ရွက်မွန်စာမျက်နှာ

Sunday, July 29, 2007

ကံကြမ္မာများနောက် ခြေရာကောက်ခြင်း

မြ
န်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က ထင်ပေါ်ခဲ့တဲ့ အရေးကြီးတဲ့ နိုင်ငံ့ခေါင်းဆောင်များ၊ နာမည်ကြီး ခေါင်းဆောင်များနဲ့ အုပ်ချုပ်သူများရဲ့ ဖြစ်စဉ်တွေကို ပြန်စဉ်းကြည့်ရင်းကနေ တွေ့လိုက်ရတာကတော့ သူတို့ရဲ့ တူညီနေတဲ့ အခြေအနေ အဖြစ်အပျက်တွေပါပဲ။ အထူးသဖြင့် သူတို့ရဲ့ နောက်ဆုံးနေ့ရက်များ အတွင်းက သူတို့ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာတွေကို ခြေရာကောက်တယ် ဆိုရင်လဲ မမှားပါဖူး။


မြန်မာနိုင်ငံမှာ ခေတ်သစ်နိုင်ငံရေး အစပျိုးခဲ့တယ်လို့ ပြောလို့ရတဲ့ အချိန်ကစပြီး ပြန်ကြည့်လိုက်တော့ ပထမဦးဆုံး မြင်ရတာက သီပေါဘုရင် ဖြစ်ပါတယ်။ သူနန်းရဖို့အတွက် မင်းဆွေမင်းမျိုးများစွာ အသတ်ခံခဲ့ရပါတယ်။ သူ့ကို အင်္ဂလိပ်တို့ ဖမ်းခေါ်သွားပြီးနောက် အိန္ဒိယနိုင်ငံမှာ ညှိုးညှိုးငယ်ငယ်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ ၁၉၃၀ တ၀ိုက်က လယ်သမား သူပုန်ခေါင်းဆောင် ဆရာစံဟာ ကိုယ့်တိုင်းရင်းသား အချင်းချင်း လက်ထောက်ချခံရလို့ အင်္ဂလိပ် အဖမ်းခံရပြီး သေဒဏ်ကျ ခံရပါတယ်။

လွတ်လပ်ရေးမရခင် ကလေးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်များ လုပ်ကြံခံရပါတယ်။ သူတို့ကို လုပ်ကြံခဲ့တဲ့ ဂဋ္ဌုန်ဦးစောလည်း အာဏာမရဘဲ စက်တိုင်ကိုသာ တက်ခဲ့ရပါတယ်။ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး တောင်းဆိုနေတဲ့ ကာလအတွင်း ဗိုလ်ချုပ်တို့အတွက် အရေးပါသူများထဲက တဦးကတော့ ဦးတင်ထွတ် ဖြစ်ပါတယ်။ အတွေ့အကြုံရင့်တဲ့ ဗြူရိုကရက် တဦးပါ။ လွတ်လပ်ရေးရပြီး မကြာခင် မော်တော်ကားထဲကို လက်ပစ်ဗုံး ပစ်သွင်းခံရလို့ သေဆုံးခဲ့ရပါတယ်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးဟာလည်း နောင်မှာ သားသတ်သမားလို့ နာမည်ကြီးလာမဲ့ ဗိုလ်မှူး စိန်လွင် (ထိုအချိန်က ဗိုလ်ချုပ်နေ၀င်းရဲ့လက်ရင်းတပ်ဖြစ်တဲ့ သနက (၄) ၏ တပ်ရင်းမှူး) လက်ချက်နဲ့ ကျဆုံးခဲ့ပါတယ်။ အလောင်းတောင် ပြန်မရဘဲ ဖျောက်ဖျက်ခံရပါတယ်။

၁၉၆၂ စစ်အာဏာသိမ်းအပြီး နောက်ပိုင်းကာလ ကတော့ ပိုလို့ အထိအရှလည်းများ၊ သွေးထွက်သံယိုလည်း များခဲ့ပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေ အစရှိတဲ့ ခေါင်းဆောင်များ အာဏာလက်လွတ်ဖြစ်ပြီး အကျဉ်းစံဘ၀ ရောက်ကုန်ပါတယ်။ ရှမ်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမတဖြစ်ခဲ့သူ သမတကြီး စ၀်ရွှေသိုက်ဟာ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။ ကရင်အမျိုးသား ခေါင်းဆောင်တဦး ဖြစ်တဲ့ သမတကြီး မန်းဝင်းမောင်လည်း ထောင်သွင်းအကျဉ်းချ ခံခဲ့ရပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်သန်းထွန်း တောထဲမှာ လုပ်ကြံခံရပါတယ်။ သခင်ဇင်၊ သခင်ချစ် တို့လည်း ဗိုလ်ချုပ်နေ၀င်းရဲ့ စစ်တပ်များလက်ချက်နဲ့ အသက်ဆုံးရှုံး ရပြန်ပါတယ်။ အလံနီ ခေါင်းဆောင် သခင်စိုးကြီး ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ သူရဲ့ပြိုင်ဖက် ဗိုလ်ချုပ်နေ၀င်းအောက်မှာ ဒူးထောက်လိုက်ရပါတယ်။ ၁၉၈၉ခုနှစ်မှာတော့ အရှေ့မြောက် စိုးမိုးဒေသမှာရှိတဲ့ ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်လည်း ၀တပ်ရင်းများ ပုန်ကန်လို့ တရုတ်ပြည်ထဲမှာသွားရောက် ခိုလှုံခဲ့ရတာ ကွယ်လွန်တဲ့ အထိ ပါပဲ။

စစ်တပ်ထဲမှာလည်း အတူတူပါပဲ။ ဗိုလ်မှူးချုပ် အောင်ကြီးကို ဗိုလ်ချုပ်နေ၀င်းက ကန်ထုတ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦး (ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ) သည်လည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ စပ်လျဉ်းပြီး ထောင်ကျသွားပါတယ်။ မျက်မှန်တင်ဦး (သို့) ၁. ၅ ဆိုပြီး နာမည်ကြီးတဲ့ ထောက်လှမ်းရေး မှူးချုပ်ကြီးလည်း ထောင်နန်းစံရပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ အုပ်ချုပ်သူများရဲ့ ကံကြမ္မာ ဆိုးဝါးမှုဟာ စစ်တပ်အသိုင်းအ၀ိုင်း အတွင်းမှာ အဖြစ်များပါတယ်။ ဗိုလ်ချုပ်နေ၀င်း၊ ဒေါက်တာမောင်မောင်၊ သားသတ်သမား ဗိုလ်ချုပ်စိန်လွင် အစရှိသူတို့ (ကန့်လန့်ကာနောက်ကွယ်မှာ ကြိုးကိုင်နေတုံးပဲ လို့ဆိုပေမဲ့) အာဏာထိုင်ခုံကနေ ဆင်းပေးလိုက်ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ခေတ် ရောက်လာပါတယ်။ မကြာပါဖူး။ သူလည်း နှုတ်ထွက်ပေးရပြီး ရူးသွတ်မှုနဲ့အတူ ဇာတ်သိမ်းသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာတော့ အရင်ဆုံး ဇာတ်သိမ်းမလှသူကတော့ ဗိုလ်ချုပ်တင်ဦး ဖြစ်ပါတယ်။ ရဟတ်ယာဉ် ပျက်ကျလို့ သေဆုံးခဲ့ရပါတယ်။ မသေခင်မှာလည်း သူ့အိမ်မှာဗုံးကွဲလို့ သူ့ရဲ့သမီး သေဆုံးခဲ့ပါတယ်။

မြန်မာပြည်ကို (၂၆) နှစ် အုပ်စိုးခဲ့တဲ့ အာဏာရှင်ကြီး ဦးနေ၀င်းလည်း သံမဏိနဲ့ ထုလုပ်ထားသူ မဟုတ်တဲ့အတွက် နောက်ဆုံးမှာ ကံကြမ္မာဆိုးကို ရင်ဆိုင်ရပြန်ပါတယ်။ မသေခင် လူနာကြီးဘ၀မှာ အကျယ်ချုပ်နဲ့ နေရပါတယ်။ သားသမီး မြေးများလည်း အချုပ်အနှောင် ခံရပြန်ပါတယ်။ ပိုင်ဆိုင်မှုများလည်း အသိမ်းခံရပါတယ်။ နောက်ဆုံးတော့ သူရဲ့အသုဘကို လူမသိ သူမသိ ချလိုက်ရပါတယ်။

ဦးနေ၀င်းအပြီး ကံကြမ္မာဆိုးကို ရင်ဆိုင်ရသူကတော့ အနောက်တိုင်း သံတမန်များအကြား သဘောထား မတင်းမာသူ၊ တိုင်းပြည်ကို ပြန်လည်တည်ဆောက်လိုသူ ဆိုပြီး ရေပန်းစားခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့် ဖြစ်ပါတယ်။ အခုတော့ အကျယ်ချုပ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။ စိတ်ကယောင် ချောက်ခြားဖြစ်တဲ့ ရောဂါကို ခံစားနေရတယ်လို့လည်း ကြားရပြန်ပါတယ်။

အခုလက်ရှိ ၀န်ကြီးချုပ် စိုးဝင်းကတော့ သွေးကင်ဆာ ဝေဒနာကို ခံစားနေရလို့ ၀န်ကြီးချုပ် တာဝန်ကို မယူနိုင်တော့ပါ။ ဒီပဲရင်း လူသတ်မှုကြီးကို စီစဉ်သူလို့လည်း ပြောကြပါတယ်။ တချို့ကတော့ သွေးကင်ဆာ မဟုတ်၊ အဆိပ်ခတ်ခံရတယ်လို့ ဆိုကြပါတယ်။ အိပ်ရာထဲလဲနေရင်း သေမင်းကခေါ်မဲ့ ရက်ကို စောင့်နေရသူပါ။

သူတို့အားလုံး အလှည့်ပြီးရင် ကံကြမ္မာဆိုးကို ဆက်ရင်ဆိုင်ရမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ ဖြစ်ပါတယ်။ နောက်တက်မဲ့ အာဏာရှင်က သူ့သားသမီးများကို ဖမ်း၊ ပိုင်ဆိုင်မှုများကိုသိမ်း လုပ်မှာ ဖြစ်ပါတယ်။ ရှေးရှေးကတည်းက ဒီလိုလုပ်ခဲ့ကြတာ နမူနာများ ရှိနေတယ် မဟုတ်ပါလား။ ဗိုလ်ချုပ်မောင်အေးက သူ့လက်ထက်မှာ သူ့စိတ်ကြိုက်လုပ်မှာ ဖြစ်ပြီး အတားအဆီးလို့ သတ်မှတ်ခံရသူများကို ရှင်းထုတ်မှာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်က မြန်မာနိုင်ငံမှာ စနစ်တခုလို အမြစ်တွယ်နေခဲ့တာ နှစ်ပေါင်း များခဲ့ပါပြီ။ ဗိုလ်ချုပ်မောင်အေးနဲ့ သူ့မိသားစုကိုလည်း နောက်တက်လာမဲ့ သူက ဒီလိုပဲ ရှင်းထုတ်မှာ ဖြစ်ပါတယ်။

သီပေါဘုရင် လက်ထက်ကစလို့ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အုပ်ချုပ်သူများကို ပြန်ကြည့်ရင် လူကောင်းများ ပါသလို လူဆိုးများလည်း ပါဝင်နေပါတယ်။ လူထုက ချစ်ခင် ထောက်ခံတဲ့သူများ ရှိသလို၊ လူထုကမကြိုက်တဲ့ မုန်းတဲ့သူများလည်း ပါဝင်နေပါတယ်။

သို့သော်လည်း လူဆိုးလူတေများသာ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘဲ လူကောင်းသူကောင်းများပါ ဒီကံကြမ္မာဆိုးကို လက်ခံယူနေရတဲ့အတွက် တိုင်းပြည်တစုံလုံး နစ်နာခဲ့ရတာ အခုအထိပါပဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယန္တယား စနစ်ဖြစ်စဉ်ဟာ အထည်ဆေးဆိုးတဲ့ မည်းအိုးကြီး တလုံးနဲ့ တူနေပါတယ်။ ဘာထည့်ဆိုးဆိုး အနက်ရောင်ပဲ ထွက်လာပါတယ်။ ချည်ကြမ်း ထည့်ထည့်၊ ချည်ချော ထည့်ထည့်၊ နိုင်လွန်စကို ထည့်ထည့်၊ နူးညံ့ချောမွေ့တဲ့ ပိုးသားစကိုပဲ ထည့်ထည့် အနက်ရောင်ပဲ ထွက်လာမှာပါ။ ဒီမည်းအိုးကြီးကို သွန်မှောက်လိုက်ပြီး အခြားရောင်စုံ ဆေးအိုးများ ပေါ်ပေါက်လာဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်များနဲ့ ဆွေးနွေးဖို့ အချိန်တန်ပါပြီ။ ဒါမှသာ သမိုင်းတလျောက် အမြစ်တွယ်လာခဲ့တဲ့ ကံကြမ္မာဆိုးနှင့် အဆုံးသတ်ကြရခြင်း ဆိုတဲ့ လမ်းကြောင်းကို ရပ်တန့်သွားစေနိုင်မှာ ဖြစ်ပါတယ်။ အဲသလိုမှ မလုပ်နိုင်ကြဖူး ဆိုရင်တော့ ဒီမည်းအိုးကြီးဟာ နက်သထက်နက်၊ မဲသထက်မဲ၊ တူးသထက်တူးလာပြီး ကံကြမ္မာဆိုးများကို ဆက်လက်သယ်ဆောင် သွားပါလိမ့်မယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက်၊ ဇွန်လ၊ ၂၀၀၇ခုနှစ်

1 comment:

ရွက်ဝါ said...

နာမည်ချင်းဆင်တူလို့ဝင်ကြည့်တာဗျ။ အရမ်းစနစ်ကျတယ်။ လှလည်းအရမ်းလှတဲ့ ဘလော့(ဂ်)ပဲ။ ကျွန်တော်ဟာနဲ့တော့ တစ်ခြားစီပဲ။
ဒီပိုစ်က ဘာပြောချင်တာလည်းဗျ။ လူထုချစ်တဲ့ခေါင်းဆောင်တွေနဲ့၊ အာဏာရှင်တွေအကြောင်းကို ရောထွေးပြီး ပြောထားတယ်။ အချက်အလက်တွေကတော့ သိလိုက်ရတာ ဗဟုသုတရပါတယ်။ ထူးထူးခြားခြား ဘာပြောချင်တာလဲ ဆိုတာမသိလို့မေးကြည့်တာ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.