က
လေးများကား မှောင်စပျိုးသည့်တိုင် ဆော့ကောင်းတုန်း။ ရှုံးသည့်ဖက်က ပြန်လည်ချေပ လိုသေးသည့်အတွက် ဘော်လုံးပွဲကို မရပ်ချင်သေး။ ဖိုးသောင် နှင့် ဖိုးဆောင်တို့ ညီအကိုက ရှုံးနေသည့် ဖက်ကဖြစ်လေတော့ အနည်းဆုံး သရေပွဲလောက် ပြန်ကန် နိုင်မှ ဂုဏ်မငယ်ရမှာဖြစ်လို့ သည်ဘော်လုံးပွဲကို မရပ်ချင်သေးတာလည်း ဖြစ်သည်။ ဖုံ အလိမ်းလိမ်းဖြင့် ဘော်လုံးကန်နေသည့် ကလေးများကို မြင်ရသည်မှာ ပျော်စရာ။
"ဟဲ့ .... ကောင်လေးတွေ မတော်ကြသေးဖူးလား။ ဖိုးသောင် ဖိုးဆောင် အခုချင်းချင်း လာကြ။ ရေချိုးမယ် ထမင်းစားမယ်။ ပြီးရင် အိမ်စာတွေလုပ် စာလဲကျက်ရဦးမယ် မဟုတ်လား" ဒေါ်လယ်ဝိုင်း တယောက် ခွန်နှစ်သံချီ၍ ဘော်လုံးပွဲ အနားသို့ ရောက်လာပြီး သူမ၏ သားများအား နွားသိမ်းသလို လာရောက် ခေါ်ဆောင်လေတော့သည်။
ညီအကို နှစ်ယောက် မလိုက်ချင် လိုက်ချင်နှင့် သူတို့အမေနောက်ကို လိုက်လာရင်း "အမေကလည်း ပြီးခါနီးကြမှဗျာ၊ ငကြိုင် တို့က ဖင်ခေါင်းကျယ်လွန်းလို့၊ ပွဲကသရေကျတော့မယ့် ဥစ္စာ" ဟု ဖိုးသောင်က လမ်းတွင် သူ့အမေကို အထွန့် တက်လာသည်။ ဖိုးသောင်က ငါးတန်းတက်နေခြင်း ဖြစ်၍ ဖိုးဆောင်က ခြောက်တန်း ကျောင်းသား။ "ငါ့သားတို့ရဲ့ တချိန်လုံး ဆော့ချည်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျောင်းသားဆိုတာ စာကျက်ဖို့လည်း လိုသေးတာပေါ့။ စာမေးပွဲကျရင် ပညာမတတ်ရင် မင်းတို့ လူ့အောက် ကျလိမ့်မယ် သိရဲ့လား။"
သည်ကောင်တွေဟာ အလယ်တွေဆိုတော့ ဖိုးသောင်က "သိပါတယ် အမေရယ်။ ဒါကြောင့် ကနေ့ည ကျနော်တို့ ညနက်တဲ့ အထိ စာကျက်မှာ၊ အမေမယုံရင် စောင့်ကြည့်" ဟု သူ့အမေကို အာမဘန္တေခံလိုက်သည်။ သားများ အကြောင်းကို နောကြေ နေသော ဒေါ်လယ်ဝိုင်းက သူ့မသားများကို နင်တို့ပြောတာတော့ မယုံပေါင် ဆိုသော မျက်နှာ ပေးဖြင့် ကြည့်လိုက်၍ တဟဲဟဲ ရယ်ရင်း "ဟုတ်မှလုပ်ပါ လက်ဖြူရယ်" ဟုဆိုလိုက်သည်။
လက်ပံပင်တို့ ရဲရဲနီသည့် နွေရာသီကျောင်းပိတ်ရက်။ ဖိုးသောင်တို့ ဖိုးဆောင်တို့ကား သူငယ်ချင်းများနှင့် ကစားကြ ဆော့ကြ သည်မှာ လိုင်စင် ရထားသည့်အလား မီးကုန်ရမ်းကုန်။ ဟုတ်သည်လေ ကျောင်းပိတ်ရက်တွေကိုး။ ဒီကာလ အတွင်း ဒေါ်လယ် ဝိုင်းလည်း ဘာကိုမှ အကြောင်းပြ၍ သူတို့ကို ဖိအားပေးလို့မရ။ အိမ်အလုပ်ကိုလည်း ခိုင်းလို့မရ။ အိမ်နားမှာ ဆော့၍ အားရလျှင် မြို့ထဲသို့ စက်ဘီးတစီးစီဖြင့် ကိုးကျင်းကိုးကြောင်း လည်ကြသေးသည်။ ဒါတောင် သူတို့မြို့က ခပ်သေးသေးမို့ တော်တော့သည်။
"ငါ့သားတို့ရဲ့ အမေတို့ကိုလည်း ကျောင်းကလေး ပိတ်တုံး အနည်းအပါးလောက် ကူပါဦးကွဲ့။ မင်းတို့ အဖေကလည်း အားတာ မဟုတ်ဖူး။ မင်းတို့ မြောက်ပိုင်း သွားလည်တုံး စက်ဘီးနောက်မှာ ငရုတ်သီးခြောက် တအိတ်လောက် တင်သွားပြီး မငွေဆယ်တို့ ပွဲရုံမှာ ချထားပေးပါ လားလို့။ ပြီးတော့ ဦးကောင်းတို့ ဆီစက်ကနေ မြေပဲဆီ အချိန်တဆယ်လောက် ယူဖို့ ရှိတာ အပြန်မှာ လှည့်ယူခဲ့ကြပါဦး။ လမ်းသင့်နေတဲ့ ဥစ္စာ။ ညနေကျရင် တောင်ပိုင်းက ကိုဖိုးထောင်တို့ ဆိုင်က မီးသွေး တအိတ်လောက် အမေ့ ကို သွားဝယ်ပေးဦး"။ သည်လိုဆိုတော့လည်း ညီအကိုနှစ်ယောက် အတိုင်အဖောက် ညီလှသည်။ "စိတ်သာချ အမေ့ ပစ္စည်း တွေ အကုန်သယ်ပေးမယ်"။ ဒေါ်လယ်ဝိုင်းက သူတို့ပြောစကားကို ထုံးစံအတိုင်း အကုန်မယုံ တော့" တကယ်လားဟဲ့၊ ဟုတ်မှ လုပ်ပါ လက်ဖြူတို့ရယ်။ အလယ်လွန်ပြီး ငါခိုင်းတာတွေ ဟိုဟာကျန် သည်ဟာကျန် ဖြစ်နေဦးမယ်" ဟုဆို၏။
သည်လိုနှင့် နွေနှစ်များ အတော်ကုန်လာပြီးနောက် ညီအကိုနှစ်ယောက် ဆယ်တန်းကျောင်းသားများ ဖြစ်လာသည်။
"မယ်အိရေ့  ညည်းမောင်တွေကိုလည်း ပြောပါဦးဟဲ့။ စာကျက်တာကို ကောင်းကောင်းမတွေ့ဖူး။ ရွာရိုးကိုးပေါက် လည်နေ ကြတာချည်းပဲ" ဟု ဒေါ်လယ်ဝိုင်းက သမီးကြီး မအိကိုလှမ်း၍ စစ်ကူတောင်းလိုက်သည်။ သည်နှစ်ကောင်က သူတို့အမ ကိုတော့ ချစ်ကြသည်မို့ အမပြောသည့် စကားဆိုလျှင် နားထောင်တာများသည်။
"ကောင်လေးတွေ ဆယ်တန်းနော် ဆယ်တန်း။ ပေါ့ပေါ့ဆဆ မလုပ်ကြနဲ့။ ဆယ်တန်းက နတ်ကြီးတယ်။ စာကိုလည်း ဂရုစိုက် ကြဦး။ ငါ့လို မဖြစ်စေခြင်လို့ ပြောနေတာ။ နင်တို့ကို နားပူအောင် လုပ်နေတာ မဟုတ်ဖူး။ " ဒါက ဆယ်တန်းကို လေးခါကျ ထားလို့ ကျောင်းပညာရေးကို သံယောဇဉ် အပြီးဖြတ်လိုက်တဲ့ မအိရဲ့အသံ။ အဲသည်တော့ ဖိုးသောင် က ထုံးစံအတိုင်း "စိတ်ချ စမ်းပါ အမရ။ နှစ်ချင်းပေါက် မအောင်တော့ ကျုပ်ကိုပြောခြင်တိုင်းပြော" ဟု အာမခံပြန်၏။ ဖိုးဆောင် ကတော့ တုတ်တုတ်မှ မလှုပ်။ ထိုသောအခါ၌ ဒေါ်လယ်ဝိုင်းက ခါးကိုထောက်၍ "ဟုတ်မှလုပ်ပါ လက်ဖြူရယ်၊ ဒါမျိုးတွေက ပြောပေါင်းများနေပြီ" ဟု ဖိုးသောင်ကို လှမ်းပြောလိုက်သည်။
တနေ့သားတော့ မနေနိုင်၍ ဖိုးသောင်က သူ့အမေကို မေးခွန်းတခု မေးလာ၏။ "ဒါနဲ့ အမေ၊ အမေပြောပြော နေတဲ့ ဟုတ်မှ လုပ်ပါ လက်ဖြူရယ် ဆိုတာ ဘာကိုပြောတာလဲ။ လက်ဖြူဆိုတာ ဘယ်သူတုံးဗျ။ ကျုပ်တို့ အမျိုးထဲကလား။ မေးမယ် မေးမယ်နဲ့ မမေးဖြစ်လို့"။
ဖိုးသောင့် အမေးကို မဖြေခင် ဒေါ်လယ်ဝိုင်း ရယ်လိုက်သည်မှာ မျက်ရည်များပင် ထွက်လာသည်။ "ဟဲ့ ... လက်ဖြူဆိုတာ တို့အမျိုးထဲက မဟုတ်ပါဖူး။ အေးလေ ငါ့သားတို့က သည်ခေတ်မှာ အဲတာတွေကို မမှီလိုက်တော့ ဘယ်သိမတုံး။ သည်လိုကွဲ့"။
ဒေါ်လယ်ဝိုင်းက ဤသို့ဇတ်စုံ ခင်းပြလေသည်။ လွတ်လပ်ရေးရပြီး မကြာခင် မြန်မာပြည်၌ လက်နက်ကိုင် အဖွဲ့အစည်းများ အတော်များကြောင်း၊ သူတို့ မြို့လေးထဲသို့ ဝင်ချည်ထွက်ချည် လုပ်နေသော အစိုးရစစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့ များ ရှိကြကြောင်း ပြောသည်။ ကွန်မြူနစ်က အဖြူနှင့် အနီဟု နှစ်ဖွဲ့ရှိသည်။ သတင်းစာများက သူတို့ကို နစ်ဖြူ နစ်နီဟု အတို ကောက် ဖော်ပြလေ့ရှိသည်။ မြို့သူမြို့သားတွေက ကွန်မြူနစ်အနီ အဖွဲ့ကို အလံနီဟု လည်းခေါ်လေ့ ရှိသည်။ မြို့ကာကွယ်ရေး အတွက်ဆိုပြီး ဖွဲ့ထားသော ကာကွယ်ရေး အဖွဲ့ရှိသော်လည်း သူတို့က ချောက်တီးချောက် ချက်မျှသာ။ နောက်တဖွဲ့က ပြည်သူ့ ရဲဘော်အဖွဲ့။ သူတို့နှစ်ခြမ်းကွဲတော့ ရဲဘော်ဖြူ၊ ရဲဘော်ဝါ ဆိုပြီးလည်း နှစ်ဖွဲ့ ဖြစ်သွားသည်။ အားလုံး က လက်နက်ကိုင် အဖွဲ့ အစည်းများ ဖြစ်သောကြောင့် လူများက သူတို့ကို ဂရုစိုက်၍ ဆက်ဆံရသည်။
ထိုအချိန်တုံးက မြို့ကို အမြဲထိန်းထားနိုင်သည့် အဖွဲ့ဟူ၍ မရှိ။ အလံဖြူ ကွန်မြူနစ် အားကောင်းသည့် အခါများတွင် အစိုးရ စစ်တပ်က ဆုတ်ပေးရသည်။ အလံနီဝင်လာသည့် အခါတွင် အလံဖြူက ဆုတ်ပေးရသည်လည်း ရှိသည်။ တခါ ရဲဘော်ဝါ အဖွဲ့ ကလည်း ဝင်လာလေ့ရှိသည်။ ရဲဘော်ဖြူက အားကောင်းသည့် အခါတွင်လည်း တခြားအဖွဲ့က ဆုတ်ပေးရသည်။ မြို့ကို တဖွဲ့ပြီး တဖွဲ့ ဝင်ချည်ထွက်ချည်။ သည်ကြားထဲ ဓါးပြဂိုဏ်များကလည်း ခေတ်စားသေးသည်။ မန္တလေးတို့ မိတ္ထီလာတို့ကို ကရင်များ သိမ်းသောအခါက ကရင်တပ်များပင် သူတို့မြို့ထဲသို့ ဝင်လာပြီး စတည်းချ သည်ကို တွေ့ဖူးသည်ဟု ဒေါ်လယ်ဝိုင်းက ဆိုသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကရင်တပ်များ ပေါ်မလာတော့။
ထိုအဖွဲ့များအားလုံး မြို့သို့ဝင်လာတိုင်း သူတို့ရဲဘော်များကို ကျွေးရန်အတွက် အိမ်တိုင်းကို ထမင်းထုပ် ဆင့်သည်။ တော်လှန်ရေး ရံပုံငွေဟုဆိုကာ အလှူငွေ ကောက်သည့် အခါလည်း ကောက်သည်။ ထိုလက်နက်ကိုင် အဖွဲ့များ ဝင် လာတိုင်း မရိုးတန်းလုပ်လေ့ရှိသည့် နောက်တခုကတော့ နိုင်ငံရေးတရား ဟောခြင်းပင်ဖြစ်သည်။ တရားပွဲကို ဘောလုံး ကွင်းထဲတွင် လုပ်လေ့ရှိသည်။ အလှူ မင်္ဂလာဆောင်များတွင် ဓာတ်စက်အငှား လိုက်ဖွင့်သည့် ဦးစံမောင်ထံမှ လော်စပီကာများ မိုက်ခွက် များကို ယူ၍ ထိုတရားပွဲများအတွက် တပ်ဆင်သည်။ သည့်နောက် အဖိနှိပ်ခံ ပြည်သူများ အတွက် သူတို့ ဘယ်လိုအသက်စွန့်၍ တိုက်ပွဲဝင်နေကြောင်း တရားဟောကြသည်။ လက်နက်ကိုင် အဖွဲ့များက ဟောတာဖြစ် သောကြောင့် အနည်းဆုံး တအိမ် တယောက် မဖြစ်မနေ သွား၍ နားထောင်ကြရသည်။ တအိမ်က တယောက်လောက်မှ တရားပွဲ မသွားဖူးဆိုတာ သိသွားခဲ့ရင် သူတို့ ညိုညင်မှာကိုလည်း စိုးရသည်။
သူတို့နယ်တွင် ထိုအချိန်က ထိုလက်နက်ကိုင် အဖွဲ့များအတွင်း ရေထွက်မတတ် အပြောဆုံး အဟောဆုံး အဖွဲ့ကတော့ ပြည်သူ့ ရဲဘော် အဖြူ အဖွဲ့ဖြစ်သည်ဟု ဒေါ်လယ်ဝိုင်းက ရှင်းပြသည်။
ရဲဘော်ဖြူဟု လူတွေက အလွယ်ခေါ်သော ထိုအဖွဲ့၏ ရဲဘော်များသည် စစ်ယူနီဖောင်းများ ဝတ်ထားသော်လည်း အခြား အဖွဲ့ များနှင့် လူတွေ မမှားရလေအောင် လက်မောင်း၌ လက်ပတ်အဖြူများ ပတ်ထားကြသည်။ ထို့ကြောင့် ရဲဘော်ဖြူ အဖွဲ့ကို လူတွေ က ကွယ်ရာတွင် "လက်ဖြူ" ဟု ခေါ်လေ့ရှိသည်။ သို့သော် သူတို့ရှေ့တွင်တော့ မခေါ်ရဲ။ ထို ရဲဘော်ဖြူ များက လူထုအတွက် ဘယ်လိုလုပ်မည်၊ တိုင်းပြည်အတွက် ဘယ်သို့ ဆောင်ရွက်မည် စသဖြင့် အဟောအပြော ကောင်း လှသည်။ ဒါပေမဲ့ လက်တွေ့ တွင် ဘာမှ မယ်မယ်ရရ လုပ်ပေး နိုင်ခြင်းမရှိသဖြင့် နောက်ပိုင်း၌ မြို့လူထု က သူတို့ တရားပွဲ ပြီးတိုင်း "ဟုတ်မှလုပ်ပါ လက်ဖြူ ရယ်" ဟု တီးတိုးဆိုလေ့ ရှိရာမှ ဤစကား စခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လယ်ဝိုင်းက ဇတ်စုံ ခင်းပြလေသည်။
"မင်းတို့ ဒေါ်လေး ထွေးထွေးဆိုရင် ရုပ်ကလည်း လှတော့ ရဲဘော်ဖြူဗိုလ်က လာတောင်းလိုက်၊ ကွန်မြူနစ်ဗိုလ်က လာတောင်း လိုက်နဲ့ ဖြစ်နေတာ။ အစိုးရတပ်က စစ်ဗိုလ်တောင် ပါလိုက်သေးတယ်။ ပြီးတော့ မြို့ကာကွယ်ရေး အဖွဲ့က ဗိုလ်ကလည်း မျက်စောင်းတထိုးထိုး။ အဖေတို့ အမေတို့က ငယ်လွန်းသေးလို့ စောင့်ပါဦးဆိုပြီး တောင်းပန်ထားရတယ်။ ဒါပေမဲ့ သူတို့က လက်နက်ကိုင် ဗိုလ်တွေဆိုတော့ ဇွတ်အတင်း ဆွဲမှာကိုကြောက်လို့ နောက်ဆုံးတော့ မန္တလေး ကိုပို့ပြီး ဆယ့်ခြောက်နှစ် သမီး မှာပဲ မင်းတို့အဖိုးရဲ့ မိတ်ဆွေသား ဖြစ်တဲ့ ကိုထွန်းဝနဲ့ ပေးစားလိုက်တယ်။ ငါ့ညီမဟာ ဉာဏ်ကောင်း ရဲ့သားနဲ့ ပညာဆုံးခန်း တိုင်အောင် သင်ခွင့်မရလိုက်ဖူး" ဟု ဒေါ်လယ်ဝိုင်းက ထပ်ဖြည့်လိုက်ရင်း ဇတ်ကြောင်းကို အဆုံးသတ် လိုက်သည်။
ထိုအခါကျမှ ငယ်ငယ်ကတည်းက သူ့အမေ ပြောပြောနေသည့် "ဟုတ်မှလုပ်ပါ လက်ဖြူရယ်" ဆိုတာကို ဖိုးသောင် တယောက် သဘောပေါက်တော့ လေသတည်း။
သြော်... ဟုတ်မှလုပ်ပါ လက်ဖြူရယ်တဲ့လား။
ဇော်မင်း (လူ့ဘောင်သစ်)
၁၅ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်။
Thursday, October 23, 2008
ဖိုးသောင်နှင့် လက်ဖြူများ
Posted by ရွက်မွန် at 3:32 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment