ရွက်မွန်စာမျက်နှာ

Thursday, July 19, 2007

ကျိုင်းကောင်မြန်မာပြည်

က
ချင်ပြည်နယ်ထဲမှာ သစ်တွေခုတ်နေတာ တောပြုန်းလုနီးပါး ဖြစ်နေပြီ ဆိုသည့်အသံများ၊ ရွှေတူးသည့် ကုမ္ပဏီများက ပြဒါးရည်များ၊ ဆိုင်ရာနိုက်ကဲ့သို့ အက်ဆစ်အဆိပ်ရည်များကိုသုံး၍ ရွှေကျင်နေသောကြောင့် မြစ်ညာဖက်ဒေသများတွင် ငါးများ မျိုးတုံးလုနီးပါးဖြစ်နေပြီ ဆိုသောအသံများ ကြားနေရသည်မှာ အတော်ကြာခဲ့ပါပြီ။ သစ်တောများပြုန်ုးတီး ကုန်သော အကျိုးဆက်အဖြစ် မနှစ်က မန္တလေးဖက်တွင် ရေကြီးသောကြောင့် လယ်ယာခြံမြေများ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ထို့အပြင် မလိုအပ်သော နေရာများတွင် ဆည်များ တည်ဆောက်နေသော အကျိုးဆက်ကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရုံမက ဒေသခံကျေးရွာများပါ ရွှေ့ပြောင်းခံရ၍ ပြည်သူများ ဘ၀ပျက်ရသည်မှာလည်း ၀မ်းနည်းနာကျည်းစရာ။



တရုတ်ပြည်ဟာ နောင်လာမဲ့အနှစ် (၂၀) မှာအမေရိကန်၊ ဂျပန်တို့နဲ့ ပခုံးချင်းယှဉ်ပြီး စီးပွါးရေးဖွံ့ဖြိုးလာတော့မယ်လို့ ပညာရှင်များက ထောက်ပြနေကြပါတယ်။ အခုလည်းစီးပွါးရေးတိုးတက်လာနေတာ သူ့အရင် စက်မှုဖွံ့ဖြိုးပြီးချမ်းသာနေတဲ့ နိုင်ငံတွေကတောင် အသိအမှတ်ပြုနေရပါတယ်။ သို့သော်တရုတ်ပြည်မှာ သဘာဝပတ်ဝန်းကျင်တွေ ညစ်ညှမ်းပျက်စီး နေတာကိုလည်း တဖက်မှာ တွေ့နေရပါတယ်။ တရုတ်ပြည်ကမြစ်ကြီးတွေ ပျက်စီးညစ်ညမ်းလာတာ တချို့မြစ်ကြီး တွေမှာ ဆိုရင် ငါးတောင်မရှိသလောက် ဖြစ်နေပါတယ်။ မြစ်ရေဟာသုံးမရလောက်အောင် ဖြစ်နေတာကိုလည်း ဒေသခံများ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည် အနောက်မြောက်ဒေသက ပြည်နယ်အချို့မှာဆိုရင် သစ်ပင်တွေမြက်ပင်တွေ တစ တစ ပါးလာပြီး သဲကန္တာရအဖြစ် အသွင်ပြောင်းလာနေပါတယ်။ ဒါ့အပြင်မွန်ဂိုလီးယားနဲ့ဆက်နေပြီး တရုတ်တွေက ရှမ်မို လို့ခေါ်တဲ့ ဂိုဘီသဲကန္တာရကြီးဟာလည်း ပိုလို့ ကျယ်ပြန့်လာပါသတဲ့။ ဂိုဘီသဲကန္တာရကြီးဟာ အခုဆိုရင်အရှည် မိုင်ပေါင်း (၁၀၀၀) ကျော်ရှိလာနေပြီး အကျယ်ကမိုင်ပေါင်း (၆၅၀) ရှိတယ်လို့ဆိုပါတယ်။ မြန်မာပြည်ဟာတောင်နဲ့မြောက် အရှည် (၁၂၉၉) မိုင်ရှိပြီး အရှေ့နဲ့အနောက်မိုင် (၅၇၀) ကျော်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်းယှဉ်ကြည့်နိုင်အောင် ဖြစ်ပါတယ်။

မဟတ္တမဂန္ဒီ တခါကသည်လို တင်စားသတိပေး ပြောကြားခဲ့ပါတယ်။ “ဘုရားသခင်က အိန္ဒိယနိုင်ငံကို အနောက်တိုင်း နည်းနာတွေအတိုင်း ပုံသေကူးချပြီး စက်မှုဖွံ့ဖြိုးတိုးတက်အောင် မလုပ်သင့်ဘူးလို့ တားမြစ်ထားပါတယ်။ အင်္ဂလန် ကျွန်းသေးသေးလေးရဲ့ ကနေ့နယ်ချဲ့စီးပွါးရေးစနစ်အောက်မှာ ကမ္ဘာကြီးဟာ သံကြိုးခတ် ခံထားနေရပါတယ်။ တကယ်လို့များ လူဦးရေသန်းပေါင်း (၃၀၀) ကျော်ရှိတဲ့ အိန္ဒိယဟာ အင်္ဂလန်လို နယ်ချဲ့စီးပွါးရေးစနစ်ကို ကျင့်သုံး အမြတ်ထုတ်မယ်ဆိုရင် ကမ္ဘာကြီးဟာတစစီဖဲ့ယူ ခံရတဲ့ကျိုင်းကောင်တကောင်လို အခွန်သက်သက်ပဲ ကျန်ရစ်ခဲ့ပါလိမ့်မယ်”။ သည်စကားစုကို လွန်ခဲ့တဲ့ နှစ်ပေါင်းရှယ်ဆယ်နီးပါး ၁၉၂၈ ခုနှစ်က ဂန္ဒီကြီး ပြောခဲ့တာ ဖြစ်ပါတယ်။ သူထောက်ပြချင်တာက ကမ္ဘာကြီးရဲ့ သဘာဝအရင်းအမြစ်များကို လက်လွတ်စပယ် အသုံးချနေတာ တွေ့နေရတဲ့အတွက် အဲသလိုဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုလိုနီနယ်ချဲ့ဆိုတာကတော့ ရှင်းပါတယ်။ သူ့နိုင်ငံမဟုတ်တဲ့အတွက် အမြတ်ထုတ်တာကလွဲလို့ ဘာအကျိုးဆက်အ ကြောင်းဆက်ကိုမှ ကိုလိုနီကျွန်ပြုခံ လူတွေအတွက် စဉ်းစားမှာမဟုတ်ပါဘူး။ သို့သော် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံနှစ်နိုင်ငံ စလုံးကို အခုအချိန်မှာ လူမျိုးခြားတွေ မအုပ်ချုပ်တော့ပါ။ ကိုယ့်လူမျိုးအစိုးရများသာ အုပ်ချုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို လက်လွတ်စပယ် အသုံးပြုခဲ့တဲ့ အကျိုးဆက်ကြောင့် မိုးခေါင်ရေရှားတဲ့ဒဏ်ကို ခံနေရသလို မြစ်ကြီးတွေဟာလည်း စက်ရုံများကြောင့် ညစ်ညမ်းလာပါတယ်။ ဂင်္ဂါမြစ်လို မြစ်ကြီးတွေဆိုရင်လည်း ဆည်ပိတ်ဆောက် ထားတဲ့ အကျိုးဆက်ကြောင့် နေရာတော်တော်များဟာ သဲချောင်းချောက်ချောက်တွေလို ဖြစ်ကုန်ပါတယ်။ တချိန်တည်း မှာဘဲ လိုအပ်တာထက်ပိုကြီးတဲ့ မိုးဒဏ်ကြောင့် အချို့ပြည်နယ်များ ရေလွှမ်းမိုးမှုကို ခံရပြန်ပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝပြီး စပါးဆန်ရေ အလုံအလောက်ထွက်တဲ့ နိုင်ငံဖြစ်လို့ ထမင်းငတ်သေတဲ့သူ မရှိတဲ့ နိုင်ငံဖြစ်ကြောင်း ခေတ်အဆက်ဆက် အစိုးရများ ဂုဏ်ယူပြောကြားလေ့ ရှိပါတယ်။ သို့သော် ယနေ့ပစ္စုပ္ပန်ကာလမှာ ပြည်သူတွေဟာ အငတ်ဘေးကို ရင်ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားတခုကို ကိုးကား ပြောပါရစေ။ တိုင်းပြည် တပြည်ဟာ ဘယ်လောက်ပဲသယံဇာတတွေ ပေါကြွယ်ဝပါစေ၊ အဲတာတွေကို အကျိုးရှိအောင် စီမံခန့်ခွဲနိုင်တဲ့ လူသားရင်းမြစ်မရှိလို့ကတော့ နိုင်ငံသားတို့ ဒီအပေါ်မှာအကျိုးခံစားရမှာ မဟုတ်ဖူးဆိုတာပါပဲ။

တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာ လူသားရင်းမြစ် အလုံအလောက်ရှိပါတယ်။ သို့သော်စီးပွါးရေးတိုးတက်လိုဇောနဲ့ အခြား သော အကြောင်းကြောင်းများအတွက် သူတို့ရဲ့ သဘာဝရင်းမြစ်များ ဆုံးရှုံးခံနေရပါတယ်။ တဖက်မှာပြန်ကြည့်ရင်လည်း စီးပွါးရေးကောင်းလာတယ် ဖွံ့ဖြိုးလာတယ်လို့ ဆိုပေမဲ့ အဲသည့်ကောင်းကျိုးကို မခံစားရတဲ့လူထုတွေ ပြည်နယ်အများအ ပြားမှာ ရှိနေပါသေးတယ်။ ဒါ့အပြင်သူတို့နိုင်ငံတွေမှာ လိုအပ်နေတဲ့ သဘာဝအရင်းအမြစ်တွေအတွက် အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံကနေ တင်သွင်း အမြတ်ထုတ်ပါတယ်။ အဲသည့်အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအ တွင်းက သစ်တောတွေကို တရုတ်ကုမ္ပဏီများက စည်းမရှိ ကမ်းမရှိ ခုတ်ချင်တိုင်း ခုတ်ယူတယ်။ ရခိုင်ကမ်းလွန်က ထွက် လာမဲ့ သဘာဝဓါတ်ငွေ့ကိုလည်း သည်နှစ်နိုင်ငံက ၀ယ်ကြမယ်။ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းဖို့ အခုဆိုရင် သစ်တော တွေ ထပ်အခုတ် ခံနေရပြီ။ လူဦးရေသန်း (၁၃၀၀) ရှိတဲ့ တရုတ်နဲ့လူဦးရေ သန်း (၁၀၀၀) ကျော်ရှိတဲ့ အိန္ဒိယတို့ဟာ မြန်မာပြည်ကို ကျိုင်းကောင်တကောင်လို တစစီ ဖဲ့ယူနေကြပါတယ်။ တချိန်က အင်္ဂလိပ်နယ်ချဲ့အရင်းရှင်များ လုပ်ခဲ့သလို သူတို့တထပ်တည်း လုပ်နေပါတယ်။ ပိုဆိုးတာက သူတို့နိုင်ငံများမှာ လိုအပ်နေတဲ့ သဘာဝအရင်းအမြစ်များရရှိဖို့ အခြားနိုင်ငံများမှ တင်သွင်းရင်းဖြင့် ထိုနိုင်ငံများမှာအုပ်ချုပ်နေသော အာဏာရှင်အစိုးရများကို သက်တန်းရှည်အောင် ကျားကန်ပေးနေပါတယ်။ အိန္ဒိယနဲ့ တရုတ်အစိုးရဟာ သူတို့လိုအပ်တဲ့ အရင်းအမြစ်များရဖို့အတွက် အပြန်အလှန်အားဖြင့် မြန်မာစစ်ဗိုလ်အာဏရှင်များကို စစ်လက်နက်ပစ္စည်း အမြောက်အများ ရောင်းချ ပေးနေပါတယ်။

တရုတ်နိုင်ငံလည်း ၎င်းတို့လိုအပ်သော လောင်စာစွမ်းအင်ကို အခြားနိုင်ငံများကပါ ထပ်မံဝယ်ယူရပါတယ်။ ဥပမာအားဖြင့် နိုင်ငံအချို့ကို ထောက်ပြရရင် နိုက်ဂျီးရီးယား၊ အင်ဂိုလာ၊ ဆူဒန်စတဲ့နိုင်ငံများမှ ရေနံတင်သွင်းပါတယ်။ အပြန်အလှန် အားဖြင့် ထိုနိုင်ငံများမှ အာဏာရှင်အုပ်ချုပ်သူများကို လက်နက်များ ပြန်ရောင်းပေးပါတယ်။ ဆူဒန်မှာဖြစ်နေတာက အဆိုးဆုံးလို့ လေ့လာသူများက ဆိုကြပါတယ်။ ဆူဒန်နိုင်ငံမှာ အာဏာကို ချုပ်ကိုင်ထားတာက အာရပ်မျိုးနွယ်တွေဖြစ်ပါ တယ်။ အုပ်ချုပ်ခံအာဖရိကန်လူမဲများကို မျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတဲ့အတွက် အဲတာကိုသွယ်ဝိုက်အားပေးသလို ဖြစ်နေပါတယ်။

သဘာဝအရင်းအမြစ်တွေကို မြန်မာနိုင်ငံသားများ မခံစားရပါ။ မြန်မာပြည်တခုလုံးအတွက် အသာထား ရခိုင်ပြည်နယ်က ထွက်မဲ့သဘာဓါတ်ငွေ့ကို ရခိုင်ပြည်သူများသုံးစွဲခွင့်ရ-မရ ဆိုတာပင် မသေချာ။ မုတ္တမပင်လယ်ကွေ့မှ ထွက်နေသော သဘာဝဓာတ်ငွေ့များသည်လည်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ တင်သွင်းနေပါတယ်။ လူထုအတွက် ဘာမှမကျန်ပါ။ တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများပင်လျင် ထိုသဘာဝဓါတ်ငွေ့ကို သုံးစွဲခွင့်မရပါ။ အကျိုးစီးပွါးသည် ဘေးနိုင်ငံကြီးများ၊ နိုင်ငံတကာမှ စီးပွါးရေးကုမ္ပဏီကြီးများနှင့် အုပ်ချုပ်သူလူတစုဆီသို့သာ စီးဆင်းသွားနေပါတယ်။

မြန်မာနိုင်ငံအပါအ၀င် အဆိုပါအာဖရိကနိုင်ငံများမှ ပြည်သူများအနေနဲ့ လူသားဆန်စွာ ရပ်တည်နေထိုင်ခြင်းဆိုတဲ့ အရသာ ကို ဘယ်သူမှ မခံစားရပါဘူး။ အဓိက အကြောင်းအရင်းကတော့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတခုတည်းကိုသာ ဦးစားပေး နေသော ကျိုင်းကောင်လို အာသာငမ်းငမ်းဖြင့် တစီဖဲ့ယူနေသော နိုင်ငံကြီးများနဲ့ အိမ်ခံအုပ်ချုပ်သူ အာဏာရှင်များကြောင့် ဖြစ်ပါတယ်။

ခြုံ၍ပြောရပါမူ မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်များ ပျက်စီးနေသည့်အထဲတွင် စာရင်းဝင်နေပါပြီ။ မြန်မာ ပြည်သည် လူသားရင်းမြစ် မတိုးတက်မခိုင်မာသေးသည့် အတွက် ရှိသည့် သဘာဝရင်းမြစ်များကို အကျိုးရှိအောင် စီမံ ခန့်ခွဲနိုင်စွမ်းလည်း မရှိ။ တချိန်တည်းတွင် အာဏာရှင်များ၏ အုပ်ချုပ်မှုအောက်မှာလည်း ရောက်နေပါတယ်။ အာဏာရှင် တို့ မည်သည် လူသားရင်းမြစ် တိုးတက်ခိုင်ခန့်တာထက် သူတို့အာဏာခိုင်ခန့်ဖို့အတွက်သာ ဦးစားပေးသောသူများ ဖြစ်ပါတယ်။ ဘေးနိုင်ငံများက စီးပွါးရေးတိုးတက်လာသည်နှင့်အမျှ သဘာဝအရင်းအမြစ်များ လျော့ပါးလာသည်ကို ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံကတော့ စီးပွါးရေးမတိုးတက်သည့်အပြင် ရှိသည့် သဘာဝအရင်းအမြစ်များကိုပါ သူ များ လက်ထဲ ၀ကွက်အပ်နေပါတယ်။ ဂန္ဒီကြီးပြောသကဲ့သို့ တစစီဖဲ့ယူခံရသည့်ကျိုင်းကောင်လိုအဖြစ်မျိုး ရင်ဆိုင်နေရ တယ်လို့ ဆိုရင်လည်း မမှားပါ။ သဘာဝအရင်းအမြစ်များကို ကုန်ခမ်းသွားစေမည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးသည် လူသားမျိုးနွယ်တို့ အတွက် ရေရှည်တွင် အကျိုးမရှိပါကြောင်း။

ဇော်မင်း (လူ့ဘောင်သစ်)
၂၃ ရက် ဖေဖေါ်ဝါရီလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.