ရွက်မွန်စာမျက်နှာ

Friday, May 8, 2009

အညာအလှ ထန်းအလှ

"
နွေဦးကာလ မြူထသောအခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓါးနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး"

ဝန်ကြီး ပဒေသရာဇာ စပ်ဆိုခဲ့သော ထန်းသမားဘဝ ကဗျာကား ထိုရှေးခေတ်မှ ယနေ့ခေတ်အထိ ထင်ဟပ်နေဆဲ။ ဆောင်း ကုန်ခါစ ကာလမှစ၍ ထန်းသမားတို့ အလုပ်များကြပြီ။ ဘုရားဖြူကုန်းရွာမှ ထန်းသမားတို့ သည်လည်း ထန်းပင် များအကြား ပေါ်ချီမြုပ်ချီ တက်ချီဆင်းချီနှင့်။

ဘုရားဖြူကုန်းရွာသည် နွားထိုးကြီးနှင့် မြင်းခြံအကြားတွင် တည်ရှိသည်။ သဘာဝကိုက မိုးခေါင်ရေရှား ဒေသ ဖြစ်သည်မို့ ထိုအရပ်တွင် ထန်းပင်တို့သည်သာ နေရာတိုင်းတွင် မင်းမူနေကြသည်။ ဘုရားဖြူကုန်းကို ဗဟိုပြု၍ အရှေ့အနောက် တောင် မြောက် ဘယ်ဖက်ကိုပဲ ကြည့်လိုက်ကြည့်လိုက် စိမ်းညို့နေသော ထန်းတောအုပ်ကြီးများကို စူးရှလှသော နေရောင် အောက် တွင် ဟိုမှာသည်မှာ အကွက်လိုက် အကွက်လိုက် မြင်နေရသည်။ အညာ၏အလှ ဆိုသည်ကား ထန်းပင်များ၏ အလှသာ ဖြစ်သည်ဟုဆိုလျှင် မမှား။

"ကိုဖိုးချက် ... သည်နှစ်မှာမိုးက လုံးလုံးမကျတော့ သည်နှစ် ကျုပ်တို့အပင်တွေ ထန်းရည်အထွက် ကောင်းပါ့မလားတော့"။ ဇနီးဖြစ်သူ မမိုးဖြူက ထန်းပင်ပေါ်မှ မြူအိုးများတွဲလွဲဖြင့် ဆင်းလာသူ ခင်ပွန်းအတွက် ရေနွေးကြမ်းတခွက် စဥ့်ပန်းကန် လုံးထဲ ငှဲ့ထည့်ပေးရင်း မေးလိုက်သည်။ ဖိုးချက်က "မှန်းလို့တော့ မရသေးဘူးကွ။ တောင်သာတို့ အောင်သာတို့ဖက်က ထန်းသမား တွေတော့ ထန်းဦးရေ အထွက်နည်းလို့ ညည်းနေကြတယ်လို့တော့ ကြားတယ်။" နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာတို့သည် တြိဂံပုံသုံးပွင့်ဆိုင် တည်ရှိနေသော မြို့များဖြစ်သည်။ အဖြောင့်တိုင်းပါက နွားထိုးကြီးနှင့် တောင်သာ သည် မိုင်နှစ်ဆယ် ပျော့ပျော့ လောက်တော့ရှိသည်။

ဖိုးချက်နှင့် မမိုးဖြူတို့တွင် ကိုယ်ပိုင်ထန်းပင် အပင်နှစ်ဆယ်ခန့်ရှိသည်။ သို့သော် သုံးပုံနှစ်ပုံခန့်လောက်သာ ထန်းရည် အထွက် ကောင်းသည်။ ကိုယ်ပိုင်အပင်များကို တက်ပြီးသည်နှင့် ထန်းပင်ရာနှင့် ထောင်နှင့်ချီ၍ ပိုင်ဆိုင်သည့် ထန်းကြီး ပိုင်ရှင်များ၏ အပင်များတွင် အငှားလိုက် တက်ရသည်။ ထန်းတက်ခကတော့ ထန်းလျှက်ချက်ပြီး ထွက်လာသည့် အပေါ်တွင် ထန်းပိုင်ရှင်က ဆယ်ဖို့တဖို့ ပြန်ပေးသည်။ ထန်းလျှက် ရောင်းမပြီးမခြင်း ဆန်၊ ဆီ၊ ဆား အစရှိသည့် အိမ်သုံး ပစ္စည်းများကို ရွာထဲကဆိုင်တွင် အကြွေးနှင့် ဝယ်ရသည်။ သို့မဟုတ်ပါက ထန်းကြီးပိုင်ရှင်ဆီမှ ငွေသုံးကြိုထုတ် ထားရ သည်။ သို့သော် အခုခေတ်တွင် နေ့စား နှင့် လိုက်၍ ထန်းတက်သည့် ထန်းပင်မဲ့ ထန်းသမားများ ပို၍ များလာနေသည်။ ထန်းလျှက်ရောင်းပြီး သည်အထိ မစောင့်နိုင် ငွေလက်ငင်း လိုနေကြ၍ ဖြစ်သည်။ နေ့ချင်းပြီး ငွေလိုချင်သည့် အတွက် လုပ်အားခက နည်းသည်။ ဟုတ်သည်လေ။ ထန်း ပိုင်ရှင်ကလည်း ထန်းလျှက်ရာသီအပြီး သူနေနှင့် ငွေဘယ်လောက် ဝင်မည်၊ ဘယ်လောက် ကျန်မည် ဆိုသည်ကို အတိအကျ မသိနိုင်။ ထို့အတွက် နေ့တွက် ချက်ခြင်းလိုချင်သော ထန်းသမားများကို လုပ်အားခ လျော့ပေးခြင်းက မဆန်းလှ။

"ကိုဖိုးချက် ... ဒါနဲ့ ဦးဘတူတို့အိမ်က အခါမတိုင်ခင် အလှူလုပ်မယ်လို့ ကြားတယ်တော့။ ကျုပ်တို့လည်း ကျုပ်တို့ ကလေးတွေ ဘယ်တော့လောက်မှ ရှင်ပြုနိုင်မယ် မသိဘူးနော။" ဦးဘတူက သူတို့ရွာတွင် အချမ်းသာဆုံးဟု ဆိုသူ သုံးလေးဦး စာရင်း တွင်ပါသည်။ ဦးဘတူပိုင်သော ထန်းပင်တွေချည်းက အပင်တထောင်ကျော်လောက် ရှိသည်ဟု ဆိုကြသည်။ တထောင် ကျော်တာ မကျော်တာ အပထား၊ ဦးဘတူ ပိုင်သော ထန်းကွက်တွေက နည်းသည်တော့ မဟုတ်။ ဖိုးချက်တယောက် စဥ့် ပန်းကန်လုံးထဲမှ ရေနွေးကြမ်းကို မှုတ်၍သောက်လိုက်ရင်း "မိန်းမရာ သူတို့က သူဌေးတွေ ဆိုတော့ လှူနိုင်တမ်းနိုင်တာပေါ့။ သူတို့ကိုတော့ သွားမကြည့်နဲ့လေ။ ငါတို့ကလေးတွေကို ရှေ့နှစ်ကြရင် ရွာကကျောင်းမှာ သင်္ကန်းစည်းပေးလိုက်ရင်လဲ သဘောက အတူတူပါဘဲ။ ဘုန်းကြီး ငါးပါးလောက်တော့ ဆွမ်းကပ်ရမှာပေါ့။" "အင်းလေ ... သလောက်ဆိုလဲ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး" ဟု လင်တော်မောင်၏ အဆိုကို မမိုးဖြူ ထောက်ခံလိုက်ရသည်။ ထောက်ခံရသည့် အကြောင်းကတော့ သူတို့အဖို့ ထန်းလုပ်ငန်းမှလွဲ၍ တခြားနည်းဖြင့် ငွေဝင်စရာလမ်း မရှိသောကြောင့် ဖြစ်သည်။

ရွာထဲတွင် ဝတ်ကောင်းစားလှနှင့် မြို့ကဖြစ်ဟန်တူသော မျက်နှာစိမ်းနှစ်ဦးကို တွေ့ရသည်။ ထန်းလျှက်ပွဲစား များပေလော။ သို့သော် ရွာကိုလာနေကြ တွေ့နေကြ ထန်းလျှက်ပွဲစားများ မဟုတ်တာကတော့ သေချာသည်။ ထန်းလျှက်ပွဲစားများကို မမိုးဖြူ ကြည့်မရသလို သင်းတို့ကို မေတ္တာကို နဲနဲမှမရှိ။ နွားထိုးကြီး၊ မြင်းခြံတို့က ထန်းလျှက်ပွဲရုံ ပိုင်ရှင်များကတော်တော် သူတို့က ကြို၍ ထန်းလျှက်ဈေးကို နှိမ်ပေးလေ့ရှိသောကြောင့် ဖြစ်သည်။ အငံ့ကြိုယူ ထားသော ထန်းကလေး သမား များကတော့ ပွဲစားများနှင့် မဆက်ဆံချင်၍မရ။ ဆက်ဆံတော့လည်း ဈေးနှိမ်ခံရသည်။ မရှိမကောင်း ရှိမကောင်း လူစားတွေ။ ဦးဘတူ တို့ကတော့ ဘာဖြစ်မလဲ။ ထန်းကြီးသမားတွေဖြစ်၍ မြို့ကပွဲရုံများနှင့် ဟိုရှေးကတဲက တိုက်ရိုက် ဆက်ဆံသည်။ အဆင်ကိုချောလို့။

ညနေဖက် ရွာထဲတွင် ထန်းသမားများ ထူးထူးခြားခြား ဟိုမှသည်သို့ လူးလားခပ်နေကြသည်။ အထူးသဖြင့် သူတို့လို ထန်းပင် ဆယ့်လေးငါးပင် အပင်နှစ်ဆယ်လောက် ပိုင်သူ ထန်းကလေး သမားများဖြစ်သည်။ "ကိုအောင်ဒွန်းကြီး ... ဘာတဲ့လဲတော့။ တခုခု ထူးလို့လား" ဟု မမိုးဖြူက အိမ်ရှေ့မှဖြတ်သွားသော ကိုအောင်ဒွန်းကို လှမ်း၍ စပ်စု လိုက်သည်။ ကိုအောင်ဒွန်းက အိမ်ရှေ့ ကပြင်တွင် ဝင်ထိုင်လိုက်ရင်း "အေး... မိုးဖြူရေ။ ဆန်းတော့ဆန်းသားဟ။ နင့်ယောက်ကျားကိုလည်း ပြောရဦးမယ်။ ဘယ်မလဲ ဖိုးချက်တကောင်။ " အသံတွေကြား၍ ဖိုးချက်တယောက် အိမ်ထဲမှ ထွက်လာ၍ "ကိုအောင်ဒွန်းကြီး... ဘာတွေတုံးဗျ။ ရွာထိပ်က ချောင်းချောက်ထဲမှာ ရွှေထွက်တယ်ဆိုလို့ လူတွေသလောက် ဗျာများ နေကြတာလား။ ဒါမှမဟုတ်ရင်လဲ ဘကြီးပိုပြောဘူးတဲ့ ဂျပန်တွေမြုတ်သွားတယ်ဆိုတဲ့ ရတနာသိုက်ကို တွေ့ကြ လို့လား။ ကြုံဘူးပေါင်ဗျာ"ဟု ရွှတ်နောက်နောက် ဆိုလိုက်သည်။

"အေး... ရွှေလည်းမဟုတ်ဖူး၊ ရတနာသိုက်လည်း မဟုတ်ဖူး ငါ့ကောင်ရေ။ ငွေကတော့ သေချာနေတယ်ဟ" ဟု ကိုအောင်ဒွန်းက အာလုပ်သံကြီးဖြင့် ပြန်ဖြေလိုက်သည်။ "ဒီလိုကွာ ဒီလို... တွေ့တယ်မို့လား မနက်က ရောက်လာတဲ့ ပွဲစား နှစ်ယောက်။ မန္တလေးကတဲ။့ သူတို့က ထန်းလျှက်ပွဲစားတော့ မဟုတ်ဖူး။ ထန်းပင်ပွဲစားတွေ။ ထန်းပင် လာဝယ် တာတဲ့ဟေ့။ ထန်းတပင်ကို ကျပ်တစ်သိန်း ပေးမယ်တဲ့။ အပင်ကောင်း အပင်လှဆိုရင် တသိန်းခွဲ အထိ ရနိုင်သတဲ့။ သူတို့က အခု ဦးဘတူ အိမ်မှာ တည်းနေကြတယ်။ ငါက ကိုယ်တိုင် သိချင်လို့၊ အဲတာ ဦးဘတူ အိမ်ဖက်က အခု ပြန်လာတာ။ ပွဲစားတွေနဲ့တော့ တိုက်ရိုက် မပြောခဲ့ရဘူး။ ဒါပေသိ ဦးဘတူ ကိုယ်တိုင် ငါ့ကို ပြောပြလိုက်တာ။ "

ထန်းတပင်ကို တသိန်းဟုဆိုလိုက်၍ မမိုးဖြူ၏ မျက်လုံးများ ချက်ခြင်းဆိုသလို ဝင်းကနဲလက်ကနဲ ဖြစ်သွားသည်။ "ကိုအောင်ဒွန်းကြီးရဲ့ တော့ဟာကလည်း သေသေချာချာ ရှင်းစမ်းပါဦး။ ထန်းသားက အိမ်ကြီးအိမ်ကောင်း ဆောက်လို့ ရတာလည်း မဟုတ်ဖူး။ ဘာဖြစ်လို့ အဲသလောက် ဈေးကြီးပေးပြီး ဘယ်သူက ဝယ်မှာတဲ့လဲ" ဟု မေးလိုက်သော မမိုးဖြူ၏ အသံက လောဘသံတော့ နည်းနည်းထွက်နေသည်။

ကိုအောင်ဒွန်းက ဤသို့ဆို၏။ "အေး... ဦးဘတူ ပြောတာကတော့ အဲသည့် ထန်းပင်တွေကို ပွဲစားတွေက တရုတ်ပြည်ကို တင်မှာတဲ့။ ဟိုမှာကြတော့ သူဌေးအိမ်တွေ၊ ဟိုတယ်တွေမှာ အလှပြပစ္စည်း အနေနဲ့ ထားဖို့ဆိုလား ပြောတာဘဲ။ ဒိပြင် အသုံးတည့်တဲ့ တခြားဟာတွေလည်း ရှိချင်ရှိဦးမှာပေါ့။ ဘယ်သိနိုင်မလဲ။" မမိုးဖြူကား ဟက်ဟက်ပက်ပက် ရယ်၍မဆုံး။ "ဘာရယ်တော့... ထန်းပင်ကို အိမ်ထဲမှာ အလှထားမလို့။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တော်။ "

ကိုအောင်ဒွန်းပြန်သွားပြီး အိမ်ရှေ့ကပြင်တွင် လင်မယားနှစ်ယောက် အတွေးကိုယ်စီနှင့် ဆက်၍ ထိုင်နေကြသည်။ တဦးနှင့် တဦး စကားမပြောဖြစ်ဘဲ အတန်ကြာ ငြိမ်သက်နေရာမှ တိတ်ဆိတ်ခြင်းကို မမိုးဖြူကစ၍ ဖြိုခွဲလိုက်သည်။ "ကိုဖိုးချက်... ကျုပ်တို့မှာ ထန်းက နှစ်ဆယ်လောက် ရှိတယ်မို့လား။ အဲသည်အထဲမှာ ထန်းရည်အထွက် မကောင်းတာက ခြောက်ပင် ခွန်နှစ်ပင် လောက်ရှိတော့၊ အဲသည့် အပင်တွေကို ရောင်းလိုက်ရင် ကျုပ်တို့မှာ ငွေလည်း လုံးကနဲရ၊ တော်လည်း ထန်းရည် အထွက်မကောင်းတဲ့ အပင်တွေ ဗိုက်အပွန်းခံပြီး တက်စရာ မလိုတော့ဘူးပေါ့။ ထန်းပင်ဆိုတာ နောက်ပြန်စိုက်လည်း ရတာဘဲဟာ။ ကလေးတွေကိုလည်း လှလှပပ ရှင်ပြုနိုင်မယ်။ ဘယ့်နှဲ့လဲ ကျုပ်ပြောတာ။" "အေး ဆိုးတော့ မဆိုးဘူးလို့ ထင်တာဘဲ။ ဒါပေသိ အမေ့ကိုတော့ တိုင်ပင်ရဦးမယ်" ဟု ဖိုးချက်က နိုင်းနိုင်းချိန်ချိန် သုခမိန် လေသံဖြင့် ဆိုလေ၏။

"အမေတော့ သဘောမတူဘူး ငါ့သား။ မင်းအဖေလည်း သည်ထန်းပင်တွေ တက်ခဲ့ပြီး မင်းတို့ကို လူဖြစ်အောင် မွေးလာခဲ့တာ။ ငွေဆိုတာ လက်ထဲရောက်ရင် မထိုက်လို့ကတော့ ကြာကြာမခံဘူးကွဲ့။ နောက် ထန်းပင်က ပြန်စိုက်တယ် ဆိုပေသိ အနှစ် နှစ်ဆယ်လောက်တော့ အနည်းလေး စောင့်ရတယ်။ မင့်ငွေက အနှစ်နှစ်ဆယ် ဘယ်လိုခံပါ့မလဲ။ ထန်းသမားဟာ ထန်းပင် မရှိရင် ဘဝမရှိတာနဲ့ အတူတူဘဲ။ နောင်မှာ ဘာလုပ်စားမလဲ။ ငါ့သား စဉ်းစားပါဦး။ " လေသံ အေးအေးဖြင့် ပြောအပြီး ပြောင်းဖူးဖက်လိပ်ကို ဒေါ်အိမ်မြဲ မီးညှိ၍ ဖွာရှိုက်လိုက်သည်။

ဖိုးချက်က စိတ်မရှည်သည့် မျက်နှာပေးဖြင့် သူ၏စွပ်ကြယ်စုတ်ကို မ၍ပြရင်း "အမေရဲ့ ကျုပ်ဗိုက်တွေ ရင်ဘတ်တွေ ကိုလည်း ကြည့်ပါဦး။ ဘယ်လောက် အသားမာ တက်နေပြီလည်း ဆိုတာ။ ဆယ့်လေးနှစ်သား ကတဲက ထန်းတက် လာခဲ့တာပါ။ အကုန်ရောင်းမယ်လို့ ကျုပ်ကပြောတာ မဟုတ်ပါဘူး။ အထွက် မကောင်းတဲ့ လေးငါးခြောက်ပင်ကို ရောင်းမယ် ပြောတာပါဗျာ။ အဲသည့်အပင်တွေ မပြောနဲ့ အခု ထန်းရည် အထွက်ကောင်းတဲ့ အပင်တွေတောင် တပင်ကနေ တနှစ်ငွေငါးသောင်း အသားတင် ဝင်မှမဝင်တာကြီး။ နောက်... အမေ့ မြေးတွေကိုလည်း ငယ်တုံးမှာ ရှင်ပြုပေးချင်တယ် မို့လား။" ဒေါ်အိမ်မြဲကား ငွေနောက် စိတ်ရောက်နေသည့် သားဖြစ်သူကို ဘာမှဆက်မပြောတော့။ အဝေးမှ ထန်းတောအုပ်ကို ငေးလျက် ပြောင်းဖူးဖက် ကိုသာ တွင်တွင်ဖွာနေသည်။

ပွဲစားများ ရွာမှပြန်သွားပြီး တလလောက် ကြာသည်အထိ နောက်ထပ် ဘာသတင်းမှ မကြားရတော့။ ထန်းတပင်ကို ငွေတသိန်း နှင့် ရောင်းချင်နေသည့် ဖိုးချက်တို့ ကိုအောင်ဒွန်းတို့လို ထန်းလေးသမားများကား ပွဲစားများ ပြန်အလာကို စောင့်မျှော်နေကြ သည်မှာ ဗျိုင်းလည်တံရှည်များကဲ့သို့။

ကိုအောင်ဒွန်း မောကြီးပန်းကြီးနှင့် ပေါက်ချလာသည်။ "ဖိုးချက်ရေ... မင်းကြားပီးပလား။ ပွဲစားတွေ ပြန်ရောက် နေပြီကွ။ ဒါပေသိ ငဒို့တွေဆီက ထန်းပင်တွေကိုတော့ တပင်ခြင်း နှစ်ပင်ခြင်းမို့ မဝယ်တော့ဘူးတဲ့ မောင်ရေ။ ဦးဘတူတို့ဆီက အပင် တွေကိုဘဲ အစုလိုက် ဝယ်မှာတဲ့။ အခုစက်လွှတွေနဲ့ ရေနီကန်ဖက်က ထန်းအုပ်တွေကို ဖြတ်နေပြီဟ။ " ဖိုးချက်နှင့် မမိုးဖြူတို့ကား ဘာမှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်။ ထီပေါက်ပြီးမှ ထီလက်မှတ် ပျောက်သူလို ဖြစ်နေသည်။ သည့်နောက် ကြားရတာကတော့ ဦးဘတူထံမှ ထန်းပင်အပင် နှစ်ရာကျော်ကို ပွဲစားများ ဝယ်သွားသည်တဲ့။ ငွေသိန်းပေါင်း နှစ်ရာကျော်ပေါ့။ ဘုရား ဘုရား သည်လောက်များတဲ့ ငွေတွေကို ဦးဘတူ ဘာလုပ်မှာပါလိမ့်။ သူတို့ကျတော့ ငွေရှိပြီးရင်းရှိ နေပါလား။ ဦးဘတူကလည်း သည်လို ပြောသည်။ ထိုရောင်းလိုက်သော ထန်းပင်များမှာ ထန်းရည်အထွက် မကောင်း တော့၊ ထန်းရည် မကျတချက် ကျတချက် အပင်များမို့ ရောင်းလိုက်ခြင်း ဖြစ်သည်တဲ့။

ဒါ့အပြင် တောင်သာဖက်က ရွာတွေမှာလည်း ထန်းပင်များ ခုတ်ရောင်းကြကြောင်း ကြားရပြန်သည်။ ပန်းအိုင်ဖက်မှာ ထန်းကြီး သမား တယောက် ထန်းပင်အပင် ငါးရာကျော်တောင် ရောင်းလိုက်ရသည်ဟု ကြားတော့ ဖိုးချက်တယောက် လောဘစိတ် ကြောင့် မေးကြောကြီးများ ထောင်လာသည်အထိ ဒေါသများ ဆူဝေလာသည်။ သို့သော် ဘယ်သူ့ကို သွား၍ ရန်လုပ် ရမှန်းမသိ။ ပွဲစားတွေက ကိုယ့်လို ထန်းကလေး သမားများထံမှ ထန်းလေးငါးပင်လောက်ကို အရေးစိုက်ပြီး ဝယ်ဖို့မှ စိတ်မဝင်စားတာ ဘာတတ်နိုင်မည်နည်း။ တချိန်တည်းတွင် သတင်းဆိုး များကလည်း ရှိသေးသည်။ တောင်သာဖက်က ဆူးပုတ်ကုန်းမှာတော့ အမွေဆိုင်ထန်းပင်များ ခုတ်ရောင်းတာ ရသည့်ငွေက သိန်းသုံးရာကျော် သည်တဲ့။ သို့သော် ရောင်းပြီးကာမှ အဝေမတည့် သောကြောင့် ညီအကိုအချင်းချင်း တုတ်တပျက် ဓားတပျက် ဖြစ်ကြသည်တဲ့။ ထန်းလှီးဓါးများဖြင့် အပြန်အလှန် ခုတ်ကြ သည်မှာ သုံးလောင်းပြိုင်ဟု စိတ်နောက်ဖွယ်ရာ ကြားရသည်။ ဒါ့အပြင် ခြုံကြီးဖက်မှာလည်း ခုတ်ရောင်းသော ထန်းပင်များက အများပိုင်ဆိုလား၊ နိုင်ငံတော်ပိုင်ဆိုလား ဖြစ်နေ၍ ရဲများနှင့် မြို့ပေါ်က အာဏာပိုင်များ ရောက်လာပြီး ဝင်တားရာက ရွာခံများနှင့် ပြဿနာတက်ကာ ခုတ်ကြထစ်ကြသည်တဲ့။ ရဲတင်းနှင့် အခုတ်ခံရ၍ ရဲမှူးသေသွားပြီး အာဏာပိုင်တချို့လည့်း အတွင်းလူနာ အဖြစ် မြင်းခြံဆေးရုံမှာ တင်ထားရ ပြန်သည်တဲ့။ ရွာသားနှစ်ဆယ် အစိတ်လောက်လည်း လူသတ်မှုများဖြင့် အဖမ်းခံရထားပြီး သေဒဏ်တောင် ကျမလိုလို ဖြစ်နေသည်ဟု ကြားရပြန်သည်။

ဒေါသများ၊ မောဟများ၊ လောဘများဖြင့် စိတ်ဂနာမငြိမ်ဖြစ်နေသော သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်အိမ်မြဲက ဘာမှ ဝင် မပြော။ ပိုဆိုးသွားမှာကို စိုးရိမ်၍ဖြစ်သည်။ ရက်ပေါင်း အတော်ကြာ၍ သားဖြစ်သူ စိတ်ပြေလောက်သည့် အချိန်တွင်မှ ဒေါ်အိမ်မြဲက "ငါ့သား... အမေတို့ သည်အရပ် တကြောလုံးဟာ အများအားဖြင့် ကြပ်တီးကုန်း၊ ကျောက်ကုန်းနဲ့ ကျောက် စရစ်ကုန်း တွေကွဲ့။ တခြားဘာမှ များများစားစား စိုက်လို့ပျိုးလို့ မရဘူး။ ဒါ့ကြောင့် ဒို့ ဘိုးစဉ်ဘောင်ဆက် ထန်းပင်နဲ့ဘဲ အသက်မွေးရတာကိုး။ ထန်းပင်မရှိရင် ငဒို့မှာ ဘာမှ မရှိတော့ဘူး။ ထန်းပင် မရှိတော့ရင် ရွာပျက်ဖို့ပဲ ကျန်တော့တယ်ကွဲ့။ အခုတောင် ခုတ်ရောင်းထားတဲ့ ထန်းပင်တွေက နည်းမှမနည်းတာ။ အမေပြောရင် မင်းက စိတ်ဆိုးချင်ဆိုးမယ်။ ဘာပဲ ပြောပြော ဒို့ရှိတဲ့ ထန်းပင်လေးတွေ မရောင်းလိုက်ရတာ အမေတော့ ဝမ်းသာတယ်။ "

သည်တခါတော့ ဖိုးချက်တယောက် သူ့အမေကို ဘာမှပြန်မပြောတော့။ အဝေးမှ စိမ်းညို့ညို့ ထန်းတောအုပ်ကို ငေး၍ကြည့်နေ ပြီး ပြောင်းဖူးဖက်ကိုသာ တွင်တွင်ကြီးဖွာ နေလေတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၆ ရက်၊ မေလ၊ ၂ဝဝ၉ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.