ရွက်မွန်စာမျက်နှာ

Monday, July 9, 2007

ပန်းတပွင့်တော့ကြွေလေပြီ။


လောက အမေရိကန်နိုင်ငံရှိ သတင်းမီဒီယာများတွင် ရိုဆာပါ့က် (Rosa Parks) ၏ နာရေးသတင်းက ကြီးစိုးထားသည်။ သူမ၏ ဈာပနကို လူများစွာ တက်ရောက်ဂါဝရပြုခဲ့ကြသည်။ အမေရိကန်အစိုးရကိုယ်၌ကပင် ဤလူမဲအမျိုးသမီးကြီးကို ကွန်ဂရက်လွတ်တော် ခမ်းမဆောင်တွင်ထား၍ လူအများ ဂါရ၀ပြုနိုင်အောင် အခမ်းအနား စီစဉ်ပေးခဲ့ရသည်။ အမေရိကန် သမတအပါအ၀င် တိုင်းပြည်ခေါင်းဆောင်အများအပြားသူ၏ နောက်ဆုံးအချိန်သို့လာရောက် ဂုဏ်ပြုခဲ့ကြသည်။ ကွန်ဂရက် အဆောက်အဦတွင် အမေရိကန်နိုင်ငံအလံကို တ၀က်ချ၍ သူမကို ဂုဏ်ပြုခဲ့သည်။ မိမိလည်း ရိုဆာပါ့က်ကို နောက်ဆုံး ဂါရ၀ပြုရန်၊ မိတ်ဆွေတဦးနှင့်အတူသွားခဲ့သေးသည်။

ပန်းတပွင့်တော့ကြွေလေပြီ။
ပန်းတွေများစွာ ဆက်ပွင့်နေဦးမည်။

တလောက အမေရိကန်နိုင်ငံရှိ သတင်းမီဒီယာများတွင် ရိုဆာပါ့က် (Rosa Parks) ၏ နာရေးသတင်းက ကြီးစိုးထားသည်။ သူမ၏ ဈာပနကို လူများစွာ တက်ရောက်ဂါဝရပြုခဲ့ကြသည်။ အမေရိကန်အစိုးရကိုယ်၌ကပင် ဤလူမဲအမျိုးသမီးကြီးကို ကွန်ဂရက်လွတ်တော် ခမ်းမဆောင်တွင်ထား၍ လူအများ ဂါရ၀ပြုနိုင်အောင် အခမ်းအနား စီစဉ်ပေးခဲ့ရသည်။ အမေရိကန် သမတအပါအ၀င် တိုင်းပြည်ခေါင်းဆောင်အများအပြားသူ၏ နောက်ဆုံးအချိန်သို့လာရောက် ဂုဏ်ပြုခဲ့ကြသည်။ ကွန်ဂရက် အဆောက်အဦတွင် အမေရိကန်နိုင်ငံအလံကို တ၀က်ချ၍ သူမကို ဂုဏ်ပြုခဲ့သည်။ မိမိလည်း ရိုဆာပါ့က်ကို နောက်ဆုံး ဂါရ၀ပြုရန်၊ မိတ်ဆွေတဦးနှင့်အတူသွားခဲ့သေးသည်။ ကွန်ဂရက်အဆောက်အဦရှေ့တွင် လူတွေက အများအပြား တန်းစီ နေကြသည်။ ငြိမ်ငြိမ်သက်သက်၊ လေးလေးနက်နက်။ အမေရိကန်သမိုင်းတွင် ဤလွတ်တော်ခန်းမဆောင်၌ ဈာပနကို ဂါရ၀ပြုရန် ထားခဲ့သူဆို၍ နိုင်ငံခေါင်းဆောင် လူအနည်းအကျဉ်းသာ ဖြစ်သည်။ ဤသူများအနက်မှ သူမက ပထမဆုံး ဂုဏ်ပြုခံရသူ သာမန်ပြည်သူတဦး ဖြစ်သည်။ ထို့အပြင်သူမက လူမဲတဦးဖြစ်နေသေးသည်။ သူမ ကွယ်လွန်ချိန် ၂၀၀၅ ခုနှစ် အောက်တိုဘာလ ( ၂၅ ) ရက်နေ့တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။

ကျနော်က သူမအကြောင်းဖတ်ရသောအခါ မြန်မာနိုင်ငံက ရိုဆာပါ့က်များကို သတိရလာသည်။ သူတို့သည် ပန်းများလို မွှေးလှ သည်။ သူတို့၏လုပ်ရပ်က အခြားသူများကို လွတ်မြောက်ရလေအောင်၊ ပန်းခင်းလမ်းသဖွယ်ဖြစ်ရလေအောင် စွမ်းခဲ့ကြသည်။ သူတို့က သတ္တိပြောင်မြောက်လှသလို နိုင်ငံတခု၏လမ်းကြောင်း၊ သမိုင်းကြောင်းကို ပြောင်းစေနိုင်ခဲ့ကြသူ ရှားရှားပါးပါး ပုဂ္ဂိုလ်များဖြစ်သည်။ လူ့ယဉ်ကျေးမှုကြီးကိုပါ ပို၍ သစ်လွင်လာအောင် ထုဆစ်နိုင်ခဲ့ကြသူများလည်း ဖြစ်သည်။

ရိုဆာပေါ့က် မည်သူနည်း။
သူမကို အမေရိကန်တောင်ပိုင်း၊ အယ်ဘားမားပြည်နယ်၊ တက်စ်ကီဂီမြို့လေးတွင် ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၄ ) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ အဖေကလက်သမားဆရာ၊ အမေကကျောင်းဆရာမဖြစ်သည်။ အသက် ၁၁ နှစ်အရွယ်တွင် မောင့်ဂိုမာရီ အမျိုးသမီးများအတွက် စက်မှုကျောင်းသို့ တက်ရောက်ခဲ့သည်။

သူမကြီးပြင်းရသည့်အချိန်တွင် လူမဲများအတွက် အခွင့်အရေးကလည်း အလွန်ရှားပါးလှသည်။ “အဲဒီအချိန်က ကျမတို့မှာ လူမှုအခွင့်အရေးတွေ မရှိရုံတင်မကဘူး။ ဘ၀ရပ်တည်ရှင်သန်ရေးအတွက်ပါ အခက်အခဲရှိကြတယ်။ တနေ့ပြီးတနေ့ ရှင်သန်ရေးအတွက်ကိုပဲ စဉ်းစားနေကြရတယ်။” သူမက ဘ၀တသက်တာလုံးကြောက်ရွံ့မှုနှင့် နေခဲ့ရသောအကြောင်းကို ပြန်ပြောပြဖူးသည်။ နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ရေမွန်ပါ့က်နှင့် လက်ထပ်၍ မောင့်ဂိုမာရီတွင်ပင် အခြေချခဲ့သည်။ နောက်ပိုင်းတွင် သူမက အသားအရောင်ရှိသူများဖွံ့ဖြိုးရေးဆိုင်ရာအစည်းအရုံး (National Association for the Advancement of Colored People ( NAACP ) တွင်ရောက်အကျိုးဆောင်ပေးခဲ့သည်။

ထိုအချိန်က တောင်ပိုင်းသည် လူမျိုးရေးခွဲခြားဖိနှိပ်မှု အပြင်းထန်ဆုံးကြုံနေရသောဒေသ ဖြစ်သည်။ ထို့အပြင် လူဖြူဂိုဏ်းများ၊ လူမျိုးရေးအစွန်းရောက်သူများ၏ အကြမ်းဖက်မှုများလည်း နေရာအနှံ့အပြား ရှိနေခဲ့သည်။ သို့သော် (NAACP) က တတ်နိုင် သမျှ ပညာရေး၊ လူမှုရေးအခွင့်အရေးများအတွက် တိုက်ပွဲဝင်ပေးခဲ့သည်။ (NAACP) ရှေ့နေများက တရားရုံးများအတွင်း “ခွဲခြားထားမည် သို့သော် တူညီရမည်” ဟူသော ပညာရေးကို ဆန့်ကျင် တိုက်ပွဲဝင်နေစဉ်တွင် တောင်ပိုင်းမြို့များရှိ သာမန်လူမဲပြည်သူများမှာလည်း လူအများသယ်ယူပို့ဆောင်ရေးဆိုင်ရာ၊ လူမဲလုပ်ငန်းများတွင် အသားအရောင်ခွဲခြားမှု များအား ဆန့်ကျင်သည့် စီးပွားရေးစစ်ပွဲများကို ဆင်နွှဲနေကြသည်။

လူမဲခရီးသည်များသည် မြို့တွင်း ဘတ်စ်စကားများ၏နောက်ပိုင်းရှိ သတ်မှတ်ထားသော ထိုင်ခုံများတွင်သာ စီးနိုင်ကြသည်။ အကယ်၍ လူမဲများအတွက် သတ်မှတ်ထားသော ထိုင်ခုံများပြည့်နေပါက လူဖြူများအတွက် သတ်မှတ်ထားသော ရှေ့ပိုင်း ထိုင်ခုံများ လွတ်နေသော်လည်း ထိုင်ခွင့်မရှိပဲ မတ်တပ်ရပ်ရမည်ဖြစ်သည်။ ၎င်းသည် လူမဲခရီးသည်များအတွက် ဂုဏ်သိက္ခာ နှိမ့်ချသော စနစ်ဖြစ်သည်။

တရက်တွင်တော့ ရိုဆာပါ့က်က လူဖြူယောက်ျားတဦးကို ဘတ်စ်ကားပေါ်တွင် ထိုင်ခုံနေရာဖယ်ပေးရန် ငြင်းပယ်ခဲ့သည်။ ထို့အတွက်ကြောင့် သူမအဖမ်းခံခဲ့ရပြီး၊ အမေရိကန်နိုင်ငံ၏ လူမှုအခွင့်အရေးလှုပ်ရှားမှုကြီးလည်း ပေါက်ကွဲဖြစ်ပေါ် လာစေခဲ့သည်။ ထိုနေ့က ( ၁၉၅၅ ) ခုနှစ် ဒီဇင်ဘာ ( ၁ ) ရက်နေ့ဖြစ်သည်။

ထိုနေ့ကို နောက်ပိုင်းသမိုင်းမှတ်တမ်းတင်သူများက အမေရိကန်နိုင်ငံ၏လူမှုအခွင့်အရေးလှုပ်ရှားမှု စတင်သည့်နေ့ဟူ၍ မှတ်တမ်းတင်ထားခဲ့ကြသည်။ ထိုအဖြစ်အပျက်မှနေ၍ အမေရိကန်နိုင်ငံ၏လူမှုအခွင့်အရေးလှုပ်ရှားမှုကြီး ပေါက်ဖွားလာခဲ့သည်။ လူမဲများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်သူခေါင်းဆောင် မာတင်လူသာကင်း အပါအ၀င် ထင်ရှား သောခေါင်းဆောင်အမြောက်အများကို မွေးဖွားစေခဲ့သည်။ ထိုသို့ ထိုင်ခုံနေရာ ဖယ်ပေးရန် ငြင်းပယ်ခဲ့မှုကြောင့် သူမ အဖမ်းခဲ့ရသည်။ ဤသို့သပိတ်မှောက်ခဲ့မှုကြောင့် သူမထံသို့သတ်ဖြတ်ပစ်မည်၊ အိမ်မီးတင်ရှို့မည်ဟူသော ခြိမ်းခြောက်စာများ၊ နှောင့်ယှက်မှုများကို ကြုံရသည်။ အလုပ်ပြုတ်ခဲ့ရသည်။ နောက်ပိုင်းတွင်တော့ ရက်ပေါင်း ၃၈၀ ကြာ ဘတ်စ်ကားသပိတ်ကြီး ဖြစ်လာ စေခဲ့သည်။ လူမဲများ နိုးကြားအုံကြွစေခဲ့သည်။ နောက်ပိုင်း အမေရိကန်နိုင်ငံတ၀ှမ်းရှိ ကျောင်းများ၊ အလုပ်ဌာနများ၊ အိမ်ယာနေရာချ ထားရေးကိစ္စများတွင်ပါ ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့တော့သည်။

ထိုအဖြစ်သသည် ရိုးရိုးလေးငြင်းပယ်မှုသာဖြစ်သည်။ လူတဦးတည်း၏ သတ္တိရှိရှိမနာခံပဲ ငြင်းပယ်လိုက်မှုသာ ဖြစ်သည်။ ထိုအဖြစ်သည် ယဉ်ကျေးမှုဆိုင်ရာအရ လှုပ်ရှားမှုများ၊ ပြောင်းလဲမှုများကို ဖြစ်စေခဲ့သည်။ နောက်ဆုံး အမေရိကန်နိုင်ငံရှိ လူမျိုးစုံလူထုအားလုံးတန်းတူညီမျှ အခွင့်အရေးရှိစေရမည်ဟု ဥပဒေအရ အာမခံချက်ကို ဖြစ်ပေါ်စေခဲ့သည်။ မီချီဂန်မှ ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်ဂျွန်ကွန်းယား ဂျူနီယာက “အမေရိကန် လူမှုအခွင့်အရေးလှုပ်ရှားမှုရဲ့ တကယ့်ကို ကြီးကျယ်မြင့်မြတ်သူတယောက်ပဲ” ဟု ဂုဏ်ပြုပြောကြားခဲ့သည်။ “နိုင်ငံတခုလုံးကို အပြောင်းအလဲတွေ ဖြစ်စေအောင် သူတို့လုပ်ရပ်ကဆောင်ရွက်နိုင်သူဆိုလို့ ရှားရှားပါးပါးပဲ။ ဒီအထဲမှာ သူမကတယောက်အပါအ၀င် ဖြစ်တယ်။ ” သူက ပြောခဲ့ သည်။ ရိုဆာပါ့က်ကတော့ သူမဤသို့ထိုင်ခုံနေရာဖယ်ပေးရန် ငြင်းပယ်ခဲ့စဉ်က ရိုးရိုးလေးငြင်းပယ်ခဲ့မှုသာ ဖြစ်သည်။ ဤသို့လိုက်လျောနာခံရမှုများကို စိတ်ကုန်နေပြီဟု ဆိုခဲ့သည်။ မာတင်လူသာကင်းကတော့ သူ၏စာအုပ်တွင်၊ ဤသို့ရိုဆာပါ့က်၏ ငြင်းပယ်ခဲ့မှုသည်”လူသာတို့၏ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုများကို အချိန်ကြာမြင့်စွာ ငတ်မွတ် တောင့်တခဲ့ရသူတို့၏ ပုဂ္ဂလိကဖော်ပြလိုက်မှု” ဖြစ်သည်ဟုရေးခဲ့သည်။

သမိုင်းက မျှတစွာပင် သူမဖက်က ရပ်တည်ခဲ့သည်။ နောက်ပိုင်း ၁၉၉၆ ခုနှစ်တွင် သမတကလင်တန်က အရပ်သားတို့ကို အမြင့်ဆုံးချီးမြှင့်သည့် လွတ်လပ်ရေးအတွက် သမတ၏ ဂုဏ်ထူးဆောင်ဆုကို အပ်နှင်းခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဂရက်လွှတ်တော်က အမြင့်ဆုံးဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို အပ်နှင်းခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်ပေါင်း များစွာက သူမကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းခဲ့ကြသည်။ အမေရိကန်သမိုင်းတွင်သူမအတွက်အပ်နှင်းထားရှိ သောအဆင့်နေရာကို ပြန်လည်ဖျက်သိမ်းရန် မဖြစ်နိုင်တော့ပြီ။

မြန်မာပြည်က ရိုဆာပါ့က်များ

မြန်မာနိုင်ငံတွင်လည်း ရိုဆာပါ့က်လို ဖိနှိပ်မှုများ၊ လူသားသိက္ခာမဲ့ရမှုများ၊ လွတ်လပ်မှုဆိတ်သုဉ်းနေရသည့် အခြေအနေများကို ရိုးရိုးလေးငြင်းပယ်ခဲ့သူတွေရှိသည်။ ဆက်လက်ငြင်းပယ်နေကြသူများလည်း ရှိသည်။ ကျနော်ကတော့ ထန်းမနိုင်ရွာသူ မစုစုနွေးကို မြန်မာနိုင်ငံက ရိုဆာပါ့က်ဟုပဲ မြင်မိသည်။ သူမက အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို မတရားဟု မြင်သည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ငြင်းပယ်ခဲ့သည်။ ဤအတွက်ကြောင့်ပင် အာဏာပိုင်များက သူမကို အညှိုးအတေးထားသည်။ နောက်ဆုံးသတင်းအရ အမှုဆင်ကာ ယခုနှစ် အောက်တိုဘာလ ( ၁၃ ) ရက်နေ့က ထောင်ဒဏ် ၁ နှစ်ခွဲ အပြစ်ပေးခဲ့သည်ဟု ကြားသိရသည်။ (ယခုဤဆောင်းပါး ပြန်လည်တင်ပြချိန်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်၏ ဖိအားပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာပြီး ဆက်လက်လှုပ်ရှားလျှက် ရှိပါသည်။)

အလားတူ အာဏာရှင်တို့ပြောခဲ့သမျှကို ရိုးရိုးလေး ငြင်းပယ်ခဲ့ကြ သူများရှိသည်။ ပါမောက္ခ ဒေါက်တာဆလိုင်းသန်းထွန်း မှသည်၊ ဦးအုန်းသန်း၊ ပဲခူးမြို့မှရှေ့နေကြီး ဦးအေးမြင့် စသည့်သူများက အာဏာပိုင်များ၏ မတရားသောအမိန့်များကို နာခံရန် ရိုးရိုးလေးငြင်းပယ်ခဲ့ကြသည်။ ဤသို့ ငြင်းပယ်မှုအတွက် သူတို့ အန္တရာယ်ရှိမှန်းသိလျှက်နှင့် သတ္တိပြောင်မြောက်စွာ ငြင်းပယ်ခဲ့ကြသည်။ တကယ့် သူရဲကောင်းများဖြစ် သည်။ မြန်မာနိုင်ငံတွင်တော့ ဤကဲ့သို့ရိုဆာပါ့က်လိုလူပုဂ္ဂိုလ်များ ဂုဏ်ပြု မခံကြရသေးပေ။ ညကမှောင် မိုက်ဆုံးကာလဖြစ်နေသည်။ သို့သော်ထိုသူရဲကောင်းတို့၏ သတင်းက လူချင်းဆောင်ကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများက ဂုဏ်ပြုဆုချီးမြှင့်ခဲ့သူများလည်း အများအပြားရှိခဲ့ပြီ။ ကျနော်ကတော့ ယုံကြည်သည်။ ဆက်လက်၍ ရိုးရိုးလေး ငြင်းပယ်နေကြမည့်သူ အများအပြားဆက်၍ ရှိနေကြဦးမည် ဆိုသည်ကိုပင်။

ရိုးရိုးလေးငြင်းပယ်မှု၏ အလှ

ရိုးရိုးလေးငြင်းပယ်မှု၏ စွမ်းအားကကြီးလှသည်။
ဤကိစ္စနှင့် ပတ်သတ်၍ ဂန္ဒီကြီးက ရှေ့ဦးဖော်ပြခဲ့သည်။ သန်းပေါင်းများစွာရှိသော အိန္ဒိယလူမျိုးများ နာခံနေကြသည့် အတွက်သာ ဗြိတိသျှတို့ အိန္ဒိယကို ကိုလိုနီကျွန်ပြုနိုင်ကြခြင်းဖြစ်ကြောင်း သူကပြောခဲ့သည်။ သူကစ၍ နာခံရန် ရိုးရိုးလေး ငြင်းပယ်ခဲ့သည်။ ထို့အပြင် အခြားသူများကိုလည်း ငြင်းပယ်ကြရန် သူက တိုက်တွန်းနားချခဲ့သည်။

အကြမ်းမဖက်လှုပ်ရှားမှု၏ သဘောသဘာဝနှင့် နိုင်ငံတကာဖြစ်ရပ်များအကြောင်း ပြုစုထားသော “ပို၍ ကြီးသော စွမ်းအား တခု” ဆို့သည့် စာအုပ်တွင် စာရေးသူက ဤသို့ရိုးရိုးလေးငြင်းပယ်မှု၏ အလှကို သေချာမှတ်တမ်းတင် ဖော်ပြထားခဲ့သည်။ သူက လူထုအများ၏ စိတ်တွင် အကြမ်းမဖက်သော လှုပ်ရှားမှုနှင့် ပါတ်သတ်၍ရှိနေသော ယုံမှတ်မှားချက် ၂ ခုကို ဖွင့်ချ ရှင်းပြခဲ့သည်။ ပထမအချက်မှာ ဤရာစုနှစ်အတွင်း အကြမ်းမဖက်လှုပ်ရှားမှုနှင့် ပတ်သတ်၍ ထိပ်တန်းခေါင်းဆောင် ၂ ဦး ဖြစ်သူ၊ ဂန္ဒီနှင့် မာတင် လူသာကင်းဂျုနီယာကို ဘာသာရေးအခြေခံမှ ဤသို့လှုပ်ရှားလာကြခြင်းဖြစ်သည်ဟု ယူဆကြခြင်းဖြစ်ပါ သည်။ အကြမ်းမဖက်လှုပ်ရှားမှုဟူသည်မှာ မြင့်မြတ်သော ကျင့်ဝတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတခု သဖွယ်သတ်မှတ်ထားကြပြီး၊ လက်တွေ့ကျကျ ရွေးချယ်လှုပ်ရှားမှုတခု ဟူ၍မသတ်မှတ်ကြခြင်းကို စာရေးသူက ရှင်းလင်းစေခဲ့သည်။

ဒုတိယအချက်မှာ ၁၉၈၆ ခုနှစ်တွင်၊ ဖိလစ်ပိုင်နိုင်ငံတွင် မားကို့စ်ပြုတ်ကျ၍၊ “ပြည်သူ့အာဏာ” လှုပ်ရှားမှု အနိုင်ရခဲ့သော အခြေအနေတွင်၊ အကြမ်းမဖက်လှုပ်ရှားမှု၏အောင်ပွဲ၊ အင်အားသည် လမ်းမများပေါ် လှုံ့ဆော်မှုကြောင့် ထွက်လာကြသော လူအုပ်စုပမာဏ၊ လူထုအရေအတွက်ပေါ်တွင် တည်မီနေသည်ဟု မှားယွင်းယူဆနေကြခြင်းဖြစ်ပါသည်။

သို့သော် စာရေးသူက ရှင်းစေခဲ့သည်မှာ၊ ဤသို့လမ်းမပေါ်အင်အားပြဆန့်ကျင်ခြင်းသည် တခါတရံလိုအပ်သော်လည်း ထိရောက်သော အကြမ်းမဖက်လှုပ်ရှားမှုတခု၏ လှိုင်းချက်ရစ်သမ်သည် ဤသို့ရုတ်ချည်းအုံကြွမှုမျိုးအစား လူတဦးချင်းစီ၏ ရိုးရိုးလေးငြင်းပယ်ချက်၊ ရည်ရွယ်ချက်ရှိရှိဖြင့် ကိစ္စတခုကို လုပ်ကိုင်ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ရိုဆာပါ့က်၏ ရိုးရိုးလေးငြင်းပယ်ချက်သည် အလဟဿမဖြစ်ခဲ့သလို မစုစုနွေးတို့၏ ရိုးရိုးလေးငြင်းပယ် ချက်သည်လည်း တနေ့ အကျိုးရလာဒ်တွေ့ရလာမည်ဖြစ်ပါသည်။ သူတို့မြင်လိုသော လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိသော လူသားဘ၀ကို မြင်ကြလိမ့်မည် ဖြစ်ပါသည်။ ရိုဆာပါ့က်လို ကြီးကျယ်မြင့်မြတ်သော ပန်းတပွင့် ကြွေလွင့်သွားရသည့်အတွက် ကြေကွဲ ၀မ်းနည်းရပါသည်။ သို့သော် ပန်းပေါင်းများစွာကတော့ ဆက်လက်၍ ရဲရဲဖူးပွင့်၍၊ လူ့လောကကို ဆက်လက်မွှေးပြန့်နေစေ ကြလိမ့်မည် ဖြစ်ပါသည်။

အောင်သူငြိမ်း

စာကိုး။

1. Rosa Parks, The Washington Post, Editorial,
October 26, 2005.
2. A Bus Ride Jolted Nation's Conscience, The Washington Post,
October 25, 2005.
3. An Overflowing Tribute to an Icon, The Washington Post,
November 1, 2005.
4. Dignitaries and Friends Laud Parks as a Hero, The Washington Post,
November 1, 2005.
5. Biography of Rosa Parks, Academy of Achievement, Available online at
www.achievement.org/autodoc/page/par0bio
6. A Force More Powerful: A century of Nonviolent Conflict, Paper Ackerman
and Jack Du Vall, St. Martin Press, New York, 2000.

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.