ရွက်မွန်စာမျက်နှာ

Monday, July 9, 2007

အဲန်ဂျီအို (NGO)

ကူအညီပေးရေးအဖွဲ့များ၊ လှုံ့ဆော်ရေးအဖွဲ့များ၊ သို့မဟုတ် အဲန်ဂျီအိုများသည် ကမ္ဘာ့အရေးတွင်ပို၍ ပို၍အရေးပါလာနေ သည်။ သို့သော်လည်း သူတို့သည် သူတို့ကြွေးကြော်ထားသကဲ့သို့ လုံးဝအစိုးရများနှင့်ကင်းလွတ်သော အဖွဲ့အစည်းများ မဟုတ်ကြ။ အားလုံးသည်လည်းကောင်းကျိုးသက် သက်ကိုသာ ဆောင်ရွက်နေသူ သူတော်စင်များမဟုတ်ကြ။

လူငယ်တဦးသည် သူ၏ဖြစ်ပြီးရော ရိုက်နှိပ်ထားသည့် လိပ်စာကပ်ပြားကိုဧည့်သည် များထံသို့ အလုအယက်လိုက်ဝေငှနေ သည်။ သူ၏အမည်အောက်တွင် စာလုံးသုံးလုံး အင်္ဂလိပ်လိုရိုက်နှိပ်ထားသည်။ အဲန်ဂျီအို (N G O) ။ ခင်ဗျားက ဘာလုပ်တာ လဲ။ ဧည့်သည်တဦးကမေးလိုက်သည်။

ကျနော့်အဲန်ဂျီအိုက ဘာလုပ်တာလဲ။ သူတို့ ဘာဖြစ်ချင်သလဲ။ ပြီးတဲ့အခါကျနော် အဲဒီစီမံချက်ကို (Project) ကို အကောင် အထည်ဖော်တယ်။ သူကဖြေသည်။ တချိန်က အဟောင်းအမြင်းများကို လှူပေးကမ်းသည့် လှူရှင်လုပ်ငန်းမျိုးမှနေ၍ ယနေ့အဲန်ဂျီအိုများသည် စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်လာ နေသည်။ ဆိုမာလီယာနိုင်ငံသည် အဲန်ဂျီအိုများအတွက် နိဗ္ဗာန်သဖွယ် ဖြစ်လာနေသည်။ နိုင်ငံ၏ ဒေသအနှံ့အပြားတွင် အနောက်တိုင်းအစိုးရများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ အကူအညီပေးရေးဌာနများအနေဖြင့် တိုက်ရိုက်ဝင်ရောက်ရေးမှာ မလွယ်ကူ၊ အန္တရာယ်များလှသည်။
ထို့အတွက်ကြောင့်ပင် အပြင်လူများအနေဖြင့်ဆောင်ရွက်နေသူ နယ်မြေခံအဖွဲ့အစည်းများဖြင့် ဆက်စပ်လုပ်ကိုင်လာကြသည်။

ဤအဖွဲ့အစည်းများမှနေ၍ သူတို့ဦးဆောင်လမ်းညွှန်မှုကို အကောင်အထည် ဖော်ကြသည်။ “ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ အဲန်ဂျီအိုတွေဖြစ်လာကြတယ်။ ” ကုလသမဂ္ဂ အရာထမ်းတဦးက သက်ပြင်းချရင်းပြောသည်။
ဆိုမာလီယာနိုင်ငံတခုတွင် သက်သက်မဟုတ်ပေ။ အဲန်ဂျီအိုများသည် စစ်ပွဲများ၊ ပဋိပက္ခများပြင်းထန်ရာ ကမ္ဘာဒေသများသို့ ကြားပြီဆိုသည်နှင့် သတင်းထောက်များနှင့်အပြိုင်အဆိုင် သူ့ထက်ငါဦးအောင်သွားကြသည်။ စစ်ပွဲများ၊ ရေလွမ်းမိုးမှုများ၊ ဒုက္ခသည်များ၊ ရွေးကောက်ပွဲများ၊ နောက်ဆုံးကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အစည်းအဝေးကျင်းပရာနေရာအထိ ပျားရည်အိုးတွေ့သကဲ့သို့ အစုအပြုံလိုက်ရောက်လာကြသည်။ လွန်ခဲ့သောဆောင်းရာသီက အယ်ဘေးနီးယားနိုင်ငံ၏ မြို့တော်၊ တီရာနာမြို့သို့ ကိုဆိုဗိုဒုက္ခ သည်များကို ကူညီရန်အကြောင်းပြချက်ဖြင့် အဖွဲ့အစည်း ၂၀၀ ကျော်ရောက်လာကြ သည်။ ထိုမျှသာမကသေး၊ ကိုဆိုဗိုဒေသတွင်းတွင်လည်း ဒီမိုကရေစီမြှင့်တင်ပေးရေး၊ အိမ်ယာများပြန်လည် ဆောက်လုပ်အ ခြေချရေး၊ ရုပ်ဝတ္တုနှင့် ၀န်ဆောင်မှုကိစ္စများအကူအညီ့ပေးရေးကိစ္စများအတွက် ပြိုင်ဆိုင်နေကြသည့် အဖွဲ့အစည်းများစွာ ရှိသေးသည်။ ထို့အပြင် နော်ဝေးကမ်းခြေမှ ပင်လယ်ဝေလငါးဖမ်းသဘောင်္များကိုဆန့်ကျင်နေသူ သဘာဝပါတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူများ၊ မက္ကဆီကိုနိုင်ငံ ချီယာပါဒေသရှိသူပုန် များအတွက် ကောင်းကျိုးဆောင်ပေးသူများ စသဖြင့် အကျယ်အပြန့် ရှိနေကြသည်။

မကြာသေးမီနှစ်များတွင် ဤအဖွဲ့အစည်းများသည်မှိုများကဲ့သို့ အများအပြားပေါ်ပေါက်လာခဲ့သည်။ ၁၉၉၅ ကုလသမဂ္ဂ၏ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု ဆိုင်ရာအစီရင်ခံစာ (UN report on Global Governance) အရ နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့အစည်းပေါင်း ၂၉,၀၀၀ ရှိနေ ပြီး၊ ဒေသဆိုင်ရာအဲန်ဂျီအိုများမှာလည်း အလျှင်အမြန်ပွားများနေသည်။ ခန့်မှန်းချက်တခုအရ အမေရိကန်နိုင်ငံတခုအတွင်းမှာပင် (၂ သန်း) ရှိနေ သည်။ အများစုမှာ လွန်ခဲ့သောနှစ် ၃၀ အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကွန်မြူနစ်အစိုးရမကျဆုံးမီက အဲန်ဂျီအိုမရှိခဲ့သော ရုရှားနိုင်ငံမှာပင် (၆၅,၀၀၀) ရှိနေပြီဖြစ်သည်။ နေ့စဉ်နှင့်အမျှ ဒါဇင်နှင့်ချီ၍ပေါ်ပေါက် နေသည်။ ကင်ညာနိုင်ငံမှာပင် နှစ်စဉ် အဲန်ဂျီအို (၂၄၀) တိုးတက်ပေါ်ပေါက်နေသည်။

အများစုသောအဲန်ဂျီအိုများသည် ငါးသိုင်းပေါက်ကလေးများဖြစ်ကြသော်လည်း၊ အချိျုျ့မှာမူ ဧရာမဝေလငါးများဖြစ်ကြသည်။ သူတို့တွင်ဒေါ်လာ သန်းနှင့်ချီ၍၀င်ငွေရှိနေကြပြီး ကမ္ဘာအနှံ့အပြားတွင်စီမံချက်များ ဆောင်ရွက်နေကြသည်။ အချို့မှာ ယေဘူယျအားဖြင့် ကူညီသူများဖြစ်ကြသည်၊ အကူအညီလိုအပ်သော နေရာများသို့ ကယ်ဆယ်ရေးအကူအညီများ ထောက်ပံ့ ပေးကြသည်။ အချို့မှာ အကြောင်းတခုအတွက် လှုံ့ဆော်သူများ (Campaigners) ဖြစ်ကြသည်။ သူတို့အဖွဲ့ဝင်များက အရေးကြီးသည် ယူဆယုံကြည်သော ကိစ္စများအတွက် လှုံ့ဆော်ကြသည်။ ပုရိဿတ်များက ယေဘူယျအားဖြင့်သူတို့ကို ပရဟိတ၀ါဒီများ၊ အတွေးအခေါ်ရေးရှေ့တန်းတင်သူများ၊ လွတ်လပ်မှီခို ကင်းသူများအဖြစ် တပုံစံတည်း မြင်ကြသည်။ သို့သော်လည်း အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs) ဟူသောခေါင်းစဉ်အတိုင်း၊ သူတို့၏လှုပ်ရှားဆောင်ရွက်မှုများက ကိုက်ညီ၊ မညီဆိုသည်မှာ များစွာဆန်းစစ်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။

အစိုးရ၏ ရုပ်သေးရုပ်များလော။

အစိုးရနှင့် မသတ်ဆိုင်သောအဖွဲ့အစည်းများ ( Non-Governmental Organizations ) ဟူသောစာတမ်းကို ကုလသမဂ္ဂ စတင်ဖွဲ့စည်းသော ကာလမှာပင်ဖော်ပြ၍ စတင်အသုံးပြုခဲ့ကြသည်။ ဤအဓိပ္ပါယ်အရဆို လျှင် အဲန်ဂျီအိုများသည်သူတို့၏ ကိစ္စရပ်များကို အာဏာပိုင်များနှင့် ဝေးဝေးနေကာ ဆောင်ရွက်လိုကြသည်။

သူတို့သည်အစိုးရများမှမဆောင်ရွက်နိုင်သောကိစ္စရပ်များကိုဆောင်ရွက်ကြသည်။ အစိုးရများမှ မဆောင်ရွက်သော ဆောင်ရွက်ရန်ပျက်ကွက်နေသော ကိစ္စရပ်များစွာရှိနေကြသည်။ ဆောင်ရွက်သော ကိစ္စအားလုံးသည်လည်း သန့်စင်သည်ဟု မဆိုသာပေ။

အကူအညီအထောက်အပံ့ပေးရေး အဲန်ဂျီအိုများနှင့်ပါတ်သတ်၍ ပထမဦးဆုံးကြည့်ကြပါစို့ ။ အစဉ်သဖြင့် တိုးတက်လာနေ သော ဖွံ့ဖြိုးမှုအကူအညီများ၊ အထောက်အပံ့လွှဲပြောင်းပေးရေး (Aid Transfer) ကိစ္စ များသည် အဲန်ဂျီအိုများမှ ဖြတ်၍ စီးဆင်းသော ပမာဏသည်တနေ့ထက်တနေ့တခြား ကြီးမားလာနေသည်။ အမေရိကန် အကူအညီပေးရေး အေဂျင်စီ (USAID) ၏ ယခင် ဒု-ညွှန်ကြားရေးမှုးတာဝန်ယူခဲ့သူ ကာရိုးလ် လင်ကာစတာ (Carol Lancaster) က အဲန်ဂျီအိုများသည် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီပေးရေး ဌာနများ၏ လုပ်ငန်းများကိုအကောင်အထည်ဖော်ရန် အရေးပါဆုံး မဏ္ဍိုင်အဖွဲ့အစည်းများအဖြစ် ဖြစ်လာနေသည်ဟု ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်းက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program) ၏ အယ်ဘေးနီးယားနိုင်ငံကို ကူညီခဲ့သော စားနပ်ရိက္ခာအများစုသည် ဒုက္ခသည် စခန်းများအတွင်းတွင် အလုပ်လုပ်နေကြသော၊ အဲန်ဂျီအိုများမှတဆင့်ဖြတ်သန်းစီးဆင်းခဲ့ကြသည်။
ဥရောပသမဂ္ဂမှ ကူညီနေသော ထောက်ပံ့ရေး (relief) အကူအညီများအနေဖြင့် အဲန်ဂျီအိုများမှ ဖြတ်သန်း
စီးဆင်းသော ရာခိုင်နှုန်းမှာ ၁၉၉၀ မှ ၁၉၉၄ ခုနှစ်များအတွင်း ( ၄၇ ) ရာခိုင်နှုန်းမှ ( ၆၇ ) ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၏ အဆိုအရ အစိုးရများထံမှ အဲန်ဂျီအိုများထုတ်ယူသုံးစွဲငွေသည် ကမ္ဘာ့ဘဏ်ထက်များ သည် ဟုပင် ဆိုခဲ့သည်။

သို့သော်လည်း အစိုးရများသည်ထိုငွေများကိုလိုလိုလားလားပင် ထောက်ပံ့ခဲ့ကြသည်။ ဗြိတိန်နိုင်ငံအခြေစိုက် ( Oxfam ) အဖွဲ့၏ ၁၉၉၈ ခုနှစ်ဝင်ငွေမှာ ပေါင်စတာလင် ( ၉၈ သန်း ) ( ဒေါ်လာအားဖြင့် ၁၆၂ သန်း) ရှိခဲ့သည်။ ထိုဝင်ငွေများအနက် လေးပုံတပုံ ( ပေါင်စတာလင် ၂၄ ဒဿမ ၁ သန်း ) ကိုဗြိတိသျှအစိုးရနှင့် ဥရောပသမဂ္ဂနိုင်ငံများမှ ထောက်ပံ့ကြေးပေး ခဲ့ကြသည်။ အမေရိကန်အခြေစိုက် (World Vision) အဖွဲ့ အနေဖြင့်လည်း ပုဂ္ဂလိကများမှထောက်ပံ့သော ကမ္ဘာ့ အကြီးဆုံးခရစ်ယာန်အကူအညီပေးရေးနှင့် ဖွံ့ဖြိုးမှု ထောက်ပံ့သော ကမ္ဘာ့အကြီးဆုံးခရစ်ယာန်အကူအညီပေးရေးနှင့် ဖွံ့ဖြိုးမှု အထောက်အကူအဖွဲ့အဖြစ် တိုးတက်လာနေသော အဖွဲ့ကြီးသည်ပင်လျှင် ၁၉၉၈ ခုနှစ်တွင်ပင် အမေရိကန်အစိုးရထံမှ ဒေါ်လာ( ၅၅ သန်း) တန်အထောက်အပံ့ပစ္စည်းများ လက်ခံရရှိခဲ့သည်။ လွန်ခဲ့သောနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကိုဆွတ်ခူး
နိုင်ခဲ့သော နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (MSF) သည်သူ၏ ၀င်ငွေ (၄၆ ရာခိုင်နှုန်း) ကိုအစိုးရများထံမှ လက်ခံရရှိနေသည်။

လူထုအနေဖြင့် ပို၍နှမျောတွန့်တိုမှုများလာသော်လည်း အစိုးရများအနေဖြင့် အကူအညီများကို ရက်ရက်ရောရော ဆက်လက် ပေးကမ်းနေခဲ့သည်။ ယနေ့လူငယ်၊ ပညာတတ်ချမ်းသာသူများကလည်း သူတို့၏မိဘများလက်ထက်ကနှင့် မတူပဲ ၎င်းတို့ ၀င်ငွေ၏ အစိတ်အပိုင်းအချို့ကို အဲန်ဂျီအိုများသို့ကူညီလာသည်။

အာဖရိကနိုင်ငံများတွင် နိုင်ငံတကာအကူအညီများသည်များစွာ တန်ခိုးသြဇာကြီးမားကြသည်။ အနောက်တိုင်း အစိုးရများ သည် သူတို့၏အကူအညီပေးရေးအစီအစဉ်များကို နှစ်များစွာကပင် အဲန်ဂျီအိုများလက်ထဲသို့ လွှဲပြောင်းပေးအပ်ကာ စီးဆင်းစေခဲ့ကြသည်။ အစိုးရများလက်ထဲဖြတ်မှုက နည်းသထက်နည်းလာသည်။ အမေရိကန်နိုင်ငံအကူအညီအနေဖြင့် လွန်ခဲ့သောနှစ်များတွင် ဒေါ်လာ (၇၁၁ သန်း) ရှိခဲ့ရာ၊ အများစုမှာအသိအမှတ်ပြုထာေးသာအဖွဲ့အစည်းများ၊ သို့မဟုတ် အမေရိကန်အကူအညီပေးရေးအေဂျင်စီ (USAID) မှတဆင့် ဖြတ်သန်းထောက်ပံ့ခဲ့ကြသည်။ ဥရောပနိုင်ငံများမှထောက်ပံ့ပေးသူများကလည်း နှစ် နိုင်ငံအပြန်အလှန်ကူညီရေးအထောက်အကူများသည် အဲန်ဂျီအို များမှတဆင့် ဖြတ်သန်းထောက်ပံ့သင့်ကြောင်း ဖော်ပြခဲ့ကြသည်။ ၎င်းတို့၏ယူဆချက်တွင် အဲန်ဂျီအိုများသည် အစိုးထက်စာလျှင် ပို၍လွတ်လပ်ပွင့်လင်းမှုရှိပြီး၊ အစိုးရများထက်လည်း ပို၍ထိရောက်စွာဆောင်ရွက်နိုင်ကြသည်ဟုလည်း မြင်ကြသည်။

အလားတူု ကမ္ဘာကုလသမဂ္ဂအနေဖြင့်လည်း အဲန်ဂျီအိုများသည် တန်ဖိုးမဖြတ်နိုင်သောအဖွဲ့များအဖြစ် မြင်လာကြသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် ( UNDP ) ညွှန်ကြားရေးမှူးအသစ်က မကြာသေးမီကပြောဆိုခဲ့ရာတွင် သူတို့ဌာနအနေဖြင့် အနာဂါတ်တွင် အဲန်ဂျီအိုများနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကဲ့သို့သော ဌာနများနှင့် ဆက်စပ်ဆောင်ရွက်နေသူ အဲန်ဂျီအိုများမှာ ယခုအခါ ရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။

အဲန်ဂျီအိုများလတ်တလော ကာလတွင်ထူးထူးခြားခြားတိုးတက်လာနေသည်။ ဤအတွက်အခြေခံအ ကြောင်းအရင်းတရပ်မှာမှာလည်း အနောက်နိုင်ငံများ၏ ဘဏ္ဍာရေးအကူအညီများနှင့် သက်ဆိုင်နေသည်။ ဤအကြောင်းမှာ ပရဟိတ၀ါဒသက်သက်ဖြင့်ထောက်ပံ့ပေးခြင်း ကြောင့်မဟုတ်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး
( Privitization ) အခြေခံပေါ်တွင်ထောက်ပံ့ခဲ့ခြင်းသာဖြစ်သည်။ များစွာသော အဲန်ဂျီအိုများသည် အစိုးရ
များ၏ စီမံကိန်းကန်ထရိုက်တာများဖြစ်လာကြသည်။ အစိုးရများကအကူအညီများကို အဲန်ဂျီအိုများမှတ ဆင့်ဖြတ်သန်းပေးလိုကြသည်။ အကြောင်းမှာ အဲန်ဂျီအိုများသည် အစိုးများထက်စာလျှင် ၀န်ဆောင်ခဈေး ချိုသည်။ ပို၍ထိရောက်စွာဆောင်ရွက်နိုင်သည်။ ပို၍လက်တန်ရှည်ကြသည်။

အလားတူပင် အဲန်ဂျီအိုများသည် ဆန်ပေး၊ စောင်ဝေအဆင့်မျိုးထက်ပို၍ အသုံးကျကြောင်း အစိုးရများက မြင်ကြသည်။ အချို့အန်ဂျီအိုများသည်တန်ဖိုးရှိသော သတင်းများကိုပြန်လည်သယ်ဆောင်လာကြသည်။ သို့မဟုတ် အဲန်ဂျီအိုများက ဤကိစ္စများကိုဆောင်ရွက်ရန်လိုအပ်ကြောင်း အကျဉ်းချုပ်တင်ပြလာကြ သည်။ နိုင်ငံတကာ ပဋိပက္ခများလေ့လာရေးအဖွဲ့ (International Crisis Group )၊ ကမ္ဘာလုံးဆိုင်ရာ သက်သေခံအဖွဲ့ (Global Witness) စသဖြင့်အမည်ခံထားကြသော အဖွဲ့များ၏အစီရင်ခံစာများတွင် စစ်ဖြစ်နေသောဒေသများ၊ ပဋိပက္ခများ၊ ကပ်ဘေးဒုက္ခများအပေါ်ဖော်ပြသော အစီရင်ခံစာများတွင် များစွာ အသေးစိတ်ကျသော ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် အလားအလာအကြံပေးချက်များ တန်ဖိုးရှိ စွာဖော်ပြတတ်ကြသည်။ ဤသို့သောအခြေအနေကြောင့်လည်း အဲန်ဂျီအိုများ၏အခန်းကဏ္ဍပို၍ ရှေ့ရောက် လာသည်။ အင်ဂိုလာနိုင်ငံတွင် အခြေစိုက်သော ကမ္ဘာလုံးဆိုင်ရာသက်သေခံအဖွဲ့ (Global Witness) အဖွဲ့ကို ထောက်ပံ့ ပေးထားသူမှာ ဗြိတိသျှအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနဖြစ်သည် မှာ အံ့သြစရာမဟုတ်ပေ။

ဤအစီအရင်ခံစာများကို အစိုးရများဖြစ်စေ၊ သံတမာန်များဖြစ်စေ၊ အခြာအဲန်ဂျီအိုများဖြစ်စေ၊ သတင်းထောက်များဖြစ်စေ၊ လူထုများပင် ဖြစ်စေမည်သူမဆို အသုံးပြုနိုင်ကြသည်သာဖြစ်သည်။

နိုင်ငံတကာသံရုံးများတွင် ၀န်ထမ်းအင်အားများလျော့ချလာနေသောအချိန်၊ တပြိုင်နက်မှာပင် နိုင်ငံတကာ ဖြစ်ရပ်များက အတောမသတ် ကျယ်ပြန့်လာနေသောအချိန်တွင်၊ အစိုးရများသည် မလွှဲမရှောင်သာ အခြားပုဂ္ဂလိက သတင်းအရင်းအမြစ်များ ကို အသုံးပြုလာကြရသည်။ အမှောင်လွှမ်းသော အခြားကမ္ဘာ တခြမ်း၏အဖြစ်အပျက်များကို ဘာတွေဖြစ်ပျက်နေသနည်း ဆိုသည်ကို တခါတရံ အဲန်ဂျီအိုများမှလွဲ၍ အခြားသိနိုင်သူများမရှိကြပေ။

လူအခွင့်အရေးတိုးတက်ရေးအတွက် နိုင်ငံတကာ အဲန်ဂျီအိုကြီးများစွာအတွက် လှုံ့ဆော်နေကြသည်။ လူ့အခွင့်အရေး ဆိုသည်မှာ ထိုအဲန်ဂျီအိုများအတွက် အကောင်းဆုံးစီးပွားနယ်ပယ်တခု ဖြစ်လာသည်။ ဥပမာအားဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) စသည်ဖြင့်အဖွဲ့ အစည်းများစွာရှိနေသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးဆိုလျှင် နိုင်ငံပေါင်း ၁၆၂ ခုတွင် အဖွဲ့ဝင်ပေါင်း တသန်းခန့် ရှိနေသည်။

နိုင်ငံရေးအရဖိနှိပ်ခံရမှုများ၊ မလျော်မကန်သောအကြောင်းပြချက်ဖြင့် ထောင်သွင်းအကျဉ်းချခံနေမှုများ အတွက် လှုံ့ဆော်စည်းရုံးနေကြပြီး ထင်ရှားသောဆောင်ရွက်ချက်များလည်းဖြစ်သည်။ တခါတရံသူတို့တင်ပြသော အချက်အလက်များ သည် အခြားသတင်းရပ်ကွက်များထံမှ ရှားပါးမရနိုင်သောသတင်းများဖြစ်ကြ သည်။

အကယ်၍အနောက်နိုင်ငံကြီးများ၏ အကျိုးစီးပွားနှင့် အာရုံဝင်စားမှုသည် ဤကဲ့သို့သော အဲန်ဂျီအိုအဖွဲ့များ၏ လှုံ့ဆော်စည်းရုံး နေသော အရေးကိစ္စများနှင့်ကိုက်ညီလာသောအခါ၊ တခါတရံထိရောက်သော မဟာမိတ်ဖွဲ့ ဆောင်ရွက်ချက်များလည်း ရှိကြသည်။ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာရှိ အဲန်ဂျီအိုပေါင်း ၃၅၀ ကျော်စုစည်းကာ မြေမြုပ်မိုင်းဆန့်ကျင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းလှုံ့ဆော်ခဲ့ကြသည်။ စာချုပ်တရပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤလှုပ်ရှားမှုကို စိတ်ဝင်စားသော အစိုးရအချို့ (ဥပမာ ကနေဒါ၊ စကင်ဒီနေဗီးယန်းနိုင်ငံများ) ကထောက်ခံခဲ့ကြသည်။ ဤလှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘယ်ဆု အပ်နှင်းခဲ့သည်။

အဲန်ဂျီအိုများသည် ပဋိပက္ခဖြစ်ပွားရာဒေသများ အလယ်တွင် လှုပ်ရှာေးဆာင်ရွက်နေကြသူများ ဖြစ်သောကြောင့်လည်း အစိုးရများစွာမှ စိတ်ဝင်စားကြသည်။ သူတို့အတွက်အသုံးဝင်ကြသည်။ အဲန်ဂျီအို အများအပြားကို စစ်ပွဲများမှ ဖွဲ့စည်း ပေါ်ပေါက်စေခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (Red Cross) သည် ၁၈၅၉ ဆိုဖာနို စစ်ပွဲအတွင်း ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ကလေးငယ်များကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ (Save the Children Fund) သည် ပထမကမ္ဘာစစ်အပြီးတွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (MSF) သည် ဘီရာဖရာစစ်ပွဲအပြီးပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်။ ဤကဲ့သို့တကယ်ရှေ့တန်းစစ် မျက်နှာ၊ ပဋိပက္ခများသည် (သူတို့၏ရည်ရွယ်လုပ်ခြင်း မဟုတ်သော်လည်း) သူလျှိုထောက်လှမ်းရေးများ အတွက်ပုံဖျက် အကာအကွယ်ကောင်း ဖြစ်နေတတ်သည်။ အခြေအနေသည်ယခင်အစိုးရများ သမာရိုးကျ ထောက်လှမ်းရေးနည်းများဖြင့် ကွာစေခဲ့သည်။

တခါတရံအချို့သောကိစ္စများတွင် အဲန်ဂျီအိုများသည် စစ်ဖြစ်ပွားရာဒေသများသို့ ၀င်ရောက် လာကြသည်။ အကြောင်းမှာ စစ်ကြောင့် ဘေးဒုက္ခသင့်ရသောသူများကို ကူညီရန်မဟုတ်။ တိုက်ရိုက်ပင် သံတမာန်များ၏ တာဝန်ရပ်များကို ၀င်ရောက် ကြိုးပမ်းကြသည်။ အချို့အဲန်ဂျီအိုများသည် စစ်ဖြစ်ရာဒေသများသို့ လက်နက်များစီးဆင်းနေမှုကို ဟန့်တားပိတ်ဆို့ကြသည်။ (ဥပမာအားဖြင့် ပို၍ငြိမ်းချမ်းလုံခြုံသော ကမ္ဘာဟု (Safe World) ဟု အမည်ရသောအဖွဲ့မျိုးဖြစ်သည်။ သူတို့က လက်နက်ငယ် များတင်ပို့ရောင်းချ ခြင်းကို ဆန့်ကျင်ကြသည်။) အချို့သော အဲန်ဂျီအိုများက အပစ်အခတ်ရပ်ဆဲရေးရရှိရန် ကြားဝင်ဆောင် ရွက်ကြသည်။ အီတလီ ခရစ္စယာန် သာသနာအသင်းတခုဖြစ်သော (The Italian Catholic Lay Community of Saint' Egidio) သည် မိုဇမ်ဘစ်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် ၁၃ နှစ်ကျော်ကြာ ကြိုးပမ်းခဲ့ရပြီး ၁၉၉၂ တွင်အောင်မြင်ခဲ့သည်။ အလားတူ လန်ဒန်အခြေစိုက်(International Alert) ခေါ် ငြိမ်းချမ်းရေးသုတေသနအဖွဲ့သည် ၁၉၉၀ ဆယ်စုနှစ်များတွင် အလားတူ ဆီရာ လီယွန်နီ (Sierra Leone) နိုင်ငံတွင်ငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့ဘူးသည်။ လွန်ခဲ့သောနှစ်ကလည်း ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့်အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ တည်ထောင်ထားသော ကာတာဖောင်ဒေးရှင်းတို့မှ ယူဂန်ဒါနှင့် ဆူဒန်နိုင်ငံ အကြားငြိမ်းချမ်းရေးရရှိရန်
ဆောင်ကျဉ်းနိုင်ခဲ့သည်။ ယနေ့ကာလတွင် ဥရောပသမဂ္ဂ၌ ပဋိပက္ခများကာကွယ်တားဆီးရေး နှင့် အသွင် ကူပြောင်းရေးကာလ များကို ကူညီရေးအတွက်မှတ်ပုံတင်ထားသော အဲန်ဂျီအိုအဖွဲ့အစည်းပေါင်း ၅၀၀ ခန့်ရှိနေသည်။ ဤကဲ့သို့ စည်းရုံးလှုပ်ရှား ဆောင်ရွက်နေသူများက “ပြည်တွင်းစစ်များ အဆုံးသတ်နိုင်ရန် ပြည်သူများ၏ပါဝင်လှုပ်ရှားမှုများကို တောင်းဆိုနေကြသည်။” ဟုဆိုကြသည်။

အဲန်ဂျီအိုအဖွဲ့ကြီးများက သူတို့သည်အစိုးရများ၏ နိုင်ငံခြာရေးမူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ကြ လိမ့်မည်မဟုတ်ဟု ဆိုကြသည်။ သို့သော်လည်း အခါများစွာတွင်သူတို့ကိုဤအတိုင်း လိုက်နာဆောင်ရွက်နေကြသည်ကို တွေ့နေရသည်။ အစိုးရများစွာသည် သူတို့ပေးလိုသော စစ်ပွဲဖြစ်ပွားရာ ဒေသများသို့ လူ သားချင်းစာနာထောက်ထားသည့်အကူအညီများကို အဲန်ဂျီအိုအဖွဲ့များမှ တဆင့်သာ ပေးလိုကြသည်။ သူတို့ကိုယ်တိုင်တိုက်ရိုက်မပါတ်သတ်လိုကြ။ လွန်ခဲ့သောနှစ်နွေဦးက ဆူဒန်နိုင်ငံတောင်ပိုင်းရှိ သူပုန်များကိုထောက်ပံ့ရန်အမေရိကန် ကွန်ဂရက်မှဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် အမေရိကန် အကူအညီပေးရေး အေဂျင်စီ (USAID) မှတဆင့်၊ ( RINGO ) ဟုခေါ်တွင်ကြသော ကမ္ဘာအနှံ့အပြားဖြန့်ကျက်နေရာယူထား သည့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ထောက်ပံ့သွားရန်ဖြစ်သည်။

အဲန်ဂျီအိုများနှင့် အစိုးရများအကြားနီးနီးကပ်ကပ်ဆက်သွယ်ဆောင်ရွက်မှုများသည်၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စသက်သက် မျှသာ မဟုတ်။ ပို၍ထင်ရှားသောအချက်မှာ ၀န်ထမ်းများလည်း ကူးပြောင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်း ယန္တယားချို့တဲ့သော၊ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားရှိ အစိုးရများသည် ကမ္ဘာဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ တင်ပြ ရန်ရှိသော စာရွက်စာတမ်းများ၊ အစီရင်ခံစာပြင်ဆင်ကြရာတွင် အဲန်ဂျီအိုများကို အကူအညီတောင်းခံလေ့ရှိကြသည်။ နိုင်ငံရေးသမားများ သို့မဟုတ်သူတို့၏ ဇနီးများသည် အခါအားလျော်စွာ ဒေသဆိုင်ရာ အဲန်ဂျီအိုများဖွဲ့စည်းထားတတ်ကြသည်။ ယနေ့ကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံအများ အပြားရှိဝန်ထမ်းများသည် သူတို့၏အားလပ်ချိန်များကို အဲန်ဂျီအိုများတွင်ပါဝင် ဆောင်ရွက်ရင်း အသုံးချလေ့ရှိသည်။ အပြန်အလှန်ပင် အဲန်ဂျီအိုဝန်ထမ်းများသည်လည်း အစိုးရယန္တယားများတွင် တာဝန်ထမ်းကြပြန်သည်။ ( Oxfam ) အဖွဲ့တွင်တာဝန်ယူနေသောဝန်ထမ်းများတွင် ဗြိတိသျှ အစိုးရတွင် ယခင် တာဝန်ထမ်းဖူးသူ ၀န်ထမ်းများသာမက၊ ယူဂန်ဒါနိုင်ငံ ဘဏ္ဍရေးဝန်ကြီးဌာနတွင်တာဝန်ယူဖူးသူအထိပါဝင်ကြသည်။

ဤကဲ့သို့အစိုးရနှင့် အဲန်ဂျီအိုများဆက်နွှယ်ပေါင်းကူးဆောင်ရွက်နေမှုကြောင့် အချို့အဲန်ဂျီအိုများသည် အစိုးရတပိုင်း အဲန်ဂျီအိုများ ( GRINGO ) အဖြစ် တံဆိပ်ကပ်ခံရကြသည်။ ဤကဲ့သို့ဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားရှိ အစိုးရများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အပြန်အလှန် အကူအညီပေးရေး အဖွဲ့များသည်လည်း ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်ကြသည်။ သို့သော်သူတို့၏ လွတ်လပ်စွာဆောင်ရွက်ခွင့်မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

တခါတရံ အဲန်ဂျီအိုများသည် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများနှင့် သိပ်နီးကပ်သည်ဟုအပြောခံကြရ သည်။ ဤကဲ့သို့သော အဲန်ဂျီအိုများကို အချို့ဝေဖန်သူများက “စီးပွားရေးအဲန်ဂျီအိုများ” (Business NGO) အဖြစ်ကင်ပွန်းတပ်ကြသည်။ ဤကဲ့သို့ သော အဲန်ဂျီအိုများသည် စီးပွားရေးကော်ပိုရေးရှင်း တခုအပေါ်သိပ်မှီခိုလွန်းလျှင်သော်ဖြစ်စေ၊ သို့မဟုတ် ဖွဲ့စည်းပုံအရ တမင်တကာမြင်သာအောင်စုဖွဲ့ထားလျှင် ဖြစ်စေ ဤကဲ့သို့ဖွဲ့စည်းထားသော အဲန်ဂျီအိုများ ဖြစ်ကြသည်။ အချို့သော အဲန်ဂျီအိုကြီးများတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ပေးသော လက်တံဌာနခွဲများရှိကြသည်။ ၀ါဒဖြန့်ချိရေးနှင့် မီဒီယာ ဆက်ဆံရေးဌာနများရှိကြသည်။ အရည်အချင်းရှိသော ၀န်ထမ်းများအငမ်းမရရှာဖွေသော လုပ်ငန်းစဉ်များရှိကြသည်။ ရင်းနှီးမြှုပ်နှံမှုသေနင်္ဂဗျူဟာများနှင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဆက်စပ်ဆောင်ရွက်သော ရန်ပုံငွေရှာဖွေရေးလုပ်ငန်း များရှိကြသည်။ အချို့သောအဲန်ဂျီအိုငယ်များတွင်မူ ရန်ပုံငွေအတွက်စိတ်ကောင်းရှိသောသူဌေးကြီးတဦးပေါ် မှီခိုနေရမှု၊ ၎င်း၏ လွှမ်းမိုးမှုများလည်းရှိကြသည်။ ဥပမာအားဖြင့် မိုက်ကရိုဆော့ဖ်ကုမ္ပဏီ၏အကြီးအကဲ ဘီလ်ဂိတ်သည် လွန်ခဲ့သောနှစ်က အေအိုင်ဒီအက်စ် ကာကွယ်ရေးအတွက် ရန်ပုံငွေရှာဖွေနေသော အဲန်ဂျီအိုတခုကို တကြိမ်တည်းနှင့် ဒေါ်လာ (၂၅ သန်း) လှူထည့်ဝင်ခဲ့သည်။ ဤသို့အားဖြင့် အကြံကောင်း တ ချက်ကြောင့် အဖွဲ့ငယ်လေားဘ၀မှ နေ့ချင်းညချင်း အင်အား တောင့်တင်းသော အဲန်ဂျီအိုကြီးဖြစ်သွားရသည့် အဖြစ်များလည်းရှိကြသည်။

အကူအညီလည်းပေး၊ စီးပွားရေးလည်းဖြစ်

၁၉၉၇ ခုနှစ်၊ ( OECD ) အစီရင်ခံစာများအရ အဲန်ဂျီအိုများသည် တသီးပုဂ္ဂလ အလှူရှင်များထံမှ ဒေါ်လာ ၅ ဒဿမ ၅ ဘီလီယံ ရန်ပုံငွေရရှိခဲ့သည်ဟုဖော်ပြထားသည်။ အမှန်စင်စစ် ကိန်းဂဏန်းများသည် ထိုထက်ပို၍ ဖြစ်နိုင်ဖွယ်ရှိသည်။ မိမိ ကျေနပ်မှုအတွက် သော်လည်းကောင်း၊ ခရီးသွားလုပ်ငန်းများ၊ တိုးပွားလာနေသော ကုန်ထုတ်လုပ်ငန်းများမှ သော်လည်းကောင်း အလှူငွေများပို၍ တနေ့ထက်တနေ့ရရှိ နေကြသည်။ ၁၉၉၅ ခုနှစ်တွင် (အဲန်ဂျီအိုများ အပါအ၀င်ဖြစ်သော အမြတ်အစွန်းမဲ့အဖွဲ့အစည်းများ )သည် နယ်သာ လန်နိုင်ငံတွင် အလုပ် နေရာချထားမှု၏ ၁၂ ရာခိုင်နှုန်းကျော်၊ အမေရိကန်နိုင်ငံတွင် အလုပ်နေရာချထားမှု (၈) ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံတွင် (၆) ရာခိုင်နှုန်းလုပ်ပေးထားနိုင်ခဲ့သည်။

အဖွဲ့အစည်းများစွာသည် သူတို့၏ နောက်လာမည့်ရန်ပုံငွေရှာဖွေမှုကို အကူအညီဖြစ်ရန် မီဒီယာများတွင် ပါဝင်မှု လိုလား ကြသည်။ ဤသို့ဖြင့် အဲန်ဂျီအိုလုပ်ငန်းများအပေါ်တွင်ပြဿနာများဖြစ်ပေါ်ခဲ့သည်။ သူတို့သည် တီဗီများမှ လူကြိုက်များသော အစီအစဉ်များအတိုင်း ပုံတူ ကူးလာတော့သည်။ ရှုပ်ထွေးပွေလီလှသော လုပ်ငန်းများ၊ ဒေါ်လာဘီလီယံ ချီသောလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း ဆေးကွန်တိန်နာ တလုံး ပို့ဆောင်ရန် စာရွက်စာတန်းမြောက်များစွာ သုံးလာရသည်။ အကူအညီပေးရေး လုပ်ငန်းများသည်ဈေးကွက်တခုသဖွယ် အပြိုင်အဆိုင် ကျပ်ကျပ်တည်းတည်း တိုးနေကြပြီဖြစ်သည်။

တစုံတရာသော ကိစ္စအတွက်လှုံ့ဆော်နေသောအင်အားစုများကလည်း မီဒီယာအာရုံစိုက်မှုရရန်၊ အထူးအဆန်းနည်းများ သုံးလာကြရသည်။ အဲန်ဂျီအိုများသည် အများကြားတွင်မိမိတို့အဖွဲ့အစည်းထင်ပေါ်ရေး၊ရောင်းကောင်းရေးတို့အတွက် အချိန်၊ အင်အား၊ ငွေအမြောက်အများအသုံးချလာရသည်။ အဲန်ဂျီအိုကြီးများသည် သူတို့ထင်ရှားရေး၊ လာမည့် ရန်ပုံငွေ ရှာဖွေရေး အတွက် သူတို့ဘတ်ဂျက်၏ ၁၀ ရာခိုင်နှုန်းခန့်ကို ပြန်သုံးနေကြရသည်။

ဤအဲန်ဂျီအိုများ၏ ရည်ရွယ်ချက်သည် မူလကပြဿနာများအတွက် အဖြေရှာဖွေရေးနှင့် လိုအပ်ချက်ရှိသော ပြည်သူများကို အကူအညီပေး ရေးမှသည် ငွေထောက်ပံ့ပေးထားသူကျေနပ်စေရေးနှင့် ရုပ်မြင်သံကြားတွင် မကြာခဏ နေရာရရေး လုပ်ငန်းများသို့ အလွယ်ပင်ကူးပြောင်းသွားခဲ့ကြသည်။ ကွန်ဂိုနိုင်ငံ၊ ဂိုမာဒေသတွင် ၁၉၉၄ ခုနှစ်က ဤပြဿနာမျိုး ကြုံခဲ့ရသည်။

ရ၀န်ဒါဒေသမှ စစ်ပြေးဒုက္ခသည်အများအပြား ဂိုမာဒေသသို့ ရောက်ရှိလာကြပြီး၊ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အဲန်ဂျီအိုများက ရိက္ခာနှင့်နေစရာများ ကူညီထားပေးခဲ့သည်။ သူတို့၏ ဆိုးဝါးလှသော ဘ၀အခြေအနေများက ရုပ်မြင်သံကြားကင်မရာဆရာများသဘောကျ စရာ ဖြစ်ခဲ့သည်။ သူတို့နောက်မှ သတင်းထင်ပေါ်မှုနှင့် နောက်ထပ်ရန်ပုံငွေရလမ်းကို မျှော်လင့်သော အဲန်ဂျီအိုအများလည်းလိုက်လာတော့သည်။ ရန်ပုံငွေနောက် ကောက်ကောက်ပါ လိုက်နေကြသော အဲန်ဂျီအိုများက သူတို့ ပရောဂျက် (Project) များကို ဒုက္ခသည်များအပေါ် အခြေခံကာ လိမ်လည်ကြသည်။ သတင်းသမားက တဖက်မှကြောက်စရာကောင်းသလို၊ လူထုကလည်း အဲန်ဂျီအိုအပေါ်အယုံအကြည် ကျဆင်းလာခဲ့သည်။ ဤသို့ဖြင့်ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အဲန်ဂျီအိုများလိုက်နာကျင့်ထုံး (၁၀) ချက်ကိုပြဌာန်းခဲ့ပြီး၊ အဲန်ဂျီအိုများကိုလိုက်နာ လက်မှတ်ရေးထိုးရန် တွန်းအားပေးခဲ့သည်။

ထိုမှစ၍ အဲန်ဂျီအိုများသည် အရည်အသွေးတိုးတက်ရန်ပို၍ ကျိုးပမ်းလာကြရသည်။ ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့သော အဲန်ဂျီအိုများ လိုက်နာကျင့်ထုံးကို နောက်ပိုင်းတွင် အဲန်ဂျီအိုအုပ်စု (၇၀) နှင့်အစိုးရ (၁၄၂) ခုတို့က နောက်ခံရပ်တည် ပေးခဲ့သည်။ သူတို့အားလုံးက အကူအညီပေးမှုများသည် လိုအပ်ချက်အပေါ် အခြေခံ၍ပေးရမည်ကို လက်ခံခဲ့ကြသည်။ အဲန်ဂျီအိုများက သူတို့သည် သူတို့ရန်ပုံငွေလက်ခံရာ အလှူရှင် ကိုသာမက၊ အလှူဆက်လက်ပေးကမ်းရာ ရရှိသူ ပြည်သူများကိုပါ တိကျအစီရင်ခံတင်ပြပါမည်ဟု ကတိပြုခဲ့ကြသည်။ အလားတူ လွန်ခဲ့သောနှစ် ကိုဆိုဗိုစစ်တွင်လည်း အလားတူပြဿနာမျိုးကြုံခဲ့ရသည်။ အဲန်ဂျီအိုများက သူတို့အလုပ်လုပ်ကြောင်းအပြိုင်အဆိုင် ကင်မရာရှေ့ ရပ်ပြခဲ့ကြသည်။ အချို့ အဲန်ဂျီအိုများ၊ ၀န်ထမ်းများက ထိုဒေသမှနေ၍ ပို၍ဆိုးရွားသောနေရာများ၊ အာဖရိကဒေသများသို့ သူတို့
အကူအညီများကို တဖန် လမ်းပြောင်းခဲ့ကြသေးသည်။

အဲန်ဂျီအိုများသည် တဖြေးဖြေးကြီးထွားလာသည်နှင့်အမျှ သူတို့ကိုယ်သူတို့ စီးပွားရေးလုပ်ငန်းများသဖွယ် ပို၍ ပြုမူလုပ်ကိုင် လာကြသည်။ ယခင်ကာလများက သူတို့သည် အမြတ်အစွန်းရှေ့တန်းမတင်ကြ၊ လစာ လျော့ယူကြသည်။ အချို့က ၀န်ဆောင်စရိတ် လုံးဝ မယူကြ။ ယုံကြည်ချက်အရ တာဝန်ထမ်းလာသူများကို ပို၍ရှေ့တန်းတင် တာဝန်ပေးကြသည်။ ယခုအခါတွင်အားလုံးလုံးလိုလိုသည် ပြောင်းလဲခဲ့ကြပြီ။ စီးပွားရေးလုပ်ငန်းကြီးများမှနောက်ခံရပ်တည်သည်ဖြစ်စေ၊ သို့မဟုတ် တနည်းမဟုတ်တနည်းစီးပွားရေးလုပ်ငန်းကြီးများနှင့် နှီးနွယ်နေသောအဲန်ဂျီအိုများ (BINGO) အဖြစ်ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။ ဤအမျိုးအစားများ (BINGO) ဘဏ္ဍငွေခန့်ခွဲ့နေပုံနှင့် ၀န်ထမ်းများခန့် အပ်ထားပုံမှာ အလတ်စားစီးပွားရေး ကုမ္ပဏီတခုအဖို့ မနာလိုစရာကောင်းလောက်အောင် ပြည့်စုံကြီးကျယ်လွန်းလှသည်။ ကော်ပိုရေးရှင်းကြီးများကဲ့သို့ပင်
သူတို့သည်လည်းနိုင်ငံတကာ အစည်းအဝေးများ အတောမသတ် တက်နေကြသည်။ ဤအဲန်ဂျီအိုကြီးများ၏ ရန်ပုံငွေရှာဖွေသူ (Fund-raiser) နှင့် အဆင့်မြင့်ဝန်ထမ်းများ၏ လစာမှာ ပြင်ပပုဂ္ဂလိက ကုမ္ပဏီများနှင့် အတူတူပင် ဖြစ်သည်။ တချိန်က စေတနာရှင်လုပ်ငန်း ( Charity ) အဖြစ်မှတ်ပုံတင်ခဲ့ကြသူများပင် ယခုအခါ အမြတ်အစွန်းမယူသောကုမ္ပဏီများ ( Non-profit Companies )၊ သို့မဟုတ်(Charity Trust ) များအဖြစ် အခွန်ငွေ ကိစ္စမှကင်းလွတ်နိုင်ရန်ပြောင်းလဲမှတ်ပုံတင်လာကြသည်။ ဤအခြေအနေအားဖြင့် သူတို့၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စီမံကိန်းများကိုပို၍လွတ်လပ်စွာ အကောင်အထည် ဖော်နိုင်လာကြသည်။ များစွာသောစေတနာရှင်လုပ်ငန်းများတွင် ကုန်သွယ်ရေးလက်တံ ဌာနများရှိကြပြီး၊ ထိုသူတို့က ကုမ္ပဏီ
များအဖြစ်မှတ်ပုံတင်ထားကြသည်။ ထုတ်လုပ်ရေးလုပ်ငန်းတခုဖြစ်သော တီတရာပက်ခ်ကုမ္ပဏီ (Tetra Pak Co.) သည် သူ့ဖာသာကြေငြာရာ၌ အစားအစာများပို့ဆောင်ရေး အမြန်ဆောင်ကျဉ်းနိုင်သော ကုမ္ပဏီတခုကြေငြာပြီး၊ ဤကိစ္စအတွက် အဲန်ဂျီအိုများက သူ့ကိုသုံးကြပြန်သည်။

ကော်ပိုရေးရှင်းကြီးများနှင့် အဲန်ဂျီအိုများအကြား ထင်ရှားပြတ်သားစွာခွဲခြားနိုင်မှု မျဉ်းသည် ကာလကြာရှည်စွာ
ကပင်ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ အဲန်ဂျီအို အများအပြားသည်ဈေးကွက်တွင် ပြိုင်ဆိုင်နေကြသကဲ့သို့ အကူအညီပေးရေး ဈေးကွက်တွင်လည်းကောင်း၊ ရန်ပုံငွေရှာရာတွင်လည်းကောင်း၊ မီဒီယာအားဖြင့် မိမိအောင်မြင်မှုကို အမွှန်းတင်ရာတွင် လည်းကောင်း ပြိုင်ဆိုင်တိုးနေကြရသည်။ အစိုးရများကို သိမ်းသွင်းနားချရာတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များနည်းတူ အပြိုင်အဆိုင်ဆောင်ရွက်နေကြရသည်။ အစိုးရများနှင့် ကုလသမဂ္ဂဌာနများသည် မူအရသူတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်ရန် စီးပွားရေးလုပ်ငန်းများနှင့် အဲန်ဂျီအိုများကို တင်ဒါသဘော ခေါ်ဆိုခိုင်းစေနိုင်ကြသည်။ အကယ်၍ အဲန်ဂျီအိုများက ပို၍ဈေး သက်သာသော ၀န်ဆောင်ခနှင့် ဆောင်ရွက်နိုင်မည်။ ရိက္ခာနှင့် ကျန်းမာရေး အကူအညီများ ထိထိရောက်ရောက် လက်ဆင့်ကမ်းနိုင်မည်။ ခက်ခဲကြမ်းတမ်းးသောဒေသများတွင် တာဝန်ထမ်းနိုင်မည်ဆိုပါက ဤလုပ်များ အတွက် ကန်ထရိုက်ရဖို့ ကျိန်းသေနည်းသာ ဖြစ်သည်။

စေတနာကောင်းနှင့်ဆောင်ရွက်ရုံမျှနှင့် မလုံလောက်။

အဲန်ဂျီအိုများသည် အစိုးရ၏လက်တံတဖက် ဖြစ်လာတော့ ဘာဖြစ်မည်နည်း။ စီးပွားရေးကုမ္ပဏီများ ပမာ ဖြစ်လာတော့ ဘာဖြစ်ရမည်နည်း။

အဲန်ဂျီအိုများသည် သူတို့၏လွတ်လပ်သောရပ်တည်ချက်များကို စွန့်လွှတ်ရတော့ဘာဖြစ်လာမည်နည်း။ စသဖြင့် စောဒကတက်နိုင်ပါသည်။ (GRINGOs) ဖြစ်ဖြစ် ရှေး သမားရိုးကျအဲန်ဂျီအိုများထက်ပို၍ ထက်မြက်ထိရောက်စွာ စွမ်းဆောင်နိုင်သည်ဟု ပြောနိုင်သည်ပါသည်။

အဲန်ဂျီအိုများစွာသည် ကြီးမားသောအောင်မြင်မှုများရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်ကြပါသည်။ သူတို့သည် စစ်ပွဲအတွင်း ပိတ်မိနေကြသော ဒုက္ခသည်များအတွက် ကောက်ရိုးတမျှင်ဖြစ်သည်။ မတရားထောင်သွင်း အကျဉ်းချခံရသူများအတွက် မျှော်လင့်ချက်ဖြစ်သည်။ ဒုက္ခသည် သန်းပေါင်းများစွာအတွက် ခိုလှုံရာ ဖြစ်သည်။ အဖွဲ့သေးငယ်သော်လည်း ထိရောက်သော စွမ်းဆောင်မှုကြောင့် အကျိုးထိရောက်စွာဆောင်နိုင်ခဲ့သည့် အဲန်ဂျီအိုများ ဥပမာပြစရာများစွာရှိပါသည်။ အကောင်းဆုံး အဲန်ဂျီအိုများသည် ဒေသခံပြည်သူများကို အများဆုံးတာဝန်ပေးကြပြီး၊ နိုင်ငံခြား ကျွမ်းကျင်သူများ နည်းနိုင်သမျှ နည်းအောင် ထားရှိကာ၊ တိကျသော ရည်မှန်းချက်များထားရှိကြပါသည်။ (ဥပမာအားဖြင့် သန့်စင်သောရေရရှိရေးစသဖြင့်ကိစ္စမျိုး။)
သူတို့သည် သူတို့ဆောင်ရွက်ချက်များ၏ ရေရှည်အကျိုးသက်ရောက်မှုကို လေးလေးနက်နက်တွေးတော ကြသည်။ ဤကဲ့သို့ အဖွဲ့သေးများထဲမှ အချို့သည် ကောင်းစွာလည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီးများ ဖြစ်လာသည်။

အလားတူပြဿနာများလည်း များစွာရှိပါသေးသည်။ အဲန်ဂျီအိုဟုဆိုလိုက်သည်နှင့် ဗျူရိုကရေစီယန္တယားများနှင့် စာလျှင် ခြစားမှုနည်းသော အင်အားစုများဟု ယေဘူယျအားဖြင့် သဘောပေါက်ထားကြသည်။ သို့သော်လည်း စောင့်ကြည့်ခံရမှု နည်းသော အဖွဲ့များစွာသည် ဖော်ပြထားသော အလားတူအပြစ်များမနည်းကြ။ အလားတူ မည်သူ့ကိုမှ သစ္စာမခံသော အခြေအနေတွင် သူတို့သည်လမ်းဆိုးအတိုင်း လိုက်ကြပြန်သည်။

အချို့ဝေဖန်သူများက အချို့အကူအညီပေးရေးအဲန်ဂျီအိုများသည် ( ၁၉ ) ရာစုအတွင်းလာရောက်ခဲ့ကြသော ခရစ်ယာန် သာသနာပြု မစ်ရှင်များကဲ့သို့ အနောက်တိုင်းတန်ဘိုးများကို လာချ၍ပေးနေကြသည်၊ လာ၍လွှမ်းမိုး သွတ်သွင်းနေကြသည်ဟု သံသယရှိနေကြသည်။ အလားတူ အဲန်ဂျီအိုအများအပြားသည်လည်း အောက်ခြေကိုယ်စားပြုမှုလည်းမရှိပါပဲ၊ ပြင်ပမှ ပိုက်ဆံများဖြင့်လာရောက်ကာ သူတို့၏ အတွေးအခေါ်များကို အပြန်အလှန်ညှိနှိုင်းမှု မရှိဘဲလာရောက်သွတ်သွင်းနေကြသည်။ ဥပမာအားဖြင့်များစွာသော အဲန်ဂျီအိုများ အမျိုးသမီးနှင့်ကလေးများအခွင့်အရေးမြှင့်တင်ရေးကိစ္စ လာရောက်ပြောဆိုကြသည်။ သို့သော် သူတို့ပြောဆိုသော အမျိုးသမီးနှင့်ကလေးများအခွင့်အရေးဟုဆိုရာ၌ အနောက်တိုင်းမှ အဓိပ္ပါယ်ဖွင့်ဆိုချက်များ သာဖြစ်နေသည်။ ဤအကြောင်းပြချက်ဖြင့် ငွေလွယ်လွယ်ရှာနိုင်ကြသည်။ သို့သော်စီမံချက် ဆောင်ရွက်ရာ ဒေသတွင်း လူမှုရေး တည်ငြိမ်မှုပါ ပြိုကွဲတော့သည်။

လူဦးရေထိန်းချုပ်ရေး၊ မိသားစုစီမံကိန်းဆောင်ရွက်ရေးလုပ်ငန်းများသည်လည်း အလားတူအငြင်းပွါးဖွယ် ဖြစ်သည်။ ဤစီမံချက်များက ကမ္ဘာအဆင်းရဲဆုံးဒေသများတွင် သားကျောဖြတ်စီမံကိန်းများဆောင်ရွက်ရန် ရန်ပုံငွေထောက်ပံ့ကြသည်။ စီမံကိန်းပေါ်ပေါက်လာရသော အကြောင်းမှာ လူချမ်းသာကမ္ဘာရှိဘဏ္ဍငွေ ထောက်ပံ့သူများက ဤဒေသများတွင် လူများပြားလွန်းသည်ဟု ယူဆသောကြောင့်ဖြစ်သည်။ အလားတူ အဲန်ဂျီအိုများက အာဖရိကဒေသတွင် ကျေးကျွန် ပပျောက်ရေး စီမံကိန်းကိုဆောင်ရွက်ကြသည်။ ကလေးများကို ဒေါ်လာရာ အနည်းငယ်နှင့်ဝယ်ယူကာ လွတ်လပ်အောင် ဆောင်ရွက်ပေးသည်ဆိုကြသည်။ ဤသို့ဖြင့် နာမည်လည်း အတော်ပျက်ခဲ့သည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ကဤစီမံကိန်းများကို ပြစ်တင်ဝေဖန်ကြသည်။ သို့သော်အမေရိကန်အဲန်ဂျီအိုများက ကျွန်ဆိုသောသူများကို ၀ယ်ယူရန်ပိုက်ဆံ ဆက်လက်ထောက်ပံ့နေကြသည်။ တောင်ပိုင်းဆူဒန်နိုင်ငံတွင် ကျွန်ဟုယူဆသူများကိုဆက်လက်ဝယ်ယူ
နေကြသည်။ ဤသို့ဝယ်ယူခြင်းအားဖြင့် လူရောင်းဝယ်ရေးကိုမဟန့်တားစေသည့်အပြင် ဆက်လက် အားပေးသလိုပင် ဖြစ်နေခဲ့သည်။

အဲန်ဂျီအိုများသည် တခါတရံ ပဋိပက္ခများတွင်ပါဝင်ပါတ်သက်ရင်း၊ သူတို့ပတ်သက်မှုကပင် စစ်ပွဲများကိုပို၍
ရှည်လျားစေ၊ ရှုပ်ထွေးစေကြသည်။ ဤဒေသများတွင် သူတို့သည် စစ်ဖက်ပြိုင်နေသောစစ်တပ်များကို ထောက်ပံ့ရင်း၊ ဓါးစာခံကဲ့သို့ပြည်သူများကိုအကာအကွယ်ပေးရင်း၊ စစ်ဖက်ပြိုင်နေသော ပါတီများကို အကာအကွယ်ပေးရင်းရှိနေခဲ့ကြရသည်။ ဤအဖြစ်အပျက်များသည် အကူအညီပေးရေးလုပ်ငန်းများ၏ မလိုလားအပ်သော နောက်ဆက်တွဲ ကိစ္စရပ်များဖြစ်သည်။ တပြိုင်နက်တည်းမှာပင် သူတို့သည် နိုင်ငံခြား ရေးပေါ်လစီများကိုလည်း ရှုပ်ထွေးစေခဲ့သည်။

အချို့ အဲန်ဂျီအိုများသည် တည်ငြိမ်သောအခြေအနေ၊ အရေးပေါ်မဟုတ်သော အခြေအနေ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဆောင်ရွက်နေကြသည်။ သို့သော်လည်း ကိစ္စတခုချင်းအတွက် လှုံ့ဆော်ဆောင်ရွက်နေကြသော
အဲန်ဂျီအိုများ၏ ဆောင်ရွက်ချက်ကြောင့်ရေရှည် တည်တံ့သော အောင်မြင်မှုရရှိမည်ဆိုသည်ကို မည်သူမှ အာမ မခံနိုင်ပေ။ ဤအဲန်ဂျီအိုများက တခါတရံကုန်သွယ်ရေး၊ စီးပွားရေးမူဝါဒများနှင့်ပတ်သတ်နေမှုကို သတိမမူကြပဲ၊ ပိုမိုကျယ်ပြန့်သော၊ ဖွံ့ဖြိုးရေးကိစ္စတွင် ကဏ္ဍပေါင်းစုံ တည်မှီနေသော အခြေအနေကိုလည်း အနည်းတို့သာ အာရုံ့ပြုမိကြသည်။ အဲန်ဂျီအိုများသည် သူတို့မြင်သောကိစ္စတရပ်အတွက် လှုပ်ရှားကြသည်။ ကျယ်ပြန့်သောဖက်ပေါင်းစုံဖွံ့ဖြိုးမှုကို အာရုံစိုက်မှုနည်းနေကြသည်ဟု မစ္စတာ လန်ကက်စတာက ပြောသည်။

လွန့်ခဲ့သောနှစ်ဆောင်းကာလ ကိုဆိုဗိုအခြေအနေတွင် အစိုးရများစွာသည် ကိုဆိုဗိုကိုကူညီရန် အဲန်ဂျီအိုများစွာနှင့် အပြန်အလှန်စာချုပ် များချုပ်ဆိုကြသည်။ ဤအခြေအနေကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စီမံကိန်းများ မည်သည်ကို ဦးစားပေးဆောင်ရွက်ရမည်ကို နှောင့်နှေးရှုပ်ထွေးစေသကဲ့သို့၊ အဲန်ဂျီအိုများ အားလုံးကိုလည်း စောင့်ကြည့်စစ်ဆေးရန်မဖြစ်နိုင်ခဲ့ဟု (MSF) တာဝန်ခံတဦးဖြစ်သူ ပီတာမောရစ္စ (Peter Morris) က ပြောသည်။ ယခုနှစ်ဆောင်းတွင်လည်း ဒုက္ခသည်စခန်း တခုအတွင်း၌ အဲန်ဂျီအိုများအပြိုင်အဆိုင် ဂွင်လုနေကြသည်။ အရေးကြီးလုပ်ငန်းများတွင် သူလုပ်ကိုယ်လုပ် လုပ်ငန်းများ ထပ်နေကြသည်ဟု (Oxfam) ၀န်ထမ်း တဦးကပြောသည်။ ထို့အပြင် နိုင်ငံတကာအဲန်ဂျီအိုကြီးများ ကွင်းဆင်းလာသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သူတို့သည် သူတို့လုပ်ငန်းများ အတွက် အနောက်တိုင်းသားများ ခေါ်လာကြသည်။ အနောက်တိုင်းသားများ လူနေမှု အဆင့်အတန်းအတိုင်း လာရောက်နေထိုင်ကြရန် ဖန်တီးသည်။ အနောက်တိုင်းလစာအတိုင်း၊ အနောက်တိုင်း ၀ယ်နိုင်အားအတိုင်းကျင့်သုံးနေကြသည်။ ဤအခြေအနေတွင် ဒေသဆိုင်ရာဈေးကွက်ကို ဈေးပျက်ရုံသာမက၊ ဒေသခံများက သူတို့ကို မုန်းတီးလာစေသည်။ နိုင်ငံရပ်ခြားအဲန်ဂျီအိုများ ခြေချင်းထပ်နေသော ဒုက္ခဖြစ်ပွားရာဒေသများတွင် အားလပ်ရပ် စနေ၊ တနင်္ဂနွေဆိုလျှင် အကောင်းဆုံး ပင်လယ်ဘိခ်ျများ၌ လည်းကောင်း၊ ညကလပ်များ စားသောက်ဆိုင်ကြီးများတွင် တန်းစီရပ်ထားသော ဖိုးဝီးလ်ကားများ အစီအတန်း တွေ့နေကြရသည်။ ဒေသခံတောင်းစားသူများ အတွက် အလုပ်ဖြစ်ကြသည်။

အလုပ်တခုတည်းကိုဆောင်ရွက်နေကြသော ဆင်းရဲသည့်ဒေသခံအရာရှိများနှင့် ဖောဖောသီသီသုံးနိုင် သော နိုင်ငံရပ်ခြားဝန်ထမ်းများအကြား ကွဲပြားခြားနားချက်က မကျေနပ်ချက်ကို ပို၍ကြီးထွားလာစေ
သည်။ အဲန်ဂျီအိုများသည် ဒေသခံအစိုးရလက်ခံရရှိနိုင်မည့် ဘဏ္ဍငွေများကိုလက်လွှဲလက်ခံခဲ့ရုံမျှ မက၊
တခါတရံ သူတို့၏ အချုပ်အခြာအာဏာကို လာရောက်ထိပါးနေသကဲ့သို့မြင်လာစေကြသည်။

ထို့အပြင် အဲန်ဂျီအိုများသည် ပြဿနာရှာနေသူများဖြစ်နေတတ်ပြန်သည်။ သူတို့မြင်ထားသော ပြဿနာတရပ်ကို ဖြေရှင်းနိုင်သည်နှင့် တပြိုင်နက်၊ သူတို့က နောက်ထပ်လှုပ်ရှားမှု (Campaign) တခု ထပ်မံရှာဖွေကာ၊ ရန်ပုံငွေ ထပ်မံရှာကြပြန်သည်။ ယခင်ကတောင်အာဖရိကနိုင်ငံတွင် လှုပ်ရှားခဲ့သော အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ အောင်မြင်သွားသည်။ သို့သော်သူတို့အဖွဲ့ကိုမဖျက်သိမ်းခဲ့။ တောင်အာဖရိက၏ နောက်ထပ်အရေး တခုအတွက် စည်းရုံးသူများ ဖြစ်လာပြန်ကြသည်။

အဲန်ဂျီအိုများသည် ကမ္ဘာ့မြင်ကွင်းတွင် ပို၍အရေးပါလာကြသည် သည်နှင့်အမျှ ထောင်လွှားမှုကင်းသော အဲန်ဂျီအိုများ ဖြစ်လာရေး၊ အဖွဲ့အစည်းမတန်တဆ ချဲ့ထွင်ခြင်း၊ မဖြစ်လာရေးအတွက် ကာကွယ်နိုင်သောနည်းမှာ လုပ်ငန်းတာဝန် တခုအောင်မြင်ပြီးသည်နှင့် ဖျက်သိမ်းပစ်ရန်သာအကောင်းဆုံးဖြစ်သည်။ အဲန်ဂျီအိုများ၏ အဓိကရည်ရွယ်ချက်ထား သင့်သော ကိစ္စမှာလည်း သူတို့ဖာသာဖျက်သိမ်းနိုင်ရေးပင် ဖြစ်သင့်လှပေတော့သည်။

(The Economist January 29th~4th February 2000) မှဘာသာပြန်ဆိုပါသည်။
----------------------------------------------------------------

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှအဆိုပြုသော အဲန်ဂျီအိုများထားရှိသင့်သည့်ကျင့်ထုံး (၁၀) ချက်

၁။ လူသားချင်းစာနာသော အခြေခံ အရေးပေါ်လိုအပ်ချက်သည် ပထမဖြစ်သင့်သည်။
၂။ အကူအညီပေးရာ၌ လူမျိုး၊ နိုင်ငံသား၊ အယူဝါဒကွဲပြားမှုအပေါ်အခြေမခံဘဲ လိုအပ်ချက်အပေါ်သာအခြေခံကူညီရမည်။
၃။ အကူအညီကို အကြောင်းပြု၍အခြားသောနိုင်ငံရေး၊ ဘာသာရေးရပ်တည်ချက်များအတွက် အသုံးချခြင်းမပြုရ။။
အကူအညီကိုအကြောင၄။ မိမိတို့သည် အစိုးရများ၏ နိုင်ငံခြားရေးမူဝါဒများအတိုင်း ဆောင်ရွက်ရန် လက်ကိုင်တုတ်အဖြစ်ဆောင်
ရွက်ခြင်းမပြုရ။
၅။ မိမိတို့သည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကိုလေးစားပါမည်။းကိုလေးစားပါမည်။
၆။ မိမိတို့သည် ကပ်ဘေးဒုက္ခများကိုရင်ဆိုင်ရန် ဒေသခံပြည်သူများ၏ စွမ်းအင်ကိုအခြေခံထား၍ ကျိုးပမ်းပါမည်။
၇။ အထောက်အပံ့ အကူအညီများပေးဝေရေးစီမံခန့်ခွဲစဉ်ကာလအတွင်း ပိုမိုထိရောက်သော ပိုမိုအကျိုးရှိစေသော နည်းလမ်းများရှာဖွေပါမည်။
၈။ ထောက်ပံ့သောအကူအညီများသည် အနာဂါတ်ကာလတွင် အလားတူထိခိုက်ရမှုများ မဖြစ်ပေါ်နိုင်ရေးကို အထူးရှေးရှုပါမည်။ အလားတူ အခြေခံလိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ပေးပါမည်။
၉။ မိမိတို့သည် မိမိတို့ဘဏ္ဍာငွေလက်ခံရရှိရာဌာနများသို့ရော၊ အကူအညီလက်ခံယူသူပြည်သူများသို့ပါ ပွင့်လင်းစွာ အစီရင်ခံတင်ပြပါမည်။
၁၀။ မိမိတို့သည် ကပ်ဘေးဒုက္ခသင့်ရသော ဒုက္ခသည်များကို ဂုဏ်သရေရှိလူသားများအဖြစ်ဆက်ဆံပါမည်။ မျှော်လင့်ချက် ကင်းမဲ့နေသော အပြုခံများအဖြစ် မဆက်ဆံပါ။

အောင်သူငြိမ်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.