ရွက်မွန်စာမျက်နှာ

Sunday, July 1, 2007

လွတ်လပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု


နေ့မြန်မာပြည်၏ အခြေအနေအား ဆွေးနွေးကြရာတွင် စီးပွားရေးနာလံထတိုးတက်မှုက ပထမအဆင့် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပညာရှင်အတော်များများနှင့် အချို့သောသံကြီးတမန်ကြီး အသိုင်း အ၀ိုင်းက ဆိုကြသည်။ ထိုကဲ့သို့ စီးပွားရေးတိုးတက်လာခြင်းသည် ဒီမိုကရေစီကူးပြောင်းမှုကိုလည်း တွန်းအား ဖြစ်စေသည်။ ဤအချက်မှန်ကန်ကြောင်း သက်သေပြရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့ကို နမူနာထား၍ ကြည့်ပါလော့ဟူ၍လည်း ဆိုထားသည်ကို တွေ့ရသည်။

ယနေ့မြန်မာပြည်၏ အခြေအနေအား ဆွေးနွေးကြရာတွင် စီးပွားရေးနာလံထတိုးတက်မှုက ပထမအဆင့် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပညာရှင်အတော်များများနှင့် အချို့သောသံကြီးတမန်ကြီး အသိုင်း အ၀ိုင်းက ဆိုကြသည်။ ထိုကဲ့သို့ စီးပွားရေးတိုးတက်လာခြင်းသည် ဒီမိုကရေစီကူးပြောင်းမှုကိုလည်း တွန်းအား ဖြစ်စေသည်။ ဤအချက်မှန်ကန်ကြောင်း သက်သေပြရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့ကို နမူနာထား၍ ကြည့်ပါလော့ဟူ၍လည်း ဆိုထားသည်ကို တွေ့ရသည်။ နာမည်ကြီး အမေရိကန်စီးပွားရေးပညာရှင် ဂျက်ဖရီဆက်နှင့် အတော်များများသော စီးပွားရေးပညာရှင်များက ထိုအယူအဆကို ထောက်ခံသည်။ အထက်ပါ သီအိုရီသည် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများအတွက် မှန်ကောင်းမှန်မည် ဖြစ်သော်လည်း မြန်မာပြည်အတွက်ကော မှန်နိုင်ပါ့မလားဟု တဖက်က စဉ်းစားမိပြန်သည်။

မြန်မာနိုင်ငံအား စစ်တပ်က အသွင်အမျိုးစုံဖြင့် အုပ်ချုပ်လာခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။ ယခု ၂၀၀၇ ခုနှစ်တွင် ၎င်းတို့အုပ်ချုပ်လာခဲ့သည်မှာ လေးဆယ့်ငါးနှစ်ပြည့်တော့မည်။ သူတို့ကို လေးဆယ့်ငါးနှစ်လုံး လုံး အချိန်ပေးခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်စီးပွားရေးတိုးတက်လာအောင် သူတို့မလုပ်နိုင်ခဲ့ပါ။ မွဲသထက်သာမွဲလာ သည်ကို ရင်ဆိုင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံများက စီးပွားရေးပိတ်ဆို့အရေး ယူရန် နိုင်ငံခြားအစိုးရများကို တိုက်တွန်းသောကြောင့်ဖြစ်ရသည်ဟု ယိုးစွပ်ခံရသည်။ စီးပွားရေးပိတ်ဆို့အရေးယူ ခြင်းကို အနောက်နိုင်ငံအစိုးရများစတင် ဆောင်ရွက်ခဲ့သည်မှာ ဆယ်နှစ်လောက်ပဲရှိပါသေးသည်။ ဒါကလည်း လုံးလုံးပိတ်ဆို့ခြင်း မဟုတ်ပါ။ ရှိထားပြီးသား ရင်းနှီးမြှုပ်နှံမှုများ ဆက်ထားနိုင်ပြီး၊ ရင်းနှီးမြှုပ်နှံမှု အသစ်မပြုလုပ်ရန် အတွက်သာဟု ယေဘုယျပြောနိုင် သည်။ ထိုသို့ ယိုးစွပ်လာခြင်းသည် မခိုင်လုံ။ သူတို့အားပြန်မေးရမည့် မေးခွန်းကတော့ ဤလွန်ခဲ့သောနှစ်ပေါင်း များစွာအတွင်း သူတို့ဘယ်မှာသွားအိပ်နေကြသနည်း ဆိုတာပဲ ဖြစ်သည်။

စီမော လစ်ပ်ဆက်ဆိုသောလူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံပညာရှင်တဦး၏ သီအိုရီကလည်း ဒီမိုကရေစီမဖွံ့ဖြိုးသေးခင် ကာလအတွင်း စီးပွားရေးအရင်ဖွံ့ဖြိုးတိုးတက်လာခြင်းသည် လူနေမှုအဆင့်အတန်းကို မြင့်မားလာစေ၍ တိုင်းပြည် အတွင်း လူလတ်တန်းစားပညာတတ်များ တိုးပွားလာစေသည်။ ထို့ကြောင့် နောက်ဆက်တွဲအနေဖြင့် ဒီမိုကရေစီ ကို ဆက်လက်သယ်ဆောင်လာစေသည်ဟု ဆိုသည်။ ထိုအကျိုးဆက်တို့ကြောင့် နိုင်ငံသားတို့ ပိုမိုလွတ်လပ်တိုး တက်လာသည်ဟုလည်း ထပ်ဆင့်ဆိုထားသည်။ သို့သော် ထိုသီအိုရီသည် အနောက်တိုင်းဥရောပနိုင်ငံများတွင် အလုပ်ဖြစ်၍ မှန်ကန်ခဲ့သော်လည်း ယနေ့လက်ရှိကာလ၌ ကျန်သည့်ကမ္ဘာ့ဒေသအတွင်းရှိ အခြားနိုင်ငံများ အတွက် မှန်-မမှန်နှင့် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ သူ့အနေဖြင့် အာမမခံနိုင်ဟု လစ်ပ်ဆက်က တိတိ လင်းလင်း ပြောခဲ့သည်။

မြန်မာပြည်သူများ ကျန်းမာရေးမကောင်း၊ လူ့သက်တမ်းတိုလာသည်။ ပျမ်းမျှလူ့သက်တန်းသည် ၅၈ နှစ်သာရှိ သည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ အစီရင်ခံစာများအရ သိရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှ နိုင်ငံသားတို့၏ ပျမ်းမျှလူ့သက်တန်းသည် အနှစ် (၇၀) ဟု ထိုအစီရင်ခံစာများက ဆိုထားသည်။ ပညာရေးတွင် လည်း မြန်မာတို့အလွန်အမင်းနိမ့်ကျလာနေသည်။ အရှေ့တောင်အာရှ ဆယ်နိုင်ငံအတွင်း၌ မြန်မာနိုင်ငံ၏ အဆင့်အတန်းသည် နံပါတ် (၈) နေရာသာ ရှိတော့သည်။ သူ့အောက်တွင် လာအိုနှင့် ကမ်ဘောဒီးယားနှစ်နိုင်ငံ သာ ကျန်တော့သည်။ ကမ္ဘာနှင့်ယဉ်ဘောင်တန်းဖို့ဆိုတာကိုတော့ မေ့ထားလိုက်ရန်သာ ရှိတော့သည်။ စီးပွားရေး လည်း ကောင်းမလာ၊ ပညာရေးနှင့် ကျန်းမာရေးလည်း ဆိုးဝါးစွာ နိမ့်ကျလာနေသည်။ ဘာလုပ်ကြမည်နည်း။

အိန္ဒိယနိုင်ငံသား စီးပွားရေးနိုဘယ်ဆုရှင်တဦးဖြစ်သော ပါမောက္ခ အမာတရာစန်က ဤသို့ငြင်းခုန်ထားသည်။ ဖွံ့ဖြိုးတိုးတက်မှုကို ဘာဖြင့်တိုင်းတာပါသလဲ။ လူသားတို့၏ကျန်းမာခြင်း၊ ပညာတတ်ခြင်းသည် လက်ဦးဆုံးအရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုဟု သူကဆိုထားပါသည်။ စီးပွားရေးမကောင်းသောကာလမှာပင် နိုင်ငံသားတို့၏ပညာရေးနှင့် ကျန်းမာရေးတိုးတက်လာစေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိနေသေး ကြောင်း ငြင်းဆိုချဉ်းကပ်ထားသည်။ ထိုနည်းလမ်းများဆိုသည်ကား တခြားမဟုတ်။ မလွတ်လပ်သည်များ ပပျောက်စေ၍ လွတ်လပ်ခြင်းဟု ဆိုသည့် တံခါးများကို တလွှာချင်း တချပ်ချင်း ဖွင့်လှစ်ရန်သာလိုသည်ဟု ဆိုခြင်းပင်။ လွတ်လပ်မှုဆိုသည့်ကောင်းကင်အောက်၌ နိုင်ငံသားတို့သည် သူတို့လိုအပ်သည်များ လွတ်လပ်စွာ တင်ပြနိုင်သည်။ စုရုံးနိုင်သည်။ ဆည်းပူးနိုင်သည်။ သင်ယူနိုင်သည်။ လေ့လာနိုင်သည်။ ထို့အတူ မလိုအပ်သည်များကို ပယ်ထုတ်နိုင်သည်။ ဖြတ်တောက်ပစ်နိုင်သည်။ ထို့အတွက် အမာတရာ စန်၏ သီအိုရီအလိုအရ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လွတ်လပ်ခြင်း၌သာ မူလအခြေခံသည်ဟု ဆိုထားသည်။

ထိုအယူအဆမှန်ကန်ကြောင်း ထောက်ပြရန်အတွက် ဥပမာတခုအဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်းတွင်ရှိသည့် ကရယ်လာပြည်နယ်ကို မြင်နိုင်သည်။ ကရယ်လာပြည်နယ်သည် လူဦးရေသန်း (၃၀) ခန့် ရှိသည်။ စီးပွားရေး မကောင်း။ ဆင်းရဲသော ပြည်နယ်တခုသာ ဖြစ်သည်။ စီးပွားရေးမတိုးတက်ပဲ အိုင်နေသည်မှာ နှစ်ပေါင်း (၂၀) မကတော့။ ထို့ကြောင့် ပြည်နယ်သား အများအပြားသည် ရေနံထွက်သောပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြသည်။ သို့သော်ကရယ်လာပြည်နယ်သူ ပြည်နယ်သားများ၏ ပျမ်းမျှလူ့သက်တမ်းသည် အနှစ် (၇၀) ဖြစ်သည်။ သို့သော် အခြားပြည်နယ်များရှိ လူများ၏ပျမ်းမျှသက်တမ်းမှာ အနှစ် (၆၀) ခန့်သာ ရှိသည်။ အိန္ဒိယရှိ ပြည်နယ်များထဲတွင် ပညာတတ်ဦးရေ၊ စာတတ်သူဦးရေ ရာခိုင်နှုန်း အများဆုံး ဖြစ်သည်။ ဇာတ်စနစ်နှင့် အခြားရှေးရိုးစွဲ အာူအဆများကြီးစိုးနေသေးသော နိုင်ငံဖြစ်သော်လည်း ကရယ်လာပြည်နယ်ရှိ အမျိုးသမီးများသည် အခြားပြည်နယ်များမှ အမျိုးသမီးများလို အခွဲခြားမခံရ။ လယ်ယာခြံမြေမှအစ အမွေဆက်ခံပိုင်ခွင့် ယောက်ျားများနှင့် တန်းတူရှိနေသည်။ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လှုပ်ရှားမှုများတွင် အမျိုးသား၊ အမျိုးသမီးတက်ကြွစွာ ပါဝင်ကြသည်။ ဘာကြောင့်ဆိုတာကို စောကြောဖို့လိုသည်။

ထိုပြည်နယ်သားများသည် အတော်စောစောကာလကပင် အခြားပြည်နယ်များနှင့်မတူ လွတ်လပ်စွာစုရုံးပြောဆို လုပ်ကိုင်ခွင့်များရခဲ့ကြ၍ ဖြစ်သည်။ ဆီဗယ် ဆိုစိုက်တီး (civil society) ခေါ် လူမှု လူ့အဖွဲ့အစည်းများ တည်ထောင်လုပ်ပိုင်ခွင့် အစောကြီးကတည်းက ရှိခဲ့သည်ကလည်း အရေးကြီးသော အချက်ဟုဆိုရမည်။ မိမိလူ့ အဖွဲ့အစည်း၏ လိုအပ်ချက်များကို တောင်းဆိုပိုင်ခွင့်ရှိသလို ကိုယ်တိုင်လည်း လွတ်လပ်စွာဝင်ရောက် ဆောင်ရွက် ပိုင်ခွင့်ရှိသည်။ ကရယ်ယာကို အဆက်ဆက်ဦးဆောင်ခဲ့သော ခေါင်းဆောင်များသည် လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစား သောသူများ ဖြစ်သည်။ ဤသည်ကား အားကောင်းချက်ပင်။

ယနေ့ မြန်မာပြည်တွင် လူငယ်တွေကျောင်းထွက်၍ ရရာအလုပ်ဝင်လုပ်နေကြသည်က ပိုများလာသည်။ အိတ်ခ်ျ အိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားစသည့် ရောဂါများက ကျန်းမာရေးပညာရှင်များပင် မှန်းဆရခက် လောက်အောင် ဖြစ်ပွားနေသည်။ သည်ကြားထဲ ဖက်ပေါင်းစုံမှ ၀င်ရောက်လာသော ဖိနှိပ်မှုများကိုလည်း နိုင်ငံသားတို့ ရင်ဆိုင်နေရသည်။ ထို့အတွက် ပြန်ကောက်ရပါက ယနေ့မြန်မာပြည်တွင် အလိုအပ်ဆုံးအရာကား လွတ်လပ်ခြင်းဆိုသည့် တံခါးများကိုတချပ်ပြီးတချပ် ဖွင့်လှစ်သွားရန် ပထမဆုံးအရေးကြီးသည်ဟု ဆိုချင်သည်။ နိုင်ငံသားတို့ လိုအပ်နေသည့်အရာများကို နိုင်ငံသားတို့ကိုယ်တိုင်ဝင်ရောက် ဆောင်ရွက်လုပ်ကိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ရုံသာမက အမြန်ဆုံးလည်း အကောင်အထည်ဖေါ်နိုင်မည် ဖြစ်သည်။ လူသားရင်းမြစ်ဖွံ့ဖြိုးတိုး တက်ခိုင်ခန့်ဖို့က အရင်အရေးကြီးသည်။ ပညာတတ်သော၊ ကျန်းမာသော နိုင်ငံသားတို့ကသာ စီးပွားရေးကောင်း လာအောင် ဆောင်ရွက်နိုင်သည်။ လူနုံများ၊ ဂီလာနများဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် မဖြစ်နိုင်ပေ။ ဂျပန်လို၊ ကိုရီးယားလို၊ ထိုင်ဝမ်လို စီးပွားရေးအရင်ဖွံ့ဖြိုးလာအောင် စောင့်ရဦးမည်ဆိုပါကလည်း ၎င်းတို့ကဲ့သို့ တိုးတက်လာမည်ဟု ဘယ်သူကမျှ ဘယ်သူ့ကို အာမမခံနိုင်။ ကြာလျှင် အခွံချည်းပဲ ကျန်ရစ်တော့မည်။

သို့သော် တိုင်းပြည်တခုအတွက် လွတ်လပ်ခြင်းဆိုသည့်တံခါးများကို ဖွင့်လှစ်ရန်မှာလွယ်သည်ဟု မဆိုလို။ အားလုံးဝိုင်းဝန်းကြရန် လိုသည်။ ပါမောက္ခအမာတရာစန်သည် ၁၉၉၈ ခုနှစ်တွင် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ခံရသည်။ သူ၏ အယူအဆဖြစ်သော လွတ်လပ်ခြင်းသည်သာဖွံ့ဖြိုးတိုးတက်ခြင်း၏ အုတ်မြစ် ဖြစ်သည် ဆိုသည်ကို အနောက်တိုင်းမှ ပညာရှင်များအကြား မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်စသဖြင့် အငြင်းပွားနေရသည့်အတွက် လေးငါးနှစ်ခန့်နောက်ကျပြီးမှ ထိုစီးပွားရေးနိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ထိုအချိန်မတိုင်ခင်က အကယ်၍ ကျနုပ်တို့လူသာမန်များ ဤအချက်ကို ကိုင်ပြီး ဆွေးနွေးငြင်းခုန်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသာ ပထမဟု ကိုင်စွဲထားသော ပညာရှင်များအောက်တွင် အမှုန့်ဖြစ်ရုံသာ ရှိတော့မည်။ အမာတရာစန်လို ပညာရှင်မျိုးသည်ပင်လျှင် သူ့အယူအဆကို ဆက်လက်ကိုင်စွဲနေသည့်အတွက် နိုဘယ်ဆုကိုနောက်ကျပြီးမှ ရခဲ့သည်။ နောက်ကျပြီးမှ အသိအမှတ်ပြုခံရသည်။ သို့သော်လည်း လွတ်လပ်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ မူလဘူတဖြစ်သည် ဆိုခြင်းကို အများလက်ခံလာရသည် မဟုတ်လော။

ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက်၊ ဖေဖေါ်ဝါရီလ ၂၀၀၇ ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.