ရွက်မွန်စာမျက်နှာ

Wednesday, July 11, 2007

အဖိုးတန်ကျောက်တုံးများ

ကျနော့် အဖြစ်ကို အပြန်ပြန်စဉ်းစားကြည့်ဖူးသည်။ ကျနော့်တွင်အချိန်နည်းလွန်းလှသည်။ ကျနော်ဆောင်းပါးအချို့ ရေးချင် သေးသည်။ စာအုပ်အချို့ ဘာသာပြန်ချင်သေးသည်။ ဖတ်စရာ စာအုပ်တွေလည်းကျန်သေးသည်။ ကျနော် အိမ်ထောင်ကျ တာလည်း နောက်ကျသည်။ အသက် ၃၅ နှစ်မှ အိမ်ထောင်ကျသည်။ မြန်မာလူနေမှုသက်တမ်းအရ အလွန်ဆုံး အသက်ရှည်လှ ကျနော် ၅၅ နှစ်၊ ၆၀ လောက်သာ ရှိသည်ဟု ကိန်းဂဏန်းများ ကဆိုသည်။ သို့ဆိုလျှင် ကျနော့်အိမ်ထောင်ရေး အတွက် အချိန်တွေပေးရမည်။ ကျန်လှ ၂၅ နှစ်မျှသာ မိသားစုအတွက်အချိန် ပေးနိုင်တော့မည်။

အဝေးတွင် နေရသော သမီးကလေးကလည်း အဖေကိုတမျှော်မျှော်။ သမီးအတွက်လည်း အချိန်ပေးရမည်။ နိုင်ငံရေး လုပ်လက်စ လုပ်ငန်းများအတွက် ရဲဘော်တွေက အချိန်တွေတောင်းဆိုနေသည်။ လုပ်စရာကများ၊ အချိန်ကနည်းလှသည်။ ကျနော်အလှူ ပေးချင်သေးသည်။ ပရိဟိတလုပ်ငန်းအချို့ လည်း လုပ်ချင်သေးသည်။ ကျနော် စူးစမ်းရှာဖွေရေး လုပ်ငန်းအချို့ လုပ်ချင်သေးသည်။ မိတ်ဆွေများနှင့် လူမှုရေးအတွက်ပေးရမည့်အချိန်၊ မြန်မာပြည်တနံတလျား ခရီးသွားလည်ချင်သေးသည်များလည်းရှိသည်။ အေးဆေးသက်သာ တရားထိုင်ကြည့်ချင်သေးသည်။ ကျနော်တရုပ်အဖိုးကြီးများလုပ်လေ့ရှိသော တိုင်ချီလည်း သင်ချင်သေးသည်။

တလောက ဆောင်းပါးတပုဒ်ဖတ်ရသည်။ မိမိဘ၀တလျှောက်လုံးလုပ်ချင်သည်များကို မှတ်တမ်းတင်၍ တစိုက်စိုက်
မတ်မတ် စိတ်ပါလက်ပါ လုပ်ခဲ့သောလူငယ်လေးတယောက် အကြောင်းဖြစ်သည်။ ကုသိုလ်ကံကောင်းလှချည့်ဟု
ထင်မိသည်။ ဤသို့မကြောင့်မကြ မိမိလုပ်ချင်သည်ကို လုပ်နေနိုင်သော သတ္တိထူးနှင့်အခြေအနေကိုရနိုင်သောသူ
မှာ တကဲ့ကုသိုလ်ဖြစ်သည်။ ကျနော့်ဘ၀ ( ၃၅ ) နှစ်ဆိုတော့တ၀က်ကိုကျော်ခဲ့ပြီ။ ကျနော်အိမ်မက်တွေ ဘယ်နှစ်ခုလောက် အကောင်အထည်ပေါ်ခဲ့ပါသလဲဆိုတော့ အလွှဲလွှဲအမှားမှားနေရာ ချထားခံရသည်လည်းရှိခဲ့သည်။ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်ခဲ့မိသည်ကိုတော့ နောင်တမရ။ တော်လှန်ရေးထဲ အသေးအဖွဲ တောက်တိုမယ်ရတွေလုပ်နေရင်း
ကျေနပ်သည်လည်းရှိ၊ မကျေနပ်သည်လည်းရှိခဲ့သည်။ ကျနော့်မိတ်ဆွေတဦးကတော့ ပန်းပွင့်ကလေးများကို
ဓါတ်ပုံရိုက်မှတ်တမ်းတင်နေရင်း သူ့ဘ၀ကိုသူကျေနပ်နေသည်။ ဤသည်မှာလည်း သူ့ကုသိုလ်ဖြစ်သည်။ အချိန်တို့တော့ တဖြုတ်ဖြုတ်ကုန်သွားသည်။ ဟော တနှစ်၊ ဟော တနှစ် ဆယ်စုနှစ်ချီဖြစ်သွားခဲ့သည်။

တရက် ကျနော်စိတ်ဝင်းစားစရာ စာကလေးတပုဒ်ဖတ်ရသည်။ ဖတ်ပြီးသည်နှင့် မိတ်ဆွေများကို ဝေငှချင်လာသည်။
ပုံပြင်ကလေးက ဤသို့လာသည်။

တခါက တက္ကသိုလ်တခုတွင် စီးပွားရေးလေ့လာနေသော ကျောင်းသားများကို ကျွမ်းကျင်သူတဦးက အချိန်ကိုစီမံ
ခန့်ခွဲမှုနှင့် ပါတ်သတ်သော အကြောင်းနှင့်ပို့ချသည်ဟုဆိုသည်။ သူက ကျောင်းသားများ မမေ့ရအောင်။ မှတ်မှတ်
သားသား ရှိရအောင် ဥပမာ ပေးပြသည်။ “ကဲ မောင်ကျောင်းသားတို့၊ အခုအချိန်ကတော့ ဥာဏ်စမ်းပုစ္ဆာ လုပ်ရမယ့်အချိန်ပဲ။” ဆရာက ပြောလိုက်ပြီး ရေဖန်ချိုင့်တခု ယူထုတ်လာပြီး စားပွဲပေါ်တွင်ချသည်။ ထို့နောက် လက်သီးဆုတ် အရွယ်ခန့်ရှိသော ကျောက်တုံးများကို ထိုဖန်ချိုင့်ထဲသို့ စနစ်တကျစီ၍ ထည့်သည်။ ကျောင်းသားများကဘာလုပ်မှန်းမသိ၍ ငြိမ်ကြည့်နေကြသည်။ သူက ကျောက်တုံးများကို တတုံးပြီးတတုံး စနစ်တကျ ထည့်သည်။ ဖန်ချိုင့်ထဲတွင် ကျောက်တုံးများ ထပ်ထည့်၍ မရတော့လောက်အောင် ပြည့်သွားသည်။ ထို့နောက်သူက ကျောင်းသားများကို မေးလိုက်သည်။ ဖန်ချိုင့်ထဲမှာ ပြည့်သွားပြီးလား။ အတန်းသားများအားလုံးက “ဟုတ်ကဲ့၊ ပြည့်ပါပြီ” ဟု တညီတညာတည်း ဖြေလိုက်ကြသည်။

“ဟုတ်ရဲ့လား” သူက ပြန်မေးပြီး ကျောက်စရစ်တုန်းငယ်များ ထည့်ထားသော အိတ်တအိတ်ကို ထပ်မံဆွဲထုတ်လာသည်။ ထို့နောက် ကျောက်တုံးကြီးများကြားထဲ လပ်နေသောနေရာများကြားထဲသို့ ကျောက်စရစ်ခဲငယ်များကို လောင်းချသည်။ ထိုလစ်ဟာနေသော နေရာများတွင် ကျောက်ခဲငယ်များဖြင့် ပြည့်သွားပြန်သည်။

ထို့နောက် ကျောင်းသားများကို ထပ်မေးလိုက်ပြန်သည်။ ဖန်ချိုင့်ပြည့်ပြီးလား။ ကျောင်းသားတဦးက တုန့်ဆိုင်းဆိုင်းဖြင့် “အင်း-မဟုတ်နိုင်သေးဘူး” ဟု ပြန်ဖြေသည်။

“ကောင်းပြီ” ဆရာကပြန်ဖြေလိုက်ပြီး၊ သဲတအိတ်ဆွဲထုတ်လာပြန်သည်။ ကျောက်ခဲငယ်များဖြင့်လွတ်နေသော
နေရာများကြားသို့ သဲမှုန်များကို ထပ်၍ဖြည့်ပြန်သည်။ ကျောက်တုံးကြီးများနှင့် ကျောက်ခဲငယ်များကြားရှိ
လစ်ဟာနေသောနေရာများ ကြားထဲတွင် သဲမှုန်များထပ်၍ ထပ်၍၀င်သွားပြန်သည်။ ဆရာက ထပ်မေးပြန်
သည်။ ဖန်ချိုင့်ပြည့်ပြီလား။ကျောင်းသားအားလုံးက “မပြည့်သေးပါဘူး” ဆရာကပြောပြောဆိုဆို ရေတဖန်ချိုင့်ဆွဲ
ထုတ်လာ၍ ထိုကျောက်ခဲများကြားသို့ လောင်းချလိုက်ပြန်သည်။ ရေများဖန်ချိုင့် နှုတ်ခမ်းသားအထိပြည့်လျှံသွား
သည်။ ထိုအခါမှ ဆရာကကျောင်းသားများကို ကြည့်လိုက်ရင်း မေးသည်။ “ဒီသင်ခန်းစာက မင်းတို့ ဘာလေ့လာရသလဲ”။ ကျောင်းသားတဦးက လက်ထောင်ရင်းဖြေသည်။

“ဆရာပြောချင်တဲ့အချက်က ကျနော်တို့အချိန်ဇယားထဲမှာ ဘယ်လောက်ပဲ မအားတဲ့ကြားထဲက သေသေချာချာရှာရင် အချိန်တွေ ထပ်တွေ့ရနိုင်တယ်၊ ကျနော်တို့အချိန်ထပ်ဖန်တီးနိုင်သေးတယ်ဆိုတဲ့ အချက်မဟုတ်လားဆရာ။”
“မဟုတ်သေးဘူး” ဆရာကဖြေသည်။

“ဒီအခုသင်ခန်းစာထဲမှာ ပေးချင်တဲ့အချက်က အကြီးဆုံးကျောက်တုံးတွေကိုအရင်မထည့်ဘူးဆိုရင် ကျနော်တို့
ဒီလောက်များများ ထပ် ထပ်ထည့်လို့ မရနိုင်ဘူးဆိုတဲ့အချက်ပဲ။ ကျနော်တို့ အသေးအဖွဲတွေနဲ့ အလှုပ်ရှုပ်နေလို့မရဘူး။
ကျနော်တို့ ဘ၀မှာ အရေးကြီးတဲ့ကျောက်တုံးတွေက ဘာတွေလဲ။”

“ကျနော်တို့ ကလေးတွေလား။
ကျနော်တို့ အချစ်ရဆုံးအိမ်သူလား။
ပညာရေး။
အိမ်မက်။
အဖိုးတန်တဲ့ မိမိရဲ့အရေး၊ လှုပ်ရှားမှု။
ကျမ်းမာရေး။
မိမိဝါသနာပါရာကို လုပ်နေရမှု။
အခြားသူတွေအတွက် ပရဟိတ။ စသဖြင့်ရှိမယ်။ မင်းတို့ သတိရဖို့ကအရေးကြီးတဲ့ ကျောက်တုန်းတွေကို အရင်ထည့်ရမယ်။ မထည့်ရင် ကျနော်တို့ ထပ်ထည့်လို့ မရနိုင်တော့ဘူး။ ကျနော်တို့ သဲတွေ။ ခဲလုံးငယ်တွေအတွက် စိတ်ပူနေရ၊ အလုပ်ရှုပ်နေရရင် ကျနော်တို့ ဘ၀တိုတိုမှာ အချိန်ကို ဘယ်လိုမှအကျိုးရှိရှိလုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီတော့ မင်းတို့ကိုယ့်မင်းတို့ ပြန်မေးခွန်းထုတ်ပါ။ မင်းတို့တဦးချင်း ဘ၀မှာ အရေးပါတဲ့ ကျောက်တုံးတွေက ဘာတွေလဲ။” ဆရာက မေးရင်း ပုံပြင်လေးကို နိဂုံးချုပ်လိုက်သည်။

ကျနော် အတွေးတွေရှည်သွားသည်။ ကျနော့်ဘ၀အတွက် အရေးပါတဲ့ကျောက်တုံးတွေက ဘာတွေလဲ။ ကျနော်ချရော ချခဲ့ပြီးပြီလား။ ကျနော်ချစ်ရတဲ့ သူနဲ့အိမ်ထောင်ကျခဲ့ပြီ။ ချစ်ရတဲ့ သမီးလေးတယောက်ရခဲ့ပြီ။ အများအကျိုးလည်း နိုင်သလောက်ထမ်းခဲ့ပြီ။ အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည်လည်းရှိ။ ဘာပဲဖြစ်ဖြစ် ကျနော်ကျေနပ်သည်။ တဖက်မှာ ထပ်တွေးမိလာပြန်သည်။ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေးအတွက်ရော ကျောက်တုံးကြီးများ မည်မျှချခဲ့ပြီနည်း။ လုံလောက်မှုရှိရဲ့လား………

မိတ်ဆွေ။ သင့်ဘ၀အတွက် ကျောက်တုံးတွေချပြီးပါပြီလား။ ကျနော်စေတနာနှင့် မေးနေပါသည်။

အောင်သူငြိမ်း

မှီငြမ်း-(Sue Williamson) ပြောပြသောပုံပြင်။

1 comment:

ဂျစ်တူး - gyit_tu said...

ခုလို ဖတ်ထားတာတွေ ဝေမျှတာ ကျေးဇူးပါ ။ ကျမဘလောဂ့်ရဲ့ စာပေအိုးခေါင်းစဉ်အောက် ပြန်လည် ဖော်ပြလိုက်ပါတယ် ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.