ဘယ်
သူကြိုက်ကြိုက် မကြိုက်ကြိုက် စစ်အစိုးရကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပဖို့ စိုင်းပြင်းနေသည်။ ဇွတ်အတင်း အတည် ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အုတ်မြစ်ထား၍ စစ်တပ်လူ့မလိုင်များ အထူးသဖြင့် လက်တဆုပ်စာ ဗိုလ်ချုပ်များ ကောင်းစားရေးအတွက် ဆက်လက် စိုင်းပြင်းလိမ့်မည်။
ထို့ကြောင့် တရားမျှတမှု ရှိမည်မဟုတ်သော ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတို့ လက်မခံကြောင်း သဘောမတူကြောင်း အရှိန် အဟုန်နှင့် ပြသဖို့ လိုအပ်လာသည်။
ဤအခြေအနေတွင် ကျနော်တို့သည် မိမိလက်ရှိ ရောက်ရှိနေသည့် အခြေအနေကို ပြန်လည် ဆန်းစစ်ဖို့ အထူးလိုအပ် နေ သည်။ တိုင်ပင်ခေါ် အချက်ပေးလိုက်သည်နှင့် သူထောင့် သူနေရာ အသီးသီးတွင် ရှိနေသော ပြည်သူများ အားကောင်းကောင်း နှင့် ပါဝင်လာဖို့ အသင့်ဖြစ်ပြီလား ဆိုသော မေးခွန်းကို မိမိကိုယ်ကို ပြန်မေးဖို့လိုနေသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီးကို ကျောင်းသားလူငယ်များက မီးတောက်စေခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရွှေဝါရောင် တော်လှန် ရေးကို သံဃာတော်များ ဦးဆောင်လှုပ်ရှားခဲ့သည်။ သည်အနှစ် နှစ်ဆယ်ကာလကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ ဝင်များ အနစ်နာခံ၍ ဆက်လက်ဆောင်ရွက်နေသည်။ ရှစ်လေးလုံး ကျောင်းသား မျိုးဆက်များ ဖြစ်သော ယခုထပ်မံ ဖမ်းဆီး ခံနေရသော ကိုမင်းကိုနိုင် အပါအဝင် ခေါင်းဆောင်များ ဆောင်ရွက်ခဲ့သည်။ စက်တင်ဘာ အပြီး တွင်လည်း မြေအောက် လူငယ် အဖွဲ့အစည်းတချို့ ထွက်ပေါ်လာသည်။ သူတို့ တတ်စွမ်းသည့် အတိုင်းအတာထဲမှ ဆက်လက် ဆောင်ရွက်နေသည်။ သို့သော် တခုပြောရန် ရှိသည်ကတော့ နိုင်ငံသားအများစု သည်တိုက်ပွဲထဲ သောင်းသောင်းဖြဖြ ပါဝင်လာဖို့အထိ အခြေ အနေက မမြင်ရသေး။
ရှစ်လေးလုံးမှသည် စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှုအထိ သည်အနှစ်နှစ်ဆယ် ကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားမှု များတွင် အဓိကဆောင်ရွက် နေသူများမှာ ကျောင်းသားများ၊ လူငယ်များနှင့် သံဃာတော်များဖြစ်သည်။ မြေပေါ် မြေအောက် ကျောင်းသားလူငယ် အဖွဲ့အစည်းများမှ ထုတ်ဝေသော ကြေငြာချက်များကို မကြာမကြာ တွေ့ရသည်။ သို့သော် သည်အနှစ် နှစ်ဆယ်အတွင်း လယ်သမားသမဂ္ဂများ (သို့မဟုတ်) လယ်ယာစိုက်ပျိုးရေးကို အခြေခံသော လူတန်းစား အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို မတွေ့ရသေး။ အနည်းဆုံး အင်တာနက် အီးမေးလ်များတွင် တင်သော ကြေငြာချက်ပင် မတွေ့ရ။
မြန်မာပြည်တွင် တောင်သူလယ်သမားများသည် နိုင်ငံ၏ ၈၅%သော လူဦးရေကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ သို့သော် စိုက်ပျိုးရေးကို အခြေခံသော၊ လယ်ယာကို အခြေခံသော လူ့အဖွဲ့အစည်း၏ အသံကို အခုအထိ မကြားရ။ မြန်မာပြည်တွင် နိုင်ငံရေးကို ကျောင်းသား လူငယ်များကသာ ဦးဆောင်သည် ဆိုသော သမိုင်း အစဉ်အလာအောက်တွင် တိမ်မြုတ်နေသလို ဖြစ်နေရသလောဟု စဉ်းစားမိသည်။ ထို့ကြောင့် ကျောင်းသားလူငယ် အဖွဲ့အစည်းများကိုသာ အတွေ့များ၍ လယ်သမား ယာ သမား အသင်းအပင်းများ သမဂ္ဂများမူ မတွေ့ရဘဲ ဖြစ်နေသည်ဟု တွေးထင်မိသည်။
တဖက်တွင် စဉ်းစားပြန်သော် ကျောင်းသားလူငယ်တွေထဲတွင် လယ်သမားများ၏ သားသမီးများ မရှိတော့ပြီလောဟု မေး စရာဖြစ်လာသည်။ ထိုလူငယ် ကျောင်းသားများသည့် အဘယ်ကြောင့် လယ်သမားလူတန်းစားကို ကိုယ်စားပြု၍ သူတို့ထောင့် သူတို့နေရာမှ တိုက်ပွဲမဝင်နိုင်ဘဲ ရှိနေရသနည်း။ လယ်သမား၊ ယာသမား၊ ကိုင်းသမား၊ ကျွန်းသမား၊ ခြံ သမားတို့သည် မြန်မာပြည်၏ လူများစု ဖြစ်သည်ဆိုလျှင် ထိုလူများစုကို ကိုယ်စားပြုသော အဖွဲ့အစည်း မရှိသင့်ပြီလော။ ကနေ့ကာလတွင် မြို့ပေါ်က ကျောင်းသားလူငယ် အဖွဲ့အစည်းများ၏ အသံနှင့်ကြေငြာချက် များကသာ အများစု ဖြစ်နေ သည်။ လွဲနေတာတွေ လိုနေတာတွေ အများကြီးရှိနေသေးသည်ဟု တွက်ထုတ်ယူနိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က တက္ကသိုလ် ကျောင်းသားများက လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သည်။ ဤ အစဉ်အလာ ကောင်းအရ နောင်တွင်လည်း နိုင်ငံတော်၏အရေးကို ခေတ်အဆက်ဆက် ကျောင်းသားများက ဆက်လက် ဦးဆောင်ခဲ့သည်။ ကျောင်းသားများ၏ ဦးဆောင်မှုသည် ယခုအထိလည်း အရေးပါဆဲ ဖြစ်သည်။ သို့သော် လယ်သမား အဖွဲ့အစည်းများ မပေါ်ပေါက်သေးသည်မှာ ကျောင်းသား အဖွဲ့အစည်းများလောက် အရေးမပါဟု ယူဆသောကြောင့် မေ့လျော့ခံနေရခြင်းများ ဖြစ်သလောဟု နောက်မေးခွန်းတခု ပေါ်လာပြန်၏။
သေချာတာ တခုကတော့ ယနေ့လက်ရှိ အချိန်တွင် မြို့ပေါ်က ကျောင်းသားလူငယ် အဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ နှိုးဆော်မှု၊ ပူးပေါင်းဆောင်ရွက်မှုကြောင့် တောကလူထုတွေ၊ တောမကျမြို့မကျက လူထုတွေ သည်တိုက်ပွဲထဲ ပါလာတာ အခုအထိ မတွေ့ရသေး။
ဗိုလ်ချုပ်တို့ခေတ်ကလို ကျောင်းသားများ၏ နိုင်ငံရေးတွင် ပါဝင်ဦးဆောင်မှု ဆက်လက် လိုအပ်ဆဲဖြစ်သည်။ တချိန်တည်းမှာ လည်း လူများစု တောင်သူလယ်သမားများအား ကိုယ်စားပြုသော မြေအောက်လယ်သမား အဖွဲ့အစည်းများ ဘောက်မဲ့ကြောင့် မပေါ်ပေါက်ရမည်နည်း။ လယ်သမား အဖွဲ့အစည်းများ သည်လိုကာလမှာမှ မပေါ်ပေါက်ပါက ဘယ်အချိန်ကျမှ ပေါ်ကြမည် နည်း။ ၂ဝ၁ဝ သည်မဝေးတော့သလို ၂ဝ၁ဝ လွန်တိုက်ပွဲများကလည်း တန်းစီ၍ ရှိနေသည်။ လူများစုကို ကိုယ်စားပြုသော အဖွဲ့အစည်းများ ရှိလာဖို့ အလေ့အကျင့်ကို အခုကတည်းက စတင်၍ ပြုစု ပျိုးထောင်ရန် အထူးလိုအပ်သည်။ လူများစုကို ဆွဲ ခေါ်လိုပါက လူများစုအသံကို တိုက်ရိုက် ကိုယ်စားပြုနိုင်သည့် စုဖွဲ့မှု တရပ် ရှိသင့်သည် မဟုတ်လော။
နောက်တချက်ကလည်း ကျောင်းသားချည်းဆိုပါက စစ်အစိုးရအတွက် ပစ်မှတ်က သိသာ၍ ချေမှုန်းရန် နှောက်ယှက်ရန် လွယ် သည်။ ကျောင်းသားအဖွဲ့အစည်းများ၏ သဘာဝကလည်း အထူးသဖြင့် မြို့ကြီးများမှာသာ အခြေခံသောကြောင့် တောနယ်နှင့် တောမကျမြို့မကျ လူထုကို ဆက်စပ်နိုင်ဖို့ အကန့်အသတ် ရှိနေသည်။ လူများစုကို အခြေခံသော အမျိုးမျိုး အထွေထွေသော အဖွဲ့အစည်းများ ပေါ်လာပါက စစ်အစိုးရအဖို့ အကုန်လုံးကို တပြိုင်တည်း ချေမှုန်း နှောက်ယှက်ရန် ခါတိုင်းလို မလွယ်ကူတော့။
လယ်သမားအဖွဲ့အစည်းဟု ဆိုသောကြောင့် အမြဲတန်းတောမှာသာ နေ၍ ဆောင်ရွက်နေရမည်ဟု မမြင်သင့်။ ကနေ့ ကမ္ဘာ ရွာ ခေတ်ကြီးတွင် အချို့သော မြေအောက်လယ်သမား ယူနစ်များလည်း မြို့ပြကို အခြေပြု၍ မိမိတို့ နစ်နာနေ သည်များကို နိုင်ငံ တကာသို့ တင်ပြနိုင်သည်။ ထို့အတူ မြို့ပြအခြေပြု ကျောင်းသားလူငယ် အဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းဆောင်ရွက် နိုင်သေးသည်။
ကျောင်းသားလူငယ် လူတန်းစားတရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများသာ လှုပ်ရှားတိုက်ပွဲ ဝင်နေရာမှ လူများစု စိုက်ပျိုး ရေး လူတန်းစားကို အခြေပြုသော အဖွဲ့အစည်းများ ပေါ်ပေါက်လာပါက စစ်အစိုးရအဖို့ လူတွေကို ပို၍ ဖမ်းဆီး လာရတော့မည်။ နိုင်ငံရေးအကျဉ်းသား လူဦးရေ ပေါက်ကွဲမှု ဖြစ်လာတော့မည်။ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ခန့် ရှိနေသည်ဟု သိရသည်။ ဘယ်နိုင်ငံ ဘယ်အစိုးရကိုမှ အားမကိုးဘဲ၊ ကုလသမဂ္ဂ ကိုလည်း အားမကိုးဘဲ ဒီမိုကရေစီရေးကို ဖော်ဆောင်လိုပါက နိုင်ငံရေးအကျဉ်းသား နှစ်သိန်းကျော်သော ကာလတွင် မိမိလိုချင်သည့် လမ်းကြောင်းပေါ်သို့ ရောက် လိမ့်မည်ဟု တင်ပြ ပြောကြားလိုပေသည်။
ဇော်မင်း (လူ့ဘောင်သစ်)
၂၉ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
Wednesday, October 29, 2008
နှစ်ထောင်မှ နှစ်သိန်းသို့
Posted by ရွက်မွန် at 5:24 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment