ရွက်မွန်စာမျက်နှာ

Monday, July 9, 2007

လန်ဒန်မြို့ တနေရာက ရယ်မောနေသူတယောက်

မိတ်ဆွေများ၊ ရန်သူများနှင့် ရန်သူတွေကနေ မိတ်ဆွေဖြစ်လာသူများခင်ဗျား။
ကျနော့် ကံကြမ္မာအကျိုပေး မကောင်းလှပေမယ့် ကျနော်အတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါ။ ပြန်တွေးကြည့်မယ် ဆိုရင်တော့ ကျနော်စုဆောင်းထားတဲ့ငွေတွေထဲက၊ ဘတ်ငွေ သန်းဘီလီယံတချို့ကို ဖြုန်းပစ်လိုက်ဖို့တောင် ထိုက်တန်နေ ပါတယ်။ ဆိုလိုတာက ကျနော့်ဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာတလွားက ဝေဖန်ကြတဲ့အသံတွေ၊ တွေးခေါ်မျှော်မြင်မှု တွေကို ဘယ်လောက်အထိ လှုပ်ခတ်သွားစေခဲ့တယ်၊ ဘယ်လောက် အထိအပြောင်းအလဲ ဖြစ်စေခဲ့တယ်ဆိုတာကို တွေ့နိုင် ပါတယ်။


လန်ဒန်မြို့ တနေရာက ရယ်မောနေသူတယောက်

တူလ်ဆာထစ် တပ်ထင်(မ်)

အောက်တိုဘာ ၁၁ ရက်၊ ၂၀၀၆ ထုတ် ထိုင်းနိုင်ငံအခြေစိုက် နေရှင်းသတင်းစာပါ Tulsathit Taptim ၏
Somewhere in London, Someone is laughing ဆောင်းပါးကို ကိုအောင်သူငြိမ်း ဘာသာပြန် တင်ဆက်ထားခြင်းဖြစ် ပါသည်။ ဆောင်းပါးမှာ သရော်စာပုံစံဖြင့်ရေးသားထားခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် တက်ဆင်ရှင်နာဝပ်၊ စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရစဉ်က၊ တက်ဆင်က စောဒကတက်သည့်ပုံစံဖြင့် ခပ်ထေ့ထေ့ရေးသားထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးဖော်ပြစဉ်က တက်ဆင်မှာ လန်ဒန်တွင် ရှိနေပါသည်။)

မိတ်ဆွေများ၊ ရန်သူများနှင့် ရန်သူတွေကနေ မိတ်ဆွေဖြစ်လာသူများခင်ဗျား။

ကျနော့် ကံကြမ္မာအကျိုပေး မကောင်းလှပေမယ့် ကျနော်အတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါ။ ပြန်တွေးကြည့်မယ် ဆိုရင်တော့ ကျနော်စုဆောင်းထားတဲ့ငွေတွေထဲက၊ ဘတ်ငွေ သန်းဘီလီယံတချို့ကို ဖြုန်းပစ်လိုက်ဖို့တောင် ထိုက်တန်နေ ပါတယ်။ ဆိုလိုတာက ကျနော့်ဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာတလွားက ဝေဖန်ကြတဲ့အသံတွေ၊ တွေးခေါ်မျှော်မြင်မှု တွေကို ဘယ်လောက်အထိ လှုပ်ခတ်သွားစေခဲ့တယ်၊ ဘယ်လောက် အထိအပြောင်းအလဲ ဖြစ်စေခဲ့တယ်ဆိုတာကို တွေ့နိုင် ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အီရတ်စစ်ပွဲကို ထောက်ခံတဲ့သူတွေ၊ တုံ့ပြန်လက်စားချေခံရမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့သူတွေ၊ စက်တင်ဘာ ၁၁ ရက် အရေးအခင်းကို ရှုတ်ချခဲ့သူတွေ၊ စာနာမှုပေးခဲ့သူတွေ၊ ဟီရိုရှီးမားဗုံးကြဲမှုရဲ့ နောက်ခံစဉ်းစားချက်ကို နားလည်ပေးခဲ့သူတွေ၊ ဒီအဖြစ်အတွက်တသက်တာ မမေ့နိုင်သူတွေကိုတောင် ပြန်လည်စုစည်း ညီညွှတ်စေခဲ့ပါတယ်။

ဟုတ်ပါတယ်။
ကျနော် ပြောနေတာက သွေးထွက်သံယိုမှု မရှိခဲ့ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်တပ် အင်အားသုံးပြီး ကျနော့်ကိုဖြုတ်ချဖယ်ရှားခဲ့တဲ့ ကိစ္စကိုပါပဲ။ တချို့က ပြောကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဆုံးဖြတ်ရမယ့်အတိုင်း အတိအကျဆောင်ရွက်ခဲ့မှုလို့ ပြောကြပါတယ်။ ကျနော်ကတော့ ဆန့်ကျင်ဘက် မြင်ပါတယ်။ ကျနော်သိပါတယ်။ အရိုးထဲကတောင် အမေရိကန်ကို မုန်းနေသူတွေက၊ အခုတော့ အန်ကယ်ဆမ်ကို ကျနော်နဲ့ တသွေမတိမ်း ဒူးထောက်ခယ ၀ပ်တွားနေကြပါပြီ။ စကားလုံးတလုံးတောင်မှ မလွဲမသေ လိုက်ပြောနေကြပါတယ်။ ကျနော်သိပါတယ်။ လူနည်းစုတွေရဲ့ အသံတွေကိုမြှင့်တင်ပေးနိုင်ဖို့ အမြဲတမ်းတိုက်ပွဲဝင်ခဲ့သူတွေ၊ “စိတ်ပျက်ခိုလှုံရာမဲ့နေတဲ့ လုပ်ရပ်တွေ” ဆိုပြီး ကာကွယ်နေခဲ့ကြ သူတွေ က အခုတော့“လူများစု အုပ်ချုပ်ရေး၊ အဆုံးသတ်သွားလေပြီ” ဆိုပြီး အကြိမ်ကြိမ်ပြောကာ စံချိန်ချိုးနေကြပါပြီ။

ကမ္ဘာကုန်သွယ်ရေးမျှော်စင် အဆောက်အဦကို လေယာဉ်တွေက ၀င်တိုက်လိုက်တုန်းက“ အမေရိကန်ဟာ သူထိုက်သင့်တဲ့ ဒဏ်ကိုခံရတာ” လို့ ခံစားခဲ့ကြရတဲ့သူတွေရှိနေပြီး၊ ပြန်ပေးဆွဲထားကြတဲ့အကြမ်းဖက်သမားတွေဘက်ကလည်း “သူတို့မှာ အခြားရွေးစရာလမ်းမှမရှိတာ” လို့ ဆင်ခြေ စောဒကတက်ခဲ့ကြတဲ့သူတွေလည်းရှိခဲ့ပါသေးတယ်။ အခုတော့ ဒီလူတွေက နိုင်ငံရေးအရ ယဉ်ကျေးငြင်သာမှုတဲ့၊ ကစားပွဲရဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေတဲ့၊ ဒီလို ပြန်လည်တိုက်တွန်း ပြောဆိုနေကြပါပြီ။

ကျနော်က လူလိမ်။ ဟုတ်ပါပြီ။ ဒါပေမယ့် ကျနော့်ဘက်က ခုခံကာကွယ်ပြောဆိုပေးနေတဲ့ ကမ္ဘာခေါင်းဆောင်တွေနဲ့၊ အင်ဂျီအို တွေ ကကော ဘယ်နားသွားထားအုံးမလဲ။ အခုတော့ ဒီကိစ္စဟာ ဒီကမ္ဘာဂြိုလ်ကြီးရဲ့ အထင်ပေါ်ဆုံးဖြစ်စဉ် ဖြစ်နေရပါပြီ။ ကျနော် ဘာပြောနိုင်မှာလဲ။ အခုတော့ စင်္ကာပူနိုင်ငံတောင် ထိုင်းနိုင်ငံကို ဒီမိုကရေစီအကြောင်း ဆရာကြီးလုပ်၊ လက်ချာ ပေးနေပါပြီ။ တကယ်တော့လည်း လူတိုင်းလူတိုင်းက လူတိုင်းလူတိုင်းကို ဒီမိုကရေစီအကြောင်း ဆရာကြီးလုပ်၊ လက်ချာ ပေးနေကြတာပါ။

အိုင်ဒီယိုလိုဂျီ အတွေးအခေါ်တွေနဲ့ တရားမျှတမှုဆိုတဲ့ သဘောတွေ၊ မသပ်မယပ်နဲ့ ကောက်ရိုးမြက်ထုံး ဖြစ်သွားပုံကို ထိုင်ကြည့်နေရတာ ရယ်စရာပါပဲ။ အကြောင်းကတော့ လူတယောက်ကြောင့် ဖြစ်သွားရတာတဲ့။ ပြီးတော့ အဲဒီသူကိုနိုင်ငံရဲ့ အကောက်ကျစ်ဆုံး လူလိမ်တဲ့။ စွပ်စွဲနေကြပြန်တယ်။ လူတွေက “တန်းတူညီမျှရေး” ဆိုတဲ့ စကားသုံးပြီး၊ ကျနော်ရဲ့ အကျအရှုံးအတွက် အော်ဟစ်ပေးတာ ကြားရရင် ကျနော်လောက် ကျေနပ်မိတဲ့သူ ရှိမှာမဟုတ်ဘူး။ “တန်းတူညီမျှရေး”တဲ့။ သူတို့ ရယ်စရာပြောနေတာပဲ ဖြစ်လိမ့်မယ်။

အမေရိကန်မှာ ဖြစ်သလား။ အင်္ဂလန်မှာဖြစ်သလားတော့ မသေချာပါဘူး။ ကျနော့်နိုင်ငံမှာတော့ ပိုက်ဆံ အိတ်တအိတ် ခိုးရင် ထောင်ချခံရပါတယ်။ ခင်ဗျားခိုးရင် ခင်ဗျား ထောင်ထဲသွားပေတော့။ ဘာမှမေးခွန်းထုတ်စရာ မလိုပါဘူး။ အမှုလည်း ပိတ်လိုက်တာပါပဲ။ ကျနော့်အတွက်တော့ သူတို့က ကျနော့်ကို တရားခုံရုံးပေါ်တင်လို့တောင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ကျနော် အခုလိုအပြစ်ပေးခံရတာကို၊ တနည်းအားဖြင့်“မျက်စေ့တလုံးအတွက် မျက်စေ့တလုံး” ဥပဒေနဲ့ အပြစ်ပေးခံရတာကို ကမ္ဘာကြီးတခုလုံးက ၀ိုင်းပြောနေကြပါပြီ။“ တန်းတူညီမျှရေး” သိပ်များသွားတယ် ထင်ပါတယ်။ ဟုတ်သလားဗျို့။

အခု အီရတ်စစ်ပွဲကိုပဲ ကြည့်ပါဦး။ အာဏာသိမ်းပွဲကို ဝေဖန်ခဲ့တဲ့သူတွေနဲ့ လမ်းမပေါ်ဆန္ဒပြပွဲလုပ်တဲ့သူ တွေကို“ပညာတတ်” “ရေပေါ်ဆီ” လူနည်းစုတွေက သူတို့ရဲ့အမြင်တွေကို ဆင်းရဲသားလူနည်းစုဆီကို အတင်းထိုးသွင်းနေတာလို့ ပြောနေကြ ပြန်ပါပြီ။ တကယ်လို့များ အနောက်နိုင်ငံတွေဆီက လာခဲ့မယ်ဆိုရင်တော့ ဒီအမြင်တွေက အဖိုးမဖြတ်နိုင်စရာပေါ့။ ကျနော် ခင်ဗျားတို့ကိုမေးခွန်းတခုမေးပါရစေဦး။ အမေရိကန်က အီရတ်ကို ၀င်ရောက်မကျူးကျော်ခင်က ၀င်ရောက်သင့်၊ မသင့် နိုင်ငံတခုချင်းစီက ဆန္ဒမဲတောင်းခံခဲ့လို့လား။ မဲဆန္ဒတိုင်းကလည်း “တန်းတူညီမျှ” ရေတွက်ခံခဲ့ရလို့လား။ ဒီလိုဆိုရင် အီရတ်စစ်ပွဲတောင် ဖြစ်စရာ အကြောင်းရှိလို့လား။

ပြီးတော့ ဒီကိစ္စကိုပဲ၊ နည်းနည်း ထပ်ချဲ့ကြည့်ကြပါဦးစို့။ ဘာဖြစ်လို့ ကုလသမဂ္ဂမှာရော “ကြီး ၅ ကြီး” ဆိုတာရော လိုနေရသေး တာလဲ။ ကမ္ဘာပဋိပက္ခတွေကို ဖြေရှင်းဖို့၊ တနိုင်ငံ မဲတမဲစနစ်နဲ့ မလုပ်နိုင်ကြရတာလဲ။ ဒါမှမဟုတ် အဆုံးစွန်ဆုံးဆိုပါစို့။ လူအားလုံး တယောက်တမဲနဲ့ ကမ္ဘာ့ရေးရာတွေကို မဆုံးဖြတ်ခိုင်း နိုင်ရတာလဲ။ ကျနော်က ကုလသမဂ္ဂကို အရေးမစိုက်တုန်းက ခင်ဗျားတို့က အပြစ်ဆိုခဲ့ကြတယ်။ အခုတော့ သိပြီမဟုတ်လား။

လူတွေကို သူတို့လက်ခံထားကြတဲ့ စံချိန်စံညွှန်းတွေကို ပြန်စစ်ဆေးစေရအောင်၊ တုန်လှုပ်သွားစေအောင်၊ တုန်လှုပ်သွားစေအောင် လုပ်ရတာ သိပ်ကျေနပ်စရာပါပဲ။ ငရဲမင်းကြီး ထွက်လာတုန်း သူတို့ တွေဝေနေကြပုံကို
ကြည့်နေရသလိုပါပဲ။ ဥပဒေ ဘောင်ပြင်ပက လူသတ်မှုတွေအတွက် လူတချို့က ကျနော့်ကို ပြစ်တင် ရှုတ်ချကြပါသေးတယ်။ အခုတော့ ဒီလူတွေကိုယ်တိုင်ကပဲ ကျနော့်ရဲ့ နိုင်ငံရေးကျဆုံးခန်းကိုကြည့်လို့ သံဝေဂနဲ့ ညည်းနေကြပါသေးတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ ကျနော်က လာမယ့် အနာဂတ်မှာ ဒီလိုချေမှုန်းရေးမျိုးလုပ်နိုင်တာထက် ကျနော့်ရဲ့ တည်ရှိရပ်တည်မှုက ပိုအရေးကြီးနေလို့လား။ ဆိုလိုတာက ကျနော့်မှာ လူများစုထောက်ခံနေမှု ရှိနေသရွေ့၊ ကျနော့်က ရဲတွေကို မူးယစ်ဆေးနဲ့ မသင်္ကာစရာသူတွေကို စိတ်ဆန္ဒရှိတိုင်း ပစ်သတ်ဖို့ အမိန်ပေးနိုင်တယ်လို့ သူတို့က လက်ခံယုံကြည်လိုက်ကြလို့လား။

ခင်ဗျားတို့ ဒီကိစ္စမှာ ငိုအားထက် ရယ်အားသန် ဖြစ်ရတာတွေ၊ အပြောနဲ့ အလုပ် တလွဲဖြစ်ရတာတွေ တွေ့ရပါသလား။ ကျနော့် ရဲတွေက မူးရစ်ဆေးနဲ့မသင်္ကာသူတွေကို၊ အထောက်အထား ရှိရှိ၊ မရှိရှိ သတ်ပစ်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ အခုတော့ စစ်တပ်က ခြစားမှုနဲ့ပတ်သတ်လို့ အထောက်အထားသက်သေပြချက်မရှိဘဲ ကျနော့်ကို ဖြုတ်ချပစ်တာကို၊ ဒီအခြေခံပေါ်က နေပြီး ကျနော် ခုခံချေပလိုပါသေးတယ်။ ကျနော်ကတော့ ဒီအချက်ကို ကျေးဇူးတင်နေပါတယ်။ ဒီကိစ္စတွေ အားလုံးဟာ တသွေမတိမ်းတူညီနေတာပါပဲ။

အခု ဒီကိစ္စဖြစ်လာတော့၊ ကျနော့်ကို အထောက်အထားတွေအားလုံးပြဖို့ လူတွေက တောင်းဆိုနေကြပါတယ်။ တကယ်အံ့သြ စရာကောင်းတာပဲ။ ကျနော့်ကို ဆက်ဒမ်ဟူစိန်ရဲ့ လူအစုအပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ပြစမ်းပါဦး။ ကျနော်မှားရင် တောင်းပန်ပါရဲ့ ..... ။ ကျနော်ထင်တာတော့ သွေးထွက်သံယိုကင်းတဲ့ စစ်တပ်အာဏာ သိမ်းမှုတခု ကြံတာထက်စာရင် နိုင်ငံတခုကို ဒုံးပျံနဲ့ မပစ်ခွင်းခင်ကတည်းက အထောက်အထားတွေ ပိုလို့လိုအပ် တယ်လို့ ကျနော်တော့ထင်တာပဲ။ ဒီတကြိမ်၊ ကျနော်ထပ်ပြီး ကျေးဇူးကြီးစွာ တင်ပါရဲ့ ။ ဒီတကြိမ် ကျနော်ရယ်ရတာ မောနေတာပဲ။

ကျနော့်ကို လူလိမ်လို့ ထင်တဲ့သူတွေ၊ ဒါပေမယ့် ကျနော် ကျနော့်အာဏာကနေ မတရားဖယ်ရှားခံလိုက်ရတယ်လို့ ထင်ပြီး၊ ငိုကြွေးနေသူတွေအတွက် ကျေးဇူးကြီးကြီးတင်တာကို ကျနော် သိမ်းထားလိုက်ပါဦးမယ်။ ကျနော် လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ပေမယ့် သူတို့ဖြစ်ပုံတွေကို ခံစားလို့မရသေးပါဘူး။ သူတို့ဆိုလိုတာက နောက်ထပ်ရွေး ကောက်ပွဲတွေနဲ့ ကျနော်အပြစ်ကင်းကြောင်း အဖြူပြန်သုတ်ဆေးကြောလို့ရမယ် ထင်နေလား။ ဒါမှမဟုတ် ရွေးကောက်ပွဲကနေပဲ ကျနော့်တရားကို ဆုံးဖြတ်လိမ့်မယ်လို့ သူတို့ယူဆနေတာလား။ လူလိမ်ဟာ လူလိမ်ပဲ။ ပုဒ်မ ဖြတ်လိုက်ပါ။ ကျနော်ကတော့ ကျနော့်လျှို့ဝှက်ချက် အနည်းငယ်ကို ပြောပြပါမယ်။ လူလိမ်တယောက်ဟာ တော်ပြီဆိုရင် အခြားတန်းစီနေတဲ့သူတွေထက် မဲရွေးပွဲမှာ ဆယ်ခါပိုသာ အရွေးခံရနိုင်ပါတယ်။

“ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို ထိုးနှက်ခံလိုက်ရတယ်“ ဆိုတဲ့ ကိစ္စကိုတော့ ကျနော့် အံ့သြရပါတယ်။ ဒီလောက် လွယ်လွယ် လုပ်နိုင်လိမ့်မယ်လို့ ကျနော် ထင်မထားခဲ့ပါဘူး။ လူတိုင်းကတော့ ငါးမျှားချိတ်ကို မြိုနေတာပါပဲ။ တချိန်က ကျနော့်ကို အကောင်းဆုံး သတင်းမီဒီယာတွေကို လှည့်ဖြားနိုင်တဲ့ဆရာကြီးလို့ ခေါ်ဆိုနေကြသူတွေတောင် အခုကိစ္စမှာ ခံလိုက်ကြရတယ် မဟုတ်လား။

အခုအချိန်မှာ ကျနော်က နတ်ဘုရားတပါးလိုပဲ ခံစားနေရပါတယ်။ ဒီအတိုင်း ကျနော် တနေ့လုံးနေနေရပါတယ်။
ခင်ဗျားက (ဒီစာကိုဖတ်ပြီး) ကျနော့်အတွက် ၀ိုင်းဝန်းကာကွယ်ပေးလိုစိတ် ရှိလာနိုင်ပါတယ်။ ဟုတ်လား။ ခင်ဗျား ဒီလို ဖြစ်နိုင်ပါတယ်။ အခုတော့ လူတန်းရှည်ကြီးထဲမှာပဲ တန်းစီနေလိုက်ပါဦးဗျာ။

အောင်သူငြိမ်း ပြန်ဆိုသည်။

(Somewhere in London, Someone is laughing by Tulsathit Taptim, The Nation, October 11, 2006.)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.