုင်းဝန်း စဉ်းစားဖို့ အထူးလိုအပ် နေပါတယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေကို တိရိစ္ဆာန်သာသာ ဘဝမျိုးတွေထဲမှာ မနေထိုင်ရ အောင် ပထမဆုံး တာဝန်ရှိသူကတော့ အုပ်ချုပ်နေတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ အစိုးရတွေ တိုင်းသူပြည်သားတွေ အပေါ်မှာ တာဝန်ကျေဖို့ လိုပါတယ်။ နိုင်ငံသားအများစု ရင်ဆိုင်နေရတဲ့ တိရိစ္ဆာန်သာသာ အခြေအနေမျိုးတွေကို အမြန်ဆုံးရပ်တန့် ပစ်ဖို့ လိုအပ်နေပြီလို့ ပြောလိုပါကြောင်း။
ဇော်မင်း
၃ဝ ရက်၊ ဧပြီလ၊ ၂ဝ၁၅ ခုနှစ်

No comments:
Post a Comment