ရွက်မွန်စာမျက်နှာ

Friday, September 11, 2015

စေတနာနဲ့ နိုင်ငံများအတက်အကျ

ဒု
တိယကမ္ဘာစစ်ကြီး ပြီးတော့ ဂျပန်နိုင်ငံဟာ စစ်ဒဏ်ကြောင့် ပြာပုံအတိဆိုသလို ဖြစ်နေခဲ့ရပါတယ်။ အမေရိကန်တွေရဲ့ ဗုံးဒဏ်ကြောင့် အဓိကအားဖြင့် စက်ရုံ အလုပ်ရုံတွေ အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ အနုမြူဗုံးဒဏ်ကြောင့်လည်း နိုင်ငံသားတွေ တုန်လှုပ်ထိခိုက်ရပါတယ်။ ဒါပေမဲ့ ဂျပန်တွေဟာ ဖြစ်သမျှအကြောင်း အကောင်းပဲလို့ သဘောမပိုက်ဘဲ ပြာပုံထဲကနေ ကုန်းရုန်းထပါတယ်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နေ့မအားညမနား လုံ့လပြုပြီး စတင် တည်ဆောက်ပါတယ်။

အမေရိကန်အစိုးရအလိုကျ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ရေးဆွဲပြဌာန်းခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်ကို အနောက်တိုင်းစတိုင်အတိုင်း ကျင့်သုံးခဲ့တာ အခုအထိပါပဲ။ နိုင်ငံရေးပါတီတွေဟာ အာဏာရရေးကို ရွေးကောက်ပွဲ ကနေ တဆင့် ကြိုးစားခဲ့ပါတယ်။ အာဏာရရေး ကြိုးစားနေသလို နိုင်ငံကိုတဖက်မှာ တိုးတက်သထက် တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ အာဏာအတွက် ပြိုင်ဆိုင်နေကြလို့ တိုင်းပြည်တိုးတက်ရေးအတွက် မေ့လျော့ ခဲ့တယ် ဆိုတာမျိုး မရှိခဲ့ပါဘူး။ ဂျပန်စစ်ပြန်တွေဟာ အရပ်ဝတ်လဲပြီး ကျရာနေရာကနေ တိုင်းပြည်ပြန်လည် ထူထောင်ရေး အတွက် ဇယ်ဆက်သလို အလုပ်လုပ်ခဲ့ကြပါတယ်။ ထူးခြားတာနောက်တခုကတော့ စစ်ကြီးအပြီး ဂျပန်နိုင်ငံမှာ လယ်မဲ့ ယာမဲ့ လယ်သမားများအတွက် လယ်ယာမြေဝေချမ်းရေး ထပ်မံပြုလုပ်ခဲ့တာ ထူးခြားချက်တခုဖြစ်ပါတယ်။
ဘယ်သူ့ဆီကမြေကိုမှ အလကားသိမ်းယူတယ်ဆိုတာ မရှိခဲ့ပါ။ စိုက်ပျိုးရေးလည်း အောင်မြင်ခဲ့သလို စက်မှုလုပ်ငန်းများမှာ လည်း နိုင်ငံတကာ ဈေးကွက်အထိရောက်အောင် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဘာကြောင့် အောင်မြင်ခဲ့တာလဲ ဆိုတာကို သုံးသပ်ကြည့်လိုက်တော့ ပြာပုံထဲကနေ တိုင်းပြည်ကိုပြန်လည်ထူထောင်ရာမှာ အဆင့်ဆင့် နိုင့်ထက်စီးနင်း မရှိဘဲ၊ အပြန်အလှန်လေးစားမှုနဲ့ ရေသာမခိုပဲ တမျိုးသားလုံး ပူးပေါင်း ဆောင်ရွက်နိုင်တာကြောင့် ဖြစ်တယ်ဆိုတာကို မြင်ရ ပါတယ်။ ပြောရရင် ကိုယ့်တိုင်းပြည် အပေါ်မှာ စေတနာရှိလို့ပါ။

မြန်မာပြည်ရဲ့ အိမ်နီးချင်းကပ်လျှက်ဖြစ်တဲ့ ထိုင်းနိုင်ငံကိုလည်း ကြည့်ကြရအောင်ပါ။ ၁၉၃၂ ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာ ၁၈ ကြိမ်၊ ၁၉ ကြိမ်လောက် ရှိခဲ့ပါပြီ။ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ် ပါတယ်။ အခု လက်ရှိမှာလည်း စစ်တပ်က အာဏာသိမ်းထားပါတယ်။ စစ်တပ်အာဏာသိမ်းတာ များလွန်းတာကြောင့် တိုင်းပြည် စီးပွားရေး ထိခိုက်တော့မလားဆိုပြီး နိုင်ငံတကာကမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘေးကမြင်သလို စီးပွားရေး ကျဆင်း မသွား ခဲ့ပါဘူး။ ဘောဂဗေဒပညာရှင်များ တွက်ချက်ပြတဲ့အတိုင်းဆိုရင် စစ်အာဏာသိမ်းမှု မကြာခဏဖြစ်နေပေမဲ့ စီးပွားရေး တိုးတက်နှုန်းဟာ တနှစ်ကို ခုနှစ်ရာခိုင်နှုန်းနဲ့ တိုးတက်လာနေတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ မြင်ရတာကတော့ စစ်တပ်ကအာဏာသိမ်းတဲ့ ကာလများမှာ ထိုင်းစစ်ခေါင်းတွေက စီးပွားရေးမထိခိုက်အောင် စီးပွားရေးအရ လွတ်လပ်စွာလုပ်ကိုင်ခွင့်ကို မနှောက်ယှက်တာကြောင့် ဖြစ်ပါတယ်။ တခုတော့ ရှိပါတယ် အဲတာကတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းတွေမှာ ရှယ်ယာတွေ ရရှိတာကြောင့်ဖြစ်ပါတယ်။ စစ်အာဏာ သိမ်းထားပေမယ့် စီးပွားရေးကို အထိခိုက်ခံလို့ မဖြစ်ဖူးဆိုတဲ့အမြင် ရှိတာကြောင့်ပါ။ နောက်တချက်က ထိုင်းနိုင်ငံမှာ လယ်သမားတွေဆီက လယ်ယာမြေတွေကို အစုလိုက်အပြုံလိုက် သိမ်းယူတယ်ဆိုတာ မရှိခဲ့ပါဘူး။ ပညာတတ် တက်ခနို ခရက်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ စီးပွားရေးသမားတွေ အကျိုးစီးပွားတူ ပူးပေါင်းဆောင်ရွက်ရင်း စီးပွားရေး လုပ်ငန်းများက တဆင့် ချမ်းသာလာခဲ့ပါတယ်။ အဲသလို တိုးတက်လာပေမယ့် ချမ်းသာကြွယ်ဝမှု မညီမျှသေးတဲ့ တိုင်းပြည် ဖြစ်နေဆဲပါ။ သို့သော်လည်း လူတိုင်းအသားဟင်းနဲ့ ထမင်းစားနိုင်လာပါတယ်။ လူတိုင်းကလေးတွေကို ကျောင်းထားလာနိုင် ပါတယ်။ လယ်သမား တွေလည်း တိုက်တွေကားတွေနဲ့ နေနိုင်လာပါတယ်။ စိုက်ပျိုးရေးတိုးတက်လာတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာ အောင်မြင်မှုတွေ ရလာပါတယ်။ စက်မှုလုပ်ငန်းလည်း ဂျပန်လိုနိုင်ငံမျိုးကို မမီပေမယ့် အတိုင်းအတာ တခုအထိ တိုးတက်လာနေပါတယ်။ ခရီးသွားလုပ်ငန်းကလည်း တိုင်းပြည်ရဲ့ အားကိုးရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ စစ်အာဏာ သိမ်းတာများလို့ အရပ်သားနိုင်ငံရေးသမားတွေ အာဏာလုနေကြလို့ စီးပွားပျက်သွား တာမျိုးမရှိတဲ့ တိုင်းပြည် ဖြစ်ကြောင်း မြင်ရပါတယ်။ စစ်အာဏာမကြာခဏ သိမ်းနေတဲ့ ထိုင်းနိုင်ငံရဲ့ ထူးခြားချက်တခုကတော့ ပညာရေး အဆင့် အတန်း နိမ့်မသွားဘဲ ပိုမိုမြင့်မားလာခြင်း ဖြစ်ပါတယ်။ အစိုးရပိုင်ကျောင်းတွေ တက္ကသိုလ်တွေ ရှိနေသလို တသီး ပုဂ္ဂလ ပိုင်ကျောင်းတွေ တက္ကသိုလ်တွေ တစတစများပြားလာပါတယ်။ သင်ခန်းစာ ယူစရာတော့ မူလကဆင်းရဲခဲ့တဲ့ ထိုင်းလို နိုင်ငံ မှာ အခုဆိုရင် မြန်မာနိုင်ငံသား အလုပ်သမား ၃. ၅ သန်းခန့် အလုပ်လုပ်ကိုင် နေပါတယ်။

နောက်အိမ်နီးချင်း နိုင်ငံတခုကတော့ ဗီယက်နမ်ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကြီးဟာ ၁၉၇၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အမေရိကန်တွေ ဗုံးကြဲခဲ့လို့ ရွာတွေကိုမီးရှို့ခဲ့လို့ ဖွတ်ဖွတ်ကျေခဲ့ရတဲ့ နိုင်ငံတခုပါ။ စစ်ကြီးအတွင်း ဗီယက်နမ်နိုင်ငံသား အနည်းဆုံး သုံးသန်းကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကနေ့မှာတော့ ဗီယက်နမ်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုအရ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေတယ်လို့ အများကသုံးသပ်ပါတယ်။ နှစ်ပေါင်းလေးဆယ်အတွင်း တိုင်းပြည်ကို ဦးမော့ လာအောင် ဆောင်ရွက်ခဲ့တာ ချီးကျူးစရာဖြစ်ပါတယ်။ ဗီယက်နမ်ဟာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ တိုင်းပြည် မဟုပါဘူး။ ကွန်မြူနစ်ပါတီတခုထဲပဲ ကနေ့အထိ ဦးဆောင်နေဆဲတိုင်းပြည်ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ တခုထဲက ဦးဆောင် နေတယ်ဆိုပေမယ့် နိုင်ငံသားတွေကို ဖိနှိပ်တာမျိုး နှိပ်စက်ကလူပြုနေတာမျိုး မရှိတာက ထူးခြားချက်တခုပါ။ အခုဆိုရင် ဗီယက်နမ်ဆန်ဟာ နိုင်ငံတကာဈေးကွက်မှာ ထိုင်းဆန်ကို ယှဉ်ပြိုင်လာနေပါပြီ။ ကိုယ့်တိုင်းပြည်အပေါ် စေတနာကောင်းရင် တိုးတက်တယ်ဆိုတာ မြင်ရပါတယ်။

နောက်တနိုင်ငံကတော့ မြန်မာပြည်နဲ့ အတော်လေးဝေးတဲ့ တိုင်းပြည်တခုပါ။ အာဖရိကတိုက်မှာ တည်ရှိပါတယ်။ ဂါနာ နိုင်ငံ ဖြစ်ပါတယ်။ ဂါနာနိုင်ငံဟာ တချိန်က အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ ထွက်သွားတော့ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ပါတယ်။ ၁၉၅ဝ ခုနှစ် နှစ်များဆီတုန်းက ဂါနာနိုင်ငံဟာ စီးပွားရေးကောင်းမွန်ခဲ့တဲ့ တိုင်းပြည်ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်တွေထဲမှာ အဓိကအကျဆုံးကုန်ကတော့ ချောကလက်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကိုကိုးဖြစ်ပါတယ်။ ကိုကိုးခြံတွေ အမြောက်များရှိပါတယ်။ ဂါနာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက တစတစ မြင့်လာတာကြောင့် တခြားသော နိုင်ငံငယ်များက လာရောက်လေ့လာကြပါတယ်။ အဲသလို လာရောက်လေ့လာတဲ့ နိုင်ငံများမှာ တောင်ကိုရီးယားနိုင်ငံလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီအချိန်က ဂါနာနိုင်ငံရဲ့ ဂျီဒီပီပမာဏဟာ တောင်ကိုရီးယားတောင် ငေးကြည့်ရတဲ့အထိ မြင့်မားခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက နောက်ပိုင်းမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ပါလီမန် ဒီမိုကရေစီစနစ် ပျက်သုံးခဲ့ပါတယ်။ တချိန်ထဲမှာလည်း အာဏာသိမ်း စစ်တပ်ရဲ့ ဖိနှိပ်မှုရက်စက်မှုကြောင့် တိုင်းပြည်စီးပွားရေး တစတစယိုယွင်းလာပါတယ်။ ပညာတတ်တွေ နိုင်ငံခြား ထွက်ကုန်ပါတယ်။ စစ်အာဏာသိမ်းတာကြောင့် တိုင်းပြည်ဆုတ်ယုတ် ခဲ့တာအခုအထိပါပဲ။ ဒီနေရာမှာ နိုင်းယှဉ်ကြည့် နိုင်တာက ထိုင်းနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ထိုင်းမှာက စစ်အာဏာ ခဏခဏသိမ်းပေမယ့် စီးပွားမပျက်ဘူး။ ဂါနာကတော့ စီးပွားပျက်သွားလိုက်တာ မြန်မာပြည်နဲ့ သွားတူနေပါတယ်။

တချို့တိုင်းနိုင်ငံတွေဘာကြောင့် တိုးတက်လာပြီး တချို့ဘာကြောင့် ကျရှုံးရတာလဲ။ မြန်မာဆန်ဆန် ပြောရရင်တော့ အုပ်ချုပ်တဲ့သူ စေတနာမမှန်လို့ ဖြစ်ရတာလို့ ဆိုနိုင်ပါတယ်။ စီးပွားရေးပညာရှင်များ အလိုအရ ပြောရရင်တော့ စီးပွားရေး ကို မှန်မှန်ကန်ကန် မခန့်ခွဲနိုင်လို့ ဖြစ်ရတာလို့ ဆိုနိုင်ပါသေးတယ်။ မခန့်ခွဲနိုင်ရတာကလည်း စီးပွားရေအမြင် တိုတောင်းတဲ့ သူတွေ လက်ထဲ အာဏာရောက်သွားတာကြောင့် ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်များ အဆိုအရ ပြောရမယ်ဆိုရင် လွတ်လပ်မှု ကင်းမဲ့တာကြောင့် ဆုတ်ယုတ်ခြင်းကိုဦးတည်သွားတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ လွတ်လပ်မှုဆိုတာနဲ့ ပတ်သက်လို့ ပြောရရင် လွတ်လပ်မှုကမျိုးစုံ ရှိနေပါတယ်။ အဲသလိုမျိုးစုံရှိနေတဲ့ လွတ်လပ်မှုကို တချို့သော အုပ်ချုပ်သူများက ပါးပါးနပ်နပ် အသုံးချတတ်သလို တချို့သော အုပ်ချုပ်သူများကတော့ အသုံးမချတတ်ပါဘူး။ ထိုင်းစစ်အာဏာပိုင်တွေက ဒီနေရာမှာ ပါးပါးနပ်နပ် အသုံးချတတ်တယ်ဆိုတာ မြင်ရပါတယ်။ ဘာတွေမြင်ရသလဲ ဆိုတော့ ပထမအချက်အနေနဲ့ စစ်အာဏာသိမ်းကာလဟာ တိုတောင်းခြင်းဖြစ်ပါတယ်။

နှစ်ငါးဆယ်ခြောက်ဆယ် အာဏာသိမ်းတာမျိုး မဟုတ်ပါဘူး။ ဒုတိယတချက်ကတော့ စစ်အာဏာသိမ်းကာလမှာ စီးပွားရေးလုပ်ငန်းတွေ မပျက်စီးအောင် နားလည်သူတွေ တတ်ကျွမ်းသူတွေနဲ့ အရှိအဟုန်မပျက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာမှာ စစ်တပ်က လွတ်လပ်မှု ဆိုတာကို ဖွင့်ထားမပေးဘဲ အပြည့်ကိုင်ထားပေမယ့် စီးပွားရေးမှာ လွတ်လပ်မှုရှိအောင် ဖွင့်ထားပေးခြင်းဖြစ်ပါတယ်။ လွတ်လပ်မှုရှိအောင် ဖွင့်ထားပေးတယ် ဆိုပေမယ့် လူနည်းစု ခရိုနီတွေနဲ့ ပေါင်းရိုက်ပြီး ရသမျှကိုယ့်အိတ်ထဲ အကုန်ထည့်တာမျိုး မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ပညာရေး ကျန်းမာရေး ကဏ္ဍတွေ နိမ့်မသွားအောင် စီမံနိုင်ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံရေးကိစ္စတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေပေမယ့် တစုံလုံးသော တိုင်းပြည်စီးပွားရေးဟာ ကျဆင်းမသွားသင့်ဘူးဆိုတဲ့ အမြင်ကိုလက်ကိုင်ထားတာကြောင့် တချို့နေရာတွေမှာ ဖွင့်သင့်တာကို ဖွင့်ပေးပါတယ်။ အကုန်ပိတ်မထားပါဘူး။

ကျနော်တို့ မြန်မာပြည်ကတော့ စစ်အာဏာနဲ့ နှစ်ပေါင်း ငါးဆယ်အုပ်ချုပ်လိုက်တာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ်။ အခု ပါတီစုံဒီမိုကရေစီ ဆိုပေမယ့် အုပ်ချုပ်ရေးအာဏာ၊ ပြဌာန်းထားတဲ့ ဥပဒေများနဲ့ စီးပွားရေးအခွင့်အလမ်း အားလုံးဟာ စစ်တပ်၊ ဗိုလ်ချုပ်ဟောင်းများနဲ့ ခရိုနီများ လက်ထဲမှာသာ ရှိနေပါတယ်။ ဒါတွေအားလုံးကို ပြောင်းလဲပြစ်ဖို့ လိုပါတယ်။ လက်ရှိ အုပ်ချုပ်သူက တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာမရှိဘူးဆိုတာကို မြင်ရရင် စေတနာရှိတဲ့ သူတွေလက်ထဲ အာဏာရဖို့ လိုတယ်ဆိုတာကို ပြောလိုပါကြောင်း။

ဇော်မင်း
၂၇ ရက်၊ သြဂုတ်လ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.