မြ
န်မာပြည်သည် လုံးလုံး လူမဆန်သော လူတစု၏ အုပ်ချုပ်မှုအောက်တွင် ရှိလာနေသည်မှာ ပို၍ပို၍ သိသာထင်ရှား လာသည်။ လူမဆန်သော အုပ်ချုပ်သူများကြောင့် တိုင်းသူပြည်သားတို့ လူဆန်စွာ မနေနိုင်ကြ။ ဆင်းရဲမွဲတေမှုကို တဖက်တွင် ရင်ဆိုင် နေရသလို အမျိုးစုံလှသော ဖိနှိပ်မှုအပေါင်းကိုလည်း တချိန်တည်း ရင်ဆိုင်နေရသည်။
အေးချမ်းမှုကို လိုလားသော မြန်မာသားတို့တွင် ပြောလေ့ရှိသော စကားစုများ ရှိသည်မဟုတ်လော။ ကျောပူတာကို ခံနိုင်သည် နားပူတာကို မခံနိုင်။ ထမင်းကြမ်းကို ယပ်ခတ်စားမည် အစရှိသည့် စကားစုများပင် ဖြစ်သည်။ ယခုတော့ ကျောလည်းပူရ သည်။ နားလဲပူရသည်။ ထမင်းကြမ်းကိုလည်း ယပ်ခတ်မစားနိုင်။ အဆိုးဆုံးကတော့ ပူလောင်နေသည့် ကျောပြင်ကိုပါ ဗျော တင် ခံနေရခြင်းပင် ဖြစ်သည်။
နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို ကြီးလေးသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည်။ သူတို့အမှုကို လိုက်နေ သော ရှေ့နေများလည်း ထောင်ဒဏ်အပစ်ပေး ခံရသည်။ မိမိဆန္ဒ၊ မိမိအမြင်ကို တင်ပြမိသောကြောင့် ရရှိလိုက်သည့် ထောင်ဒဏ်က ၆၅ နှစ်တဲ့။
ယခင်နှစ်များကလည်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ကြီးလေးသော ထောင်ဒဏ်များ ချမှတ်ခံရသည်။ တဦးက နှစ်ကိုး ဆယ်ကျော် ထောင်ဒဏ်။ နောက်တဦးရဲ့ ထောင်ဒဏ်က နှစ်တရာကျော်။
ဒါ့အပြင် တိုင်းပြည်အနှံ့အပြား အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရသူတွေ၊ နှိပ်စက်ခံရသူတွေ၊ ထောင်ချခံရသူတွေ လည်း ဆက်တိုက်ရှိနေသည်။ အချို့ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရသည်။ အချို့ဒေသများတွင် နှိပ်စက်မှု များကြောင့် ရွာလုံးကျွတ် ထွက်ပြေးကြရသည်မှာ သောင်းဂဏန်းနှင့် ချီ၍ရှိသည်။ တိုင်းရင်းသား ဒေသများ တွင် ပို၍ ဆိုးဆိုးဝါးဝါး ခံနေ ကြရသည်။ ထိုကိစ္စများသည် ရာဇဝတ်မှုများ မဟုတ်ပြီလော။
တဦးချင်း တယောက်ချင်း နှိပ်စက် သတ်ဖြတ်ခံရသည့် အမှုများကလည်း ပေါက်ပေါက်ဖောက်သလို နေရာတိုင်းမှာ ဖြစ်နေ သည်။ မိတ္ထီလာတွင် ဆယ်တန်းကျောင်းသား တဦးကို စစ်ဗိုလ်က ဓါးနှင့်ထိုးသတ်ခြင်း၊ မြင်းခြံတွင် ကောလိပ် ကျောင်းသား တဦးကို ကြံ့ဖွတ်များက ဝိုင်း၍ ရိုက်သတ်ခြင်း၊ မောင်းတောတွင် သမီးလုပ်သူကို ဖအေရှေ့တွင် စစ်တပ်က မုဒိန်းပြုကျင့်ခြင်း၊ မြစ်ကြီးနားတွင် ကချင်အမျိုးသမီးငယ်တဦးကို စစ်တပ် အဓမ္မပြုခြင်း စသဖြင့် ပြောလို့မကုန်အောင် ဖိနှိပ်ခြင်းက အမျိုးစုံ လှ သည်။ ဒါတွေလည်း ရာဇဝတ်မှုများ ဖြစ်သည်။
အဆိုးတကာ့ အဆိုးဆုံးကတော့ အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များသည် သူတို့ကိုယ်သူတို့ ဗုဒ္ဓြွဘာသာဝင်များဟု ကြွေးကြော် လင့် ကစား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ရိုက်နှက်သတ်ဖြတ် ထောင်သွင်းအကျဉ်းချသည် အထိ လက်ရဲ ဇက်ရဲ လုပ်ကိုင် လာခြင်း ဖြစ်သည်။ ဘုန်တော်ကြီးမျာကို စစ်တပ်ကသတ်သည်မှာ ရာဇဝတ်မှု မဟုတ်ဟု မည်သူပြော ရဲသနည်း။
နာဂစ်မုန်တိုင်း မကျရောက်ခင် စစ်အစိုးရသည် အောက်မြန်မာပြည်မှ တိုက်လေယာဉ်များ အပါအဝင် အခြားလေယာဉ် များနှင့် ရဟတ်ယာဉ်များအား အထက်မြန်မာပြည်သို့ ခေတ္တပြောင်းရွှေ့ထားရန် လျှို့ဝှက်အမိန့် ထုတ်ခဲ့သည်ဟု ကြား သိရသည်။ သို့ သော် တိုင်းသူပြည်သားများကိုတော့ အဆိုပါမုန်တိုင်းဟာ ဘယ်လောက် အန္တရာယ်ရှိကြောင်း အသိ မပေးခဲ့။ ကြိုတင် ကာကွယ်ပေးမှု ဘာမှမရှိခဲ့။ ထို့ကြောင့် လူပေါင်းသိန်းချီ၍သေဆုံးခဲ့ရသည်။ ဤသည်မှာ ပို၍ ကြီး မားသော ရာဇဝတ်မှုကို ကြိုတင်၍ ကျူးလွန်ခြင်းဖြစ်သည်။
မြန်မာပြည်အရေး အဆင်ပြေချောမွေ့စေဖို့ အနောက်နိုင်ငံများမှ သူတို့ ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းသင့်သည်ဟု စစ်တပ်နောက်မြီးဆွဲ တတိယလိုင်းသမားများနှင့် ပညာရှင်ဆိုသူအချို့တို့က ဆိုနေသည်။ အထက်မှာ တင်ပြခဲ့သလို တိုင်းပြည်အတွင်း မင်းမဲ့စရိုက် ဖြစ်ချင်တိုင်း ဖြစ်နေသည်မှာ နိုင်ငံခြားတိုင်းပြည်များက စီးပွားရေးပိတ်ဆို့ ထား သောကြောင့်ဟု စာဖတ်သူတို့ ထင်မြင်ပါသလား။ တိုင်းသူပြည်သားတွေ နှိပ်စက်ခံနေရ သည်မှာ စီးပွားရေး ပိတ်ဆို့မှုနှင့် ဆိုင်ပါသလော။
တကယ်တန်း ဆိုရပါက မြန်မာပြည်မှာ အမျိုးမျိုး အဖုံဖုံသော ရာဇဝတ်မှုများကို ကျုးလွန်နေသူများမှာ စစ်အစိုးရ ကိုယ်တိုင်သာ ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင် စစ်ဗိုလ်ချုပ်များသည် ရာဇဝတ်ကောင်များသာ ဖြစ်သည်။ ထို ရာဇဝတ်ကောင်များကို ပညာရှင်ဆိုသူများနှင့် တတိယလိုင်းသမားများက ဝင်၍ အကာကွယ် ပေးနေကြသည်။ စစ်ဗိုလ်ချုပ်များ အတွက် ရှေ့နေ လိုက် ပေးနေကြသည်။ အနောက်နိုင်ငံ အစိုးရများ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရန် နိုင်ငံတကာ ကွန်ဖရင့်များတွင် လိုက်လံဟော ပြောနေကြသည်။ ရာဇဝတ်ကောင် များကို ရာဇဝတ်ကောင်များဟု မမြင်နိုင်ကြ။ ထူးဆန်း လှသည်။
သည်နှစ် အောက်တိုဘာလ အကုန် ဘရပ်ဆဲတွင် ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ ကွန်ဖရင့်တခုတွင် မြန်မာပညာရှင် ဆိုသူ များနှင့် တတိယလိုင်းသမားများသည် ဗိုလ်ချုပ်များအတွက် ကာကွယ်ပေးခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုသည် အလုပ်မဖြစ် တော့၍ စီးပွားရေးပိတ်ဆို့ခြင်းကို ပြန်လည်ရုပ်သိမ်းပါရန် ဥရောပအစိုးရ တချို့အား ကိုယ်တိုင် သွားရောက် ပြောကြားခဲ့ကြ သည်။ ထို့အပြင် မြန်မာပြည်အတွက် အခြားအကူအညီများကို တိုးချဲ့ပေးပါရန်လည်း တောင်းဆို ခဲ့ကြသည်ဟု ကြားသိရသည်။
စီးပွားရေးပိတ်ဆို့ခြင်းသည် အကျိုးရှိမရှိ ဆိုသည်ကို ငြင်းခုံလာကြသည်မှာ ဆယ်နှစ်မကတော့။ လူတိုင်းတွင် ကိုယ့် အမြင် ကိုယ့် ရှု့ထောင့် ရှိနိုင်သည့်အတွက် အပြန်အလှန်ငြင်းခုံကြသည်မှာ မဆန်း။ သို့သော် ရာဇဝတ်မှုများ ကျူးလွန် နေသည့်သူ များကို ရာဇဝတ်ကောင်များ မဟုတ်ပါဟု ကာကွယ်ခြင်းက ဆန်းနေသည်။ လူတွေကို သတ်ဖြတ်နေသည်။ လူတွေကို နှိပ်စက် နေသည်။ လူတွေကို မတရားပုဒ်မများ သုံး၍ အကျဉ်းရုန်းစနစ်ဖြင့် ထောင်ခြနေသည်။ ထောင်ဒဏ် တွေကလည်း ကမ္ဘာမှာ မကြားဖူးသည့် ထောင်ဒဏ်တွေ။ ကမ္ဘာ့သမိုင်းကို အစာမကြေသည်လား သို့မဟုတ် အခြား အကျိုးစီးပွားအတွက် မျက်စေ့မှိတ် နေကြသည်လား ဆိုတာကတော့ ကာယကံရှင်များသာ သိပေလိမ့်မည်။
ကမ်ဘောဒီးယားနိုင်ငံကို ပိုပေါ့ဦးဆောင်သော ခမာနီများ အုပ်ချုပ်နေသော အချိန်က ဆွီဒင်ကွန်မြူနစ်ပါတီမှ လူငယ် ကိုယ် စားလှယ်အဖွဲ့အား တရားဝင်သဘောမဟုတ်ဘဲ ပိုပေါ့နှင့် တွေ့ဆုံရန် ၁၉၇၈ ခုနှစ်က စေလွှတ်ခဲ့ဖူးသည်။ အဖွဲ့ဝင် လေးဦးပါ ဆွီဒင်ကွန်မြူနစ်လူငယ်အဖွဲ့၏ ခေါင်းဆောင်က ဂန်နာ ဘရက်စတောင်း ဖြစ်သည်။ သူသည်ထိုအချိန်က ဆွီဒင်-ကမ်ဘောဒီး ယား ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ထိုကာလက ပိုပေါ့အုပ်ချုပ်မှု အောက်တွင် ကမ်ဘောဒီးယားနိုင်ငံ၏ တရားဝင် နာမည်မှာ ဒီမိုကရက်တစ်ကမ်ပူးချား ဖြစ်သည်။
ခမာနီခေါင်းဆောင်များသည် ဆွီဒင်ကွန်မြူနစ်လူငယ်များအား နေရာအတော်များများ လိုက်လံပြသခဲ့သည်။ ပြုံးပျော် နေသော ပြည်သူများ၊ သန့်ရှင်းသပ်ရပ်သော ဆေးရုံများ၊ စုပေါင်းလယ်ယာ၏ ထမင်းစားခန်းများတွင် ပျော်ရွှင်စွာ စား သောက်နေသော လူများကို ဆွီဒင်ကိုယ်စားလှယ်များ တွေ့ရှိခဲ့ရသည်။ ထို့နောက် ပိုပေါ့နှင့် အင်တာဗျူးခွင့်ရခဲ့သည်။ ပိုပေါ့က ဆွီဒင်ကိုယ်စား လှယ်အဖွဲ့အား အနောက်နိုင်ငံများမှ သူ့ကို မျိုးတုံးသုတ်သင် သတ်ဖြတ်နေသူ အဖြစ် တံဆိပ် ကပ်၍ ပြောနေကြကြောင်း၊ ဤသည်မှာ အနောက် အရင်းရှင်နိုင်ငံများ၏ ဝါဒဖြန့်ချက်နှင့် လိမ်ညာမှုများသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ဆွီဒင်ကိုယ်စားလှယ် အဖွဲ့မှာလည်း ပိုပေါ့နှင့်ခမာနီအစိုးရအတွက် ဂရုဏာသက်ခဲ့ရသည်။ အမေရိကန် အရင်းရှင်တို့ လက်ချက် ကြောင့် ဤသို့ဖြစ်ရသည်ဟုလည်း ကောက်ချက်ချခဲ့ကြသည်။ ထို့ခရီးစဉ်အပြီး ဂန်နာဘရက်စတောင်းက ပိုပေါ့ အနေဖြင့် အမှားအယွင်းရှိကောင်း ရှိမည်ဖြစ်သော်လည်း အနောက်တိုင်းက စွပ်စွဲသလောက် မဆိုးပါဟုလည်း ထင်မြင် ချက်ပေးခဲ့သည်။
သို့သော် ခမာနီတို့ ပြုတ်ကျအပြီးကာလများတွင် ထွက်ရှိလာသော မှတ်တမ်းများအရ ခမာနီတို့ အုပ်စိုးစဉ်ကာလ အတွင်း သတ် ဖြတ်မှု၊ ငတ်မွတ်မှုနှင့် ရောဂါဘယဘေးတို့ကြောင့် ကမ်ဘောဒီးယား နိုင်ငံသား နှစ်သန်းကျော် သေဆုံး ခဲ့ရသည်ကို တကမ္ဘာ လုံး သိရှိခဲ့ရသည်။ တုန်လှုပ်ဖွယ်ရာပင်။
ယခုအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဂန်နာဘရက်စတောင်းသည် ထိုအချိန်က သူထင်ခဲ့သည်များ တက်တက်စင် အောင် လွဲမှားခဲ့သည်ဟု ဝန်ခံလေသည်။ သူ့အမှားကို ဝန်ခံသည့်အနေဖြင့် ဘရက်စတောင်းသည် ဆောင်းပါးတပုဒ် ရေးသား၍ ခမာနီများအပေါ် ထားရှိခဲ့သည့် သူ၏ ထောက်ခံမှုအား ပြန်လည်ရုပ်သိမ်းပါသည်ဟု ကြေငြာခဲ့သည်။ ၁၉၇၈ ခရီးစဉ်အတွင်းက ရိုက်ကူးခဲ့သော ဓာတ်ပုံများနှင့် မှတ်တမ်းရုပ်ရှင်အား ကမ်ဘောဒီးယား ဗဟိုမှတ်တမ်း ဌာနသို့ ပြန်လည် လွှဲပြောင်းပေးအပ် ခဲ့သည်။
သမိုင်းကြောင်းအရ အမေရိကန်တို့ ဗိုလ်ကျစိုးမိုးလိုသည့် ပေါ်လစီသည် ထိုအချိန်က ထိုဒေသအတွင်း ရှိခဲ့မည်ဖြစ် သော်လည်း တဖက်တွင် လက်ဝဲအမည်ခံ ခမာနီတို့ လူမဆန်အောင်ရက်စက်ခြင်းကိုလည်း သတ်သတ်ခွဲမြင်ဖို့ လိုသည်။ အမေရိကန်ကို ဆန့်ကျင်လိုသည့် ဆန္ဒကြောင့် အမေရိကန်နှင့် ဆန့်ကျင်ဖက်အုပ်စုများ ဘာလုပ်လုပ် မှန်သည် ကောင်းသည်ဟု ဆုံးဖြတ် ခြင်းသည် ဉာဏ်နည်းရာကျသည်။
မြန်မာပညာရှင်ဆိုသူများနှင့် တတိယလိုင်းသမားများ ဂန်နာဘရက်စတောင်း အဖြစ်အပျက်ကို သင်ခန်းစာယူ လေ့လာသင့် သည်။ နိုင်ငံရေးသည် နိုင်ငံရေး ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ရာဇဝတ်မှုသည်လည်း ရာဇဝတ်မှုသာ ဖြစ်သည်။ အချိန် ကာလတခု ကျော်လွန်သည်နှင့် နိုင်ငံရေးသည် ရာဇဝတ်မှုကို အကာအကွယ် မပေးနိုင်တော့။
ဇော်မင်း (လူ့ဘောင်သစ်)
၁၇ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်
Monday, November 17, 2008
ရာဇဝတ်မှုသည် ရာဇဝတ်မှုသာဖြစ်သည်
Posted by ရွက်မွန် at 6:33 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
2 comments:
ပြတ်ပြတ်သားသား အမြင်ကို လေးစားပါတယ် ကိုဇော်မင်း။
ရန်၊ ငါ၊ စည်း ကွဲပါပေ့။
Post a Comment