စီးပွားရေးပညာတွင် (Sunk cost) ဟူသော အသုံးအနှုံးတခုရှိပါသည်။ မြန်မာလိုဘာသာပြန်ရလျှင် “ပလုံသွားသည်” ၊ လုံးဝဆုံးရှုံးသွားသည့်ငွေရင်းငွေနှီးဟု အဓိပ္ပါယ်ပြန်ရမည်ထင်ပါသည်။ စီးပွားရေးလုပ်ကိုင်နေသော လုပ်ငန်းတခု၊ ကုမ္ပဏီတခုဈေးကွက်ထဲမှ ထွက်သွားသင့်- မသွားသင့်ကိုတွက်သော နေရာ၌သုံးကျသောအသုံးအနှုံးဖြစ်
ပါသည်။ ဤကိစ္စသည် ပညာရှင်အတော်များများအတွက် ငြင်းခုံနေဆဲလည်းဖြစ်သော၊ အဖြေလည်းမရှိနိုင်သေးသော၊ သို့မဟုတ်အဖြေလည်း အများကြီးရှိနိုင်သော ပုစ္ဆာဖြစ်ပါသည်။ ပလုံ အရင်းအနှီးဟုပဲ ကျနော်ဆက်၍သုံးပါမည်။
ပလုံအရင်းအနှီးနှင့်ပါတ်သတ်၍ ဥပမာတခုပေးလိုပါသည်။ သင့်အနေနှင့် ပွဲကြည့်ရန်လက်မှတ်တစောင် ၀ယ်ထားပြီ ဆိုပါစို့။ ဤလက်မှတ် အတွက် သင့်ငွေ ( ၁၀၀ ) ပေးထားပြီးပြီဖြစ်သည်။ သို့သော်ပွဲရန် ကိစ္စကိုသင်ပြန်စဉ်းစား နေရသည်။ သင့်မှာ အလုပ်တာဝန်များသောကြောင့် ပွဲမကြည့်နိုင်တော့လောက်အောင် ပင်ပန်းနေသည်။ အလုပ်ပင်ပန်း သောကြောင့်လည်း သိပ်ပြီးခြေပစ်လက်ပစ် အိပ်ချင်နေပြီဆိုပါစို့။ ပွဲသွားကြည့်ရန်လည်း အပြင်မှာသိပ်အေးနေသည်။ ပွဲကြည့်ရတာတော့ ကောင်းသည်။ နှာစေး အအေးမိနိုင်သည်။ ဤအခြေအနေမျိုးတွင် သင့်တွင်ရွေးချယ်စရာ အခွင့်အလမ်း ၂ မျိုးရှိပါသည်။
အခွင့်အလမ်း ( ၁ )
ပွဲသွားကြည့်မည်။
ပြန်လာလျှင် အအေးမိနှာစေးမည်။
နောက်တနေ့ဖျားသောကြောင့် ခွင့်ယူရမည်။
ပိုက်ဆံ (၁၀၀) ပွဲလက်မှတ်ဖိုး ကုန်မည်။
အခွင့်အလမ်း ( ၂ )
အိမ်မှာပဲနေမည်။
ပျင်းစရာကောင်းသော မြန်မာ့ရုပ်မြင်သံကြား ကြည့်ရမည်။
အိပ်ရေးဝမည်။
ပိုက်ဆံ ( ၁၀၀ ) ပွဲလက်မှတ်ဖိုးကုန်မည်။
ဤအခြေအနေအောက်တွင် သင့်တွင်ရွေးချယ်စရာ အခွင့်အလမ်းများများ မရှိနိုင်ပါ။ ပွဲသွားကြည့်ကြည့်၊ မကြည့် ကြည့် ပိုက်ဆံ (၁၀၀) ကတော့ ဆုံးပြီးသားဖြစ်နေပါပြီ။ ဤပိုက်ဆံ ( ၁၀၀ ) ကို စီးပွားရေးပညာသဘောအရ
ပလုံ အရင်းအနှီး (Sunk cost) ဟုခေါ်ကြပါသည်။ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ဤအခြေအနေမျိုးကြုံ
ရလေ့ရှိပါသည်။ ပိုက်ဆံအမြတ်က ဘယ်နေမှန်းမသိသေး ရင်းထားရသော အရင်းအနှီးက အများအပြားဖြစ်သည်။
ဤအခြေအနေတွင် ဤဈေးကွက်ထဲမှ ထွက်သွားမလား။ ဆက်၍အရှုံးခံလုပ်မလား ဟူသော အကြပ်အတည်းမေးခွန်းမျိုး ကြုံလေ့ရှိပါသည်။ တချိန်ဖြစ်လာနိုင်သော အမြတ်ကိုမျှော်ကိုးပြီး ငုတ်ကောင်ကိုဆက်ထိုးနေတတ်သော အခြေအနေမျိုးလည်း ဖြစ်တတ်ပါသည်။ မိမိကိုပြန်မချစ်နိုင်သော မိန်းမပျိုတဦးကို တဖက်သတ်ချစ်နေရသော သူတဦး၏ အဖြစ်မျိုးနှင့်လည်း ဥပမာပေးနိုင်ပါသည်။
ဤအခြေအနေသည် စီးပွာရေးသမားများအတွက်သာ မဟုတ်ပါ။ နိုင်ငံရေးခေါင်းဆောင်များ၊ ပေါ်လစီချမှတ်သူများလည်း ကြုံရလေ့ရှိသော မေးခွန်းမျိုးဖြစ်ပါသည်။ တခါတရံတွင် စီမံချက်များချမှတ်တာမှားယွင်းတာမျိုးရှိနိုင်ပါသည်။ တလွှဲနေရာတွင် ရင်းနှီးမြှပ်နှံမိသည်မျိုးရှိနိုင်ပါသည်။ အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့တော်ကောင်စီတွင်လည်း ဤပြဿနာမျိုးကြုံဖူးပါသည်။ ၁၉၉၇ ခုနှစ်က ဘော်စတွန်မြို့လယ်နှင့် လိုဂင်လေဆိပ်သွား၊ မြေအောက်ကားသွား လမ်းဥမင်တခုတူးသင့်သည် ယူဆ၍တူးလိုက်ကြသည်။ ဥမင်တူးရန် အရင်းနှီး ဒေါ်လာသန်း ( ၄၀၀၀ ) ကျော် ရင်းနှီးမြှပ်နှံခဲ့ကြရသည်။ ဥမင်ကတော့ပြီးသွားသည်။ ဤဥမင်ကို အကြီးအကျယ်တူးထားရသော စီမံကိန်းကြီးဖြစ်သောကြောင့် (Big dig) ဟုမြို့သားများက ခေါ်ကြပါသည်။ ပြီးသွားခါမှ အလုပ်မဖြစ်မှန်းတွေ့ရှိကြရတော့သည်။
ဥမင်က ဘယ်မှမရောက်၊ အဆုံးတနေရာက ဘော့စတွန်လေဆိပ်မှာဆုံးသည်။ လေယာဉ်စီးခရီးသည်များအတွက်တော့ အဆင်ပြေသည်။ တဖက်က ထွက်ပေါက်နေရာက အချက်အချာ မကျ။ လူစည်ကားရာမြို့နေရာ ဘယ်ကိုမှမရောက်။ သည်တော့ဥမင်ကလူသွားနည်းလှသည်။ သို့သော်ဤဥမင်ကို ဆက်လက် ထိန်းသိမ်းရန်စားရိတ်၊ သန့်ရှင်းရေး၊ လျှပ်စစ်မီး၊ ၀န်ထမ်းစားရိတ်များ ဆက်လက်ကုန်ကျနေသည်။ တနှစ်ကို ဒေါ်လာသန်း (၂၀၀) ကျော်ရှုံူးနေရသည်။ ဤအခြေအနေတွင်မှ ဤဥမင်သည် “ပလုံအရင်းအနှီး” ဖြစ်သွားပြီမှန်းသိကြသည်။ မြို့တော်ကောင်စီ အတွက်က စဉ်းစားစရာဖြစ်လာသည်။ တနှစ်ကို သန်း (၂၀၀) ဆက်လက် အရှုံးခံနေမလား။ ဤဥမင်ကို ပိတ်မလားဟု စဉ်းစားစရာဖြစ်လာသည်။ မိတ်ဆွေတို့ စဉ်းစားပေးစေလိုပါသည်။
အလားတူအမေရိကန်-ဗီယက်နမ်စစ်ပွဲတွင်လည်း နစ်ကဆင်အစိုးရအနေဖြင့် ဤအခြေအနေမျိုး ကြုံခဲ့ရသည်။
စစ်ပွဲတွင်အမေရိကန် အစိုးရအနေဖြင့် ခြေအတော်ကျွန်ခဲ့ပြီဖြစ်သည်။ ငွေအများအပြားရင်းထားခဲ့ပြီ။
အမေရိကန်ပြည်သူတွေသေသည်။ ဒဏ်ရာရသည်။ ပြည်တွင်းမှာလည်း ဤပေါ်လစီအတွက်မျက်မှာပန်းမလှ။
( ယခုအီရတ်တွင် ကြုံနေရသော အခြေအနေသည်လည်း အလားတူ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးဖြစ်ပါသည်။ ) ဆန္ဒပြပွဲတွေကြုံနေရသည်။ နိုင်ငံတကာကလည်း မထောက်ခံ။ ဗီယက်နမ်နိုင်ငံအတွင်းပြည်သူ တွေကလည်း ဤစစ်ကိုမလိုလားပါ။ ဗီယက်နမ်စစ်မျက်နှာမှာလည်း အောင်ပွဲရဖို့နေနေသာသာ အရှုံးပြနေသေးသည်။ ဤအခြေအနေတွင် အမေရိကန်အစိုးရအဖို့ “ပလုံအရင်းအနှီး” ဖြစ်နေသောအခြေအနေမှ အမြန်ထွက် နိုင်ဖို့လိုသည်။ မထွက်နိုင်လျှင် ဆက်လက်၍ အရှုံးခံဆက်လိုက်နေရမည်ဖြစ်သည်။ သို့သော် အဖြေကတော့ဤသို့ထွက်မလာ။ ဗီယက်နမ်စစ်ပွဲ ၀င်ခဲ့မိသည်ကို မမှားကြောင်းကို သက်သေပြနိုင်ရန်အတွက် အမေရိကန်က လာအိုကို ဆက်လက်ကျူးကျော်ခဲ့သည်ဟု သတင်းစာဆရာ ရစ်ချတ် ရိဗ် ကရေးခဲ့သည်။
ဤအခြေအနေမျိုးတွင် ပေါ်လစီချမှတ်သူများလုပ်လေ့ရှိသော လုပ်ရပ်တခုရှိပါသည်။ အများကြီးရင်းနှီးထားပြီးမှတော့ မထူးတော့ပါဘူး။ ဆက်လျှောက်။ ဆက်လုပ်ဆိုသော အဖြေဖြစ်ပါသည်။
ဘော့စတွန်တွင်လည်း မြေအောက်ဥမင်ကြီး ဆက်လက်အရှုံးခံပြီးဖွင့်ထားဆဲ ဖြစ်ပါသည်။ အမေရိကန်ကလည်း
ဗီယက်နမ်စစ်ကို မမှားကြောင်း၊ သက်သေပြနိုင်ရန် လာအိုကိုဆက်လက်ကျူးကျော်ခဲ့ပါသည်။ ဤ “ဆက်လုပ်”
ဟူသော အဖြေသည် မှား-မှန်ဘယ်သူမှ မပြောနိုင်ပါ။ ပညာရှင်အများလည်း ငြင်းခုန်နေသောကိစ္စဖြစ်ပါသည်။
ဤ ပလုံဟူသောကိစ္စကိုဆက်လက်စဉ်းစားရန်ဖြစ်လာပြန်ပါသည်။ တခါတရံ စီးပွားရေးကိစ္စတွင် ရှုံးမှန်းသိသော်လည်း ဆက်ဆံရေး တည်တံ့ရေးကိုထောက်ထား၍ ဆက်ရောင်းနေရသည်မျိုးရှိနိုင်ပါသည်။ မိတ်ကိုမဆုံးသင့်၊ ဖောက်သည်ကို လက်မလွှတ်သင့်ဟူသော အယူအဆများရှိပါသည်။ အလားတူ လူမှုဆက်ဆံရေးတွင်လည်း မိန်းမယူပြီးသည့်နှင့် မကြိုက်တာတွေ့တာနှင့်လွယ်လွယ်နှင့် ကွာ၍မရနိုင်ပါ။ ထောက်ထားနေရသော အကြောင်းများ ရှိနိုင်ပါသည်။ မိတ်ဆွေဆိုးများနှင့်ပေါင်းမိပြီး ဆက်လက်ဆက်ဆံနေရ သည်များကလည်း ရှိနိုင်ပါသည်။ မိဘများကလည်း သားဆိုး ဆန်ကုန်မြေလေးကို မစွန့်ရက်နိုင်ပါ။ ဤကဲ့သို့ စဉ်းစားသောအခါ ပလုံဖြစ်တိုင်းမစွန့်လွှတ်သင့် ဟူသောအဖြေကို ယူနိုင်ပါသည်။
ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေးတွင်ရော ထောက်ထားစရာကိစ္စတွေများစွာရှိပါသည်။ ပလုံတွေလည်း အများကြီးရှိပါသည်။ ဆိုလိုသည်မှာ ကျနော်တို့အခွင့်ကောင်းမယူနိုင်ခဲ့သော အခွင့်အရေးများစွာရှိခဲ့ပါသည်။ အခွင့် အရေးများသည် နှစ်ခါပြန်မလာတတ်ပါ။ တဖက်တွင်လည်း အသက်စွန့်ခဲ့သော သူရဲကောင်းတွေရှိသည်။ ထွန်းပြောင်သော သမိုင်းရှိသည်။ ထိုသူက ထိုတိုက်ပွဲမှာ အသက်ပေးခဲ့သည်။ ထိုသူက ကိုကိုးကျွန်းထောင်ထဲမှာ ပြောင်ပြောင်မြောက်မြောက် တိုက်ပွဲဝင်ခဲ့သည်။ ထိုလူငယ်များက သူတို့၏လူငယ်ဘ၀ကို တော်လှန်ရေးအတွက် နှစ်နှစ် ချိုက်ချိုက် ပေးဆပ်စွန့်လွှတ်ခဲ့ ကြသည်။ ဤသို့ပြန်တွေးသောအခါ တန်ဖိုးထားစရာကိစ္စအမြောက်အများရှိလာသည်။ ဘယ်မှမရောက်သော တ၀ဲလယ်လယ် ဖြစ်နေသောအခြေအနေသည် ပလုံတန်ဖိုးမဟုတ်သေးပေ။ သို့သော် လမ်းရှာဖို့လိုသည်။ ဤအခြေအနေမှ အမြန်ထွက်ဖို့လို သည်။ တဖက်မှာ ဤအခြေအနေကြောင့် အမှားဆုံးဖြတ်ချက်မျိုးလည်းထပ်ဆင့် ချမှတ်မိသည်လည်း ဖြစ်နိုင်ပါသည်။
သို့သော်ပညာရှင်များ၏ လေ့လာချက်အရ တွေ့ရှိချက်တခုတော့ရှိသည်။ ထိုကိစ္စမျာ ပေါ်လစီချမှတ်သူအများသည် “ပလုံသွားသော အရင်းအနှီး” ကို နှမျှော၍ ဆက်လက် အရှုံးခံနေကြသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အများကြီး ရင်းထားခဲ့ပြီ။ ဆက်လုပ်ဟူ၍ ဆုံးဖြတ်ချက်မျိုးပဲ ချလေ့ရှိကြသည်ဟုဆိုသည်။
အောင်သူငြိမ်း
၂၁-၁၀-၂၀၀၁
စာကိုး
1. George Bojas's Microeconomics Lecture
2. Richard Reeves' President Nixon.
Wednesday, July 11, 2007
ပလုံ နှင့် ပေါ်လစီ
Posted by ရွက်မွန် at 8:37 AM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment