အ
င်္ဂလိပ်ခေတ်တုံးကဖြစ်သည်။ အထက်ဗမာပြည် တနေရာမှာရှိတဲ့ တောမြို့ကလေးတခုရဲ့ တန်းမြင့်ကျောင်းတ ကျောင်းက ကျောင်းဆရာတချို့ရဲ့ ဇတ်လမ်းလေး တပုဒ်ကို ပြန်ဝေငှချင်ပါသည်။ အဲသည့်နယ်မှာတော့ အဆိုပါ တန်းမြင့်ကျောင်းဟာ အောင်ချက်ကောင်းတယ် ဆိုပြီးလည်း နာမည်ရှိခဲ့သည်။ ရွာနီးချုပ်စပ် အတော်များများမှ ကျောင်းသားများ လာရောက် ပညာ ဆည်းပူးရာလည်း ဖြစ်ခဲ့၏။ အဲသည့်တန်းမြင့်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးနာမည်က ဦးတောက် ဟုခေါ်သည်။
ကျောင်းမှာက ဆရာဆရာမ အရေအတွက် နှစ်ဆယ်ခန့်လောက်တော့ ရှိမည်။ တန်းမြင့်ကျောင်းဆိုပေမယ့် တောအနေ အထား အရ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသား နှစ်ရာ့ငါးဆယ်ပင်မပြည့်တတ်။
အဲသည့်ကျောင်းမှာ ပြောစမှတ်ပြုရမဲ့ ဆရာလေးယောက် ရှိခဲ့ဖူးသည်။ သူတို့ကတော့ ဦးအောင်မောင်း၊ ဦးဗေဒါ၊ ဦး မောင်မောင်နဲ့ ဦးသိန်းဖေတို့ပင်။ အနှီဆရာလေးယောက် ဘာကြောင့် ပြောစမှတ်ပြုစရာ ဖြစ်ရသလဲဆိုတာ ရှင်းမပြခင် စပ်ကြား သူတို့အချင်းချင်း ဘယ်လိုပတ်သက်နေသလဲ ဆိုတာကိုတော့ သိအောင်အရင် ပြောပြဖို့လိုသည်။
ဦးဗေဒါ၊ ဦးမောင်မောင်နှင့် ဦးသိန်းဖေတို့က ညီအကိုတဝမ်းကွဲများ။ ဦးအောင်မောင်းကတော့ ဦးသိန်းဖေ၏ အမအရင်း ဖြစ်သူ နှင့် အိမ်ထောင်ကျတော့ ဦးသိန်းဖေနှင့် တိုက်ရိုက် ယောက်ဖတော်စပ်သလို ဟိုနှစ်ယောက်နှင့်လည်း ယောက်ဖ တဝမ်းကွဲ တော်စပ်ပြန်သေးသည်။ ထိုသုံးယောက်ထဲမှ ဦးမောင်မောင်ကတော့ ထိပ်ဟုပြောလို့ရသည်။ အကြောင်း ကတော့ ဦးမောင်မောင်၏ဇနီးသည်က ကျောင်းအုပ်ဆရာကြီး ဦးတောက်၏ အရင်အိမ်ထောင်မှ ပေါက်သော သမီး ဖြစ်သောကြောင့် ပင်။ သိုပေတဲ့ ဦးအောင်မောင်းက သူတို့လေးယောက်တွင် အုပ်စုခေါင်းဆောင်။ ထို့အပြင် ကျောင်းမှ ဆရာဆရာမများ အကြား အသက်အကြီးဆုံးလည်း ဖြစ်ပြန်သေးသည်။ သူတို့ လေးယောက်စလုံးကား ကျောင်းအုပ်ကြီး၏ ပစားပေးခံရဆုံး သူများဟု ဆိုလည်းမမှား။
ထိုခေတ် တောကျောင်းဆရာများကား ခြင်းခတ် ဝါသနာထုံကြသည်။ ညနေတိုင်၍ ကျောင်းဆင်းသည်နှင့် ခြင်းလုံးခတ်ကြ သည်မှာ သူတို့အတွက်တော့ အင်္ဂလိပ်အရာရှိများ ဂေါက်သီးရိုက်ကစားသည့်နှယ်။ ခေတ်နှင့်အညီ သူရဲကောင်း လေးဦးသည် လည်း ခြင်းသမားများ ဖြစ်ကြကုန်၏။ ဦးမောင်မောင်နှင့် ဦးသိန်းဖေက ခြင်းခတ်ကောင်းသော်လည်း ဟို နှစ်ဦးကတော့ အဖြစ်လောက်သာ ခတ်တတ်သည်။ ခြင်းလုံးကစားခြင်း၌ အမှန်ကတယ် ချွန်သောသူများမဟုတ်။ အခြား ကျောင်းဆရာများ ထဲတွင်လည်း ခြင်းခတ်ကျွမ်းကျင်သူများ ရှိသေးသည်။
သူတို့မြို့ကလေးတွင် နှစ်စဉ်ဘုရားပွဲကျင်းပတိုင်း ခြင်းခတ်ပြိုင်ပွဲပါလေ့ရှိသည်။ ထို့အတွက် သူတို့ကျောင်းကလည်း ဆရာများ အနေဖြင့် ခြင်းတသင်းဖွဲ့၍ ဝင်နွှဲလေ့ရှိသည်။ “ ကိုင်း .. ဒီနှစ်လည်း ကျုပ်တို့ကျောင်းက ဆရာတွေ တ သင်းထွက်ရ မှာဆိုတော့၊ ခါတိုင်းလို ကိုအောင်မောင်းကပဲ တာဝန်ယူလိုက်ပါ ” ဟု ဆရာကြီးဦးတောက်က အမိန့် ရှိလာသည်။
ဆရာကြီး ထွက်သွားပြီးနောက်တော့ မိန့်မိန့်ကြီး ပြုံးနေသော ဦးအောင်မောင်းက “ ဆရာကြီးက့  ကျုပ်ကိုတာဝန် ပေးလိုက်ပြီ ဆိုတော့ တသင်းဖွဲ့ဖို့ စီစဉ်ရမှာပေါ့လေ။ အဲသည်တော့ကာ ... လူရွေးရမယ်ဆိုရင် ...ကျုပ်ရယ်၊ ဗေဒါရယ်၊ မောင်မောင်ရယ်၊ သိန်းဖေရယ် ... ” ဟု အစချီပြီး သူ့ဟာ့သူ လူရွေးပွဲ စလေတော့သည်။ သူတို့လေးယောက်က နှစ်တိုင်း မပါမဖြစ် ပါကြသည်။ လိုနေသည့် နောက်တဦး အတွက်ကတော့ ကျန်သည့်ဆရာများ အချင်းချင်း မိတ်ပျက်လုမတတ် အငြင်းပွားပြီးမှ ရလေသည်။ ဆရာကြီး မျက်နှာသာပေးထားသော အရှိန်ကြောင့် သူတို့လေးဦး နှစ်တိုင်းပါနေ သည်ကို ကျန်သည့် ဆရာများက မပြောဝံ့။ ထိုခေတ်က တောကျောင်းဆရာများသည် ကျောင်းသားများကိုသာ ကြိမ်နှင့် တဖြန်းဖြန်း ဆော်သော်လည်း ကျောင်းအုပ်ကြီး ကိုတော့ အားလုံးက မင်းတပါးကဲ့သို့ ကြောက်ကြရသည်။
ကျောင်းအုပ်ကြီးကား သူတို့တောမြို့ကလေး၏ ပညာသော့ချက်ကြီးအဖြစ် လူအများက ရိုသေကြသောကြောင့် နှစ်လုံးပူး သေနတ်ရ မြို့သူကြီးပင် ကျောင်းအုပ်ကြီးကို ခပ်ရှိန်ရှိန်။ မြို့ရေးမြို့ရာမှန်သမျှ ကျောင်းအုပ်ကြီးနှင့် မပြီးမဖြစ် လာရောက် တိုင်ပင်လေ့ရှိသည်။
သူတို့ခြင်းအသင်းကား ပထမဆု ရသည်ဟူ၍ တနှစ်မှ မရှိသေး။ ကျန်သည့် ဆရာများကား ကွယ်ရာတွင် တောက် တခေါက် ခေါက်။ “ ဟိုနှစ်ယောက်ကိုတော့ မပြောလိုပါဖူး။ သိုပေတဲ့ ... ကိုအောင်မောင်းနဲ့ ဗေဒါက ခြင်းမှကောင်း ကောင်း မခတ်တတ် တဲ့ဟာ။ အခတ်ကောင်းတဲ့ တခြားဆရာနှစ်ယောက် ထည့်လိုက်ရင် ပြီးရော။ အဲသလိုဆို ငါး ယောက်စလုံး မိုးပျံနေလို့ နှစ်တိုင်းတောင် တို့နိုင်မှာ ” ဟု မချိတင်ကဲလေသံဖြင့် ဆရာဦးသိန်းတုတ်က ဆိုလေ၏။ သူ့မှာလဲ အနာလေးက ရှိထားနေ သည်ကိုး။ ဦးသိန်းတုတ်သည်လည်း ခြင်းပညာတွင်မဆိုး။ သို့သော် တခါမှအရွေး မခံရသေး။
ဆောင်းဦးပေါက်ကာလ။ “ ကိုင်း ... ကိုင်း ... အခုလာမဲ့ ဆောင်းတွင်းအတွက် ကျောင်းပေါင်းစုံ ခရိုင်အဆင့် ဘော်လုံး ဒိုင်းလုပွဲ ရှိတယ်။ ကျုပ်တို့ကျောင်းက ကျောင်းသားတွေ တသင်းထွက်ရလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှ သူများအသင်း တွေကြား မျက်နှာ မငယ်ရမှာ။ ဘော်လုံးနည်းပြတွေ ဒိုင်လူကြီးတွေ ရွေးဖို့လိုတယ်။ ဒီကိစ္စကိုတော့ ကိုအောင်မောင်းပဲ တာဝန်ယူလိုက်ပါ။ ” ဤသည်ကား ဆရာကြီး၏ အမိန့်။ အစည်းအဝေး ခေါ်သည်ဆိုပေမဲ့ တခြားဆရာတွေ ပြော တာကို ဆရာကြီးက နားထောင် ရန်မလို။ လိုအပ်တာကို ညွှန်ကြားသည်ကပင် သူ့တာဝန်ကိုး။
ဆရာကြီးထွက်သွားသည်နှင့် ထုံးစံအတိုင်းပင် ဦးအောင်မောင်းက မိန့်မိန့်ကြီးပြုံး၍ “ ဆရာကြီးက့ ကျုပ်ကိုအသေ အချာ တာဝန်ပေးသွားတာဆိုတော့ ... ဘော်လုံးနည်းပြလုပ်ဖို့ ဒိုင်လူကြီးလုပ်ဖို့ လူရွေးကြတာပေါ့။ အဲသည်တော့ ကာ ကျုပ်ရယ်၊ ဗေဒါရယ်၊ မောင်မောင်ရယ်၊ သိန်းဖေရယ် ....” ဟု အစချီလေတော့သည်။ သူတို့လေးယောက်ပါ ရင်ပြီးရော ကျန်သည့် ဆရာများထဲက နောက်တဦးနှစ်ဦး ခွေးဝင်စားသဘောမျိုး ထပ်ထည့်တာကိုတော့ ဆရာ ဦးအောင်မောင်းက သဘောထား ကြီးကြီးဖြင့် ဘယ်လိုမှမအောက်မေ့။ ကျန်သည့် ဆရာဆရာမများကား ချဉ်သီးစား ထားသည့် မျက်နှာမျိုးဖြင့် ဦးအောင်မောင်း ကို ဝိုင်းကြည့်နေယုံကလွဲ၍ ဘာမျှမတတ်နိုင်။
“မိုးကောင်းတုံး ရွာထားဦးပေါ့ အောင်မောင်းရာ။ မင်းလို ပုတ်သင်မျိုး တုံးတိုင်းမှာ ရှိတယ်ဆိုတာ တနေ့သိရမပေါ့ ” ဟု စိတ်ထဲက ကြုံးဝါးသည်ကလွဲလို့ သည့်ထက်လည်း ဦးသိန်းတုတ် ဘာမှမလုပ်နိုင်။ ဆရာကြီးကို ကြောက်ရသည် မဟုတ်လော။
နောက်တကြိမ် ကျပြန်တော့လည်း။ “ ကိုင်း ... ကနေ့ အစည်းအဝေး ခေါ်ရတဲ့ အကြောင်းကတော့ ရှေ့လမှာ ခရိုင် ပညာ မင်းကြီး (အင်္ဂလိပ်လူမျိုး) ကျုပ်တို့ ကျောင်းကိုလာပြီး အင်စပက် (စစ်ဆေးသည်) လုပ်လိမ့်မယ်။ အဲသည်တော့ ကျောင်းသား တွေ သေသေဝပ်ဝပ် ရှိဖို့ကအစ ဧည့်ခံကြိုဆို ကျွေးမွေးဖို့အဆုံး ကိစ္စတွေအတွက် ကော်မတီဖွဲ့ ဆောင် ရွက်ဖို့လိုတယ်။ မင်းကြီးရှေ့မှာ ဘာအတွက်နဲ့မှ ကျုပ်တို့ကျောင်း သိက္ခာကျမဲ့ဟာမျိုး အဖြစ်မခံနိုင်ဖူး။ ဒီတော့ ကော် မတီဖွဲ့ဖို့ ကိုအောင်မောင်း ကပဲ ဆက်တာဝန်ယူပါ။ ” ထုံးစံအတိုင်းပါပဲ။ ကျုပ်ရယ်၊ ဗေဒါရယ်၊ မောင်မောင်ရယ်၊ သိန်းဖေရယ်က ထိပ်ဆုံးကပေါ့။
တကယ်တန်း ပြောရရင် ဧည့်ခံကြိုဆို ကျွေးမွေးဖို့ ကိစ္စမျိုးတွေက ဆရာကြီးပြီးရင် လုပ်သက်အရင့်ဆုံးဖြစ်တဲ့ ဆရာမကြီး ဒေါ်မြငုနဲ့ ဆရာမတွေက ကမကထလုပ်ဖို့။ အခုတော့ သူတို့က မျက်ခမ်းစပ်ရမဲ့ အိုးသူကြီးအဆင့် နေရာပဲရလိုက် ပြီး ပိုးခေါင်းပေါင်း ပိုးတိုက်ပုံတွေဝတ်ပြီး ဘန်ကောက်လုံချည် တရွှမ်းရွှမ်းနဲ့ လတ်လျားလတ်လျား လုပ်ဖို့အတွက်ကို တော့ ဟိုလေးယောက်က မောင်ပိုင်စီးသွားခဲ့သည်။
ဤပွဲအပြီး မင်းကြီးနှင့်အဖွဲ့ပြန်တော့ ဦးသိန်းတုတ်၊ ဒေါ်မြငုနှင့် ကျန်သည့် ဆရာဆရာမများ ပိုလို့သွေးစည်း သလို ဖြစ်လာခဲ့ သည်။ ပျံလေတဲ့ ငှက်ခါးနားမှ သိမတဲ့လား။
သို့သော် ကြာလာသည်နှင့်အမျှ ဆရာဆရာမများလည်း အတွေ့အကြုံကပေးသည့် သင်ခန်းစာများအရ တခုတခု ကိစ္စရှိ၍ လူရွေးတော့ မည်ဆိုလျှင် ဘယ်သူတွေ ထိပ်ဆုံးကပါမလဲ ဆိုတာကို အလိုအလျှောက် သိနေပြီး ဖြစ်သောကြောင့် အစည်း အဝေးများတွင် လေကုန်ခံပြီး ဘာမှဝင်ပြောမနေတော့။
တနေ့။ ဆရာကြီး အစည်းဝေးခေါ်ပြန်သည်။ “ စာခြကျောင်း ဆရာတော်ကို သူဌေးဦးသော် လှူထားတဲ့ ပစ္စည်းတွေ မြင်းသေ လာမှာ သွားယူဖို့ရှိနေတယ်။ ” ဆရာဆရာမများ အားလုံးခေါင်းထောင်သွားကြသည်။ မြင်းသေလာက ခရိုင် မြို့ကြီး။ သူတို့မြို့ကလေးနှင့် မိုင် (၂ဝ) လောက်ဝေးသည်။ မိုင် (၂ဝ) လောက်သာ ဝေးသည်ဆိုပေမဲ့ အဲသည့်ခေတ် အဲသည့်အခါတုံးက သူတို့နယ်ကလူတွေ သေသာသွားသည် မြင်းသေလာကို မရောက်ဖူးသူတွေ ဒုနဲ့ဒေး။ မြင်းသေ လာနှင့် သူတို့မြို့ကလေးအကြား ကျောက်လမ်းကြမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ကား ဟူ၍လည်း တ ပတ်လျှင် တစီးသာရှိသည်။ သူများစရိတ်နဲ့ မြင်းသေလာကို သွားရမယ် ဆိုလို့ကတော့ အားလုံးသွား ချင်ကြတာပေါ့။
“ အဲသလိုဆိုတော့ ... လှူထားတဲ့ ပစ္စည်းတွေ ဆရာတော်အတွက် သွားယူဖို့ ကိုအောင်မောင်းတို့လို မြို့နဲ့မစိမ်းတဲ့ သူတွေက စီစဉ်ပါ။ လိုအပ်တဲ့စရိတ်စကတွေကို သူဌေးဦးသော်က ဟိုကြရင် ပြန်ရှင်းပေးလိမ့်မယ်။ ပစ္စည်းတွေက အ တော် များတယ် လို့လဲ ပြောတယ်။ ” ဒီတခါတော့ ဦးသိန်းတုတ်ထံက အသံထွက်လာသည် “ဆရာကြီးခင်ဗျား ...” ဟု ဆိုရုံရှိသေး မျက်နှာ ခြင်းဆိုင်မှာ ထိုင်နေသော ဒေါ်မြငုက ချောင်းဟန့်သံပေးရင်း ဦးသိန်းတုတ်အား ဘာမှလေ မရှည်နဲ့ဆိုသည့် သဘောဖြင့် အံကြိတ်ပြလိုက်သည်။ ဆရာကြီးကလည်း စိတ်မရှည်သော အကြည့်ဖြင့် “ ဘာများလဲ ကိုသိန်းတုတ်” ဟုခပ်ပြတ်ပြတ် မေးလိုက်တော့ ဦးသိန်းတုတ်က “ ဒီလိုပါခင်ဗျ ... ပစ္စည်းတွေက အတော်များ သလားလို့ပါ ” ဆိုပြီးလျှောချလိုက်ရသည်။
ဦးအောင်မောင်း လူရွေးတော့ ရိုးရာမပျက်။ သူရယ်၊ ဦးဗေဒါရယ်၊ ဦးမောင်မောင်ရယ်နဲ့ သူ့ယောက်ဖ ဦးသိန်းဖေ တို့ သာဖြစ်သည်။
သည့်နောက်တော့ ဝမ်းကွဲညီကိုများနှင့်သမီးယောက်ဖ လေးယောက် မြင်းသေလာမြို့သို့ တက်သွားခဲ့ကြသည်။ ဟို ရောက်ရင် ရုပ်ရှင်ကြည့်မည်၊ တရုတ်ပျော်ပွဲစားရုံမှာ ဝင်လွေးမည်၊ ဖါလူဒါသောက်မည်၊ မနက်ပိုင်းဆိုရင် မြင်းသေလာ မှာ နာမည်ကြီး သော ကုလားလဖက်ရည်ဆိုင်တွင် ကြက်သားပလာတာစား၍ လဖက်ရည်အချို သောက်မည် အစ ရှိသဖြင့် မောင်းတင်ထား ကြသည်။ မြို့ကြီးဆိုတာ ကိုယ့်စားရိတ်နဲ့ကိုယ်ဆို ရောက်ခဲဘိခြင်းမဟုတ်လား။
“ ဒေါ်မြငု... ဆရာမ ကျနော့်ကို ဘာဖြစ်လို့ ဝင်တားသလဲ။ ဒီတခါတော့ ဆရာကြီးကို ကျနော် ပြောတော့မယ်လို့ ဆုံးဖြတ်ထား တာဗျ” ဦးသိန်းတုတ်က ဒေါ်မြငုကို မေးလိုက်သည်။ ဒေါ်မြငုက “ကိုသိန်းတုတ် ရှင်မသိသေးတာတွေ ရှိနေတယ်။ ဟိုဟာတွေ ပြန်ရောက်လာရင် ရှင်းသွားပါလိမ့်မယ်။ အဲသည့်ကျရင် ကျမဇတ်စုံခင်းပြမယ်။ အခုတော့ စိတ်ရှည်ရှည် ထားလိုက်ပါဦး ” ဟု နှစ်သိမ့်လိုက်သည်။ သည်အတိုင်းဆို တခုခုတော့ ထူးနေပြီဖြစ်ကြောင်း ဦးသိန်းတုတ် ရိပ်စားမိလိုက်၏။
ထူးပါသည်။ ထူးတာကတော့ ရဲလေးဖေါ် မြင်းသေလာမြို့က ပြန်ရောက်သည့် အချိန်မှစ၍ ကျုပ်ရယ်၊ ဗေဒါရယ်၊ မောင်မောင် ရယ်၊ သိန်းဖေရယ် ဆိုသော အစဉ်အလာကြီး သူတို့ကျောင်း၌ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
ဇာတ်လမ်း အစုံကဒီလို။ မြင်းသေလာရောက်တော့ ဆရာတော့်အတွက် ပြန်ယူသွားရမည့် လှူဖွယ်ပစ္စည်းများကား များပြားလှ သည်ကို တွေ့ရသည်။ အင်္ဂလန်မှလာသော ငါးသေတ္တာဗူးများ အပါအဝင် စားစရာမျိုးစုံ၊ သင်္ကန်းများ၊ သက္ကလပ်စောင်များ၊ ငွေဖလားများ၊ ဒန်အိုးဒန်ခွက်များ၊ ကြေးရေတကောင်းများ စသည်တို့အပြင် မိုးပြဲဒယ်အိုးကြီး တလုံးလည်း ပါလိုက်သေးသည်။ များတာက မဆန်း။ ဘုန်းကြီးလှူတာကိုး ဒီလောက်တော့ ရှိမပေါ့။ သို့သော် ဆန်း တာနှစ်ခုကို ပက်ပင်းကြီးတွေ့လိုက်ရသည်။ စီးရန် အဆင်သင့် ဆင်ထားသော ဆိုက္ကား အသစ်နှစ်စီး။ ဆိုက္ကားနှင့် ဘုန်းကြီး ဘာဆိုင်သနည်းဟု စဉ်းစားကြတာ အဖြေ မထွက်။
အမှန်ကတော့ ဆရာတော်အပါအဝင် ဘုန်းတော်ကြီးများအား မြို့ထဲနှင့် ရွာနီးချုပ်စပ်မှ ပင့်လာသည့် အခါများတွင် သယ်ယူပို့ ဆောင်ရန်ဖြစ်သလို အခါကြီးရက်ကြီးများ၌ ဆိုက္ကားပေါ်တွင် လော်စပီကာတင်၍ မြို့ထဲလှည့်ကာ တရား ဓာတ်ပြားများဖွင့်ရန် အတွက်လည်း ဖြစ်သည်။
အောင်၊ ဗေ၊ မောင်၊ သိန်း တို့ကား ယခုမှ ချွေးပြန်တော့သည်။ သူတို့မြို့သို့ အနှီပစ္စည်းများအားလုံး တင်ဆောင်ရန် ကားက နောက်တပတ်မှ ထွက်မည်တဲ့။ နောက်ထပ် ခွန်နှစ်ရက်လုံးလုံး မြင်းသေလာမှာနေရင်း ကားစောင့်ပြန်ရင်လည်း ဆရာကြီး နှင့်သာမက ဒေါသကြီးသည့် ဆရာတော်နှင့်လည်း ထိပ်တိုက်ရင်ဆိုင်ရမည်။ စက်ဘီး စီးတတ်ကြ သော်လည်း ဆိုက္ကားကိုတော့ တခါမှမနင်းဖူးသေး။ အခုမှ အခက်ကြီးနှင့် ကြုံရတော့သည်။
နောက်ဆုံးတော့ ဖြစ်ခြင်ရာဖြစ် လှူဖွယ်ပစ္စည်းများ အားလုံးကို ဆိုက္ကားပေါ်တင်၍ သမီးယောက်ဖများ တောင်ထိုး မြောက်ထိုး ဖြင့် တလှည့်စီ ဆိုက္ကားနင်း၍ ပြန်လာခဲ့ရတော့သည်။ နေမထွက်ခင် ကတည်းက (လူမြင်မှာစိုး၍) မြင်းသေ လာမြို့က ထွက်လာ လိုက်သည်မှာ မိုးစုတ်စုတ်ချုပ်မှ မိုင် (၂ဝ) ဝေးသော သူတို့မြို့လေးသို့ ပြန်ရောက်တော့သည်။ ဆိုက္ကားတခါမှ မနင်းဖူးသော သူများမို့ ဖင်တွေကြိမ်း၊ ဒူးတွေနာ၊ ခါးတွေအောင့်၍ လက်မောင်းရင်းများပါ ကိုက်ခဲလာသည့် ဒဏ်ကို တလမ်းလုံး အံကြိတ်၍ ခံလာခဲ့ရသည်။ ကျောင်းဆရာဆိုတာ တကယ့်ဆိုက္ကားဆရာ မဟုတ်တော့ ခံရသပေါ့။
သည်ကြားထဲ မြို့ဝင်ခါနီး သဲချောင်းအဆင်းတွင် အရှိန်မထိန်းနိုင်၍ ဦးသိန်းဖေ ဆိုက္ကားပေါ်က ဒလိမ့်ကောက်ကွေး ပြုတ်ကျ သောကြောင့် ကျောရိုးတခုလုံး ပြုတ်ထွက်မတတ် ခံလိုက်ရသေးသည်။ လူဘာဖြစ်ဖြစ် ဆိုက္ကားဘာမှ မဖြစ် ၍သာ တော် တော့သည်။
မြို့ပြန်ရောက်ပြီး နှစ်ရက်သုံးရက်အတွင်း ရဲလေးဖေါ်ခမြာ အပြင်သို့ မထွက်နိုင်ရှာ။ တူနဲ့နှက်ထားသလို တကိုယ်လုံး နာကျင်ပြီး မလှုပ်နိုင်သောကြောင့် နနွင်းနှင့်မုံညင်းဆီများလူးကာ အိပ်ရာပေါ်မှာ စန့်စန့်ကြီးလှဲ နေကြရသည်။ တမြို့လုံး သူတို့အကြောင်း သိကုန်ကြ၍ ရှက်တာကလည်း မျက်နှာတောင် ဘယ်ထားရမှန်းမသိတော့။
အမှန်တော့ သူတို့သွားသယ်မည့် လှူဖွယ်ပစ္စည်းများ အကြောင်းကို ဆရာမဒေါ်မြငုက ဆရာကြီး၏သမီး၊ ဦးမောင် မောင်၏ ဇနီးထံမှတဆင့် ဘာရယ်မဟုတ် မိန်းမချင်းစပ်စုရာက သိထားလိုက်သည်။ သို့အတွက် အရေးတော်ပုံ ဆိုက်ပြီဖြစ်ကြောင်း တန်းကနဲ တွက်မိလိုက်၍ ဦးသိန်းတုတ်ကို အစည်းအဝေးတွင် လျှာမရှည်ရန် အံကြိတ် ပြခဲ့ခြင်း ဖြစ်သည်။ ချက်ပိုင်လိုက် လေခြင်း။
အထွေထွေ အခြေအနေများကို ဆရာကြီးဦးတောက်လည်း သိတန်သလောက် သိသွားခဲ့၍ နောင်တွင် “ ကိုအောင်မောင်း ပဲ ကြည့်စီစဉ်လိုက်ပါ ”ဟု မပြောတော့သလို ဆရာဦးအောင်မောင်း၏ “ကျုပ်ရယ်၊ ဗေဒါရယ်၊ မောင်မောင်ရယ်၊ သိန်းဖေ ရယ် ” ကြီးလည်း နိတ္တိတံသွားလေတော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၉၊ သြဂုတ်လ၊ ၂ဝဝ၈ ခုနှစ်
Wednesday, August 20, 2008
ကျုပ်ရယ် ဗေဒါရယ် မောင်မောင်ရယ် သိန်းဖေရယ်
Posted by ရွက်မွန် at 10:42 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
2 comments:
သရော်ချက်မှာဖြင့် ချက်ပိုင်လိုက်လေခြင်းဗျာ :)
ငါ့ သာ လျှင် အချစ်တတ်ဆုံးမို့ ငါ့ကို ငါ အာဏာလွှဲအပ်လိုက်သည်။
ပုံ
ငါ
:P
Post a Comment