တ
ရားမျတသော ခံယူချက်တခုကိုကိုင်စွဲ၊ မေတ္တာကိုတံတားခင်း၊ ဇွဲနပဲဖြင့်ဆောင်ရွက်၊ အများပြည်သူတို့၏ ချစ်ခြင်းနှင့် ယုံကြည်မှုအသီးအပွင့်တို့ကို ရရှိသောသူသည် အားနွဲ့သော၊ ပုခက်လွှဲသော လက်ပိုင်ရှင် အမျိုးသမီး ပင် ဖြစ်သော်ငြားလည်း လူ့အဖွဲ့အစည်းတခုကို ဦးဆောင်နိုင်စွမ်းရှိသည်။
လက်မောင်းသုံးထွာ တုတ်ခိုင်သော၊ ဆင်လည်ကို ပြတ်အောင်ခုတ်နိုင်စွမ်းသော၊ အတောင်နှစ်ဆယ်မြင့်သော စက်တိုင်ကို လှံစွဲအောင်ပစ်နိုင်သော စွမ်းရည်ရှိသည့်အမျိုးသားတို့ တချိန်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့ဖူးသည် ဆိုသည်ကိုလည်း မငြင်းပါ။ ထိုခေတ်သည် ရှိခဲ့ဖူးပါသည်။ သို့သော် ကာယအားကောင်းသော အမျိုးသားများမှသာ နိုင်ငံတခုကို ဦးဆောင်နိုင်စွမ်းရှိသည်ဆိုသည့် အယူအဆသည် တုတ်ခေတ်၊ ဓါးခေတ်တွင် ကျန်ရစ်ခဲ့လေပြီ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး လွန်ခဲ့သောနှစ်ပေါင်း (၆၀) ကျော်မှစ၍ နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာတွင် အမျိုးသမီး ခေါင်းဆောင်များ ပေါ်ထွက်လာနေသည်။ အိန္ဒိယတိုက်ငယ်တွင် အင်ဒီရာဂန္ဒီ၊ အစ္စရေးနိုင်ငံတွင် ဂိုလ်ဒါမေယာ၊ ဗြိတိန်နိုင်ငံတွင် မာဂရက်သက်ချာတို့သည် နိုင်ငံတကာ အလယ်တွင် ကျော်ကြားခဲ့သော အမျိုးသမီးခေါင်းဆောင်များ ဖြစ်ခဲ့သည်။ အာရှတိုက်အတွင်းမှာလည်း အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်အများအပြား ပေါ်ထွက်လာခဲ့သည်။
သိရီလင်္ကာမှ စရီမာဗို ရတ်ဝတီသည် ကမ္ဘာ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်သည်။ ၀န်ကြီးချုပ် တာဝန်ကို သုံးကြိမ် ထမ်းဆောင်ခဲ့သည်။ ပါကစ္စတန်နိုင်ငံမှ အမျိုးသမီးဝန်ကြီးချုပ်သည် မစ္စစ်ဘူတို ဖြစ်ခဲ့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ရှိခဲ့သည်။ ခါလီဒါဇီယာနှင့် ရှိတ်ဟာဆီနာတို့ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ မစ္စစအကွီနို၊ လက်ရှိသမတကတော့ မစ္စစအာရိုယို အစရှိသည်တို့ကို တွေ့ရသည်။ နယူးဇီလန်နိုင်ငံတွင်လည်း ဟယ်လင်ကလပ်သည် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်သည်။ ဂျာမဏီနိုင်ငံ ၀န်ကြီးချုပ်သည် မစ္စစမာကယ် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အမျိုးသမီး သမတ မပေါ်ထွန်းသေးသော်လည်း အဆင့်မြင့် အမျိုးသမီး ခေါင်းဆောင်များ စတင်ပေါ်ထွက်လာနေပြီ ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သော မက်ဒလင်းအောဘရိုက်၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာရိုက်စ် အစရှိသူတို့ ဖြစ်သည်။ မစ္စ ကလင်တန် သည်လည်း အနာဂတ်တွင် အမေရိကန်နိုင်ငံ၏ အမျိုးသမီးသမတဖြစ်ဖို့ အလားအလာ ရှိနေသည်။
မကြာသေးမှီကမှ ပြုလုပ်ခဲ့သော ပြင်သစ်နိုင်ငံမှ သမတရွေးကောက်ပွဲတွင် မဲနိုင်၍ အမျိုးသားသမတ အသစ်တက်လာခဲ့သည်။ ၎င်း၏ပြိုင်ဖက် အမျိုးသမီး သမတလောင်းဖြစ်သူ မစ္စရိုင်ရယ် ရှုံးနိမ့်ခဲ့သော်လည်း မဲအရေအတွက်သည် ၅၄% နှင့် ၄၆ % ဖြစ်ခဲ့သည်။ နောက်တကြိမ်တွင် မစ္စရိုင်ရုယ် မနိုင်ဟု မည်သူမှမပြောနိုင်။
လွတ်လပ်၍ တရားမျတသော နိုင်ငံရေးစနစ် တည်ရှိကျင့်သုံးသည့် နိုင်ငံတို့တွင် မည်သူမဆို နိုင်ငံသားတို့ ထောက်ခံမှုကို ရယူကြိုးပမ်းရန် အခွင့်အရေးရှိသည်။ လူထု၏ အဆုံးအဖြတ်ကသာ အခရာကြသည်။ သို့သော်လည်း ကနေ့ကမ္ဘာကြီးတွင် ပြည်သူလူထု၏ ဆန္ဒမပါရှိဘဲ လက်နက်အားကိုးဖြင့် နိုင်ငံကို အုပ်စိုးနေသော အရိုင်းအစိုင်း အစိုးရများ နေရာအတော်များများတွင် ကျန်ရှိသက်ဇိုးရှည်နေသည်ကိုလည်း တွေ့နေရသေးသည်။ လက်နက်အားကိုးဖြင့် အုပ်ချုပ်သော အစိုးရမှန်သမျသည် ယောက်ကျားကြီးဝါဒကိုသာ ရှေ့တန်းတင်လေ့ ရှိသည်။ နောက်ဆက်တွဲအနေဖြင့် သူတို့သာတိုင်းပြည်ကို ချစ်သည်။ သူတို့သာ တိုင်းပြည်ကို တိုးတက်အောင် လုပ်နိုင်သည်။ သူတို့သာ တိုင်းသူပြည်သားတို့ကို ကယ်တင်နေသည်ဟုလည်း ၀ါဒဖြန့်လေ့ရှိသည်။
အသိညာဏ်မြင့်မားခြင်း၊ ပညာ၊ မေတ္တာနှင့်သည်းခံစိတ်ကြီးမားခြင်း တို့သည် ထိုသူတို့ထံတွင် ကိန်းဝပ်မနေ။ ထို့ကြောင့် တကယ်တန်းတွင် တိုင်းပြည်သည် မတိုးတက်၊ မငြိမ်းချမ်း။ ဒီမိုကရေစီထွန်းကားသော နိုင်ငံများတွင် အမျိုးသမီး ခေါင်းဆောင်လောင်းများသည် သူတို့တွင်စစ်ရေးအတွေ့အကြုံဘယ်မျရှိသည်ဟု လူထုကို တင်ပြရန် မလို။ တိုင်းပြည်ချောက်ထဲမကျခင် လက်တလုံးအလို၌ ဘယ်လိုကယ်တင်လိုက်ရသည်ဟုလည်း ၀ါကြွားစရာ မလို။ သူတို့ လက်ထက်ခေါင်းဆောင်မှု အောက်၌ တိုင်းသူပြည်သားတို့အတွက် အကျိုးရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုသည့် သူတို့၏အသိဥာဏ် မြင့်မားမှုကိုသာ ထုတ်ဖေါ်ပြောဆိုရန် လိုသည်။ သေနတ်ဖောက်တတ်တာနှင့် တိုင်းပြည်ငြိမ်းချမ်းတိုးတက်အောင် ဆောင် ရွက်ခြင်းတို့သည် ပြဒါးတလမ်း သံတလမ်းဖြစ်သည် ဆိုသည်ကို ပြည်သူတို့ နားလည်သည်။
မြန်မာပြည်တွင်လည်း ပြည်သူတို့ကို မေတ္တာတံတားခင်း၊ မြင့်မားသော အသိဥာဏ်နှင့် ယှဉ်၍ စည်းရုံးနိုင်စွမ်းရှိသော အမျိုးသမီး ခေါင်းဆောင်တဦး ရှိသည်။ သူမ၏ စွမ်းဆောင်ချက်များသည် ပြည်တွင်းမှာ သာမက နိုင်ငံတကာမှလည်း အသိအမှတ် ပြုနေရသည်။ သို့သော် သူမသည် ယုံကြည်ချက်တခုကို ကိုင်စွဲထားသည့်အတွက် အကျဉ်းကျခံနေရသည်။ သူမကိုင်စွဲထားသည့် ယုံကြည်ချက်သည် ပြည်သူတို့ လက်ခံယုံကြည်သည့် ယုံကြည်ချက်နှင့် ထပ်တူထပ်မျ ဖြစ်သည်။ ထိုယုံကြည်ချက်အတွက် သူမသည် မေ၀၀ါး။ မယိမ်းယိုင်။ ခိုင်မြဲလှသည်။ လွတ်မြောက်ရေးကို သူမယုံကြည်သည်။ လွတ်လပ်မှုကို တန်ဖိုးထားသည်။ ထို့အတွက် သူမသွားလေရာတွင် သူမကိုချစ်သော၊ ယုံကြည်သော ပြည်သူတို့ သူမကို ၀န်းရံနေသည်။
သူမသည် သားတို့၏ မိခင်လည်း ဖြစ်သည်။ သူမ၏ နူးညံ့သောလက်တို့သည် တချိန်က သားတို့အတွက် ပုခက်ကိုလွှဲခဲ့သည်။ တိုင်းပြည်အတွက် အလုပ်တာဝန် ဆိုသော ပုခက်ကိုလွှဲရန် ပြည်သူတို့က သူမကို ဆက်လက် အပ်နှင်းခဲ့သည်။ မလိုတမာရှိသူများ၊ အလိုရမ္မက်ကြီးသူများက ထိုနူးညံ့သော လက်အစုံကို ရိုင်းပြစွာ ပုတ်ချခဲ့သည်။ ပြည်သူတို့၏ လိုလား တောင့်တသော ဆန္ဒကို ငြင်းဆန်ခြင်းနှင့် အတူတူပင်။
သူမသည် ချောက်လှန့်ခြင်း၊ ချော့မြူခြင်းတို့ကို အောင်မြင်စွာ ကျော်လွှားခဲ့သည်။ သူမသည် စိုးရွံ့ထိတ်လန့်ခြင်း အလျင်းကင်းစွာ သူမထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်နေဆဲ။ သူမသည် နူးညံ့သော သိမ်မွေ့သော မိန်းမသားတဦး ဖြစ်သည်။ သို့သော် လွတ်လပ်၍ တရားမျတသော နိုင်ငံရေးစနစ်တခု ပေါ်ထွန်းလာစေရန် အတွက် သူမ ယုံကြည်ချက်အတိုင်း သည်ခရီးကို ဆက်လက်လျောက်လှမ်းနေဆဲ။
သူမသည် မြန်မာပြည်၏ မီးရှုးတန်ဆောင်။ အမှောင်ထုအောက်က မြန်မာပြည်၏ အလင်းတန်း။
(၆၂ မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ဂုဏ်ပြုပါသည်။)
ဇော်မင်း (လူ့ဘောင်သစ်)
၈ရက်၊ ဇွန်လ၊ ၂၀၀၇ခုနှစ်
Sunday, July 22, 2007
ပုခက်လွှဲသောလက်
Posted by ရွက်မွန် at 6:27 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment