ရွက်မွန်စာမျက်နှာ

Tuesday, April 21, 2009

လူ့အခွင့်အရေးနှင့် ယနေ့ကမ္ဘာ (အပိုင်း ၄ — နိဂုံး)


ဝမ်ဒါ ၁၉၉၃

၁၉၉၃ ကာလတုံးက ရဝမ်ဒါနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့ရဲ့ ကွန်မင်ဒါကတော့ ဗိုလ်ချုပ် ရိုမီရို ဒလဲ ဆိုသူဖြစ်ပါတယ်။ သူက ကနေဒါနိုင်ငံသား တဦးပါ။ အဲသည့်အချိန်က ရဝမ်ဒါနိုင်မှာ တပ်စွဲထားတဲ့ ကုလ ငြိမ်းချမ်းရေးတပ် အရေအတွက်ဟာ လေးထောင့်ငါးရာခန့်ရှိပါတယ်။ ရဝမ်ဒါနိုင်ငံရဲ့ အစိုးရက တော့ လူမျိုးရေး အစွန်းရောက် ဟူတူအစိုးရ ဖြစ်ပါ တယ်။

ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များဟာ ၁၉၉၄ ခုမှာဖြစ်ခဲ့တဲ့ ဟူတူနဲ့တူစီ လူမျိုးစုများအကြား သတ်ဖြတ်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ရပါတယ်။ စဖြစ်ဖြစ်ခြင်း အချိန်ကာလတို အတွင်းမှာဘဲ တူစီလူမျိုးစု လူပေါင်း ရှစ်သိန်းအသတ်ဖြတ် ခံခဲ့ရပြီး ဖြစ်ပါတယ်။ လေ့လာသူ အချို့ရဲ့ အဆိုအရ စုစုပေါင်း တသန်းကျော်ခန့် သေဆုံးခဲ့ ကြောင်းလည်း ဆိုပါတယ်။ သို့သော် အဲသည့်အခြေအနေကို ကုလငြိမ်းချမ်းရေးတပ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ရိုမီရို ဒလဲက သက်ဆိုင်ရာ အထက် အဆင့်ဆင့် ကို အမြန်တင်ပြခဲ့ပေမဲ့ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။

ဘယ်အင်အားကြီး နိုင်ငံများကမှ သူတို့စစ်တပ်တွေကို ရဝမ်ဒါကို လွှတ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ လက်ရှောင်တဲ့ အပိုင်း လည်း ရှိနေတယ်လို့ အစွပ်စွဲ ခံခဲ့ရပါသေးတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ရဝမ်ဒါ ပြဿနာမတိုင်ခင် လေးလလောက်တုံးက ဖြစ်ပွား ခဲ့တဲ့ ဆိုမာလီယာက အရှုတ်အရှင်းကြောင့် လက်ရှောင်ခဲ့ကြတယ်လို့လဲ ဆိုပါတယ်။ ဆိုမာလီယာမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့၊ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ပါကစ္စတန်စစ်သားများနဲ့ အမေရိကန်စစ်သားများ ဆိုမာလီယာ သူပုန်များနဲ့ တိုက်ပွဲဖြစ်ရာက သေဆုံးခဲ့ကြရပါတယ်။ အဲသလို ပူပူနွေးနွေး ဖြစ်ထားခဲ့တာကြောင့် အဲသလို အဖြစ်မျိုးကို နိုင်ငံကြီးတွေက ရဝမ်ဒါမှာ ထပ်ပြီးကြုံတွေ့လိုတဲ့ ဆန္ဒ မရှိတဲ့အတွက် ကြောင့်လည်း ဖြစ်ပါတယ်။

အဲသလို အခြေအနေမျိုးအောက်မှာ ဗိုလ်ချုပ်ဒလဲက ကုလဌာနချုပ်ကို သူတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ လိုကြောင်း အစီရင်ခံ ပါတယ်။ အဲသလို မစွက်ဖက်ဖူးဆိုရင် နောက်ထပ် လူပေါင်းများစွာ သေကြေနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် ၃၆ နာရီအတွင်း ဝင်ရောက်စွက်ဖက်ဖို့ တင်ပြခဲ့ပါတယ်။ သို့သော် ထိုတင်ပြချက်ကို အဲသည့်အချိန်က ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က ပယ်ချခဲ့ပါတယ်။ ဒီလိုဝင်ရောက် စွက်ဖက်တာဟာ ကုလရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့လည်း အကြောင်းပြခဲ့ပါတယ်။

ဟူတူအစွန်းရောက် တွေကို ဟူတူအစိုးရက ပြည်သူ့စစ်များ အဖြစ်လေ့ကျင့်ပေးခဲ့ပါတယ်။ တူစီ လူမျိုးစုကို ဖိနှိပ်သတ် ဖြတ်ရာ မှာ အစိုးရစစ်တပ်က တိုက်ရိုက်သတ်တယ်လို့ အဖြစ်မခံလိုတဲ့အတွက် လူမျိုးစု အရပ်သားခြင်းအကြားမှာ ဖြစ်နေတဲ့ သာမန် ပဋိပက္ခအသွင်မျိုး ဖန်တီးလိုတာကလည်း တကြောင်းဖြစ်ပါတယ်။ ဟူတူသမတဖြစ်သူက သူ့အပေါ်မှာ အပြစ်တင်မခံရ လေအောင် ကစားခဲ့တာဆိုရင်လည်း မမှားပါဘူး။

များမကြာမှီအတွင်းမှာပဲ ဟူတူရေဒီယိုကနေတဆင့် တူစီလူမျိုးစုများကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုကို စတင်ခဲ့ပါတယ်။ ရေဒီယိုက အသံလွှင့်တဲ့နေရာမှာ တူစီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ တီကောင်များလို၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့ သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တူစီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ တူစီအမျိုးသမီးများကို ဟူတူအမျိုးသားများက မုဒိန်းကျင့်ကြပါတယ်။ ပြီးတော့ သတ်ဖြတ်ခဲ့ကြပါတယ်။

အဲသလို သတ်ဖြတ်မှုတွေ စတင်တော့ ဗိုလ်ချုပ်ဒလဲနဲ့ အဖွဲ့ဟာ သူတို့တတ်စွမ်းသလောက် ဝင်ရောက်တားဆီးခဲ့ပါ သေးတယ်။ သို့သော် အရေအတွက် နည်းပါးတဲ့ ကုလငြိမ်းချမ်းရေးတပ်ဟာ ထိုသတ်ဖြတ်မှုများကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ ပါဘူး။ ဒါ့အပြင် ကုလငြိမ်းချမ်းရေးတပ်သား (၁ဝ) ဦးခန့်ထက်မနည်း အသတ်ခံ ခဲ့ရပါတယ်။ ခြောက်ရက် အတွင်းမှာ တူစီလူမျိုး မြောက်များစွာ သေဆုံးခဲ့ပါတယ်။ အဲသည့်အချိန်မှာ အမေရိကန် သမတဖြစ်တဲ့ ကလင်တန်က အမေရိကန်အစိုးရ အနေနဲ့ အကူအညီ မပေးတဲ့အပြင် ကုလငြိမ်းချမ်းရေးတပ်ကို ရဝမ်ဒါကနေ ပြန်ခေါ်ဖို့ ကိုဖီအာနန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလတပ်ကို ရဝမ်ဒါကနေ ပြန်ပြီး ရုပ်သိမ်းခဲ့ ပါတယ်။

ပြောရမယ်ဆိုရင် (၁၉၄၈ ဂျီနိုစိုက်ဥပဒေ) အရ အဲသလို သတ်ဖြတ်နေခြင်းကို ကာကွယ်တားဆီးနိုင်ခွင့် ကုလသမဂ္ဂမှာ တရားဝင် အခွင့်အရေးရှိပါတယ်။ သို့သော်လည်း ကုလအနေနဲ့လည်း ဘယ်လိုနည်းကိုမှ အသုံးပြုပြီး တားဆီးနိုင် ခဲ့တာ မရှိ ခဲ့ပါဘူး။ ဒါကြောင့် သတ်ဖြတ်မှုများ စတင်ခဲ့တဲ့ ပထမနှစ်ပတ် သုံးပတ်အတွင်းမှာတင် လူပေါင်းသိန်းချီပြီး အသတ်ခံ ခဲ့ရတာ ဖြစ်တယ်လို့ အိုင်အာစီ အဖွဲ့ရဲ့ တွက်ချက်မှုများအရ သိရပါတယ်။ သို့သော်လည်း အသတ်ခံရလို့ ပြေးလွှားနေရတဲ့ တူစီ လူမျိုးစု တွေကို စားနပ်ရိက္ခာကူညီဖို့ကိုတော့ ကုလက ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် တူစီတွေ ဆက်ပြီး အသတ်ခံနေရ တာကိုတော့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။

ရက်ပေါင်း (၁ဝဝ) ကျော်ကြာမြင့်ခဲ့တဲ့ သတ်ဖြတ်မှုကြီးအတွင်းမှာ ဟူတူလူမျိုးစုတွေရဲ့ လက်ချက်ကြောင့် တူစီလူမျိုး ရှစ်သိန်း ကျော် (သို့) တသန်းကျော် အသတ်ခံခဲ့ရပါတယ်။

ပါမောက္ခ မိုက်ကယ်ဘားနတ်ရဲ့ အဆိုအရ ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ဘူးထရော့စ်ဂါလီက ကြားက နေပြီး ဗိုလ်ချုပ် ရိုမီရိုဒလဲကို ရဝမ်ဒါမှာ နောက်ပိုင်းဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ခဲ့သေးတယ်လို့ ဆိုပါတယ်။ သို့သော် ခဲမှန်ဖူးတဲ့ စာသူငယ်ဖြစ်သူ ဗိုလ်ချုပ်ဒလဲက လက်မခံခဲ့ပါဘူး။ ကနေဒါကို ပြန်သွားခဲ့ပြီး များမကြာမီမှာ ပင်စင် ယူသွားခဲ့ပါ တယ်။

အလားတူပါဘဲ။ အာဖရိကတိုက်မှာ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆူဒန်နိုင်ငံ ဒါဖောအရပ်မှာလည်း ၂ဝဝ၃ ခုနှစ်တုံးက မျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရခြင်း၊ ထွက်ပြေးရင်းဖြင့် ရောဂါဘယကြောင့် သေဆုံးခဲ့ရသူ သုံးသိန်းကျော် ရှိခဲ့ပါတယ်။ အိမ်နီးခြင်း နိုင်ငံများမှာ ဒုက္ခသည်အဖြစ် ထွက်ပြေးခုံလှုံရသူ နှစ်သန်းကျော် ရှိနေပါတယ်။ ဒီအဖြစ်အပျက်ကို ဒေါက်တာကဗီးလားဆိုသူ ဆူဒန်နိုင်ငံ အခြေစိုက် ကုလထိပ်တန်းအရာရှိက ၂၁ရာစုရဲ့ ပထမဆုံး မျိုးတုံးသတ်ဖြတ်မှု ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲသည့်အချိန်မှာ နိုင်ငံကြီးများနဲ့ ကုလသမဂ္ဂတို့ရဲ့ အာရုံဟာ အီရတ်အပေါ်မှာဘဲ ရှိနေ တာကြောင့် ဆူဒန်နိုင်ငံ ဒါဖောကိစ္စကို လစ်လျှူရှု့ခဲ့ခြင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဆူဒန်မှာကတော့ အာရပ်နွယ်ဖွား သူပုန်တွေက လူမဲလူမျိုးစုများကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကို အာရပ်နွယ်ဖွား အုပ်ချုပ်သူများက တဖက်မှာ မသိ သလိုနေခဲ့တဲ့အပြင် ထိုလက်နက်ကိုင် အာရပ်နွယ်ဖွား ပြည်သူ့စစ်များကို တိတ်တဆိတ် အကူအညီများလည်း ပေးခဲ့ ပါသေး တယ်။ ဆူဒန်နိုင်ငံက အာရပ်နွယ်ဖွား လက်နက်ကိုင်များ အနေနဲ့ လူမဲလူမျိုးစုများကို ကလေးလူကြီးပါမကျန် ဇာတ်နိမ့်သဖွယ်၊ တိရိစ္ဆာန်သဖွယ်သာ သဘောထားကြောင်း လေ့လာသူများက ဆိုပါတယ်။

ဒေါက်တာ ကဗီးလာအနေနဲ့ ၂ဝဝ၃ နဲ့ ၂ဝဝ၄ အတွင်း ဒါဖောမှာ ဖြစ်ခြင်တိုင်းဖြစ်နေတာတွေအတွက် ဝင်ရောက်တားဆီးဖို့ ကုလနဲ့ နိုင်ငံကြီးများကို အပြင်းအထန် ချည်းကပ်တင်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ ထိုအချိန်က အုပ်ချုပ်သူ ဆူဒန် အစိုးရကို ရှုံ့ချတာကလွဲလို့ ဘာမှပိုပြီးဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပါ။ နိုင်ငံကြီး တော်တော်များများဟာ အဲသည့်အချိန်က ဒါဖော ဒေသထက် စစ်ပွဲတွေဖြစ်နေတဲ့ ဆူဒန်တောင်းပိုင်းကိုသာ မဲပြီး အာရုံစိုက်ခဲ့ကြပါတယ်။

ဆူဒန် ပြည်ထဲရေးဝန်ကြီး အီဗရာဟင် ဟာမီးစ်က ဒါဖော သတ်ဖြတ်နေမှုတွေဟာ မဟုတ်မမှန်ကြောင်း အခြေအနေတွေ ဟာ ပုံမှန်ဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း လိမ်လည်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆူဒန်အစိုးရက လက်မခံတော့လို့ တနည်း ပြောရရင် ဆူဒန်ကနေ နှင်ထုတ်တော့မှာမို့လို့ ဒေါက်တာကဗီးလာဟာ သူ့တာဝန်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒါဖောဒေသရဲ့ ဂျန်ဂျိုဝီ အရပ်မှာ အာရပ်နွယ်ဖွား လက်နက်ကိုင်တွေက ရေကန်တွေထဲမှာ အဆိပ်ခတ်ခဲ့လို့ ဘလက် အာဖရိကန် (သို့) လူမဲ အာဖရိကန်များ အများအပြား သေဆုံးခဲ့ပါတယ်။ အမျိုးသမီးပေါင်း များစွာလည်း မုဒိန်းကျင့်ခံခဲ့ ရပါတယ်။

ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင် လူ့အခွင့်အရေးဆိုတာဟာ မပြောမဖြစ်လို့ နိုင်ငံကြီးများနဲ့ ကုလတို့က အမြဲပြောနေ ကြရတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ နိုင်ငံရေးနဲ့ အကျိုးစီးပွားတို့က လူ့အခွင့်အရေးအပေါ် အမြဲအနိုင်ယူလေ့ ရှိတာကို ရှင်းရှင်း ကြီးမြင်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အုပ်ချုပ်သူ စစ်အစိုးရက လူ့အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် နေသော်လည်း အိမ်နီးချင်းအစိုးရများ၊ အဝေးက နိုင်ငံကြီးများ အနေနဲ့ စုတ်သတ်ရုံကလွဲလို့ ဘာကို ထိထိ ရောက်ရောက် စွက်ဖက်တာ အကူအညီပေးတာ မရှိသေးပါ။

မနှစ်ကဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကို နမူနာထားပြီး ကြည့်နိုင်ပါတယ်။ လူပေါင်း တသိန်းကျော်သေဆုံးရပြီး နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ နိုင်ငံသားတွေကို ညှာတာမှုမရှိတဲ့ အစိုးရအပေါ်မှာ ဘယ်နိုင်ငံကမှ အပြစ်တင်တာမျိုး မရှိခဲ့ပါဘူး။ မုန်တိုင်းပြီးကာစမှာဘဲ ငတ်နေတဲ့ဒုက္ခသည်တွေ အကြားမှာ စစ်အစိုးရဲ့ ဖွဲ့စည်းပုံအသစ်ကို ဖုတ်ပူမီးတိုက် အတည်ပြုခဲ့တာ ကိုလည်း အားလုံးသိကြပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ထောင်သွင်းအကျဉ်းချ ခံထား နေရပါတယ်။ စာနာတယ်ဆိုတဲ့ အသံကလွဲလို့ ထိရောက်တဲ့ အကူအညီများ ဘယ်သူ့ဆီကမှ မရသေးပါ။ တိုင်းရင်းသား ပြည်နယ်တွေမှာ ကြည့်ပြန်ရင်လည်း ဖိနှိပ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြားခြင်မှ အဆုံးပါ။ အဲသလို အခြေ အနေမျိုးမှာ မြန်မာနဲ့ နိုင်ငံခြားသား ပညာရှင်အချို့က စစ်အစိုးရအပေါ်မှာ ထားရှိတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုပေါ်လစီကို ပြန်ရုပ်သိမ်းဖို့၊ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လော်ဘီလုပ်နေကြပါတယ်။

တိုင်းပြည်တခုမှာ စီပွါးရေးတိုးတက်မှုဟာ မလွဲမသွေ အရေးကြီးပါတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက် နေတာ တွေကို မျက်ကွယ်ပြုပြီး အကျိုးစီးပွါးတခုထဲအတွက်သာ ကြည့်ကြမယ်ဆိုရင်တော့ ရေရှည်မှာ လူ့အဖွဲ့စည်းများအတွက် ရင်လေး စရာ သာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

(ခံဝန်ချက်။ ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်အများစုသည် မတ်လအတွင်းက ထုတ်လွှင့်သော စီအန်အန် ရုပ်မြင်သံကြား အစီအစဉ်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။)

ဇော်မင်း (လူ့ဘောင်သစ်)
၂ဝ ရက် ဧပြီလ ၂ဝဝ၉ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.