ရွက်မွန်စာမျက်နှာ

Thursday, November 19, 2015

မြန်မာပြည်ကို ပါရီ မဖြစ်စေလိုပါ

နေ့က အွန်လိုင်းပေါ်မှာ ကဗျာတပုဒ် ဖတ်လိုက်ရပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်အမည်ကို ရှမ်းပြည်ဟာ ငါတို့ရဲ့ပါရီ လို့ပေး ထားပါတယ်။ ကဗျာဆရာမကတော့ (ဒေါ်) ခိုင်မာကျော်ဇောပါ။ အားလုံး ကြားသိထားတဲ့အတိုင်း ရက်များမကြာခင်က ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီမှာ အစွန်းရောက်အစ္စလမ်အကြမ်းဖက်သမားတွေ ပစ်ခတ်တိုက်ခိုက် ဗုံးခွဲခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ တရာကျော်သေဆုံးခဲ့ပါတယ်။ သုံးရာနီးပါးဒဏ်ရာရခဲ့ပြီး ၉၉ ဦးလောက်တော့ စိုးရိမ်ဖွယ်အခြေအနေ အောက်မှာ ကုသခံနေရပါတယ်။ ဒီလိုသေဆုံးဒဏ်ရရခဲ့တဲ့သူတွေဟာ လက်နက်ကိုင်တွေမဟုတ်ပါဘူး။ သာမန် အရပ်သူအရပ်သားတွေ လက်နက်မဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်။

ရှမ်းပြည်မှာ ရွေးကောက်ပွဲပြီးကထဲက အစိုးရတပ်နဲ့ အက်စ်အက်စ်အေမြောက်ပိုင်း အဖွဲ့အကြားမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန် လာပါတယ်။ အစိုးရတပ်က တိုက်လေယဉ်တွေသုံးပြီး တိုက်ခိုက်လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေ ပိုပြီးနစ်နာ ခံစားရတာကို ကဗျာဆရာက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ပါရီမြို့နဲ့နိုင်းယှဉ်ပြီး ရေးဖွဲ့ထားတာပါ။ ရှမ်းပြည်ဟာ ကျယ်ပြောတဲ့ ဒေသကြီးတခုပါ။ ရှမ်းလူမျိုးက ရှမ်းပြည်မှာ လူများစုဖြစ်ပေမယ့် ပအို့ဝ်၊ ပလောင်၊ ဝ၊ လီရှော၊ မြန်မာ၊ တရုတ် အပါအဝင် တခြားသော တိုင်းရင်းသား လူမျိုးအုပ်စုများလည်း မီတင်းနေထိုင်ကြပါတယ်။ စစ်ဆိုတာဟာ အကြမ်းဖက်မှုပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံး နစ်နာရတာက လက်နက်မဲ့ ပြည်သူပြည်သားတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အများဆုံး နစ်နာရသူ တွေက ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ဖြစ်ပြီဆိုရင် စစ်ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းစဉ်ကိုတပ်တပ်၊ လူမျိုးရေး ခေါင်းစဉ်ကို တင်တင်၊ လွတ်မြောက်ရေးခေါင်းစဉ်ကိုပဲသုံးသုံး ဒါမှမဟုတ် သူပုန်သူကန်တွေကို နှိမ်နင်းရတယ်လို့ပဲဆိုဆို အပြစ်မဲ့တဲ့ ပြည်သူတွေ တိုက်ခိုက်ခံရလို့ သေဆုံးရခြင်း၊ အိုးအိမ်များကို စွန့်ခွါထွက်ပြေးရခြင်းတို့ဟာ အကြမ်းဖက်မှု ကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာပြည် တနံတလျားမှာ ပါရီမြို့တော်အကြမ်းဖက်ခံရသလို အဖြစ်အပျက်မျိုးတွေ အမြောက် အများ ဖြစ်ခဲ့ဖူး ပါတယ်။ တချို့နေရာများမှာလည်း ဆက်လက်ဖြစ်နေဆဲ ရင်ဆိုင်နေရဆဲပါ။ အခုလတ်တလောမှာ ရှမ်းပြည်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည်ပေါင်း တသောင်းကျော်သွားပြီလို့ သိရပါတယ်။

ဟိုရှေးတုန်းက နိုင်ငံရေးသမားကြီးတွေ ပြောလေ့ပြောထ ရှိခဲ့တာ တခုရှိပါတယ်။ အဲတာကတော့ ရှမ်းပြည်တခုလုံး ငြိမ်းချမ်း သာယာပြီဆိုရင် မြန်မာပြည် နိုင်ငံရေးပြဿနာ တစုံလုံးရဲ့ တဝက်ကို ဖြေရှင်းပြီးတာနဲ့ အတူတူပဲလို့ ဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့ ရှမ်းပြည်ဟာ ကျယ်ပြောသလောက် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းရော လက်နက်မကိုင်တဲ့ အဖွဲ့ အစည်းပါ များပြားတာကြောင့် ဖြစ်ပါတယ်။ တချို့လက်နက်ကိုင် အဖွဲ့အစည်းများကတော့ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်ဖို့ ပေါ်ပေါက် လာခဲ့တာဖြစ်ပြီး တချို့သောလက်နက်ကိုင် အဖွဲ့အစည်းများကတော့ အစိုးရအဆက်ဆက်ရဲ့ ဖန်တီးမှုကြောင့် နယ်မြေကာကွယ်ရေး၊ သောင်းကျန်းသူတန်ပြန် နှိမ်နင်းရေး အစရှိတဲ့ ခေါင်းစဉ်အောက်မှာ ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။

အခုခေတ်မှာတော့ ရှေးနိုင်ငံရေးသမားကြီးတွေ ပြောသလို ပြောလို့မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ရှမ်းပြည်တခုထဲမှာတင် မဟုတ်တော့လို့ပါ။ ကချင်ပြည်နယ်မှာလည်း စစ်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံ စစ်ရှောင်ဒုက္ခသည် အရေအတွက်ဟာ လေးသောင်းကျော် ငါးသောင်းနီးပါး ရှိနေပြီလို့ သိရ ပါတယ်။ လောက်ကိုင်မှာလည်း အရှိန်မသေသေးပါ။ တအောင်းပလောင်လက်နက်ကိုင်များနဲ့ အစိုးရတပ်များ အကြားမှာလည်း တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ကရင်ပြည်နယ် ထဲမှာတော့ ရှမ်းနဲ့ကချင်ဒေသတွေလောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် လက်နက်ကိုင် အထိအရှမျိုးတွေ ကြိုးကြားကြိုးကြား ဖြစ်နေတာမြင်ရပါတယ်။
နောက်တချက်ကတော့ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ပွားပေမယ့် မြန်မာပြည်တဝှမ်းမှာ အိုးအိမ်လယ်ယာမြေနဲ့ အသက် မွေးဝမ်းကျောင်းလုပ်ငန်း အစရှိတာတွေ ဆုံးရှုံးနေတဲ့ နိုင်ငံသားတွေလည်း မနည်းလှပါဘူး။ သူတို့ဟာ ခန္ဓာကိုယ်အရ သွေးထွက်သံယို မခံစားရပေမယ့် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုတွေကြောင့် ဘဝတချမ်း သေနေတဲ့လူများလို ဖြစ်နေပါတယ်။

အခုအစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေမြောက်ပိုင်းဟာ အန်စီအေ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးတဲ့ အဖွဲ့များထဲက တဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့များဟာ အတိုင်းအတာတခုအထိ အင်အားရှိပါတယ်။ ဥပမာ ကေအိုင်အေ၊ ဝ၊ အက်စ်အက်စ်အေမြောက်ပိုင်း စသဖြင့် ဖြစ်ပါတယ်။ အန်စီအေမှာ လက်မှတ်မထိုးတာကြောင့် အစိုးရဖက်က တိုက်ခိုက်ရတယ်ဆိုတာမျိုးက နည်းလမ်းမကျဘူးလို့ မြင်ပါတယ်။ လက်မှတ်မထိုးသေးလဲ ဘာမှမဖြစ်ပါ။ သေနတ်ဖောက်စရာ မလိုပါ။ လက်မှတ်ထိုးချင်လာအောင် အစိုးရဖက်က ဆွဲဆောင်စည်းရုံးဖို့ပဲ လိုပါတယ်။ စည်းရုံးတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်နဲ့တော့ စည်းရုံးဖို့လိုပါတယ်။
အခုဟာက တိုက်လေယဉ်တွေပါသုံးပြီး တိုက်ခိုက်တယ်ဆိုတော့ နှစ်ဖက်ကြားမှာ ဟနေတဲ့ အခြေအနေက ပိုဟသွားဖို့ပဲ ရှိတယ်လို့မြင်ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေဖြစ်တာကြောင့် နှစ်ဖက်စစ်သည်တွေ သေဆုံးရတယ်၊ ဒေသခံတွေလည်း ကြားထဲက ဓားစာခံဖြစ်ရပါတယ်။ ပိုဆိုးတာက အတိုင်းအတာအခုအထိ အင်အားကောင်းတဲ့ လက်နက်ကိုင် အဖွဲ့တွေကို တိုက်ပွဲကြီးတွေနဲ့ စစ်ဆင်တိုက်ခိုက်ရတာကြောင့် အစိုးရအတွက် စစ်အသုံးစရိတ် ပိုကုန်ပါတယ်။ ဒီလိုစစ်ပွဲကြောင့် ကုန်ရမယ့်ငွေတွေကို တခြားနေရာတွေမှာ အသုံးပြုနိုင်မယ် ဆိုရင် ပိုမကောင်းဘူးလားဆိုတာက မေးစရာဖြစ်လာပါတယ်။ စစ်ကြောင့် ကုန်သွားတဲ့ငွေတွေ၊ အရပ်သူအရပ်သားများရဲ့ ဆုံးရှုံးမှုတွေ အားလုံးဟာ တကယ်တော့ ဒီတိုင်းပြည်ရဲ့ အရင်းအမြစ်တွေပါ။

တကယ်တန်း အမှန်အတိုင်းပြောရရင် တပ်မတော်ဟာ လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အမိန့်ကို တလျှောက်လုံး မနာခံဘူးလို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာလည်း သမ္မတက တိုက်ပွဲတွေရပ်ဖို့ ညွှန်ကြားတာကို မနာခံခဲ့တာ အားလုံးသိပါတယ်။ တပ်မတော်အနေနဲ့ သမ္မတညွှန်ကြားတာကို မနာခံတာကို သမ္မတအနေနဲ့လည်း ဘာမှမတတ်နိုင်တာ မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ရဲ့ အစိုးရဖွဲ့စည်းပုံမှာ တကယ်တန်းတော့ သမ္မတအထက်မှာ ကာကွယ်ရေး ဦးစီးချုပ်က ရှိနေတာကြောင့်ပါ။ အဲသလို ရှိနေရတာကလည်း ၂ဝဝ၈ နာဂစ် ဖွဲ့စည်းပုံကြောင့်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ဘူး ဆိုရင်တော့ နောင်အနာဂတ်မှာလည်း ပြည်သူရွေးကောက်တဲ့ အရပ်သားအစိုးရဆိုတာ စစ်တပ်ကိုကျော်လို့ မရဘဲ ဖြစ်နေမှာပါ။ မဆိုစကောင်း ဆိုစကောင်း ပြောရရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုရင် နောင် မြန်မာပြည်မှာ အစိုးရနှစ်ရပ် ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။ အဲတာကတော့ ပြည်သူရွေးထားတဲ့ အရပ်သား အစိုးရနဲ့ စစ်အစိုးရ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။

အန်စီအေ ကိစ္စပြန်ကောက်ရရင် အန်စီအေမှာ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘာကြောင့် လက်မှတ် မထိုးခဲ့တာလဲ။ အကြောင်းရှိပါတယ်။ လက်မှတ်မထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆန္ဒက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုံလောက်စိတ်ချရတဲ့ ကတိကဝတ်မရရှိဘဲ လက်မှတ်မထိုးချင်ပါဘူး။ စစ်တိုက်ရတာကို ပျော်လို့ အစိုးရနဲ့ ဆက်ပြီး စစ်တိုက်ချင်တဲ့ စိတ်ကြောင့် လက်မှတ်မထိုးတာ မဟုတ်ဘူးဆိုတာ ဒီနေရာမှာ တွေ့ရပါတယ်။ ဘာကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ဖက်က ပြင်ဆင်ချင်တာလဲ။ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတာ ကြောင့် ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားအားလုံး တန်းတူညီမျှဖြစ်စေတဲ့ နိုင်ငံရေးရပ်ဝန်း ဖြစ်ထွန်း ပေါ်ပေါက်လာမှုကို အာမ မခံတာကြောင့်လို့ ဆိုနိုင်ပါတယ်။

တန်းတူရေးဆိုတဲ့ ကိစ္စဟာ မြန်မာ့နိုင်ငံရေးမှာ အလွန်အရေးကြီးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ခေတ်ဦး ကထဲက တန်းတူရေးအတွက် တိုင်းရင်းသား အမျိုးသားများကြားမှာ ပင်လုံစာချုပ်ဆိုတာ ပေါ်ပေါက်ခဲ့ရတာပါ။ ပင်လုံ စာချုပ် ဆိုတာဟာ လူများစု မြန်မာတွေက လူနည်းစု အမျိုးသားများအပေါ် အနိုင်ယူတာမျိုး မလုပ်ဘဲ ပြည်ထောင်စု အတွင်းမှာ အားလုံးတန်းတန်းတူတူ ရှိရပါစေ့မယ်ဆိုတဲ့ ကတိကဝတ်လို့ ဆိုရင်လည်း မမှားပါဘူး။

လုံလောက်စိတ်ချရတဲ့ ကတိကဝတ်မျိုးမရှိသေးဘဲ အပစ်ရပ်အတွက် လက်မှတ်ထိုးထိုးဆိုပြီး အတင်းတွန်းတာကြောင့် တဖက်မှာလည်း မယုံသင်္ကာဖြစ်ကြပါတယ်။ ဘယ်လိုမယုံသင်္ကာဖြစ်သလဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဘာမှ ကတိကဝတ် မရဘဲ နိုင်ငံတကာမှာ အပြကောင်းအောင်၊ တခါ ရွေးကောက်ပွဲနီးမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်တယ်ဆိုပြီး နိုင်ငံရေးအရ အသားယူတာမျိုး လုပ်တာလို့ ထင်သွားပါတယ်။ ဒါကြောင့် အဖွဲ့တချို့ လက်မှတ်မထိုး ကြတာဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေအရ မြန်မာပြည်မှာ သေနတ်သံတွေ တိတ်စေဖို့အတွက် နောက်တက်မယ့် အရပ်သားအစိုးရက အဓိကမကျပါဘူး။ တပ်မတော်သာ အဓိက ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ ရှမ်းပြည်ဟာ ငါတို့ရဲ့ပါရီ မဟုတ်တော့ဘဲ ဒီထက်ပိုပြီး မြန်မာနိုင်ငံသည် ပါရီ ဆိုတဲ့ အခြေအနေအထိ ဆိုက်ရောက်သွားနိုင်ပါကြောင်း။

ဇော်မင်း
၁၈ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၅

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.