သံ
ချိုနဲ့ပတ်သက်လို့ များများစားစား ဗဟုသုတ မရှိပါဖူး။ ဂီတတို့၊ သီချင်းတို့နဲ့ ကျနော်က ဝေးပါတယ်။ သို့သော် မိသားစုနဲ့ ပတ် သက်လို့ မှတ်မိတာလေးတခု ရှိနေခဲ့လို့ သတိရတုန်း အဖတ်တင်အောင် ပြန်ရေးတာပါ။ မှတ်သားရ သလောက် ပြန်ပြောရရင် သံချိုဆိုတာ သီချင်းလည်း မဟုတ်ပါဖူးတဲ့။ သို့သော် အသံချိုချိုနဲ့ သီကုံးရတာဖြစ်လို့ အခုလို ဟစ်ဟော့ ဂီတခေတ်မှာ တခြား လူငယ်တွေ အနေနဲ့ ဒါလည်း သီချင်းတမျိုး ပါဘဲလို့ ပြောလာရင် ကျနော်လည်း ပြန်မငြင်းနိုင်ပါဖူး။ သံချိုနဲ့ ပတ်သက်လို့ ငြင်း ရလောက်အောင်လည်း လေ့လာထားတာ မရှိတာကလည်း နောက်တပိုင်းလို့ ဆိုရမှာပါဘဲ။
၁၉၈၆ ခုနှစ် အောက်တိုဘာလထဲမှာ ကျနော်နောက်ဆုံးနှစ် စာမေးပွဲဖြေရပါတယ်။ နိုဝင်ဘာလထဲ ရောက်ကတဲက လူက အားနေတော့ ဘာလုပ်ရမှန်း မသိဘဲ တောင်လိုလို မြောက်လိုလို ဖြစ်နေတာပေါ့။ အဲသည့် အချိန်မှာ ကျနော်တို့ နေတဲ့ အမရပူရကအိမ်ကို ဦးလေး တဝမ်းကွဲဖြစ်တဲ့ ဦးကျော်အေး လာလယ်ပါတယ်။ သူက ဘုံးအိုးဆိုတဲ့ မွတ်စလင်ရွာမှာ နေပါတယ်။ ဘုံးအိုးရွာက အမရပူရနဲ့ကပ်လျက် တည်ရှိပါတယ်။
စကားပြောနေကြရင်းက ကျနော့်အဖွားကို ငယ်စဉ်က ထိန်းခဲ့တဲ့ ကစားဖက်လည်းဖြစ်တဲ့ အမေနွဲ့ဆိုတာ အခုအထိ ရှိသေး တယ်လို့ ဦးလေးကျော်အေးက ပြောပါတယ်။ အသက်ကတော့ ၉၅ နှစ်လောက် ရှိပြီတဲ့။ သို့သော် မျက်စေ့ကတော့ ကွယ်နေ ရှာပြီလို့ ဆိုပါတယ်။ အမေနွဲ့က ကျနော့်အဖွားနဲ့ ဆွေမျိုးနီးစပ်လည်း တော်ပါတယ်။ မြေငူဆိုတဲ့ရွာမှာ သူ့ သားမြေးတွေနဲ့ အတူနေတုံးလို့ သိရပါတယ်။ ဒါနဲ့ ကျနော်ကလည်း စပ်စပ်စုစု လုပ်လိုတဲ့ ဝသီရှိတဲ့ အတိုင်း အမေနွဲ့ကို သွားတွေ့ရင် မကောင်း ဖူးလားဆိုပြီး ဦးလေးကျော်အေးကို အဖေါ်စပ်လိုက်ပါတယ်။ ဦးလေးကလည်း သဘောတူ ပါတယ်။
အဲဒါနဲ့ နောက်သုံးလေးရက်လောက်ရှိတော့ ကျနော်နဲ့ဦးလေးကျော်အေး စက်ဘီးကိုယ်စီနဲ့ အမရပူရက ထွက်လာ ကြပါတယ်။ စစ်ကိုင်းသွားတဲ့ ကားလမ်းမအတိုင်း နင်းလာခဲ့ကြပြီး သပြေတန်းခံတပ်နဲ့ စစ်ကိုင်းတံတားနား ရောက် တော့ လမ်းမကနေ ဖဲ့ဆင်းသွားရပါတယ်။ ပြီးတော့ ဒုဠာဝတီမြစ်ဆိပ်ကို ဆက်နင်းရပါတယ်။ ဇက်နဲ့တဖက်ကမ်းကို မကူးခင် မှာတော့ တဖက်ကမ်း မှာရှိတဲ့ အင်းဝမြို့ဟောင်းက နန်းမတော်မယ်နု အုတ်ကျောင်းကို လှမ်းလို့မြင်နေရ ပါတယ်။ အဲသည့် ပတ်ဝန်းကျင်တခိုဟာ ဆောင်းသီးနှံတွေ စိုက်ထားတဲ့ လယ်ကွင်းတွေကြားမှာ ကဗျာဆန်ဆန် လှပ နေပါတယ်။ စက်ဘီးတွေကို ဇက်ပေါ်မှာတင်ရင်း မြစ်ကိုဖြတ်လိုက်တော့ အင်းဝဖက်ကမ်းကို ရောက်ပါပြီ။
အင်းဝမြို့ဟာ ဒုဠာဝတီမြစ်နဲ့ ဧရာဝတီမြစ်အကြားမှာ တည်ထားတဲ့ မြို့ဟောင်းတခုပါ။ အနောက်ဖက်ကို လှမ်းကြည့် လိုက်ရင် စစ်ကိုင်းမင်းဝန်တောင်ရိုးနဲ့ တောင်တန်းပေါ်မှာ အစီအရီ တည်ထားတဲ့ စေတီကြီးငယ်များကို မြင်ရပါတယ်။ အရှေ့ဖက်ကို မျှော်ကြည့်ပြန်ရင်လည်း ခရမ်းပြာရောင် သမ်းနေတဲ့ ရှမ်းရိုးမကြီးကို မြင်ရပါတယ်။
ဧရာဝတီမြစ်ရိုးအတိုင်း စုန်လို့ စက်ဘီးကို ဆက်နင်းလာကြပါတယ်။ ကားလမ်းဆိုတာ မရှိတော့ လှည်းလမ်းကြောင်း သဲဆန် ဆန်မြေထဲမှာ စက်ဘီးကိုနင်းရ ပါတယ်။ အတော်လေး နင်းလာလိုက်တော့ ဆင်ကျုံးခံတပ်ကို တွေ့ရလို့ ခဏ ဝင်နားရင်း ခံတပ်ပေါ် တက်ကြည့်ကြ ပါသေးတယ်။ မြစ်ဖက်ခြမ်းက ခံတပ်အုတ်ရိုးကတော့ မြစ်ထဲကို ပြိုကျလုမတတ် ယိုင်နေပါတယ်။ အခုလောက်ဆိုရင် ရေတိုက်စားလို့ ပြုပြင်သူမဲ့လို့ ရှိမယ်တောင် မထင်တော့ပါဖူး။ ရှေးတုံးကတော့ အင်္ဂလိပ်တွေ ရေကြောင်း ကနေ တက်လာရင် ခံတိုက်ဖို့ အီတလီ စစ်အင်ဂျင်နီယာတွေ အကူအညီနဲ့ ဆောက်ထားတဲ့ ခံတပ်တွေ ဖြစ်တယ်လို့ မှတ်သား ဖူးပါတယ်။ ခံတပ်တွေက သုံးခုသုံးပွင့်ဆိုင်ဖြစ်ပါတယ်။ ဧရာဝတီမြစ် အရှေ့ဖက်ခြမ်းမှာ သပြေတန်းခံတပ်နဲ့ ဆင်ကျုံးခံတပ်ရှိပြီး အနောက်ဖက်ကမ်းမှာတော့ စစ်ကိုင်းခံတပ် ရှိပါတယ်။ သို့သော် အဲသည့် ခံတပ် တွေဟာ တက်လာတဲ့ အင်္ဂလိပ်တွေကို ခံ မတိုက်လိုက်ရ ရှာပါဖူး။ ကိုင်း ဒါတွေက ထားပါတော့။
ဆင်ကျုံးခံတပ်ကနေ အတော်ကြီးဆက်နင်းလာ ပြီးတော့မှ အမေနွဲ့နေထိုင်ရာ မြေငူရွာကို ရောက်ပါတော့တယ်။ အမရပူရကနေ မြေငူအထိ စက်ဘီးနင်းရတာ နှစ်နာရီနီးပါးလောက် ကြာပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းဝင်စဆိုတော့ ရာသီ ဥတုက သာယာနေလို့ စက်ဘီးနင်းရတာ မောလို့မောမှန်း မသိပါ။
ရွာထဲရောက်တော့ ဟိုမေးသည်မေးနဲ့ အမေနွဲ့အိမ်ကို ရောက်ပါတော့တယ်။ မြေငူရွာက တရွာလုံး ကိုင်းကျွန်းလုပ်ငန်းနဲ့ အသက် မွေးကြပါတယ်။ မြေငူကို ဝင်လာကတည်းက ထူးခြားတာတခုကို ကျနော်သတိပြုမိပါတယ်။ ရွာသူရွာသား အားလုံး နီးပါးဟာ အတော်လေး အသားဖြူကြတာကို သတိထားမိပါတယ်။ နောက်တော့မှ သိရတာက မြေငူ ရွာသား တွေဟာ ရှမ်း အဆက်တွေလို့ ဆိုပါတယ်။ ဘယ်အချိန်တုံးက လာပြီးအခြေခြ နေကြသလဲ ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောပြ နိုင်ပေမဲ့ ရွာသူရွာသားတွေအားလုံးက သူတို့ဟာ တချိန်က ရှမ်းတောင်တန်းတွေကနေ ဆင်းလာခဲ့တဲ့ ရှမ်းအမျိုးသားတွေ ဖြစ်တယ် ဆိုတာကို မမေ့ကြသေးပါဖူး။ ဒါပေမဲ့ ဘယ်သူမှ ရှမ်းစကား မပြောတတ် ကြတော့ပါ။
ကျနော့်ကို တွေ့တော့ အမေနွဲ့က ကျနော့်မျက်နှာကို သူ့လက်နဲ့ကိုင်ပြီး ပွတ်သပ်ကြည့်ပါတယ်။ ကျနော် အမေနွဲ့ကို တွေ့ဖူးတာ ကျနော်လေးတန်း ကျောင်းသားတုန်းကပါ။ အဲသည့်တုံးက အိမ်ကိုလာလည်တဲ့ အမေနွဲ့ဟာ မျက်စေ့ မကွယ်သေးပါဖူး။ ရှေးတုံးက ပုံပြင်တွေ တဘောင်တွေ သီချင်းတွေ ဇတ်လမ်းတွေကို အဖွဲ့အနွဲ့နဲ့ ပြောတတ်လှပါတယ်။ အခုလည်း ရွာကလူငယ် တွေက ညညဆို အမေနွဲ့ကို ရှေးဇတ်လမ်း ဇတ်ကြောင်းတွေ အပြောခိုင်းရင် အသံနေအသံ ထားနဲ့ ပြောနိုင်တုံးလို့ အမေနွဲ့ရဲ့ သား ဦးလေးထွန်းဝေက ကျနော့်ကို ပြောပြပါတယ်။
ကျနော်ရယ် ဦးလေးကျော်အေးရယ် အမေနွဲ့အိမ်သားတွေရယ် အမေနွဲ့ကို အလယ်မှာထားပြီး ဝိုင်းဖွဲ့စကားပြောကြ ပါတယ်။ အမေနွဲ့က မန္တလေးက သူရဲ့ မိတ်ဟောင်းဆွေဟောင်း၊ ဆွေမျိုးအရင်းအဖျား ရှိသမျှလူတွေ အကြောင်း ကျနော့်ကို မေးပါတယ်။ ကျနော့်အဖွား ဒေါ်အေးခင်ရဲ့မိခင် အဘွားက ဒေါ်ဒေါ်မိုးလို့ ခေါ်ပါတယ်။ အမေနွဲ့က အဘွား ဒေါ်ဒေါ်မိုးနဲ့ နှစ်ပေါင်းများစွာ နေခဲ့ပြီး ကျနော့်အဖွားကို ထိမ်းခဲ့ရသူပါ။ အဲသည့်အချိန်တုံးက သူတို့အားလုံး မန္တလေးမှာ နေကြပါတယ်။ ကျနော့်အဖွား ဒေါ်အေးခင်ကတော့ ၁၉၃၃ လောက်ကတည်းက အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။
အမေနွဲ့က ရှေးတုံးက အကြောင်းတွေ ကျနော်တို့ကို ပြန်ပြောပြပါတယ်။ အဘွား ဒေါ်ဒေါ်မိုးရဲ့ ယောက်ကျား ကျနော့် အဘိုးက ဦးမောင်မောင်လတ်လို့ ခေါ်ပါတယ်။ အဲသည့်မှာ စိတ်ဝင်စားစရာ တခုလည်း ပေါ်လာပါတယ်။ တခြား တော့ မဟုတ်ပါ။ ဦးမောင်မောင်လတ်က မုံရွာဖက်က မောင်းထောင်ရွာ အဆက်တွေ ဖြစ်ပါတယ်။ မောင်ထောင်သား တွေ ဘုရင်ဆီမှာ အမှု ထမ်းတော့ မန္တလေးမှာ စုနေကြပါတယ်။ သူတို့စုနေတဲ့ ရပ်ကွက်ကို မောင်ထောင်ဝင်းလို့ ခေါ်ပါတယ်။ မောင်ထောင်သား တွေဆိုတော့ ဦးမောင်မောင်လတ်နဲ့ မောင်းထောင်ဦးကျော်လှတို့က သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေနွဲ့ရဲ့ အဆိုကတော့ လူတွေက ဦးကျော်လှကို ရုပ်သေးလည်း ကြိုးဆွဲကပြ တဲ့အတွက် ရုပ်သေးဦးကျော်လှ (သို့) ရုပ်သေး ဆရာလှ လို့လည်း ခေါ် သေးကြောင်းရှင်းပြပါတယ်။ သံချို (သံဂျို ဟုကျနော့် တို့ဆီတွင်အသံထွက်) ဖွဲ့ရာမှာလည်း ပြောင်မြောက် သော ကြောင့် သံချိုဆရာလှ ဟုလည်း တချို့ကခေါ်ကြောင်း၊ ထို့အပြင် မောင်ထောင်သား ဖြစ်သောကြောင့် မောင်းထောင် ဦးကျော် လှဟုလည်း ခေါ်သေးကြောင်း သိရပါတယ်။
အဲသည့် ဦးကျော်လှက ကျနော်တို့ အဘွားဒေါ်ဒေါ်မိုးနှင့် ပတ်သက်၍ သံချိုတပုဒ် ရေးခဲ့ဖူးကြောင်း အမေနွဲ့က ပြောပြပါတယ်။ ကျနော်လည်း အတော်လေး စိတ်ဝင်စားသွားပြီး ဘယ်လိုဘယ်ပုံကြောင့် ဦးကျော်လှက ဒေါ်ဒေါ်မိုး ကို သံချိုရေးပေးတာလဲဟု မေးရပါတယ်။ အမေနွဲ့ပြောပုံက တခါသားတော့ ဦးကျော်လှ သူတို့အိမ်ကို အလည် ရောက်လာပါတယ်တဲ့။ အိမ်ရှင်တွေဖြစ်တဲ့ ဦးမောင်မောင်လတ်နဲ့ ဒေါ်ဒေါ်မိုးတို့က “ကိုကျော်လှ ထမင်းစားပြီးမှ ပြန်” ဟု ဖိတ်မန္တကပြုသော်လည်း မောင်းထောင်ကို အလည်ပြန်ဖို့ လောနေတဲ့ ဦးကျော်လှက အချိန်မရှိတော့သော ကြောင့် နောင်လာမှ စားမယ်ဆိုတာကို မီးဖိုချောင်နံရံမှာ မီးသွေးခဲနဲ့ သံချိုရေးသွားတယ်ဟု အမေနွဲ့က ပြောပြ ပါတယ်။
အဲသည့် သံချိုကို အမေနွဲ့က ငယ်ငယ်ကတည်းက အလွတ်ရနေတာ အခုအထိပါပဲ။ သည့်အပြင် သူတို့ခေတ် သူတို့ အခါက သီချင်းများ၊ ဇာတ်ထုပ်များ၊ ဇတ်လမ်းများကိုလည်း အခုအထိတိုင် အာဂုံဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ အဲသည့် သံချိုကို ရေးခဲ့တာ ဘယ်နှစ်တွေလောက်က ဖြစ်မလဲဆိုတာမေးတော့ အမေနွဲ့လည်း အတိအကျ မမှတ်မိတော့ဖူးလို့ ဆိုပါတယ်။
သို့သော် လူကြီးတွေ အပြောအရဆိုရင် မန္တလေးကို အင်္ဂလိပ် သိမ်းပြီးလို့ နှစ်ပေါင်းနှစ်ဆယ်လောက်တုံးက ထင်ပါရဲ့လို့ အမေနွဲ့ က ဆိုပါတယ်။ ကျနော်တို့ မြန်မာတွေကလည်း စာနဲ့ရေးမှတ်တဲ့ အလေ့မရှိလေတော့ လူကြီးများ ကိုယ်တိုင်လည်း အဲ သလောက်ပဲ ခန့်မှန်း နိုင်ပါတယ်။
ဒါနဲ့ကျနော်လည်း အမေနွဲ့ဆီက သံချိုကို မေ့မသွားအောင် စာအုပ်ထဲမှာ ချရေးထားလိုက်ပါတယ်။ နောက်တော့ ကိုယ်တိုင် ဆိုရင်းဆိုရင်း အလွတ်ရသွားပါတယ်။ ခဏခဏဆိုနေတော့ မမေ့တော့ဖူးဆိုတဲ့ သဘောပါ။
ဒေါ်ဒေါ်မိုးအတွက် သံချိုဦးကျော်လှ စပ်ခဲ့တဲ့ သံချိုလေးကို မြည်းစမ်း တို့ထိကြည့်ကြပါဦး။
ရုပ်သေး ဆရာလှ
ဌာနပြန်လို့ ခေါက်ရချည်တော့
ဟိုနောက်တခါ အရောက်လာမှ
စားမြိန်စာ ဆန်သလေးရယ်နဲ့
အိုးတယ်ကာ မိုးမယ်က ကျွေးလိမ့်မကွဲ့
မွှေးတဲ့ထမင်း ။
စာသားလေးတွေက ရိုးစင်းရိုးရှင်း လှပါတယ်။ အဲသည့်အချိန်တုံးက ကျနော်နားမလည်တဲ့ စကားလုံးက ဆန်သလေး ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အဲတာနဲ့ အမေနွဲ့ကို မေးတော့ အမေနွဲ့ကသည်လို ဖြေပါတယ်။ သလေးဆန်ဆိုတာ အဲသည့်ခေတ်တုံးက ဆန်အကောင်းစား ဖြစ်ပါသတဲ့။ ပေါ်ဆန်းမွှေးတို့လို ဆန်အကောင်းစားမျိုးကို ဆိုလိုတာလို့ ပြောပြပါတယ်။
အမေနွဲ့ဟာ အဲသည့်အချိန်မှာ အသက်က ၉၅နှစ်လောက် ရှိနေပြီ ဖြစ်ပေမဲ့ သံချိုဆိုလိုက်တော့ အတော်လေးကို နား ထောင်လို့ ကောင်းပါတယ်။ စိတ်ကိုလည်း အေးချမ်းမှု ပေးတဲ့ ဆိုဟန်လို့ ပြောနိုင်ပါတယ်။ အသံကို လိုရင်လိုသလို ဆွဲပြီး ဆိုရတာမျိုးပါ။ သို့သော် အဆွဲတင် မကဘဲ အငင်လေးတွေလည်း ညှပ်ပြီးပါရပါတယ်။ ဒါ့အပြင် ဆိုတဲ့သူကိုယ်တိုင် ကလည်း အသံချိုဖို့ လိုပါ သေးတယ်။ စာနဲ့ရေးပြရတော့ သံချိုဆိုတာ ဘယ်လိုဟာမျိုးပါလိမ့် ဆိုပြီး အတိအကျ ရှင်းပြဖို့ ကျနော့်အတွက် မလွယ်တာကို တော့ စာဖတ်သူများ နားလည်ပေးစေလိုပါတယ်။
သံချိုနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်အကြောင်း၊ ဘယ်လိုအရသာမျိုး ရှိသလဲဆိုတာကို ရှေ့မီနောက်မီဖြစ်တဲ့ ဆရာကြီး ဦးဝင်းဖေ တို့လို ပုဂ္ဂိုလ်မျိုးတွေကို မေးမြန်းပြီး သံချိုအကြောင်းကို အသံလွင့်နိုင်ရင်တော့ အလွန်လည်း ကောင်း မှတ်တမ်းတခု အနေ နဲ့လည်း တင်ကျန်ရစ်မယ်လို့ စိတ်ကူးပေါ်မိပါတယ်။ ဆရာ့ကို ဝိုင်းပြောကြဖို့လည်း အားလုံးကို တိုက်တွန်းပါတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၈ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်
Tuesday, November 18, 2008
သံချို
Posted by ရွက်မွန် at 4:47 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
အေးဗျာ ... မှတ်သားလောက်တဲ့ အထောက်အထား တခုပါပေပဲ။ သမိုင်းတင် စရာတွေပေါ့။
Post a Comment