(၁)
၁၈၉ဝ ခုနှစ်။ အထက် ဗမာပြည်တခုလုံး အင်္ဂလိပ် လက်အောက်ရောက်ခဲ့တာ ငါးနှစ်ရှိခဲ့ပြီ။ ခေတ်ပြောင်းခေတ်လဲ ကြီးအတွင်း လူတိုင်းကျပ်တည်းကြသည်။ ယောက်ကျားသားမို့ မိသားစုတခုလုံးရဲ့ တာဝန်က သူ့တွင်ပိုရှိသည်ဟု မောင်မောင်လတ် ခံယူ မိသည်။ သူငယ်ချင်း အပေါင်းအသင်းများက မိုးကုတ်သို့တက်၍ ကျောက်တူးကြရန် တိုင်ပင် လာသည်။ မောင်မောင်လတ်နှင့် မိုးမိုးတို့တွင် သားတယောက် သမီးတယောက် ရှိသည်။ တကယ်တန်း ပြောရရင် မိသားစုက များသည်ဟု မဆိုနိုင်။ မိသားစုကို လူတန်းစေ့ နေထိုင်စေလိုသော စိတ်က မောင်မောင်လတ်အား မိုးကုတ်သို့ ကျောက်တူးသွားရန် တွန်းပို့နေသည်။ မိုးကုတ်မှာ ကျောက်တူး၍ အောင်မြင်ပါက မန္တလေးသို့ ပြန်၍ ကလေးများအတွက် အလှူကြီး ခြိမ့်ခြိမ့်သည်း လုပ်မည်။ အိမ်ကြီးအိမ်ကောင်း တလုံး ဆောက်၍ မိသားစု ထည်ထည် ဝါဝါနေမည်ဟု ရည်မှန်းထားသည်။
ထိုအိပ်မက်များကို ရင်မှာပိုက်၍ နီးစပ်ရာမှ လိုအပ်သည့် ငွေကြေးချေးငှားကာ မိုးကုတ်သို့ ကျောက်တူးရန် သူငယ်ချင်းများနှင့် တက်လာခဲ့သည်။ တနှစ်ပင် မပြည့်တတ်သေး ငှက်ဖျား အကြီးအကျယ်မိ၍ မိုးကုတ်ကနေ လက်ဗလာ ဖြင့် ပြန်လာခဲ့ရသည်။ မန္တလေး ရောက်တော့ တလလောက်ပဲ နေလိုက်ရသည်။ မောင်မောင်လတ် တယောက် ငှက် ဖျားဖြင့် ဆုံးလေတော့သည်။ မိသားတစုလုံးကား စီးပွားရေးအရ နာလန်မထူနိုင် သည့်အပြင် လင်လည်းဆုံး ဖခင် လည်းဆုံးရသည်။ တင်နေသည့် အကြွေး များကိုလည်း မဆပ်နိုင်။ မိုးကုတ်တွင် ကျောက်အောင်သည့် တွင်းသမားဆို သည်မှာ တကယ်တော့ လူနည်းစုသာ ဖြစ်သည်။ မောင်မောင်လတ်လို အရှုံးနှင့် ရင်ဆိုင်၍ အသက်ပါ ဆုံးရသူတွေက မနည်းတော့။
(၂)
၁၉၉ဝ ခုနှစ်။ ခင်မောင်ထူး တယောက် ဖားကန့်ရှိ ပုဂ္ဂလိက ကျောက်စိမ်းတွင်း တခုတွင် မန်နေဂျာအဖြစ် စတင်လုပ် ကိုင်ခဲ့ သည်။ ခင်မောင်ထူးက အိမ်ထောင်မရှိသေး။ သို့သော် နောက်နှစ်နှစ် သုံးနှစ်လောက် ရှိပါက ရည်း စားဖြစ်သူ နှင့် လက်ထပ်၍ မိသားစုဘဝတခုကို ထူထောင်ရန် ရည်မှန်းထားသည်။ သို့သော် ၁၉၉၄ ခုနှစ်တွင် ခင်မောင်ထူး တယောက် သေဆုံးခဲ့သည်။ ဖားကန့် ကျောက်စိမ်းမှော်ထဲတွင် ဘိန်းဖြူစွဲသည်။ အပေါင်းအသင်းများ တယောက်တ လဲ ဘိန်းဖြူကို အရည်ဖျော်၍ အကြော ထဲ ထိုးသွင်းရာမှ ကိုယ်ခံအားကျဆင်းသည့် ရောဂါကူးစက်ခံ ရသည်။ ထိုရောဂါဆိုးဖြင့် အရွယ်ကောင်းတုံး လူ့လောကကို ကျောခိုင်းသွားခဲ့သည်။ မိဘများကိုလည်း ကောင်းကောင်း လုပ်မကျွေးခဲ့ရ။ ရည်းစားဖြစ်သူနှင့်လည်း တအိုးတအိမ် ထူထောင် သည့်အထိ မရောက်လိုက်ရ။
(၃)
၁၉၉၄ ခုနှစ်။ စိုးစိုးတယောက် ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကြီးသို့ ခြေချခဲ့သည်။ မိန်းမနှင့် အခါလည် သမီးလေးတို့က မြန်မာပြည် မှာ ကျန်ရစ်သည်။ သုံးလေးငါးနှစ် အလုပ်ကုန်းလုပ်၍ ပိုက်ဆံစုမည်။ လေးငါးနှစ် ပင်ပန်းတာ အကြောင်း မဟုတ်။ မိသားစု ရေရှည်မှာ တင့်တင့်တယ်တယ် နေနိုင်ဖို့ ဒီလောက်တော့ စွန့်စားရမည်ပေါ့။ စိုးစိုးတယောက် အိမ် ကို ပိုက်ဆံမှန်မှန် ပို့သည်။ သူ့ဇနီးကလည်း စီးတဲ့ရေဆည်တဲ့ကန်သင်း။ ငါးနှစ်ပြည့်ခါနီးတော့ စိုးစိုးတယောက် သူ့ဇနီးအား တယ်လီဖုံးဆက်၍ ရှေ့ရေး ကိုဆွေးနွေးသည်။ တိုက်ကလေး တလုံးအဖတ် တင်လာသော်လည်း တဖက်မှာက တရိပ်ရိပ် တက်လာသော ကုန်ဈေးနှုန်း များနှင့် ကျဆင်းလာသော ငွေတန်ဖိုးတို့ကြောင့် ဂျပန်တွင် နောက်ထပ် တနှစ်တဝါ လောက်တော့ ဆက်လုပ်ဦးမည်ဟု လင် မယားနှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်သည်။
သို့သော် တကယ်ထပ်ကြာ သွားသည်က နောက်ထပ် ငါးနှစ်။ တော်လောက်ပြီ။ ဆယ်နှစ်လုံးလုံး ကျွန်တယောက်လို ဂျပန်မှာ အလုပ်လုပ်ခဲ့ရသည့် ငွေက ဒီခေတ်အတိုင်း အတာနှင့် ဆိုပါက မများလှ။ ကိုယ့်ထက် ဆင်းရဲသူတွေ လော ကကြီးမှာ အပုံလိုက်။ သမီးလေးလည်း ဆယ်နှစ်အတွင်း ဖအေလုပ်သူကို ဓာတ်ပုံသာ မြင်ဖူးသည်။ ဒါကြောင့် မြန်မာပြည် ပြန်မည်ဟု ဆုံးဖြတ်လိုက် သည်။ ၂ဝဝ၄ ခုနှစ်တွင် ကိုယ့်ပြေကိုယ့်မြေ ပြန်ရောက်တော့သည်။ အားလုံး ပျော် တပြုံးပြုံး။ ဒါပေမဲ့ လောကကြီးသည် ကိုယ် ထင်သလို မချောမွေ့။ ပြန်ရောက်ပြီး ဆယ်ရက်လောက်ရှိတော့ စိုးစိုး ဆုံးရှာသည်။ လူတွေကတော့ အေးသည့်နိုင်ငံမှ ပူသည့် နိုင်ငံကို အပြန် ရေချိုးမှား၍ ဖြစ်ရသည်ဟု ဆိုကြသည်။ ဆရာ ဝန်ကြီးများ အဆိုအရတော့ စိုးစိုးရုတ်တရက် သေဆုံးရခြင်းမှာ နှလုံးရောဂါကြောင့်ဟုဆို၏။ မိသားစုကို စွန့်ခွာ၍ သူတပါးတိုင်းပြည်မှာ ဆယ်နှစ်ဆယ်မိုး ကျွန်ခံခဲ့ရတာ ကျွန်ခံရကျိုးမနပ်ခဲ့။
(၄)
၁၉၉၆ ခုနှစ်တွင် ဖိုးအေး တယောက် ထိုင်းနိုင်ငံသို့ ရောက်လာခဲ့သည်။ ဘာမှမတတ်သူ ဆိုတော့ အုတ်သယ် ဘိလပ် မြေသယ် က စလုပ်ရသည်။ ပင်ပန်းလိုက်သည်မှ လက်ကုန်။ ရသည့်နေ့တွက်ကလည်း နည်းသည်။ တရက်မှ ဘတ်ငွေ လေးဆယ်သာ။ ဒါတွေကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီး အခုတော့ သံလက်ကိုင် ပန်းရံဆရာအဆင့်။ အခု အလုပ် ရှင်က အရင်အလုပ်ရှင် များလို အလုပ်သမားခ ဈေးသိပ်မနှိမ်။ သူ့ကိုတနေ့ ဘတ်ငွေ (၂၂ဝ) နေ့တွက်ပေးသည်။ မဆိုးလှ။ ရွာမှာကျန်ခဲ့သည့် အမေတို့ အဖေတို့အား ငွေမှန်မှန်ပို့နိုင်သည်။ သူပို့သည်ငွေကိုစု၍ ပျဉ်ထောင်နှစ်ထပ် အိမ်တလုံး ဆောက်ဖို့ သူ့အမေကို မှာထားသည်။ ဝင်ငွေမှန်သော အလုပ်ရှာရန်ခက်သည့် မြန်မာပြည်ကို အပြီးပြန်ဖို့ လောက်တော့ သူမမှန်းနိုင်သေး။ ဘာဘဲပြောပြော ထိုင်း နိုင်ငံမှာ ဆက်နေရဦးမည်ကတော့ ဗေဒင်မေးစရာမလို။ သို့သော် ရွာတွင် တဲပုတ်ကနေ နှစ်ထပ် အိမ်တလုံး ဖြစ်လာတယ် ဆိုတော့ အရင်ကနဲ့စာရင် တိုးတက်လာတယ်လို့ ဆိုရမှာပေါ့။ ရွာပြန်မရောက်တာ ထိုင်းကို ထွက်လာကတည်းက။
ဒီနှစ်တော့ အလုပ်ရှင်ကို ခွင့်တောင်း၍ ရွာကိုပြန်လာလည်သည်။ ဖိုးအေး လည်ပင်းမှာတော့ ယိုးဒယားဘတ်ကြိုးက တရမ်း ရမ်းဖြင့်။ ရွာရောက်ရောက်ခြင်း ဖိုးအေး စိတ်ဓာတ်ကျ သွားသည်မှာ ဟိုအောက်ဆုံး အဆင့်အထိ။ သူတို့အိမ် သည် အရင်ကလို တဲပုပ်သာသာ။ ဘယ်မှာလဲ နှစ်ထပ်ပျဉ်ထောင်အိမ်။ ဘာမှထူးပြီး ပြောင်းလဲ ခြင်းမရှိ။ ဒီနှစ်ပေါင်း များစွာအတွင်းသူပို့ ထား သည့် ငွေတွေ ဘယ်ရောက်ကုန်ပြီနည်း။ ရွာက သူငယ်ချင်းများ ပြောပြမှ အဖြစ်မှန်အားလုံး ကို ဖိုးအေးသိရသည်။ အဖေက ဘာမျှမလုပ်တော့ သူပို့သည့် ငွေဖြင့် အရက်ကလေးက တမြမြ။ အမေက နှစ်လုံး သုံးလုံးတွေ မှန်မှန်ကစားသည်တဲ့။ သည် ကြားထဲ ကျန်သည့် အိမ်ထောင်သည် မောင်နှမတွေကလည်း အဆင်မပြေတာ များသောကြောင့် လာလာနှိုက်ကြ သေးသည် တဲ့။ ဖိုးအေးကား ပုလိုင်းပေါက်နှင့် ဖားကောက်သူလို ခံစားရ သည်။ သူတပါး ရေမြေတွင် အလုပ်သွားလုပ်ရသည်မှာ ဘာထူး တော့မည်နည်း။
(၅)
မြန်မာပြည်သားတွေ ဘဝ ကျပ်တည်းမှုများကြောင့် ကိုယ့်အရပ် ကိုယ့်ဒေသကခွါ၍ တခြားအရပ်တပါးမှာ သွားအလုပ် လုပ်ခဲ့ ကြတာ ဟိုရှေးတုံးကတည်းက။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုသောစကားအတိုင်း ရှေးကတဲက တနေရာမှ တနေရာသို့ ပြောင်းရွှေ့ အခြေချခဲ့ကြသည်။
သေသေချာချာ ပြန်ကြည့်ပါက မောင်မောင်လတ်တို့ခေတ် မိုးကုတ်ပတ္တမြားမြေသို့ ကျောက်တူးသွားခြင်း၊ ခင်မောင်ထူး တို့ခေတ် ဖားကန့်မှာ ကျောက်စိမ်းသွားတူးခြင်းတို့မှာ အစမဟုတ်သေး။ သူတို့ထက် စောသူများ ရှိခဲ့သည်။ အင်္ဂလိပ် အောက် မြန်မာပြည် သိမ်းထားသည့်ကာလ ကတည်းက အထက်ဗမာပြည်က လယ်သမားများ ဘဝစိုပြေမည်ဟု ထင်ရသော အောက် ပြည်သို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် နင်းပြားတို့ကား ဘာမှထူး၍ တိုးတက်ခံစားရခြင်း မရှိ။ ကိုလိုနီ လက်အောက်မို့ ဖိနှိပ်ခံရသည်။ ပိုင်ဆိုင်မှုများပင် ချစ်တီးလို လူ တန်းစားများ၏ လက်ထဲသို့ ရောက်ကုန်သည်။ ၁၉၂၉-၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်မှ လွတ်လပ်ရေးရပြီး ကာလများ အလယ် စစ်အာဏာရှင် အဆက်ဆက် ကနေ့ လက်ထက်အထိ လူတွေ ရွှေ့ပြောင်းအလုပ် လုပ်နေရတုံးပင်။
အခုခေတ်တော့ ပြည်တွင်းရွှေ့ပြောင်းခြင်းကို ကျော်၍ ပြည်ပသို့ ပြောင်းရွှေ့အလုပ် လုပ်လာကြသည်။ သို့သော် ဘယ်ရောက်၍ ဘာလုပ်လုပ် အများစုကား ဆင်းရဲတွင်းက မလွတ်နိုင်သေး။ နိုင်ငံခြားကပြန်ပို့သော ငွေများသည် လောက်သည်ဟု ဘယ်သော အခါကမှ မရှိခဲ့။ ပြည်တွင်းရှိ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်က ပို့သလောက် မလောက် ငှစေရန် ဖန်တီးထား လို့ဖြစ်သည်။ ကိုယ့်လူမျိုးတူ မျိုးစိတ်တူများ အစိုးရဖြစ်သည့် ခေတ်ဖြစ်သော်ငြားလည်း ဘာမှ တိုးတက်ခြင်းမရှိ။ မရှိခြင်းကလည်း မဆန်း။ ထိုသူတို့ကိုယ်တိုင် ကိုလိုနီလက်သစ်များ ဖြစ်နေသောကြောင့်ပင်။
(၆)
မြန်မာပြည်သားတို့သည် မွန်ဂိုလီးယားကုန်းပြင်မြင့်က ဆင်းသက်လာသူများ ဖြစ်သည်ဟု မနုဿဗေဒ ပညာရှင်များက ဆို သည်။ မျိုးစိတ်တစိတ်က တိဗက်တွင် ခေတ္တဝင်ပြီး သောင်တင်၍ နောက်ပိုင်းတွင် နန်ချောင်အင်ပိုင်ယာအတွင်း ဝင်ခိုရင်း မြန်မာပြည်လွင်ပြင်ကို ရောက်လာ အခြေချသည်ဟု ဆိုသည်။ ထို့ကြောင့် တိဗက်တိုဘားမဲန်း (သို့မဟုတ်) တိဗက် မြန်မာ ဟုလည်း ထိုပညာရှင်တို့က ခေါ်သည်။ ထိုင်းချိုင်းနိစ် (သို့) ရှမ်းတရုတ်အနွယ် မျိုးစိတ်သည်လည်း မြန်မာပြည် အရှေ့ပိုင်း တောင်တန်းဒေသများသို့ ဝင်ရောက်အခြေချ နေထိုင်ကြသည်ဟု ဆိုသည်။ ထို့အတူ မွန်ခမာ မျိုးစိတ် သည်လည်း ခရီးသည် ကြီးများ ဖြစ်သည့် အားလျှော်စွာ မြန်မာပြည်အတွင်း ရွှေ့ပြောင်း လာခဲ့ကြသည်။
မြန်မာပြည်ဆိုသည့် နေရာကို မရောက်ခင် မွန်ဂိုလီးယား ကုန်းပြင်မြင့်ကစ၍ ထွက်ခွာလာရင်း တနေရာမှ နောက်တနေရာ သို့ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ခဲ့ကြသည်။ မြန်မာပြည် ရောက်ပြန်တော့လည်း အေးအေးချမ်းချမ်း မနေရသေး၊ အခြေ မကျ နိုင်သေး။ ဆက်လက်၍ ခရီးနှင်နေကြ သည်မှာလည်း မဆုံးသေး။ ဒီတခါတော့ ပင်လယ်တွေ သမုဒ္ဒရာတွေကို ကျော်၍ပင် ခရီးနှင်နေကြရသည်။ ရှေးတုံးက ခရီးနှင်ခဲ့သည်မှာ၊ ရွှေ့ပြောင်းခဲ့ကြသည်မှာ သဘာဝတရား၏ တွန်းပို့မှု ဖြစ်စဉ်အောက်က နိုင်ငံရေးကြောင့်ဟု ဆိုနိုင်သည်။ အခုကတော့ ဇွတ်အတင်း တွန်းပို့နေသော ကိုလိုနီ လက်သစ် နိုင်ငံရေးစနစ်ဆိုးကြောင့် သွားနေကြရသည့် မဆုံးနိုင်သော ခရီးဖြစ်ကြောင်း မှတ်ချက်ချရ ပေလိမ့်မည်။
ဇော်မင်း (လူ့ဘောင်သစ်)
၃၁ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
Saturday, November 1, 2008
မြန်မာပြည်သားခရီးသည်များ
Posted by ရွက်မွန် at 11:54 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment