ရွက်မွန်စာမျက်နှာ

Friday, May 11, 2007

ရှုပ်ချက်ကတော့...

ဦးသာရင် အကုန်နားမလည်။ သည်ခေတ်လူငယ်တွေ စကားပြောတာ ရှုပ်ချက်ကတော့ လွန်လွန်းတယ်။ သူတို့ လည်း ဟိုသားအမိတွေနဲ့ မထူး။ လျှို့ဝှက်ချက်တွေကလည်း များသမှ။

ပြောသာတွေလည်း ကြည့်ဦးလေ။ မင်းတို့ဟာတွေ အဆင်ပြေသလား။ မပြေရင် ဟိုဟာမျိုး ထပ်လုပ်လိုက်တာ ကောင်းမယ်။ အ၀ှာတွေနဲ့ မညိအောင်လည်း သတိထားဦး။ အနောက်ပိုင်းက ကောင်တွေ ဟိုသင်းဖြစ်သလို မဖြစ်စေနဲ့။

(၁)
တနေ့နေ့ သည်သားအမိတွေ၊ ပြောဆိုလုပ်ကိုင်နေသာကို ကြည့်ရင်း၊ ဦးသာရင်နားမလည်တာတွေ များလာ သလိုပဲ ခံစားရတယ်။ ရှုပ်ရှက်ကို ခတ်နေတာပဲ။ နောက်...တခုခုကို လျှို့ဝှက်ပြီး ပြောနေကြသလိုလို။ အမှန် ပြောရရင်တော့ ဦးသာရင်ဇနီးက၊ သည်ထန်းလျက်ပွဲရုံကို ဦးစီးဦးဆောင်ပြုနေတာလို့ ပြောလို့ရတယ်။ သား ယောက်ျားလေး နှစ်ယောက်က မအေနဲ့အတူ၊ ပွဲရုံမှာ ကူလုပ်ပေးနေကြတယ်။ နှစ်ယောက်စလုံး လူပျိုတွေ ချည်းပဲ။ အကြီးကောင်က ခင်စိုး၊ အငယ်ကောင်က တင်စိုး။

ဗျို့ .... အမေ။ မနေ့ကပြောထားတာတွေ ဟိုကောင်တွေ လာယူသွားပြီလား။ ဒါက ခင်စိုးရဲ့အသံ။ အာဗြဲကြီးနဲ့ သူ့အမေကို ပွဲရုံထိပ်ဝင်တခါးဝကနေ ၀င်လာရင်း၊ အော်မေးနေတာ။ လာမယူသေးဘူးဟဲ့။ ငါလည်း အဲသာကို စောင့်နေတာ။ မအေလုပ်တဲ့သူကလည်း ပြန်အောင်ပြီးဖြေတယ်။ ဒါဖြင့် လာယူရင်မပေးလိုက်နဲ့ဦး။ အဲသာ တွေက အခုရန်ကုန်မှာ ဈေးတက်သွားပြီ။ အခုမနက်ကပဲ ဖုန်းဝင်လာတယ်။ ခင်စိုးက သူ့အမေကို သတိပေးတဲ့ အသံ။ ဟဲ့ ဖြစ်ပါ့မလား ငါ့သားရဲ့။ ကိုယ်က ပေးမယ်ပြောထားပြီးသားပဲ ဥစ္စာ။ ဒါက ဇနီးသည်ဒေါ်ဟန်ရဲ့ အသံ။ သူတို့တုန်းကလည်း အ၀ှာဖြစ်တော့၊ သည်လိုလုပ်တာပဲဗျ။ ခင်စိုးရဲ့ ဆင်ခြေပြန်တက်သံကို ထပ်ကြားရတယ်။

ဦးသာရင်တို့ မြို့က တောမြို့ကလေး။ ထန်းလျက်ကတော့ သည်နယ်မှာ အဓိကထွက်ကုန်လို့ ပြောလို့ရတယ်။ သူတို့ ပွဲရုံမှာက ထန်းလျက်မျိုးစုံ အ၀င်အထွက်ရှိပေမယ့်၊ အဓိကထားပြီးကိုင်တဲ့အမျိုးက (၃) မျိုးပဲ ရှိတယ်။ ထန်းလျက်အဖြူ၊ အညိုနဲ့ မုန့်လုပ်တဲ့ထန်းလျက် အဲဒါပဲ။ ပွဲရုံဆိုတာ လူအ၀င်အထွက်များတဲ့နေရာ။ မနေ့က လူတွေဆိုတာ ဘယ်သူ့ကိုပြောမှန်း ဦးသာရင်နားမလည်။ ဟိုဟာတွေလာယူသွားပလားဆိုတာ၊ ထန်းလျက် မှန်း သိပေမယ့်၊ ဘယ်သင်းကိုပြောမှန်း သူမသိ။ ဘယ်သင်းဈေးတက်သွားမှန်းလည်း မသိ။ အဲသည်လူတွေက သူတို့တုန်းက၊ ဘယ်လိုလုပ်ခဲ့လို့လဲ။ အဲသည်လို စဉ်းစားနေတုန်း အငယ်ကောင်တင်စိုးကအော်ပြီး၊ သူ့အမေ ကို မေးနေတယ်။ အမေ....ဟိုရုံးက ပြောသွားတဲ့ဟာ ဘယ်လိုလုပ်ရမလဲ။ သဘက်ခါ အ၀ှာလုပ်ဖို့လေ။ မင်းပဲ လိုက်သွားလိုက်ဆိုတဲ့ ဒေါ်ဟန်ရဲ့ညွှန်ကြားချက်ကို၊ ဆက်တိုက်ဆိုသလို ကြားရပြန်သည်။ ဘယ်ရုံးက ဘာလာ ပြောလို့၊ ဘယ်ကိုသွားကြမှာလဲ။ စည်ပင်သာယာရုံးလား။ မြို့နယ်ကြံ့ဖွံ့ရုံးကလား။ မအဖရုံးလား။ မီးသတ်ရုံးက လား။ လားပေါင်းများစွာ ဦးသာရင် စဉ်းစားလို့မတတ်။ ထောက်ခံစာတို့၊ ပါမစ်တို့ လိုလို့ထင်ပါရဲ့။

အမှန်ကတော့၊ သူတို့အိမ်က ကုန်ကားအစုတ်ကြီး ချောဆွဲပြီး၊ မအဖဥက္ကဋ္ဌအိမ်အတွက် ထင်းတိုက်ပေးဖို့ပါပဲ။ ကိုယ်တိုင်လည်း လိုက်မောင်းပေးရတယ်။ ဓါတ်ဆီလည်း ကိုယ်စိုက်ရတယ်။ သူတို့က ဘာမှပြန်ပေးတာ မဟုတ်။ ဒါတွေကို ဦးသာရင် မသိတော့။ ရုံးတိုင်းလိုလို အားလုံးကို သည်ခေတ်မှာကြောက်နေရတာတော့ သိတယ်။ အကြောက်ကြီးနဲ့ အကြောက်လေး ကွာတာပဲ ရှိတယ်။

ဒါနဲ့ အမေ... တလောတုန်းက အမေပြောတယ် မဟုတ်လား။ ကျုပ်တို့ ဟိုသင်းလေးတွေပါ တိုးလုပ်ရင် ကောင်း မယ်ဆိုတာလေ။ ခင်စိုး သူ့အမေကို မေးနေသံ။ ဘယ်သင်းလဲ ငါ့သားရဲ့ဟု ဒေါ်ဟန်က ပြန်မေးနေတာကိုလည်း၊ ထပ်ကြားရသည်။ သည်နှစ်မှာ ကျုပ်တို့ ဟိုသင်းနဲ့ အ၀ှာလေးတွေကိုပါတွဲကိုင်ဖို့ အမေပြောထားသာလေ။ သြော်... အဲသာလား။ ကြည့်သေးတာပေါ့ကွယ်။ အဆင်ပြေမယ်ထင်ပါရဲ့။ သည်သားအမိတွေ ဘာလုပ်ကြဦး မှာပါလိမ့်။

စဉ်းစားပြန်သော်လည်း ဦးသာရင် သဲလွန်စရှာမရ။ ရှိစေတော့။ နောက်တော့ ကိုယ်လည်း သိမှာပဲ။ ကိုယ်က အိမ်ဦးနတ်ပဲဟာ။ အမှန်တော့ ဦးသာရင် ဘာမှမသိ။ သားအမိနှစ်ယောက် ဒီနှစ်ထဲမှာ ထန်းလျက်အပြင်၊ ကြက်သွန်လေး၊ ပဲလေး အစရှိသည်တို့ကိုပါ တွဲကိုင်ရန်၊ ပြောနေခြင်း ဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပိုင်းက၊ ဒေါ်ဟန်တို့အစ်ကိုဝမ်းကွဲ ဦးဗေဒါကလည်း၊ ထန်းလျက်သာမက ပဲကလေး၊ နှမ်းကလေးများ တွဲကိုင်သည့်အတွက် ပိုပိုသာသာရှိလာသည်ကို မြင်ရ၍၊ အားကျခြင်းဖြစ်သည်။ ဒါ့အပြင် တလတလပေးနေရ သည့်၊ ဟိုဟာကြေး၊ သည်ဟာကြေးများကိုလည်း ကာမိနိုင်မယ် မဟုတ်လား။

အချိန်က နေ့တ၀က်ကျိုးလာပြီ။ ပွဲရုံထဲမှာ ရောင်းသူဝယ်သူများ၊ ပစ္စည်းသွင်းသူ တင်သူများဖြင့် စည်ကားနေ၏။ အငယ်ကောင် တင်စိုးတယောက်၊ စက်ဘီးတစီးဖြင့် မျက်စိနောက်လောက်အောင် ၀င်ချည်ထွက်ချည်လုပ်နေ သာလည်း မြင်မိရဲ့။ သည့်နောက် သူ့အမေကို သတင်းပေးနေတာကိုလည်း ကြားနေရသည်။ အမေ... ဒေါ်ငုံ တယောက် ပွဲရုံဘက်ကို လာနေတယ်။ ဟိုတခါလို မဖြစ်စေနဲ့နော်။ အေး... အေး... အမေသိတယ်။ မငုံတို့ ရှုံ့ချည်နပ်ချည်လုပ်ပုံတော့။ ဦးသာရင် စိတ်ထဲမှာတော့ လာပြန်ပေါ့တခါ။ ဒီသားအမိတွေ ပြောပုံက မရှင်း မရှင်းနဲ့။ မငုံက ဘာတွေဟိုဒင်း မဖြစ်လို့၊ ဘာတွေရှုံ့ချည်နပ်ချည် လုပ်နေသလဲ။ မငုံက ဒီပွဲရုံနဲ့ဆက်ဆံပြီး အလုပ်လုပ်နေတာ၊ ကြာလှပေါ့။ ဒေါ်ငုံက ပွဲစားအသေးစား။ ထန်းသမားနဲ့ ပွဲရုံကြား အလုပ်လုပ်နေသူ။ အခု ဘာတွေ ဖြစ်နေကြသတဲ့တုန်း။ ဦးသာရင် စဉ်းစားလို့မရ။ စိတ်တောင် ရှုပ်လာသည်။

အသက်ကလေးရလာသည့်နောက်ပိုင်း၊ ပွဲရုံကို မိန်းမနှင့် သားများက ဦးဆောင်လုပ်လာခဲ့ကြသည်။ ကြာတော့ ဦးသာရင်ကို ပွဲရုံပိုင်ရှင်မှန်းတောင် မသိတော့။ ဒေါ်ဟန့်ယောက်ျား။ ခင်စိုးနဲ့ တင်စိုးအဖေဆိုတာလောက်ပဲ သိတော့သည်။ သူ့အလုပ်ကလည်း တနေ့တနေ့ ရေနွေကြမ်းတအိုးနဲ့ ပွဲရုံရှေ့ကပြင်မှာထိုင်ရင်း၊ ဧည့်ထောက်ခံ တဲ့ အလုပ်ပဲရှိတော့တယ်။

ကြားရတဲ့အသံက ခပ်မာမာပါကလား။ သည်မယ် ကိုခင်စိုး၊ အဲသာက ခင်ဗျားအမေနဲ့ ကျုပ်တို့ပြောပြီးသား။ ကျုပ်တို့က ဟိုသင်းလုပ်ချင်လို့ ပြောနေတာလည်း မဟုတ်ဘူး။ ခင်ဗျားတို့ အပိုင်းမှာတင် မဟုတ်ဘူး။ အနောက် ပိုင်းကလူတွေလည်း၊ အဲသာအတွက် အဟွာလုပ်ပေးကြဖို့ ကျုပ်တို့ပြောထားပါတယ်။ တမြို့ထဲသားချင်း ခင်ဗျား လည်း သိတာပဲ။ သည်ဥစ္စာက ကျုပ်တို့ဟိုသင်းအတွက် မဟုတ်ပါဘူး။ အများအကျိုးပါ။ ဦးသာရင် ထကြည့် လိုက်တယ်။ လာပြောသူက ဘယ်သူများလည်း မှတ်တယ်။ ကြံ့ဖွတ်ခေါင်းဆောင် ဖဲသမားမောင်ဖိုးသောင်ပါ လား။ သိတာပေါ့။ ဖိုးသောင်အဖေ၊ ဦးပုလေးဆိုတာကလည်း တသက်လုံး ထန်းရည်သမား၊ ကြက်သမား၊ အလုပ်ကို လက်ကျောတင်းအောင်၊ လုပ်တဲ့လူစားမျိုး မဟုတ်ဘူး။ သို့သော် ဖိုးသောင်နဲ့ ခင်စိုး ဘယ်သင်း အတွက်၊ ဘာတွေပြောနေတယ်ဆိုတာကိုတော့ ဦးသာရင် မခန့်မှန်းတတ်။

အမှန်ကတော့ ပိုက်ဆံလာကောက်နေတာ။ သာမန်အားဖြင့် တအိမ်ကို ကျပ်နှစ်ထောင်ကနေ၊ လေးထောင် မပေးမနေရ၊ ကောက်နေတာ။ ဒါပေမယ့် ပွဲရုံတွေက ပိုက်ဆံပိုရှိတဲ့အတွက် ပွဲရုံအကြီးအသေးအလိုက်၊ ငါး သောင်းကနေ၊ တသိန်းအထိ ငွေထည့်ခိုင်းနေတာ။ ဘာလုပ်ဖို့လဲဆိုတော့ မြို့အထွက် သဲကျောင်းနားမှာ၊ လက်ဆည်ကန်တခုဆောက်မှာမို့လို့တဲ့။ သည်အရပ်က ရေရှားတဲ့အရပ်ကိုး။ သူတို့ပြောနေတာတွေကို ဦးသာရင် နားမလည်။ ဒါကြောင့် စိတ်ရှုပ်ရှုပ်နဲ့ ပြန်ထိုင်ချလိုက်ရင်း၊ အကြမ်းတခွက်ငှဲ့သောက်လိုက်တယ်။ ထွီး...ပူလိုက်သဲ့ ရေနွေး။

ငါပြေတယ်မို့လား။ အစကတည်းက သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်။ ဟိုဟာနဲ့သည်ဟာ မတူရင်ခွဲထား။ ဟိုသင်းမဖြစ်တာတွေကို၊ သည်ဘက်က အ၀ှာတွေနဲ့ မရောပါနဲ့လို့။ နင်တို့ဟာနွားကပ်တွေလိုပဲ။ အမြဲကြိမ်တို့ နေရတယ်။ ဇနီးဖြစ်သူ ဒေါ်ဟန်အလုပ်သမားတွေကို ဆူနေမှန်း၊ ဦးသာရင် ရိပ်မိသည်။ သို့သော် ဘာဖြစ်လို့ ဆူနေမှန်းတော့ မသိ။ သည်မိန်မဟာ စကားပြောတာ၊ ရှင်းအောင်မပြော။ ရှုပ်ချက်ကတော့။ ဖြစ်ပုံက ဒီလို၊ တချို့ ထန်းလျက်တွေငိုကုန်လို့၊ အလုပ်သမားတွေကို ဆူနေတာ။ ထန်းလျက်ငိုတယ်ဆိုတာက အစိုပြန်ပြီး၊ တခုနဲ့တခု ကပ်ကုန်တာ။ ပျော့ပြဲကုန်တာ။ အစိုဓါတ်ရှိတဲ့ ထန်းလျက်ကို သတိထားခွဲထုတ်ဖို့ လိုတယ်။ မဟုတ် ရင် အစိုဓါတ်ကူးပြီး၊ အားလုံး ပျော့ပြဲသွားတယ်။ ဈေးကောင်း မရတော့ဘူး။ မုန့်လုပ်တဲ့သူနဲ့ အရက်ဖိုကပဲ ၀ယ်တော့တယ်။ သာကြောင့်မို့ ဆူနေတာ။ သို့သော် ဒါတွေကို ဦးသာရင် မသိတော့။ ဒါ့အပြင် သည်သားအမိ တွေ ပြောဆိုနေကြတာ၊ တနေ့ထက်တနေ့ လျှို့ဝှက်ဆန်းပြားလာနေသလိုပဲဟု ဦးသာရင်တွေးမိပြန်တယ်။

ညနေစောင်းလာတော့၊ ပွဲရုံကနေ အိမ်ပြန်ရေမိုးချိုးပြီး၊ ထုံးစံအတိုင်း သူငယ်ချင်းများနဲ့ဆုံဖို့ ဦးသာရင်ထွက်လာ ခဲ့တယ်။ ဘယ်ကို ရှိရမလဲ။ သည်မြို့ ကျက်သရေဆောင် တခုတည်းသော တရုတ်ဘုံဆိုင်ကိုပေါ့။ သောက်ရင်း စားရင်း ဟိုအကြောင်း သည်အကြောင်းများ ပြောကြတယ်။ အရှိန်ကလေးရလာတော့၊ သူငယ်ချင်းတွေက ဦးသာရင်ကို၊ စလေ့ရှိတယ်။ သာရင်တို့များ...အသက်ကြီးလာလေ၊ ဇိမ်ကျလေပဲ။ မိန်းမနဲ့သားတွေကို မျက်နှာ လွှဲထားလိုက်ရုံပဲ။ အဲသလိုပြောတာကို ဦးသာရင်က မခံချင်ဘူး။ သူ့ကို အလုပ်မရှိ၊ အကိုင်မရှိ ဇိမ်နဲ့ထိုင်စားနေ တယ်လို့၊ အပြောခံရတာကိုး။ ဒီတော့.... ဦးသာရင်က၊ ကွာ.... သူတို့ကို မျက်နှာလွှဲထားရတယ်ဆိုပေမယ့်၊ အလုပ်သမားတွေက အစ၊ နောက်ဆုံးတော့ ငါကပဲ၊ ကွင်မင်း (Command) ပေးနေသာဟု အင်္ဂလိပ်လိုညှပ်ပြီး ပြောလေ့ရှိတယ်။

ဘေးဝိုင်းက လူငယ်တွေပြောတဲ့စကားကိုလည်း၊ ဦးသာရင်အကုန်နားမလည်။ သည်ခေတ်လူငယ်တွေ စကား ပြောတာရှုပ်ချက်ကတော့ လွန်လွန်းတယ်။ သူတို့လည်း ဟိုသားအမိတွေနဲ့မထူး။ လျှို့ဝှက်ချက်တွေကလည်း များသမှ။ ပြောတာတွေလည်း ကြည့်ဦးလေ။ မင်းတို့ဟာတွေ အဆင်ပြေသလား။ မပြေရင်၊ ဟိုဟာမျိုးထပ်လုပ် လိုက်တာကောင်းမယ်။ အ၀ှာတွေနဲ့မညိအောင်လည်း သတိထားဦး။ အနောက်ပိုင်းကကောင်တွေ ဟိုဒင်းဖြစ် သလို မဖြစ်စေနဲ့။ ဟိုဘက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် သည်ဘက်မှာက ဟိုသင်းနည်းနည်းများလွန်း တယ်။ အဲသာမျိုး ဖြစ်ဖို့ဆိုတကလည်း၊ သည်ခေတ်မှာ အ၀ှာလိုတယ်။

သည်လိုရှုပ်ရှက်ခတ်နေသည့်ကြားထဲမှာ၊ ဦးသာရင် မသိတာတွေ များနေသည်။ အဲသည်ထဲမှာ ဦးသာရင် မသိ သေးတာ၊ နောက်တခုရှိသေးသည်။ အဲသာက ဘာလဲဆိုတော့၊ လူငယ်တွေက သူ့ကို ကွယ်ရာမှာ ကွင်မင်း သာရင်ဟု ကင်ပွန်းတပ်ထားခြင်းပင် ဖြစ်တော့သည်။

ဤစာမူကို ခေတ်ပြိုင်အွန်လိုင်း ရသစာမျက်နှာတွင်လည်း ဖော်ပြထားပါသည်။
ဇော်မင်း (လူ့ဘောင်သစ်)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.