ဒ
န်လေးနှင့် ဒန်ကြီးတို့ ကိုးတန်းရောက်တော့ အင်္ဂလိပ်စာ သင်တဲ့ဆရာက ဆရာပြူးတဲ့။ ဆရာပြူးက အတန်းပိုင် ဆရာတော့ မဟုတ်။ သို့သော် ပထဝီသင်သော အတန်းပိုင်ဆရာ ဦးအုန်း ထက် သူတို့အတန်းသားများက ဦးပြူးကို ပို၍ ခင်တွယ်ကြသည်။ ဒန်လေး အမည်ရင်းက သိန်းဒန်။ ဒန်ကြီးအမည်ရင်းက သောင်းဒန်။ နာမည် ဆင်သော်လည်း ညီအကို မတော်ကြ။ သို့သော် တတွဲတွဲနှင့် ရှိကြသည်။ သောင်းဒန်က လူကောင်ကြီးသောကြောင့် ဒန်ကြီးဟု ဆရာပြူးက ဝိဂြိုဟ်ပြုလိုက်သည်။ ထို့ကြောင့် လူကောင်သေးသော သိန်းဒန်က အလိုလို ဒန်လေး ဖြစ်ရတော့သည်။ ကျောင်းသားများကို သူငယ်ချင်းပေါင်းပေါင်း၍ တခါတရံ သူတို့ နှစ်ယောက်ကို ဟေ့ ဒန်အိုးနှစ်လုံးဟု ဆရာပြူးက စတတ်သေးသည်။
ဗမာတယောက် အနေနှင့် ဆိုရပါက ဆရာပြူးသည် အရပ်ရှည်လွန်းလှသူ။ သို့သော် ပိန်ပြီး လက်ပြင်ကိုင်း သောကြောင့် လမ်းလျှောက်သည့်အခါ ဆရာပြူးကို ကြည့်ရသည်မှာ ညွှတ်ပဲ့ပဲ့။ ထို့အပြင် မျက်လုံးများကလည်း နာမည်နှင့် လိုက်အောင် ပြူးသေးသည်။ ထိုပြူးနေသော မျက်လုံးအစုံကို ပို၍ပြူးသည် ထင်ရအောင် လက်မ လောက်ထူသော မျက်ခုံးကြီးများက ဘောင် ကွပ်၍ ပေးထားသေးသည်။ ကျောင်းသားများကို စာသင်ရာတွင် ပုံတိုပတ်စ များဖြင့် ရယ်ရွှန်းပတ်ရွှန်း သင်လေ့ရှိ၍ ကျောင်းသားများက ဆရာပြူးကို တခြားဆရာ ဆရာမများထက် ပို၍ ခင်မင်ကြခြင်း ဖြစ်သည်။
အတန်းပိုင်ဆရာ ဦးအုန်းကတော့ ငယ်စဉ်က အလေးမခဲ့သူဖြစ်၍ ကာယဗလ အကြောင်းကို ပြောလေ့ရှိသည်။ သည့်အပြင် ယနေ့ခေတ် ယောက်ကျားလေးများ ဝိတ်မသင့်ကြောင်းလည်း ဆွယ်ပြောပြောလေ့ ရှိသည်။ သို့သော် ဒန်ကြီးတို့ ဒန်လေး တို့ခေတ်သည် ကြွက်သား အဖုအထစ်များဖြင့် ဗလကြီးသူများကို ရုပ်ရှင်မင်းသား ဝင်းဦးနှင့် ခိုင်းနိုင်း၍ ဝင်းတွင်းရူးဟု တဖုံ ဝိတ်ပေါ ဟူ၍တမျိုး စသည့်နောက်သည့် ခေတ်ဖြစ်၍ မည်သည့် ကျောင်းသားမျှ ယောင်၍ ဝိတ်မခြင်းအလုပ်ကို မလုပ်ကြပေ။ ဦးအုန်းကား ကျောင်းသားများအကြားတွင် ဤသို့အောင်မြင်သူ။
ဒန်ကြီးတို့ ဒန်လေးတို့ အင်္ဂလိပ်စာ တော်ပုံများကတော့ "ဒန်လေး ကွန်စတန်တင်နိုပယ် ဆိုတာကို ငါ့ကိုစာလုံး ပေါင်းပြစမ်း" ဟု တကြိမ်တွင် ဆရာပြူးက စမ်းလေရာ "စီအိုအန်... စီအိုအန် ..." မှ ဒန်လေးမတက်တော့။ ထိုအခါ ဆရာပြူးက "အေးပေါ့လေ မင်းတို့မှာ ခြောက်ဘာသာကြီးများတောင် နေ့တိုင်း သင်နေရတယ် ဆိုတော့ ကွန်စတန်တင်နိုပယ် စာလုံးပေါင်းကို မေ့မှာပေါ့။" "ကိုင်း... အင်္ဂလိပ်စာ မရတာ ထားလိုက်တော့။ မြန်မာလို သင်တဲ့ ပထဝီတော့ မင်းတို့ ကျွမ်းမှာပါ။ ဟုတ်တယ်မို့လား။ ဦးအုန်း တပည့်တွေကို ပညာစမ်းရ ဦးမယ်။ ဒန်ကြီး ... အဲသည့် ကွန်စတန်တင်နိုပယ်မြို့ ဆိုတာ အခုခေတ် ဘယ်နိုင်ငံမှာ ရှိသလဲ ကျန်တဲ့သူတွေ သိအောင် ပြောလိုက်စမ်း။ " ဒန်ကြီးရဲ့ အဖြေကတော့ "ဟိုဒင်း... ဟို ရောမနိုင်ငံမှာပါ ဆရာ။" ဆရာပြူး အော် ရယ်လိုက်သည့် အသံမှာ ကျယ်လောင် လွန်းလှ၍ ဘေးခန်းများမှ အသံများပင် စက္ကန့်ပိုင်းလောက် တိတ်သွားရသည်။
"အောင်မလေးဟဲ့ ဟေ့ကောင်တွေ။ မှတ်ထား မှတ်ထား၊ ရှေးတုံးက ကွန်စတန်တင်နိုပယ်ဆိုတဲ့ မြို့ကို ကနေ့ခေတ်မှာ အစ္စတန်ဘူလို့ ခေါ်တယ်ကွ။ အခုခေတ် တူရကီနိုင်ငံမှာ ရှိတယ်။ အေးပေါ့လေ မင်းသိပ်မဆိုးပါဘူး ဒန်ကြီးရ။ ရောမနဲ့ အစ္စတန်ဘူက သိပ်မဝေးဘူးကွ။" ဆရာပြူး အပြောကြောင့် အတန်းသားများ ဝိုင်း၍ ရယ်လိုက်ကြသည်။ ဒန်ကြီးနှင့် ဒန်လေးကို မေးအပြီး နောက်ထပ် မေးခွန်းများ မမေးတော့ဟု ထင်၍ အတန်းသားများ ပင့်သက်ချမလို လုပ်တုန်း "လှလှဝင်း အဲသည့် တူရကီနိုင်ငံဟာ ဘယ်တိုက်မှာ ရှိသလဲ၊ ကိုင်းပြောစမ်း။ " လှလှဝင်း တယောက် အငိုက်မိသွား သည်။ "အဟွာဆရာ ဟို... အာဖရိကတိုက်မှာပါ။ " ဆရာပြူးကား ခါးကိုထောက် လက်ပြင်ကြီးကို ပိုကိုင်းလိုက်ခါ ရယ်၍မဆုံးတော့။ ဆရာပြူး၏ ဟန်ပန် ကြောင့် အတန်းသားများလည်း တဝါးဝါး တဟားဟားနှင့် တပျော်တပါး ဝင်၍ရယ်မောကြသည်။
"အေး အေး မင်းတို့ဟာ အင်္ဂလိပ်စာတင်မက ပထဝီမှာပါ သိပ်တော်ကြောင်း မင်းတို့ဆရာ ဦးအုန်းကို ငါပြောရ ဦးမယ်။ "ထိုသောအခါ အတန်းသားများက တညီတညာတည်း ကျနော်တို့ကျမတို့ ဆရာက ဦးအုန်း မဟုတ်ပါဘူး၊ ဆရာပဲ ကျနော် တို့ ကျမတို့ ဆရာပါဟု ဆရာပြူးထံ ချက်ခြင်းသစ္စာခံလိုက်၍ အတန်းပိုင်ဆရာ ဦးအုန်းကို ကွယ်ရာတွင် ပုန်ကန် လိုက်တော့သည်။
ဆရာပြူးမှာ အင်္ဂလိပ်စာသင်ရာတွင် သင်နည်းကောင်းရုံမက အင်္ဂလိပ်စကား ပြောရာတွင်လည်း လေသံက အင်္ဂလိပ် တယောက်အလား ပီလှသည်။ နောက်ပိုင်းတွင် အခြားဆရာများ ပြောပြ၍ ဒန်ကြီးတို့ ဒန်လေးတို့ သိလာရသည်။ ဆရာပြူးက ခရစ်ယန် ဘာသာဝင်။ ငယ်စဉ်က မိဘမဲ့ ဖြစ်သောကြောင့် ခရစ်ယန် ဘုရားကျောင်းမှ မွေးစား၍ ပညာသင်ပေးခဲ့ခြင်း ဖြစ် သည်တဲ့။ ပြီးတော့ အသက်လေးဆယ် ကျော်စပြုသည့်တိုင် ဆရာပြူးက လူပျိုကြီး။ ထို့ကြောင့် စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသောနာသုံးနာ အပေါ်အခြေခံရသော ကျောင်းဆရာအလုပ်နှင့် ပို၍ စပ်ဟပ်လှသည်ဟုပင် ဆိုနိုင်သည်။
ဒန်ကြီးတို့ ဒန်လေးတို့ ကိုးတန်းတက်သည့် နှစ်တွင် ပညာရေးစနစ် ပြောင်းသွားခဲ့သည်။ ယခင်ကလို ရှစ်တန်းအောင် သည်နှင့် ဝိဇ္ဇာသိပ္ပံ ခွဲသည့် စနစ်မဟုတ်တော့။ ဝိဇ္ဇာတွဲ ဘာသာများ ယူရသလို သိပ္ပံတွဲ ဘာသာများကိုလည်း မသင်မနေရ ဖြစ်လာခဲ့ သည်။ ထို့ကြောင့် ရူပဗေဒ၊ ဓာတုဗေဒ၊ သမိုင်း၊ ပထဝီ၊ ဘောဂဗေဒ၊ သင်္ချာ၊ မြန်မာစာ အားလုံး ရောသမွှေ မဖြစ်မနေ သင်ယူ ကြရသည်။
ထိုရောသမမွှေ စနစ်အောက်တွင် ကျောင်းသားများ စာသိပ်မလိုက်နိုင်သည်ကို ဆရာပြူးက သိသည်။ ဟိုဟာ မေးလည်း သိပ်မရ၊ သည်ဟာ မေးလည်း သိပ်မသိ ဖြစ်နေရသည့် ကျောင်းသားအများစုကို ဆရာပြူးက စာသင်ရင်း တန်းလန်းက ဤသို့နောက်တတ် သေးသည်။
"အေး ဒီလိုတော့ ဖြစ်နေတယ်ကွ။ ဒီတော့ မင်းတို့ အိမ်ကြရင် မိဘတွေက ဒီစနစ်သစ်နဲ့ စာလိုက်နိုင်သလားလို့ မေးရင် ဒီလို ပြန်ဖြေကြ" ဟု စာချိုးလေသည်။
"အင်္ဂလိပ်စာ... မင်းသိပ်ချာ"
"ပထဝီ... မသဒီ ပေါင်ဗျာ"
"သမိုင်း... လမိုင်းကို မကပ်ဘူး"
"ဂဏန်းသင်္ချာ... အမ်မလေး တော်ပါဗျာ"
"ဘောဂ... ပြောကို မပြခြင်တော့ဘူး"
"ရူပဗေဒ... ဘူကျနေသဗျ"
"ဓာတု နှာနုသာ ဖြတ်ရိုက်လိုက်ပါတော့"
၎င်းစာချိုးကြောင့် ကျောင်သားများ တသောသော ဖြစ်ကြသည်။ ထိုနေ့ ထိုရက်များတို့သည် ဒန်ကြီး ဒန်လေးတို့ ကျောင်းသား များ အဖို့ ပေါ့ပါးလွတ်လပ်သော ပျော်ရွှင်ဖွယ် နေ့ရက်များ ဖြစ်ခဲ့သည်။
ဒန်ကြီးတို့ ဒန်လေးတို့ တက္ကသိုလ် ရောက်သည်အထိ ဆရာပြူးနှင့် မကင်းနိုင်ကြသေး။ ဆရာပြူးကို ခင်မင် ကြတာလည်း တကြောင်းဖြစ်သလို သူတို့ နားမလည်သည့် အင်္ဂလိပ်စာ အသုံးအနှုံးများ အရေးအသားများကို မေးမြန်းလို မှတ်သားလို သော ကြောင့် ဆရာပြူး အိမ်ကလေးဆီသို့ မပြတ်ဆိုသလို ရောက်ကြသည်။ အခြားသော ဆရာဆရာမများနှင့် အဆက်အသွယ် ပြတ်ခြင်သာ ပြတ်သွားမည်။ ဆရာပြူးနှင့် သူတို့အကြား အဆက်အသွယ် မပြတ်သလို သံယောဇဉ်လည်း ပိုလို့ရှည်လာခဲ့သည်။
သည်နှစ်လည်း ခါတိုင်းနှစ်တွေလို တပည့်ဟောင်းတွေ တအုပ်ကြီးလူစု၍ ဒန်ကြီး ဒန်လေးတို့ ဦးဆောင်ကာ ဆရာပြူး၏ မြေစိုက်အိမ်ကလေး ဆီသို့ ချီတက်လာကြသည်။ ဆရာပြူးကို ကန်တော့ရန်ဖြစ်သည်။ နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ဇရာအိုလာသော ကျောင်းဆရာအိုသည် သူ၏ အိမ်အိုလေးရှေ့ရှိ သစ်သားထိုင်ခုံ တခုပေါ်တွင် ငုတ်တုတ် ထိုင်နေသည်။ ဒန်လေးက ခပ်ကျယ်ကျယ်အော်၍ "ဆရာ ကျနော်တို့ပါ။ လှလှဝင်းတို့လည်း ပါတယ်။ ဆရာ့ကို ကန်တော့ဖို့ လာကြတာပါ။" "အေး ... လာကြဟေ့။ မင်းတို့ အသံပေးမှဘဲ။ ငါ့မျက်လုံးတွေက ဘယ်သူမှန်း မသဲကွဲတော့ဘူးကွ။ တော်တော် မကောင်း တော့တာ" ထူထဲသော မျက်မှန်အောက်မှ မျက်လုံး အစုံတို့ကား ဝေသီနေချေပြီ။
လှလှဝင်းက "ခုတလော ဆရာ့ကို မြို့ထဲပိုင်း လာတာ မတွေ့ရလို့။ ဆရာ ဘဏ်မှာ ပင်စင်လာမထုတ် ဖြစ်တာ ကြာပြီထင်တယ်" ဟု အမေးရှိလာသည်။ "မလာဆိုကွယ် မျက်လုံးကလည်း ဒီမျက်မှန်အထူကြီး တပ်ထား တာတောင် ခပ်ရိပ်ရိပ်ပဲ မြင်ရတာ။ နောက်ပြီးတော့လည်း ပင်စင်က တလမှာ ခြောက်ရာဆိုတော့ တလတလ မြို့ထဲထွက်ရတဲ့ စရိတ်နဲ့ မကာမိဖူးလေ။ ဒါကြောင့် အခု တနှစ်တခါဘဲ စုထုတ်တော့တယ်။"
ကြားရတာအတွက် တပည့်များ ရင်နင့်ရသည်။ တလခြောက်ရာ၊ တနှစ်မှ ငွေ ၇,၂၀၀ နှင့် ဆရာပြူး ဘယ်လိုများ စားသောက် နေထိုင်ပါလိမ့်ဟု အားလုံးက တွေးနေမိကြသည်။ "စားရေးသောက်ရေး ကြတော့ ဘယ်သူလုပ်ပေးတုန်း ဆရာရဲ့" ဟု ဒန်ကြီးက အလိုက်မသိ စပ်စုလိုက်သည်။ "ဒီရပ်ကွပ်ထဲက စာလာလာမေးနေတဲ့ ကလေးတွေ ချက်ပြုတ်ပေးပါတယ်။
အဆင်ပြေပါတယ်ကွာ ငါ့အတွက်တော့ ပြဿနာ မရှိပါဘူး။ တကိုယ်တည်း သမားပဲ ဥစ္စာ... ။ ပြီးတော့ ဘုရားကျောင်းကလည်း ဆန်တွေဘာတွေ မှန်မှန် ထောက်ပါသေးတယ်" တပည့်များကို အပူမကူးစက် စေလိုသည့် သဘောလားတော့ မသိ။
"ဆရာ ဒါနဲ့ စာလာမေးတဲ့ ကလေးတွေကို ကျနော်တို့တုံးကလို အင်္ဂလိပ်စာ မင်းသိပ်ချာတို့၊ ပထဝီ မသဒီတို့ သင်သေးလား ဆရာရဲ့" ဟု ဒန်လေး ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။ ထိုအခါ ဆရာအိုက ပြုံး၍ "အောင်မယ် မင်းတို့က အဲတာတွေ မှတ်မိသေးသားဘဲ။ ဒီလိုကွ စာလာမေးတဲ့ ကလေးတွေက များသောအားဖြင့် ဆယ်တန်းအောင်ပြီး အကြောင်းကြောင်းကြောင့် ကျောင်းဆက်မတက် ဖြစ်တဲ့သူတွေ။ ဒါပေမဲ့ အင်္ဂလိပ်စာ တိုးတက်ချင်လို့ကွ။ နောက်... ဘွဲ့ရပြီးသားတွေကတော့ နိုင်ငံခြား ကုမ္ပဏီတွေ ဘာတွေမှာ အလုပ်ရဖို့က အင်္ဂလိပ်စာကောင်းဖို့ လိုတယ်မို့လား။ မြို့ထဲမှာ အင်္ဂလိပ်စာနဲ့ စကားပြောသင်တန်း တက်ဖို့ဆိုတာ ပိုက်ဆံလည်း မတတ်နိုင်ကြဖူးကွ။ သူတို့ အတွက်ကတော့ အင်္ဂလိပ်စာ အရေးနဲ့ အပြောပေါ့ကွာ" ဟု ရှင်းပြ လေ၏။ "မျက်လုံးက မကောင်းတော့ ကလေးတွေ စာလာလာမေးရင် စာအုပ်ကို မကြည့်နိုင်တော့ဘူးကွ။ အဲတာ သူတို့ကို ဖတ်ခိုင်း၊ သူတို့ ဖတ်ပြတာကို နားနဲ့နားထောင်ပြီးမှ ပြန်သင်ရတော့ အသက်ကြီးမှတောင် ဉာဏ်ကပိုကောင်း လာသလို ပဲ ဟေ့"ဟု တက်ကြွရွင်လန်းစွာ ပြောနေသော ဆရာအိုကို တပည့်များက ဘာပြောရမှန်းမသိ ငေးကြည့်နေမိကြသည်။
ဘဝ၏ နောက်ဆုံး နေဝင်ဆည်းဆာချိန်အထိ ပညာဒါနပြုနေဆဲဖြစ်သော ဆရာပြူးကို တပည့်ဟောင်းများက ကန့်တော့ဖွယ် ပစ္စည်းများ ရှေ့မှာထား၍ လက်အုပ်မိုးကာ ဦးချကန်တော့ လိုက်ကြသည်။
(ငယ်စဉ်က ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့အမှတ်တရဖြင့်)
ဇော်မင်း (လူ့ဘောင်သစ်)
၁၉ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝဝ၉ ခုနှစ်
Friday, February 20, 2009
ဆရာပြူးနှင့် သူ၏တပည့်များ
Posted by ရွက်မွန် at 11:27 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment