ရွက်မွန်စာမျက်နှာ

Tuesday, May 12, 2015

အနာဂတ်အတွက် ပူးပေါင်းကြပါ

ထိုင်း နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီဖြစ်စဉ် သမိုင်းကြောင်းမှာ တချိန်တုန်းက နာမည်ကြီးလူကြိုက်များသူ တဦးရှိခဲ့ပါတယ်။ သူ့အမည်ကတော့ ပရီဒီဘန်နမ်ရောင် လို့ခေါ်ပါတယ်။ ပါရဂူ ဒေါက်တာဘွဲ့ရ တက္ကသိုလ်ကျောင်းဆရာတဦး ဖြစ်ပါတယ်။ အခုခေတ် ထိုင်းနိုင်ငံမှာ နာမည်ကြီး တက္ကသိုလ် တခုဖြစ်တဲ့ သမာဆတ် တက္ကသိုလ်ကို ၁၉၃၄ မှာ စတင် ဦးဆောင် တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ "ဆရီထိုင်း" ဆိုတဲ့ မြေအောက် အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလ ကထဲက
သူဟာ ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်သူလို့ ဆိုပါတယ်။

ပရီဒီရဲ့ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူဟာ အဲဒီအချိန်က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲလိုသူ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တချို့နဲ့ နီးစပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိုအချိန်က နိုင်ငံရေးစနစ်ဟာ သက်ဦးဆံပိုင်ပဒေသရာဇ် စနစ်သာ ဖြစ်နေဆဲပါ။ ၁၉၃၂ မှာ ပရီဒီ ဦးဆောင်တဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားနိုင်ငံရေး ခေါင်းဆောင်များနဲ့ စစ်ဗိုလ်ချုပ်များ အတူပူးပေါင်းပြီး ဘုရင့်လက်ထဲက အာဏာကို သိမ်းလိုက်ပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ကို ဖျက်သိမ်းပြီး အင်္ဂလန်နိုင်ငံမှာလို စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပရီဒီနဲ့ အရင်းအနှီးဆုံးသော အာဏာသိမ်း စစ်ဗိုလ်ချုပ်ကတော့ ပီဘွန်ဆောင်ကရမ် ဆိုတဲ့ ဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။ သူဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်သူလို့ လူသိများပါတယ်။
စစ်ကြီးအပြီးမှာ ပါမောက္ခ ပရီဒီဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးလှတဲ့ ထိုင်းနိုင်ငံရေး ဖြစ်စဉ်ထဲမှာ သူ့ရဲ့ ဝန်ကြီးချုပ်သက်တန်းဟာ တိုတောင်းပါတယ်။ ၁၉၄၆ ခုနှစ်မှာ သူ့ကို စစ်တပ်က အာဏာသိမ်းတာ ကြောင့် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ စင်္ကာပူမှာ သွားနေပါတယ်။ ၁၉၄၉ မှာတော့ ထိုင်းနိုင်ငံကို စင်္ကာပူ ကနေ လျှို့ဝှက် ပြန်လာပါတယ်။ တချို့သော စစ်ဗိုလ်ချုပ်များနဲ့ ပူးပေါင်းပြီး လက်ရှိအာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်များကို ပြန်ဖြုတ်ချဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်ဟာ ကျရှုံးခဲ့ရပါတယ်။ ဒါကြောင့် ပရီဒီဟာ တရုတ်ပြည်မှာ သွားရောက် ခိုလှုံပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ်မှာ ပြောင်းနေတာ ၁၉၈၃ ခုနှစ် သူကွယ်တဲ့အထိပါပဲ။ သူဟာ ကွန်မြူနစ် အဖြစ်လည်း တံဆိပ်ကပ် ခံခဲ့ရပါ သေးတယ်။

ပါမောက္ခ ပရီဒီဟာ သူ့ခေတ်သူ့အခါတုန်းက ထိုင်းနိုင်ငံမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့် မြေရှင်ပဒေသရာဇ်စနစ်ကို ဖြုတ်ချခဲ့သူ ဒီမိုကရေစီလမ်းစဉ် ပျိုးထောင်သူအဖြစ် လူတွေက မြင်ပါတယ်။ ကြိုက်လည်း ကြိုက်ကြပါတယ်။ ဝန်ကြီးချုပ်အဖြစ်လည်း ကာလတို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် သူ့မိခင်နိုင်ငံကနေ ထွက်ခွာသွားရပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ သူ့လောက် လူကြိုက်များနာမည်ကြီးတဲ့ ခေါင်းဆောင်မျိုး ထပ်မံပေါ်ပေါက်မလာတာ အခုခေတ်အထိလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ထူးခြားတာတခုကတော့ ခေတ်အဆက်ဆက် အစိုးရများဟာ ပါမောက္ခပရီဒီကို ပြည်တော်ပြန်လာဖို့ ဘယ်တုန်းကမှ မဖိတ်ခေါ်တာပါပဲ။ တချိန်ထဲမှာ တခြားသော ဒီမိုကရေစီလိုလားသူ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ထိုင်းနိုင်ငံရေးသမားများ အနောက်နိုင်ငံများမှာ ခိုလှုံနေတာလည်း ရှိပါတယ်။ သူတို့ တတွေကိုတော့ ထိုင်းအစိုးရ အဆက်ဆက်က ပြန်လာဖို့ ဖိတ်ခေါ်ပါတယ်။ ဒါကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။

အခုလက်ရှိ ပြည်ပြေး ဖြစ်နေရတဲ့ ဝန်ကြီးချုပ်တပ်ဆင် လက်ထက်မှာတော့ သူလည်း လူကြိုက်များတယ်လို့ ယေဘူယျ ဆိုနိုင်ပေမဲ့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြိုက်နှစ်သက်တာမျိုး မဟုတ်တာကြောင့် ပါမောက္ခ ပရီဒီနဲ့ နှိုင်းယှဉ်လို့တော့ဖြင့် မရနိုင်ပါဘူး။ တပ်ဆင်ကို ဆန့်ကျင်တဲ့ အခြားသော နိုင်ငံရေး အုပ်စုများကလည်း အင်အားကောင်းတာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ ဖြစ်စဉ်များကို ပြန်တွက်ချက်ကြည့်တဲ့အခါမှာ ပါမောက္ခပရီဒီ တိုင်းပြည်ကနေ ထွက်ပြေးသွားရတဲ့ နောက်ပိုင်း သူ့လို့ အောက်ခြေကစလို့ လူကြိုက်များတဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံမှာ ထွက်ပေါ်လာခြင်း မရှိတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကလည်း နောက်ထပ် ပရီဒီလို ခေါင်းဆောင်မျိုး ထပ်မံမွေးဖွားလာခြင်း မရှိအောင် တားဆီးခဲ့တာ ကြောင့်လို့လည်း ပြောနိုင်ပါတယ်။ လိုရင်းတိုရှင်း ပြောရရင် သန့်စင်တဲ့ သန့်ရှင်းတဲ့ ဒီမိုကရေစီကိုသာ ဖက်တွယ်တဲ့ နိုင်ငံရေး ခေါင်းဆောင်မျိုး ထပ်မံ ပေါ်ပေါက်လာဖို့ ထိုင်းနိုင်ငံရေးစနစ်က ခွင့်မပြုတော့ပါဘူး။ အုပ်စုလိုက် အုပ်စုလိုက် တည်ရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ ထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍ၊ စီးပွားရေးအုပ်စုကြီးများနဲ့ နိုင်ငံရေးအုပ်စုများရဲ့ အပြန်အလှန် အကျိုးစီးပွား ဆက်နွယ်မှု အစရှိတာတွေက အားကောင်းသထက် ကောင်းလာတာကြောင့် ပါမောက္ခပရီဒီလို လူစားမျိုး ခေါင်းဆောင်မျိုး ဒီဖက်ခေတ်ထိုင်းနိုင်ငံမှာ ထပ်ထွက်လာဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာပြီးတော့ မြန်မာပြည်အတွက်လည်း စဉ်းစားမိတဲ့အခါ မြင်လာတဲ့ ကိစ္စရပ်တခု ရှိလာ ပါတယ်။ အဲတာကတော့ ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလတွေမှာ မြန်မာပြည်နိုင်ငံရေးဟာ ဘယ်လိုပုံစံနဲ့ တည်ရှိလာနိုင်မလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒေါ်စုဟာ မြန်မာပြည် လူထုအများစုရဲ့ ထောက်ခံမှုကို ရရှိနေဆဲ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ပရီဒီလိုပဲ ဒီမိုကရေစီခေါင်းဆောင် တဦး ဖြစ်ပါတယ်။ ဒေါ်စုဟာ ပရီဒီလိုတော့ ပြည်ပြေး ဖြစ်ရဖို့ အခြေအနေ မရှိဘူးလို့ တွတ်ဆမိပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ အခုလာမယ့် ဇွန်လဆိုရင် အသက် ၇ဝ ပြည့်တော့ မှာပါ။ ကျန်းမာရေး ကောင်းနေသေးတယ်ဆိုရင် အသက် ၇၅ လောက်အထိ နိုင်ငံရေးမှာ ဦးဆောင်နိုင်သေးတယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စု အသက် ၈ဝ၊ ၈၅ လောက် ရောက်ရင်တော့ သူပေးနိုင်တဲ့ နိုင်ငံရေး ဦးဆောင်မှုဟာ အပေါ်ယံ လောက်မှာပဲ ရှိနိုင်တော့မှာပါ။ အသက်ကြီးလာရင် သဘာဝအရ အကျဖက်ကို ရောက်လာတာ ဟာ ဓမ္မတာပဲ ဖြစ်ပါတယ်။

အဲဒီတော့ မေးစရာ ဖြစ်လာတာက ဒေါ်စု အလွန်မှာ ဘယ်သူတွေဟာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာနိုင်မလဲ။ ဒေါ်စု လောက်ကော ချစ်ခင်ကြည်ညိုသူ၊ နှစ်သက်သူ များပါ့မလား။ အကယ်၍ ဒေါ်စုလောက် အပြည့်အဝ လူကြိုက်မများ ရင်တောင် ဒေါ်စု တဝက်လောက် ချစ်ခင်ကြည်ညိုသူ များရင်လည်း မဆိုးသေးဘူးလို့ ပြောနိုင်ပါသေးတယ်။ ဒေါ်စု တဝက် လောက် အောက်ခြေထုကစလို့ လူချင်လူခင်များတဲ့ နိုင်ငံရေးခေါင်းဆောင် ဘယ်နှစ်ယောက်လောက်များ ရှိမလဲလို့ တွက်ချက်ကြည့်တဲ့ အခါမှာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် တဦးမှ ရှိမနေတာကို သွားတွေ့ရပါတယ်။ ဒါဟာ ဘယ်လိုမှာ ဖုံးကွယ်ထားလို့ မရတဲ့ အခြေအနေပါ။ နိုင်ငံသားတိုင်း ဒီအခြေအနေကို သိထားဖို့ လိုပါတယ်။ တဖက်မှာ ရှိနေတဲ့ ပြိုင်ဖက်က ဒီအခြေအနေကို သတိထားမိပါတယ်။ ဒါကြောင့် အချိန်ဆွဲဗျူဟာနဲ့ နည်းနာတွေကို သုံးနေတာ အထင်အရှားမြင်နေပါတယ်။ အဲတာကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲနေတာ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ လူသားပီသစွာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အခု ၈၈ ကျောင်းသားဟောင်းများ ပွင့်လင်း အုပ်စု အတွင်းက ခေါင်းဆောင်များကို လူတွေက ဒေါ်စုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာမျိုး ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရွေးချယ်မှု သို့မဟုတ် ဒေါ်စုနဲ့ တိတိပပ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာမျိုးကိုတော့ အခုအထိ မကြားရသေး ပါဘူး။ အကယ်၍ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးဆိုရင်လည်း သူတို့ရဲ့ လွတ်လပ်တဲ့ ရွှေးချယ်မှုသာ ဖြစ်ပါတယ်။
နိုင်ငံရေးကြောင့် ထောင်ကျတိုင်း ထောင်ကထွက်လာရင် နိုင်ငံရေး ပြန်လုပ်ရမယ်၊ နိုင်ငံရေးပါတီ ဝင်ရမယ်လို့ ဘယ်သူကမှ သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေကိုက ဒီလိုလူတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ကိုင်ဖို့ ပြဌာန်းနေတယ်လို့ မြင်ပါတယ်။ ၈၈ ကျောင်းသားဟောင်း ခေါင်းဆောင်များ ဘာကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နှေးကွေးနေတာလဲ။ ဒေါ်စုက မကမ်းလှမ်းလို့လား။ ဒါမှမဟုတ် အန်အယ်ဒီ အတွင်းက လူကြီးပိုင်း ခေါင်းဆောင်တချို့က ၈၈ ကျောင်းသားဟောင်း ခေါင်းဆောင်တွေ ဝင်လာမှာကို မလိုလားတဲ့ အနေအထား ရှိနေလို့လား။ ဒါမှမဟုတ် ၈၈ ကျောင်းသားဟောင်း ခေါင်းဆောင်များ ကိုယ်တိုင်က အဲသလို ပူးပေါင်းဆောင်ရွက်လိုက်ရင် လက်ရှိတည်ရှိနေတဲ့ ခေါင်းဆောင်မှုထက် နိမ့်ဆင်း သွားနိုင်တာကြောင့် တွန့်ဆုတ်နေတာလား။ ဒါမှမဟုတ် အခုတည်ရှိ နေတဲ့ သက်တောင့်သက်သာဇုံကလေး ထဲမှာပဲ ဆက်ပြီး နေလိုတာကြောင့်လား။ မေးစရာတွေ များပါတယ်။

ဒီစကားတွေကို ပြောနေ၊ ရေးနေရတာက ဒေါ်စု အလွန်ကာလမှာ အနာဂတ် မြန်မာပြည်အတွက် နောက်ထပ် ဒီမိုကရေစီ ရေး ခေါင်းဆောင်တွေ ပေါ်ပေါက်မလာမှာကို စိုးရိမ်လို့ ပြောတာဖြစ်ပါတယ်။ မျိုးဆက်ပြတ်သွားတယ် ဆိုတဲ့ အခြေအနေ ဟာ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာသာမက နိုင်ငံရေးမှာလည်း ခေါင်းဆောင်ကောင်း မျိုးဆက်ပြတ်သွားမှာကို စိုးရိမ်ပါတယ်။ ဒီနေရာမှာ ပြောစရာတွေကတော့ ရှိလာပါတယ်။ အဲတာက ဒေါ်စု ဦးဆောင်နေတဲ့ အန်အယ်ဒီ ပါတီအတွင်းမှာကော မျိုးဆက်သစ် ခေါင်းဆောင်မွေးထုတ်မှု အခြေအနေ ကောင်းပါရဲ့လား။ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ လူများစုကြီးဟာ ဒေါ်စု ဦးဆောင်တဲ့ အန်အယ်ဒီ ပါတီကို လာမယ့်ရွေးကောက်ပွဲမှ မဲပေးကြမှာပါ။
သို့သော်လည်း မေးစရာတွေကလည်း ရှိလာပါတယ်။ အကယ်၍ ၉၅ (စ) ကို ပြင်ဆင်ခွင့်ရလို့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ချေရှိပြီ ဆိုပါစို့။ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စတဲ့ တာဝန်တွေကို အန်အယ်ဒီက ဘယ်သူတွေက ထမ်းဆောင်မှာလဲ။ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ အဖြစ် ဘယ်သူ့ကို ခန့်ထားမှာလဲ။ ဒီနယ်ပယ်နဲ့ ပညာရပ်ကို နည်းလည်ကျွမ်းကျင်တဲ့သူ ရှာတွေ့ထားပြီးပြီလား၊ ရာထားထားတာ ရှိသလား။ နိုင်ငံရေးကို ထဲထဲဝင်ဝင် စိတ်ဝင်စားသူတွေအဖို့ အစရှိသဖြင့် ကိစ္စတွေကို နားစွင့်နေကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ခုနှစ်လ လောက်သာလိုတော့ပေမယ့် ဘာသံမှ ထွက်မလားသေးတာကြောင့် အားမလိုအားမရ ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ အဖွဲ့ဝင်များကို တိုက်တွန်းလိုပါတယ်။ အင်အားသစ်များ အမြန်ဆုံးထပ်မံစုဆောင်း ဖြည့်ဆည်းဖို့ လိုနေပါပြီ။ အဖွဲ့အစည်းချင်း တချိန်က မတူခဲ့ပေမယ့် အခုအချိန်မှာ လက်တွဲလို့ရနိုင်တဲ့ သူများ၊ ခေါင်းဆောင် များနဲ့ အမြန်ဆုံးလက်တွဲကြပါလို့ ပြောလိုပါတယ်။ အလားတူပဲ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ခေါင်းဆောင်များ အနေနဲ့လည်း ဒေါ်စုဦးဆောင်တဲ့ အန်အယ်ဒီနဲ့ ဒုတ်ဒုတ်ထိ လက်တွဲလုပ်ကိုင်ဖို့ လိုအပ်နေပြီလို့ အကြံပေးလို ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ကြဖို့ အကြံပေးတာဟာ အခုလာမယ့် ရွေးကောက်ပွဲ တခုထဲအတွက် မဟုတ်ပါဘူး။ နောင်အနာဂါတ် မြန်မာပြည်မှာ ဒီမိုကရေစီ လိုလားတဲ့ မြတ်နိုးတဲ့ ခေါင်းဆောင်မျိုးဆက် ပြတ်တောက် မသွားဖို့ အတွက်လည်း ဖြစ်တယ်ဆိုတာ ထပ်လောင်းပြောလိုပါကြောင်း။

ဇော်မင်း
၂ ရက်၊ မေလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.