ရွက်မွန်စာမျက်နှာ

Monday, July 2, 2007

အိန္ဒိယ သို့မဟုတ် ဒီမိုကရေစီအမြစ်တွယ်ခြင်းနှင့် အိမ်နီးချင်း မြန်မာပြည်

ဗြိ
တိသျှတွေလက်အောက်ကနေ မရှေးမနှောင်းလွတ်လပ်ရေးရတာခြင်းတူပေမယ့် အိန္ဒိယမှာ ဘာဖြစ်လို့ ဒီမိုကရေစီအမြစ်တွယ်ခဲ့ ပြီး ဗမာပြည်မှာတော့ ဘာဖြစ်လို့ အဲသည်လို အမြစ်မတွယ်နိုင်ခဲ့ရတာလဲ။ ဒီခေါင်းစဉ်ဟာ အင်မတန်စိတ်ဝင်စားဖို့ ကောင်းသလို ဆွေးနွေးသင့်တဲ့အကြောင်းအရာလည်း ဖြစ်ပါတယ်။


သို့သော်လည်း တခါတရံအိန္ဒိယရဲ့ နိုင်ငံရေးကို ဆွေးနွေးရတာ ပုဂံရာဇ၀င်ကို ပြောရသလိုမျိုးခပ်ဆင်ဆင် ဖြစ်နေတယ်လို့ တင်စားလိုစိတ် ဖြစ်မိပါတယ်။ တုတ်ထမ်းဓားထမ်းပြောရတာမျိုး မဟုတ်ပေမယ့် တော်တော်လေးငြင်းရပါတယ်။ ငြင်းတဲ့ပုဂ္ဂိုလ်များကလည်း ကိုယ့်ချဉ်းကပ်မှုနဲ့ကိုယ် အတော်လေးခိုင်လုံစွာ တင်ပြနိုင်ကြသူများလည်း အများအပြားရှိပါတယ်။ အနောက်နိုင်ငံက ပညာရှင်တွေ ထောက်ပြတာ၊ အိန္ဒိယပညာရှင်တွေကိုယ်တိုင် တင်ပြဆွေးနွေးတာ၊ တခါကနေ့ အိန္ဒိယနိုင်ငံရဲ့ လူလတ်တန်းစားပညာရှင်တွေရဲ့ ထင်မြင်ယူဆချက်တွေ၊ သာမန်လူတန်းစားများအမြင် စသဖြင့် အမျိုးစုံလှပါတယ်။ ဒါ့အပြင် အစွန်းရောက်ဟိန္ဒူတွေရဲ့အမြင် စတာတွေလည်းရှိပါသေးတယ်။ ဒီအထဲမှာမှ ဒီမိုကရေစီအမြစ်တွယ်ပုံကို ပြောကြရင် အချက် အတော်များများ ထည့်သွင်းစဉ်းစားပါမှ ပိုပြည့်စုံနိုင်မယ်လို့ ထင်ပါတယ်။

မဟတ္တမ ဂန္ဒီ၊ ဂျဝါဟာလာ နေရူး၊ အမ် ဘက်ကာ၊ နမ် ဗောဓိရိပတ်၊ ဗွီဒီ ဆာဗက်ကာ စတဲ့အဲဒီခေတ်က လူထုခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးဟာ သူတို့ခေတ်နဲ့ ထင်ဟပ်နိုင်မယ့် လေ့လာရေးတွေကို လုပ်ဖို့ အခွင့်အရေးများရခဲ့တာ ကလည်း အရေးကြီးတဲ့အချက်တချက်ဖြစ်ပါတယ်။ ခေတ်သစ်ပညာရေးစနစ်နဲ့ ခေတ်သစ်နိုင်ငံရေးစနစ်တွေကို ထိတွေ့ခွင့်ရခဲ့တယ်။ ကမ္ဘာကြီးကို ပန်းချီကားတချပ်လို စိမ်ပြေနပြေလေ့လာသလို လေ့လာခွင့်ရခဲ့တယ်။ ကိုယ့်တိုင်းပြည်ရေမြေနဲ့ ကိုက်အောင် လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ နောက်ထူးခြားတဲ့အချက်ကတော့ ဂန္ဒီကြီးက အကြမ်းမဖက်ရေးမျိုးစေ့ကို ချပြီး လွတ်လပ်ရေးတိုက်ပွဲဝင်နေသူ၊ နေရူးက အကောင်အထည်ဖော်လိုက်ပါသူ၊ အမ် ဘက်ကာကလည်း နေရူးတို့နဲ့အတူ လက်တွဲတိုက်ပွဲဝင်သူ။ အမ် ဘက်ကာက ဇာတ်နိမ့်တွေရယ်၊ အဲသည် ဇာတ်နိမ့်တွေထက် နိမ့်သေးတယ်ဆိုတဲ့ အိန္ဒိယရဲ့ အောက်တန်းအကျဆုံးလို့ သတ်မှတ်ခံရတဲ့ ဒါးလစ်လို့ခေါ်တဲ့လူတန်းစားတွေရဲ့ ခေါင်းဆောင်။ နမ် ဗောဓိရိပတ်ကတော့ လက်ဝဲခေါင်းဆောင် ကွန်မြူနစ်။ ဗွီဒီ ဆာဗက်ကာကတော့ အင်္ဂလန်မှာ ကျောင်းတက်တုန်းက နေရူးကို သူတို့လိုအင်္ဂလိပ်ကို အာခံတဲ့နိုင်ငံရေးမလုပ်လို့ အကြီးအကျယ်ဝေဖန်သူ။ နေရူးကလည်း အဲဒီအချိန်မှာ အောက်စဖို့ဒ်တက္ကသိုလ်မှာ စာသင်နေတယ်။ ဆာဗက်ကာ အတွေးအခေါ်အယူအဆက ပြင်းထန်တယ်။ နောက်ပိုင်းမှာ ဟိန္ဒူအမျိုးသားရေး အစွန်းရောက်ဖြစ်လာခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ အပါအ၀င် အခြားခေါင်းဆောင်များထဲမှာလည်း သူတို့နည်း သူတို့ဟန်နဲ့ နိုင်ငံတကာအမြင်၊ ဒီမိုကရေစီရေးအမြင်များ ရှိလိမ့်မယ်ဆိုတာ ပြောနိုင်ပါတယ်။ အဲသည်ထဲမှာမှ ဗိုလ်ချုပ်အောင်ဆန်းကဆိုရင် ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်ဆိုတာကို အတိအလင်းပြောခဲ့သူ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတော့ အဲသလို သဘောထားအမြင်ချင်း မတူကြတဲ့ ခေါင်းဆောင်တွေဟာ တယောက်နဲ့တယောက် မကြိုက်တဲ့ အယူအဆတွေ၊ မတူတဲ့ အယူအဆတွေအတွက် (ဟိန္ဒူအစွန်းရောက် အမျိုးသားရေးအပါအ၀င်) ပါလီမန်မှာ ရှင်းကြ ပါတယ်။ စစ်တိုက်ပြီးရှင်းဖို့ မလုပ်ခဲ့ကြပါဘူး။ စစ်သာတိုက်ကြမယ်ဆိုရင် စစ်အပြီး အင်္ဂလိပ်ထားခဲ့တဲ့ လက်နက်အစုအပုံကြီးဟာ ဗမာပြည်မှာထက် အိန္ဒိယမှာက အဆပေါင်းများစွာ များပြားလှပါတယ်။ ဆာဗက်ကာလို အစွန်းရောက်အမျိုးသားရေးဝါဒီကလည်း ပြည်တွင်းစစ် ဖြစ်မယ့်အထိ မလုပ်ဘူး။ ကွန်မြူနစ်တွေကလည်း လက်နက်မကိုင်ဘူး။ ဆင်းရဲသားအောက်တန်းအလွှာကလည်း သူပုန်မထဘူး။ အိန္ဒိယစစ်တပ်ဆိုရင်လည်း ဗိုင်းကောင်းကျောက်ဖိ၊ လူထုက ရွေးချယ်ထားတဲ့ အရပ်သားခေါင်းဆောင်တွေရဲ့ နောက်ကိုပဲ လိုက်တယ်။ အားလုံး မကျေနပ်တာတွေကို ပါလီမန်မှာ ရှင်းကြပါတယ်။ သက်ဆိုင်ရာ ခေါင်းဆောင်တွေက အမျှော် အမြင်ရှိရှိ ထိန်းသိမ်းခဲ့ကြပါတယ်။

အဓိက ဆိုလိုချင်တာကတော့ နိုင်ငံနဲ့အ၀ှမ်း ပြည်တွင်းစစ်မီးကြီးတောက်လောင်သည်အထိ မဖြစ်လိုက်တဲ့အတွက် ဒီမိုကရေစီကို ကျင့်သုံးထိန်းသိမ်းရာမှာ ပိုမိုချောမွေ့အမြစ်တွယ် သွားခဲ့ပါတယ်။ အဲတာကြောင့် စစ်တပ်ဟာ နိုင်ငံရေးစင်မြင့်မှာ အဓိကဇာတ် ကောင် ဖြစ်မလာနိုင်တော့တာကို တွေ့ရပါတယ်။ နောက်တချက်ကတော့ ခေါင်းဆောင်အများစုရဲ့ ဥာဏ်ပညာ၊ ဗဟုသုတ အကြားအမြင်၊ ထိုခေတ်ကို ထင်ဟပ်သော နိုင်ငံတကာအမြင်နဲ့ သူတို့ကိုယ်တိုင် ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖြစ်တည်မှုသဘောကို ရေသောက်မြစ်ကစပြီး နားလည်သဘောပေါက်ခြင်းပါပဲ။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ အဲသည်အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များဟာ သည်းခံစိတ်ကြီးမားကြတာကိုလည်း တွေ့ရပါတယ်။ အဲတာကြောင့် ပြည်တွင်းစစ်ဖြစ်မယ့်အထိ ဘယ်သူ ကမှ မလုပ်ခဲ့ပါဘူး။ အဲသည်လို သည်းခံစိတ်ကြီးမားခြင်းဟာ မေတ္တာ၊ ကရုဏာနဲ့ ပညာတို့က မြစ်ဖျားခံလာတယ်လို့ ကျနော် ယဉ်ကျေးမှုမှာ ဆိုကြပါတယ်။

နေရူးဆီက အတုယူသင့်တဲ့ ကိစ္စတခုကတော့ လွတ်လပ်ရေးမရခင် (၆) လခန့်လောက်မှာ အိန္ဒိယရေတပ် တပ်တွင်းပုန်ကန်မှု ဖြစ်ပါတယ်။ အဲသည်အခါမှာ နာမည်ကြီးသတင်းစာ တော်တော်များများမှာနဲ့ နိုင်ငံရေးခေါင်းဆောင်အချို့က အမျိုးသားရေး လှုပ်ရှားမှု အဖြစ် ထောက်ခံကြပေမယ့်၊ နေရူးကတော့ မထောက်ခံတဲ့အပြင် ကန့်ကွက်ပါတယ်။ သူ့အယူအဆက အဲသလို လက်နက်နဲ့ ဖြေရှင်းတာကို လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲတာမျိုးလုပ်တာကို လက်ခံလိုက်ရင် အနာဂတ်နိုင်ငံရေးမှာ အစရှိ အနောင်နောင်ဆိုသလို စစ်အာဏာသိမ်းတဲ့လုပ်ရပ်မျိုး ပေါ်ပေါက်လာမှာကို ကြိုမြင်လို့ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက တော့ လွတ်လပ်ရေးအတွက် လက်နက်နဲ့စလိုက်တာ အခုအထိ လက်နက်သံသရာထဲမှာပဲ တ၀ဲလည်လည် ရှိနေတုန်း ဖြစ်ပါ တယ်။ လက်နက်အားကိုးစိတ်လည်း အခုအထိ ကြီးကြီးမားမား ရှိနေကြတုန်းပါပဲ။

အိန္ဒိယနိုင်ငံရေးမှာလည်း လက်နက်ကိုင်တော်လှန်ရေးအတွက် ဂျပန်ဆီမှာ အကူအညီယူခဲ့ဖူးပါတယ်။ လက်နက်ကိုင် ခေါင်းဆောင်ကတော့ အားလုံးသိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဆူဘတ် ချန်ဒရာဘို့စ် ဖြစ်ပါတယ်။ ကံမကောင်းချင်တော့ ဘို့စ်ဟာ စစ်ကြီးအတွင်း တနေရာမှာ ကျဆုံးသွားခဲ့ရပါတယ်။ ဂျပန်ကလည်း အိန္ဒိယကို မသိမ်းနိုင်။ အိန္ဒိယလွတ်မြောက်ရေးတပ်မတော် ဟာ ဘီအိုင်အေလို စန်းပွင့်လာဖို့ အခြေအနေ မရလိုက်ပါဘူး။ သို့သော်လည်း တနေ့မှာ ဘို့စ်ကသာ ခေါင်းဆောင်ကောင်းဖြစ် တယ် နေရူးတို့ကတော့ ခပ်ချောင်ချောင်လိုင်းကနေ နေရာယူပြီးလုပ်တယ် စသဖြင့် အငြင်းပွားမှုတွေဟာ ရှိနေတုန်းပါပဲ။ တချို့ ကလည်း ဘို့စ်တို့ လက်နက်ကိုင်တော်လှန်ရေးကြောင့်သာ အိန္ဒိယလွတ်လပ်ရေးရခဲ့ရင် စစ်အာဏာရှင်စနစ်ကို ဦးတည်သွားနိုင် တယ်။ ကနေ့ အိန္ဒိယမှာ တည်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီမျိုး ထွန်းကားလာမှာ မဟုတ်ဘူး စသဖြင့် အပြန်အလှန် ငြင်းခုန်ကြပါ တယ်။

မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးအတွက် လက်နက်ကိုင်ပြီး တိုက်ခဲ့ပါတယ်။ လွတ်လပ်တာနဲ့ တပြိုင်တည်းခေါင်းဆောင်တွေရဲ့ သဘောထားကွဲမှုတွေက တဆင့် ပြည်တွင်းစစ်ကို ဦးတည်ခဲ့ပါတယ်။ စစ်တပ်နဲ့အတူ အခြားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာလည်း ပြည်တွင်းစစ်နဲ့အတူ အရေးပါလာခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စစ်တပ်ဟာ နိုင်ငံရေးမှာ ပါလာပါ တယ်။ အဲသလို ပါလာတဲ့အတွက် နောင်မှာလည်း စစ်တပ်ကို နိုင်ငံရေးကနေခွာချလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။ လွတ်လပ်ရေးနဲ့ အတူ ဆက်တိုက်လက်စွမ်းပြတော့တာပါပဲ။

ပြောစရာ အချက်အလက်တွေ အမျိုးမျိုး အထွေထွေ ရှိသေးပေမယ့် အတိုဆုံးနဲ့ ခြုံပြောရမယ်ဆိုရင်တော့ သူများလက်အောက် ကနေ လွတ်လပ်ရေးရခဲ့ပေမယ့်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမြစ်မတွယ်နိုင်ရတာဟာ နှစ်ရှည်လများဖြစ်နေတဲ့ ပြည်တွင်းစစ် ကြောင့်ပဲ ဖြစ်ပါတယ်။ အမျိုးသားရေး ပြိုကွဲခဲ့လို့ ပြည်တွင်းစစ်ကို ဦးတည်ခဲ့ရတယ်။ ပြည်တွင်းစစ်ဆက်ဖြစ်နေလို့ အမျိုးသားရေး ဆက်လက်ပြိုကွဲမှုကို ရင်ဆိုင်နေရပါတော့တယ်။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် ဒီမိုကရေစီဟာ အငြှောင့်ပေါက်စလေးဘ၀မှာ သေဆုံးခဲ့ရပါတော့တယ်။

ဇော်မင်း (လူ့ဘောင်သစ်)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.