ဆ
င်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ ကျနော်တို့ ပြောကြတိုင်း မြန်မာပြည်ဟာ ဟိုတုံးကသာယာဝပြောတယ်။ အိမ်နီးချင်း နိုင်ငံ တွေနဲ့ နှိုင်းစာရင် ထမင်းငတ်သေတဲ့မသာ ဆိုတာမရှိတဲ့ တိုင်းပြည်ဖြစ်တယ်လို့ ခိုင်းနှိုင်းကြပါတယ်။ ဟုတ်တယ်လို့ ပြောရမယ့် အပိုင်း ရှိသလို မဟုတ်ဖူးလို့ ငြင်းမယ်ဆိုရင်လည်း ငြင်းနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ကျော်လောက်တုံးက ဖတ်ဖူးတဲ့ ကာတွန်းလေးတခုကို သွားပြီးသတိရမိပါတယ်။ ကာတွန်း ဆရာ အမည်ကိုတော့ မမှတ်မိတော့ပါ။ ကာတွန်းလေးက ဘယ်လိုတင်ဆက် ထားသလဲဆိုတော၊့ ပထမ တကွက်မှာ လူတယောက် သူ့အိမ်ကနေ အပြင်ကိုသွားတဲ့အခါ သူရဲ့အင်္ကျီအိပ်ကပ်ထဲကို ပိုက်ဆံတချို့ ထည့်လိုက်ရင်း “ အင်း... လူဆိုတာ အပြင် ကိုသွား တယ်ဆိုရင် ငွေငါးဆယ်တရာ မျိုးလောက်တော့ ပါသင့်တာပေါ့ ” လို့တွေးနေ တဲ့ ပုံဖြစ်ပါတယ်။ ဒုတိယအကွက် ရောက်တော့ အဲသည့်လူ အတွေးမှာ “ အင်း... လူဆိုတာ အပြင်ကိုသွားတယ် ဆိုရင် နှစ်ဆယ် အစိတ်မျိုးလောက် တော့ ပါသင့်တာပေါ့ ” လို့စဉ်းစားနေတဲ့ ပုံဖြစ်ပါတယ်။ တတိယအကွက် မှာ တော့ “ အင်း... လူဆိုတာ အပြင်သွားတယ်ဆိုရင် ငါးကျပ်တဆယ် လောက်တော့ ပါသင့်တာပေါ့ ” ဆိုပြီး စဉ်းစား နေတဲ့ပုံ ဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထမြောက် အကွက်မှာတော့ “ အင်း... ကနေ့အပြင်သွားရင် လက်ဘက်ရည် တိုက်မဲ့သူတော့ တွေ့တန် ကောင်းပါရဲ့” လို့ဆိုပြီး စဉ်းစားနေတဲ့ ပုံပါပဲ။
အဲသည့် ကာတွန်းဟာ အဲသည့်အချိန်ကာလတုံးက သာမန်ပြည်သူတွေ တဖြည်းဖြည်း စီးပွားရေး ကျဆင်းလာနေတာကို ထောက်ပြထားခြင်း ဖြစ်ပါတယ်။ အဲသည့်အချိန်ဆိုတာက ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်နေတဲ့ နာမည်ခံဆိုရှယ်လစ် စနစ် ကာလကို ဆိုလိုတာဖြစ်ပါတယ်။ “လူဆိုတာ” အပြင်သွားရင် ငါးဆယ်တရာမျိုးလောက်တော့ ပါသင့်တာပေါ့ ဆိုတဲ့ အခြေအနေကနေ အပြင်သွားရင် လက်ဘက်ရည်တိုက်မဲ့ သူတော့ တွေ့တန်ကောင်းပါရဲ့ ဆိုတဲ့ အခြေအနေကို ဆိုက်သွားပါတယ်။ အဲသည်တော့ ကာ “လူဆိုတာ” ဆိုတဲ့ လူမှုနယ်ပယ်က တန်ဖိုးအဆင့်အတန်းတခု ဆင်းရဲမွေတေ မှုအောက်မှာ ပျောက်ဆုံးသွားရတယ်လို့ ဆိုနိုင်ပါတယ်။ အဲသည့်ကာလကတည်းက မြန်မာပြည်သားတွေ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နေရတာပါ။ အခုမှ မဟုတ်ပါဖူး။
ဆိုရှယ်လစ်ခေတ်ရောက်မှ မြန်မာပြည်သားတွေ မွဲတယ်လို့ ဆိုလိုက်ရင် ပါလီမန်ဒီမိုကရေစီ ခေတ်တုံးကကော ပြည်သူ အများစု တင့်တောင်းတင့်တယ် နေနိုင်သလားဆိုတာ ပြန်ဆန်းစစ်ဖို့လိုပါတယ်။ လွတ်လပ်ရေးနဲ့ အတူပါလာခဲ့တဲ့ အကွဲအပြဲ များကြောင့် အမွေရလိုက်တဲ့ ပြည်တွင်းစစ်အောက်မှာ ဆင်းရဲမွဲတေမှုဟာ ကော်နဲ့ကပ်ထားသလို ပူးတွဲပါ လာခဲ့ပါတယ်။ တော နယ်ကလူတွေ စစ်ကြောင့် မြို့ပေါ်တက်ပြေးလာကြ၊ တောသူမိန်းကလေးတွေ မြို့ရောက်တော့ ပြည့်တန်ဆာဖြစ်ကြ ဆိုတဲ့ ဇတ်လမ်းမျိုးတွေကို အဲသည့်ခေတ်က စာတွေ၊ ကဗျာတွေ၊ ဝတ္ထုတွေမှာ တွေ့ရပါတယ်။ ဆရာဗန်းမော်တင်အောင် အပါအဝင် အဲသည့်ခေတ်တုံးက စာရေးဆရာများရဲ့ စာပေဖန်တီးမှုတွေမှာ ပြည်တွင်းစစ် ကြောင့် ဖြစ်ရတဲ့ အနိဌာရုံများကို ဆင်းရဲမွဲတေ ခြင်း ဆိုတဲ့ ဇတ်လိုက်နဲ့ အမြဲပူးတွဲပြီး တွေ့ရလေ့ရှိပါတယ်။ ဒီအပိုင်း ကာလကတော့ လွတ်လပ်ရေးကာလ ၁၉၄၈ ကနေ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းတဲ့ ကာလအကြားလို့ အကြမ်းဖြင်းအားဖြင့် ဆိုရမှာပါ။
အဲသည့် ၁၄ နှစ်ကာလအပိုင်းမှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်နဲ့ ဝင်ငွေဟာ အများကြီး သာနေသေးတာကို တွေ့ရပါတယ်။ အဲတာကြောင့် နိုင်ငံတခုချင်းစီရဲ့ ဂျီဒီပီကို ယှဉ်လိုက်ရင်တော့ မြန်မာနိုင်ငံ ဟာ ဘေးနိုင်ငံတွေထက် သာနေသေးတာတော့ ဟုတ်ပါတယ်။ သို့သော် တိုင်းသူပြည်သား အများစုက တော့ အဲသည့် ကာလမှာ လည်း မွဲတေနေဆဲ ဖြစ်ပါတယ်။ ကျောင်းပညာ သင်ကြားနိုင်သူလည်း အလွန်နည်းပါး ခဲ့ပါ တယ်။
ဒီလိုဆိုရင် အင်္ဂလိပ်ခေတ်တုံးက အခြေအနေကော ဘယ်လိုရှိသလဲဆိုတာ ပြန်ကြည့်ဖို့လိုလာပါတယ်။ ယေဘူယျ အားဖြင့် ပြောရရင် ကျနော်တို့ရဲ့ အဖိုးအဖွားတွေ၊ ဘကြီးတွေ၊ ကြီးတော်တွေ ပြောလေ့ရှိတာ ပြန်အမှတ်ရမိပါတယ်။
“ ဟဲ့...မင်း တို့ခေတ်လို မဟုတ်ဖူး။ အင်္ဂလိပ်ခေတ်တုံးကဆိုရင် လဘက်ရည်တခွက်မှ တပြား၊ ချည်ချောလုံချည် တကွင်းမှ တမတ်၊ အဲတာ အကောင်းစားနော်။ ငွေငါးကျပ် ခြောက်ကျပ်လောက်ရှိရင် ရန်ကုန်ကိုတောင် ဆင်းလည် လို့ရတယ်။ ချောကလက်တွေ၊ ဘီစကွတ်မုံ့တွေ ဆိုတာကလည်း ပေါသလားမမေးနဲ့။ အင်္ဂလန်က တိုက်ရိုက်လာတဲ့ ဂိုးဒင်းပတ်ဖ် ဘီစကွတ်ဆိုရင် (ပြည်တွင်းဖြစ် ဘီစကွတ်မဟုတ်) သံပုံးကြီးနဲ့တလုံးလုံးကိုမှ တကျပ်ခွဲလောက်ပဲရှိတာ၊ တလလုံး စားစမ်းပါ လေ့။ ” ကျနော်တို့မှာတော့ ယုံရအခက် မယုံရအခက်။
အဲသလို လူကြီးတွေက ဆိုတော့ အင်္ဂလိပ်ခေတ်ကြီးကို မသိမမှီလိုက်ပဲ လွမ်းရမလိုလို ဖြစ်ခဲ့ဖူးပါတယ်။ ဟန်ကျလိုက် လေခြင်း ပေါ့လေ။ အဲသည့်တုံးကလူတွေ လူတိုင်းနီးနီး ခေတ်ကောင်းမှီခဲ့သလိုလို စားနိုင်သောက်နိုင်ရှိသလိုလို အထင် ရောက်မိခဲ့တာ ပေါ့။ ဒါပေမဲ့ အမှန်တကယ် ပြန်ပြီးဆန်းစစ်ကြည့်တော့ အဲသည့်ခေတ်မှာလည်း ဆင်းရဲသားက အများ စုဖြစ်ပါတယ်။
လူတိုင်းသိကြတဲ့ ဂဋ္ဌုန်ဆရာစံရဲ့ အင်္ဂလိပ်အစိုးရကို အာခံတဲ့ လယ်သမားသူပုန်ထမှုကြီးဟာ ဆင်းရဲမွေတေမှု ဖိနှိပ်မှု တွေ ကြောင့် ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာ့ဆန်ဟာ ကမ္ဘာမှာ နာမည်ကြီးပြီး ရောင်းအားကောင်းခဲ့လို့ မြေကြီးက ရွှေသီး တယ်လို့ တင်စားတဲ့ ခေတ်ကြီးဆိုပေမဲ့ အများစုကတော့ လူမွဲဘဝက မတက်ခဲ့ပါဖူး။
မှတ်မှတ်ရရ ရှိလွန်းတဲ့ အဖြစ်အပျက်ကလေးတခုကတော့ ကျနော်တို့ ဆယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ဇတ်လမ်း တပုဒ်ဖြစ်ပါတယ်။ မြန်မာစာစကားပြေ လက်ရွေးစင်ထဲကဖြစ်ပါတယ်။ ဘုရာဖူး သွားခြင်း၏အကျိုး ဆိုတဲ့ စကားပြေ ဇတ်လမ်း တပုဒ်ပါ။ ရန်ကုန်က ကောလိပ်ကျောင်းသား သူငယ်ချင်း နှစ်ဦးထဲကတဦး ကျိုက်ထီးရိုးကို ဘုရားဖူးသွား တော့ ကျိုက်ထီးရိုး အတက် လမ်းတဝက်လောက်မှာ ဆင်းရဲသား အဖိုးအိုအဖွားအိုနဲ့ သူတို့မြေးမလေး တို့တတွေ ဒုက္ခရောက်နေတာကို ကူညီခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။
ဆင်းရဲလွန်းတော့ သူတို့နေနေတဲ့ တဲငယ်လေးကိုတောင် မိုးလုံအောင် အမိုးမိုးမထားနိုင်ပါဖူး။ သည်ကြားထဲ ဖျားနာ နေချိန်မှာ ဆေးကုဖို့ ပိုက်ဆံကမရှိ၊ အဟာရဖြစ်မဲ့ အစားအစာလည်း ဝယ်မစားနိုင်။ အဲတာကို ကျိုက်ထီးရိုး ဘုရား ဖူးသွားတဲ့ ကောလိပ် ကျောင်းသားက ကျိုက်ထီးရိုးဘုရားကို လမ်းခုလပ်ရောက်မှ ဆက်မသွားတော့ပဲ ဆင်းရဲသား မိသားစုကို သူ့လုပ်အားအပြင် သူ့မှာပါလာတဲ့ ငွေကလေးနဲ့ကူညီခဲ့တာဖြစ်ပါတယ်။ ဒီဇတ်လမ်းမှာ စာရေးဆရာက ငွေဖြုံးတဲ့ အပျော်အပါးမက်တဲ့ ကောလိပ် ကျောင်းသားနဲ့ လူတဖက်သားကို ကူညီတဲ့ ကောလိပ်ကျောင်းသား နှစ် ယောက်ကို နိုင်းယှဉ်ရေးထားတာပါ။ ကျနော်အနေနဲ့ ကတော့ ဒီနေရာမှာ အဖိုးအိုအဖွားအိုနဲ့ မြေးမကလေးတွေဟာ ဘာဖြစ်လို့ ဒီလောက်တောင် ဆင်းရဲကြရတာတုံး ဆိုတဲ့ဖက်က အတွေးဝင်မိပါတယ်။ သူတို့လို လူမျိုးတွေ အဲသည့် ခေတ်ကောင်းပါတယ် ဆိုတဲ့ အင်္ဂလိပ်ခေတ်မှာ ဘယ်လောက်များ ရှိနေကြ မလဲ ဆိုတာလဲ စဉ်းစားမိပါတယ်။ အဲသည့် ခေတ်တုံးကလည်း မြန်မာပြည်သား အများစုဟာ ဆင်းရဲတွင်းမှာပဲ ရှိနေခဲ့ကြပါ တယ်။
ကျနော်တို့ရဲ့ အဖိုးအဖွားတွေ၊ ဦးကြီးဒေါ်ကြီးတွေ ပြောပြောနေတဲ့ အင်္ဂလိပ်ခေတ်တုံးက သိပ်ပေါများတာပဲ ဆိုတာဟာ တကယ် တမ်းတော့ လူများစုကြီးအတွက် အကျိုးမဖြစ်ခဲ့ပါဖူး။ မခံစားခဲ့ရပါဖူး။ အဲသည်တုံးကလည်း လူဆင်းရဲ တွေ တိုင်းပြည်မှာ အပုံ အပင်ရှိခဲ့တာပါပဲ။ ပြောစရာတချက်တော့ ရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်နဲ့ ပါလီမန်ဒီမိုက ရေစီခေတ်မှာ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ မီးသတ်တို့လို ရပ်ကွက်ထဲမှာ အနီးကပ်နေပြီး ဗိုလ်ကျနေတဲ့ ဓါးမနောက် ပိတ်တွေ မရှိခဲ့ပါဖူး။ အိမ်မှာ ဧည့်သည်လာ ရင် ဧည့်စာရင်းတိုင်စရာမလိုပါဖူး။ လမ်းချဲ့ဖို့ဆိုပြီး အိမ်တဝက်ကို ကိတ်မုန့်လှီးသလို ဖြတ်တောက်ပြီး မြေကိုသိမ်းယူ သွားတာ မျိုး မရှိခဲ့ပါဖူး။ အတော်အတန် လွတ်လပ်တဲ့ သတင်းမီဒီယာ တွေလည်း ရှင်သန်ခဲ့ဖူးပါတယ်။ ပုံမတော်တာတွေ လုပ်နေရင် အစိုးရကိုလည်း ဝေဖန်လို့ ရခဲ့ပါတယ်။
အဲသလိုဆိုလိုက်တော့ မြန်မာဘုရင်များ လက်ထက်မှာကော လူတွေစားနိုင်သောက်နိုင် ရှိကြရဲ့လားဆိုတာ ထပ်ပြီး အတွေးနယ် ချဲ့မိပြန်ပါတယ်။ သည့်ပြင် ဘုရင်များလက်ထက် အထိမပြောတော့ပဲ မင်းတုန်းမင်း လက်ထက်ကို ကြည့် လိုက်ရင် အထင်အရှား တွေ့ရတာ တခုရှိပါတယ်။ အဲတာက ဘာလဲဆိုတော့ စလေဦးပုည ရေးခဲ့တဲ့ ရေသည်ပြဇတ်ပါပဲ။ သာမန်လူတွေရဲ့ ဆင်းရဲမွဲတေ မှုကို ရေသည်လင်မယား ကိုကြည့်ပြီးပြောနိုင်ပါတယ်။ ချဉ်ပေါင်ရွက်ရေလုံ ပြုတ်ထဲ မှာ ငါးသေးငါးနုတ်လေးတွေကို မြေအိုးနဲ့ ထည့်ပြုတ်ပြီး စားရတာကို ပုံဖော်ထားပါတယ်။ ရေသည်လင်မယားလို လူ စားမျိုးတွေ အဲသည့်ခေတ်တုံးက ဘယ်လောက်များ များလိုက်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ မင်းတုံးမင်း လက်ထက်မှာလည်း မြန်မာပြည်သားများ မွဲနေဆဲပါ။
တချိန်တည်းမှာလဲ မင်းတုန်းမင်းလက်ထက်ကနေ နောက်ဆုံးဘုရင် သီပေါမင်းအထိ အထက်မြန်မာပြည်က လူတွေ အင်္ဂလိပ် သိမ်းပိုက်အုပ်ချုပ်နေတဲ့ အောက်မြန်မာပြည်ကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းကြပါတယ်။ အောက်ပြည် မှာ လယ်ယာ သစ်တွေဖေါ်တဲ့ အလုပ်က ကောင်းတဲ့အတွက်ကတကြောင်း မြန်မာဘုရင်လက်အောက်မှာလို အုပ်ချုပ် တာ သိပ်မတင်း ကျပ်တာကလည်း တကြောင်းကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲသလိုဆိုတော့ မြန်မာဘုရင် လက်အောက်မှာ လုပ်ကိုင် စားရတာထက် အောက်ပြည်မှာက အလုပ်အကိုင်ကောင်းတယ်၊ တဝမ်းတခါးလှတယ်လို့ နိုင်းယှဉ်ပြီး ပြောလို့ရပါတယ်။ ထွန်ယက် စားတာရတာခြင်းအတူတူ အောက်ပြည်အောက်ရွာမှာ ထွန်ယက်စားရ တာက ပိုပြီးအဆင်ပြေလို့ ပြောင်းကြတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဆင်းရဲမွဲတေမှု အောက်ကနေ ရုန်းထွက်ခြင် တာကတော့ လူ့သဘာဝပါပဲ။
စစ်တပ်က နောက်တပြန် အာဏာ သိမ်းခဲ့တဲ့ ၁၉၈၈ ကနေအခု ၂ဝဝ၈ ကာလများမှာ အုပ်ချုပ်သူလူတန်းစားက မြန် မာပြည်မှာ ဆင်းရဲမွဲတေမှုကို လျော့ခြနိုင်ခဲ့ပါသလား။ မေးခွန်းမေးရတာတောင် လွန်လှပါပြီ။ မွဲသထက် မွဲလာတာက တော့ သုတေသန လုပ်စရာတောင် မလိုပါဖူး။
ဒါပေမဲ့ စစ်အစိုးရက မြန်မာနိုင်ငံမှာ ဆင်းရဲသားလူတန်းစား မရှိဖူးလို့ ပြောခဲ့ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် အဖြစ်ပျက် တခုကိုပြောရရင် မနှစ်က သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုအပြီးမှာ ကုလအထူးကိုယ်စား လှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ သူနဲ့တွေ့တဲ့အထဲက ဝန်ကြီးတ ပါးဖြစ်တဲ့ ဦးစိုးသာက ဂမ်ဘာရီကို “We don't have poor people in Myanmar, we have only deficient people” လို့ ပြောခဲ့ ပါတယ်။ မြန်မာပြည်မှာ ဆင်းရဲ မွဲတေနေတဲ့ လူဆိုတာမရှိပါဖူးတဲ့။ ပြည့် ပြည့်ဝဝ ကြီးတော့ မချမ်းသာပဲ အနည်းငယ် ချို့တဲ့တဲ့သူများပဲ ရှိပါတယ်လို့ ပြောခဲ့တာ ကို ကြားရပါတယ်။ ဗြောင် လိမ်တယ်ဆိုတာ ဝန်ကြီးတွေလည်း လုပ်တာကိုး လို့သာ မှတ်ချက်ချရတော့ မှာပါပဲ။
ပြန်ကောက်ရရင် မြန်မာပြည်ဟာ ဟိုတုံးက အရှေ့တောင်အာရှ နိုင်ငံများအကြားမှာ အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့တယ် ဆိုတာ မြန်မာပြည်သား တဦးအနေနဲ့ ဝမ်းသာစရာ ဂုဏ်ယူစရာဖြစ်ပေမဲ့ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူအများစုဟာ ခေတ် အဆက်ဆက် ဆင်းရဲတွင်းကနေ လွတ်ခဲ့ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။ လူတဦးခြင်းစီ၊ မိသားစု တစုခြင်းအလိုက် တွက် ထုတ်လိုက်မယ်ဆိုရင် အများစုသော မြန်မာပြည်သူပြည်သားတွေဟာ ဟိုတုံးကလည်း မွဲခဲ့ တယ်၊ အခုလည်းမွဲနေဆဲ ဖြစ်တယ် လို့ အတိအလင်း ပြောရမှာပါပဲ။
အဲသလို ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရလို့ စီးပွားရေးကောင်းလာတဲ့ ဘေးက အိမ်နီးချင်း နိုင်ငံများမှာ မြန်မာပြည်သား တွေ သန်းနဲ့ချီထွက်ပြီး ကျွန်ခံအလုပ်လုပ်နေရတာ လူတိုင်းအသိပါ။ မြန်မာပြည်ကြီးဟာ မသာယာ မဝပြောတော့သ လို မဲမဲမြင်တိုင်း ကြောက်နေရတဲ့ အခြေအနေကိုပါ ရင်ဆိုင်ရပါတယ်။
ဆင်းရဲတွင်းကတော့ နက်သထက် နက်လာပြီး မှောင်မိုက်နေတာ ဘယ်သူမှငြင်းလို့မရပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၁၇၊ သြဂုတ်လ၊ ၂ဝဝ၈ ခုနှစ်
Sunday, August 17, 2008
ဆင်းရဲတာကတော့ အခုအထိ
Posted by ရွက်မွန် at 10:14 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment