ရွက်မွန်စာမျက်နှာ

Saturday, August 11, 2007

ရိုးပြာ


လုပ်အကိုင် အဆင်မပြေလို့ ရင်ထဲမှာပြောစရာတွေ များလာတိုင်း နေလောင်ထားသည့် အဖေ့မျက်နှာက ငဇင်း မျက်စေ့ထဲတွင် တ၀ဲလည်လည်နှင့် ပေါ်လာလေ့ရှိသည်။ သို့သော်အဖေကား လူ့ပြည်တွင်မရှိတော့။ အဖေ ဆုံးသည်မှာ နှစ်ပေါင်း (၂၀) လောက်ရှိခဲ့ပြီ။ ငဇင်းတို့ သားအဖတတွေက တံငါသည် မျိုးရိုးတွေ ဖြစ်သည်။ တံငါသည် ဆိုပေမဲ့ လှေသေးသေးကလေးနှင့် ငါးဖမ်းသည့် ပါချီပါချက် တံငါသည်တော့မဟုတ်။ ငါးဖမ်း စက်လှေ နှင့် ပင်လယ်ထဲမှာ ငါးဖမ်းသော ရေလုပ်သားများ ဖြစ်သည်။ သို့သော် ငါးဖမ်းစက်လှေတော့ ကိုယ်ပိုင်မရှိ။


ငဇင်းတို့ရွာက တနင်္သာရီတိုင်း အတွင်းမှာရှိသည့် ပင်လယ်စပ်ကရွာတရွာ ဖြစ်သည်။ အိမ်ခြေငါးရာကျော် လောက် ရှိသည့် ရွာကြီးဖြစ်သည်။ တရွာလုံး ရေလုပ်ငန်းဖြင့် အသက်မွေးလာသည်မှာ ရှေးအတီအတေကတည်းက ဖြစ်သည်။ စက်လှေနှင့် ငါးဖမ်းကြသည် ဆိုပေမဲ့ စက်လှေအများစုကို ပိုင်ဆိုင်သည့် သူတို့အခေါ် “သူဌေး” ဆိုသည်က တရွာလုံးတွင် ဆယ်ယောက်ထက် မကျော်။ တချို့ကတော့ စက်လှေအသေးစားတွေ ကိုယ်ပိုင်ရှိကြသည်။ ဒါကလည်း များလှသည် မဟုတ်။ ရွာသူရွာသား အများစုက ဆင်းရဲသားများသာ။ စပါးရာသီတွင် တချို့က စပါးအငှားလိုက် စိုက်ကြသည်။ ကွမ်းခြံ များလည်း ရွာပတ်လည်တွင် ရှိသေးသည်။ ရာဘာခြံများလည်း ရှိသည်။ ဒါပေမဲ့ ရာဘာစည်းအထွက်မကောင်းတော့။ ရာဘာပင်များလည်း အိုကုန်ပြီ။ ထိုကွမ်းခြံ၊ ရာဘာခြံများကို ပိုင်ဆိုင်သူတွေက တခြားမဟုတ် စက်လှေပိုင်ရှင် သူဌေးများသာ ဖြစ်သည်။ လယ်အများစုကလည်း ထိုသူဌေးများ ပိုင်သောလယ်များသာ ဖြစ်သည်။

အဖေပြောလေ့ရှိသော စကားများကို ငဇင်းအခုအထိအမှတ်ရနေတုံး။ ဂျပန်နိုင်ငံဆိုတာ စစ်ကြီးအပြီး ပြာပုံဘ၀ကနေ အခုလို တိုးတက်ချမ်းသာလာတာဟာ တနိုင်ငံလုံး ကြိုးစားရိုးသားခဲ့လို့ဟုဆိုလေ့ရှိသည်။ မခိုးကြနဲ့ မ၀ှက်ကြနဲ့၊ ဒို့နိုင်ငံလည်း အားလုံးဝိုင်းကြိုးစားလိုက်ကြရင် ဘာဖြစ်လို့ မတိုးတက်မကြီးပွါးရမှာလဲဟု ထပ်ဆင့် ဆိုပြန်သေးသည်။ မဆလခေတ်ဟုခေါ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရက လက်ထက်က ချမှတ်ခဲ့သော ဆောင်ပုဒ်များထဲမှ အဖေအကြိုက်ဆုံး တခုကတော့ “ရိုးသား ကြိုးစား လုပ်အားဖြင့်နိုင်ငံတည်” ဟူသော ဆောင်ပုဒ်ပင် ဖြစ်သည်။ ဒါတင်မကသေး ဆိုရှယ်လစ်စနစ်ဆိုတာကိုတော့ ဘာဘဲပြောပြော အဖေကြိုက်တယ် ငါ့သား။ ဒါက အများကောင်းစားရေးပဲ။ သည်လိုလည်း ငဇင်းကို သင်ပြောပြောသေးသည်။ အဖေသည် အများကောင်းစားရေး အယူအဆကို ရိုးရိုးသားသား သက်ဝင်ယုံကြည်ခဲ့သူ ဖြစ်သည်။ ထို ဆိုရှယ်လစ်အစိုးရ နှစ်ပေါင်းများစွာ အုပ်ချုပ်၍ နောက်အစိုးရ ပြောင်းသာသွားသည်၊ ငဇင်းတို့ တရွာလုံးကား သည်အတိုင်း နေမြဲ။ ရွာသားများကား ဆင်းရဲနေတုံး။ တကယ်တမ်း ပြောရရင် အဖေကိုယ်တိုင်တောင် ငဇင်းကို အတန်းကုန်အောင် ကျောင်းမထားနိုင်ခဲ့။

အခုအစိုးရ လက်ထက်မှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းအောင် တိုးတက်ဖွံ့ဖြိုးအောင် လုပ်နေသည်ဟု ရုပ်မြင်သံကြားမှ တဆင့် ရန်ကုန်မှ ဗိုလ်ချုပ်များ ပြောနေသည်ကို မြင်တွေ့နေရသည်။ ဘယ်လို တိုးတက်အောင် လုပ်နေသလဲ ဆိုတာတော့ ငဇင်းလည်း သေသေချာချာမသိ။ ရွာက လူငယ်များကတော့ အလုပ်အကိုင်ပေါ၍ လုပ်ခကောင်းသော ထိုင်းနိုင်ငံဖက်ကို သွား၍ အလုပ်လုပ်နေကြသည်။

ရွာတွင် လူငယ်ဦးရေ အတော်ကြီးနည်းလာသည်ကို ငဇင်းသတိထားမိသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ထိုင်းငါးဖမ်းစက်လှေမှာ အလုပ်လုပ်သည်က ပိုဝင်ငွေကောင်းသည်ဆို၍ လူငယ်ရေလုပ်သားတို့ ရွာမှ ထွက်ခါ ထိုင်းငါးဖမ်းကုမ္ပဏီများ၌ အလုပ်သွားလုပ် နေကြသည်။ မိန်းကလေးများကလည်း ပန်းရံလုပ်ငန်း၊ အိမ်ဖေါ် စသည့် အလုပ်များ သွားလုပ်ကြသည်။ စပါးစိုက်ချိန်၌လည်း သူရင်းငှားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ရွာမှ မိန်းကလေးတချို့ ထိုင်းနိုင်ငံတွင် မကောင်းတာလုပ်စားနေကြသည်ဟုလည်း သတင်းထွက်နေသည်။ ဟုတ်မဟုတ်တော့ သူလည်း အတိအကျ မသိ။ ပြီးတော့ ဒါမျိုးဆိုတာက တပါးသူကို သွားမေးလို့ ကောင်းတဲ့ ကိစ္စမျိုးလည်း မဟုတ်။ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်သူများ ရွာကို ငွေများ ပြန်ပို့နိုင်ကြသည်ဟုလည်း သိရပြန်သည်။ ကောင်းတာပေါ့လို့ စိတ်ထဲမှာ ဖြစ်မိပေမဲ့ တကယ်တန်းကြတော့ ရွာထဲမှာလည်း သိပ်ပြောင်ပြောင်ရောင် ဖြစ်နေသည့် အိမ်ဆိုတာ မတွေ့မိသေး။ ငဇင်းတို့ ရွာသားများကား ဆင်းရဲတုန်းပင်။

ငဇင်းတို့ စက်လှေဖြင့် ပင်လယ်သို့ ငါးဖမ်းထွက်သည့်အခါ စက်လှေကို ပိုင်ရှင်ဆီမှ သွားယူရသည်။ စက်လှေ ထွက်တိုင်း ငါးဖမ်းသမား (၁၂) ဦး မှ (၁၅) ဦးအထိ လှေပေါ်တွင် ပါလေ့ရှိသည်။ ငါးဖမ်း တခါထွက်တိုင်း အနည်းဆုံး (၁၅) ရက်တော့ ပင်လယ်ထဲမှာနေရသည်။ တခါတရံ သည်ထက် ပိုကြာတတ်သည်။ ဖမ်းမိသည့် ငါးများကို ရေခဲခန်းများထဲ၌ လှောင်ထားရသည်။ စက်လှေပိုင်ရှင်က လှေစိုက်ရသည်။ ဒီဇယ်စိုက်ရသည်။ ငါးဖမ်းသည့် ရက်များအတွင်း စားရန်အတွက် အစားအသောက်ကို လှေပေါ်တွင် တင်ပေးထားရသည်။ ငဇင်းတို့ဖက်မှ တာဝန်ကြေကြေ လုပ်ရသည်ကတော့ သတ်မှတ်ထားသော ငါးတန်ချိန် ပြည့်အောင် သတ်မှတ်ထားသော ရက်အတွင်း ဖမ်းပေးရခြင်းပင် ဖြစ်သည်။ လုပ်အားခကတော့ ရလာသည့် ငါးတန်ချိန် ပေါ်တွင် မူတည်၍ ရွာပြန်ရောက်သည့်အခါ ရှင်းပေးသည်။ သတ်မှတ်ထားသည့် ငါးတန်ချိန်မပြည့်သည့် အခေါက် ရေများလာပါက နောင်တွင် စက်လှေပိုင်ရှင်ဆီမှ လှေယူ၍ငါးဖမ်းရန် မဖြစ်နိုင်တော့။ ထမင်းအိုးကို ထိခိုက်လာနိုင်သည်။

အဖေနှင့် ငါးဖမ်းလိုက်ခဲ့ရသော ကာလများက သည်လောက်ဝေးဝေး သိပ်သွားစရာမလိုဘဲ ငါးဖမ်းလို့ ရခဲ့သည်။ သို့သော် အခုခေတ်၌ ပင်လယ်ထဲတွင် ငါးများရှားပါး လာနေသည်ကို ငဇင်းသတိထားမိသည်။ အတော်ဝေးဝေးကြီး အထိ သွားဖမ်းကြရသည်။ သည့်အတွက် အချိန် ပိုကုန်လာသည်။ ဒီဇယ်လည်း ပိုကုန်ရသည်။ လူတွေလည်း ပိုပင်ပန်းသည်။ ရွာတွင် လူငယ်ဦးရေ တစတစလျော့လာသလို ပင်လယ်ထဲတွင်လည်း ငါးဦးရေ လျော့လာနေသည်ဟု တွေးမိပြန်သည်။

ငါးဖမ်းမထွက်သည့် အခါများ၌ ငဇင်းတို့လို ရေလုပ်သားများ ရက်အနည်းငယ်လောက် နားခွင့်ရသည်။ သို့သော် လုပ်အားပေးလိုက်ရသည်နှင့် ကြုံရသည်က များသည်။ ကိုယ့်စရိတ် ကိုယ်စား၍ လိုက်ရသော လုပ်အားပေးများ ဖြစ်သည်။ လုပ်အားပေး မလိုက်လိုပါက ငွေစိုက်၍ လူငှားထည့်ရသည်။ အာဏာပိုင်တို့ကို ကြောက်ရသည် မဟုတ်လော။ ထိုအခါမျိုး၌ လူနားရသော်လည်း ငွေမနားရပါလားဟု တွေးမိပြန်သည်။ အဖေသာ အသက်ရှိ နေသေးပါက မငြီးနဲ့ ငါ့သား ဒါတိုင်း ပြည်တည်ဆောက်ရေးပဲဟု ဆိုလေဦးမလား။ ပြောသာ ပြောရသည် ငါးဖမ်းသည့် အလုပ်ကလည်း တကယ်တမ်းကျတော့ ထမင်းစားရရုံသာ ဖြစ်သည်။ ကလေးတွေကို တောင် ကျောင်းနုတ်ထားရသည်မှာ လေးငါးနှစ် မကတော့။ သူတို့လည်း အိမ်အတွက် တတ်နိုင်သည့်ဘက်မှ ၀ိုင်းကူနေ ကြရသည်။

ခေတ်ကြီးကား ခေတ်ကျပ်ကြီးဖြစ်သည်။ ငဇင်းတို့ ငါးဖမ်းထွက်သည့်အခါတိုင်း ပင်လယ်ထဲတွင် ရှောင်လွှဲမရဘဲ ဆက်ဆံရသော အာဏာပိုင်များ ရှိသေးသည်။ သူတို့ကတော့ တခြားသူများ မဟုတ်၊ အစိုးရ စစ်သင်္ဘောများ ဖြစ်သည်။ သူတို့က မြန်မာ့ပင်လယ်ပြင်ကို တပါးသူများ ၀င်ရောက်မနှောက်ယှက်နိုင်စေရန် အတွက် လုံခြုံရေး တာဝန်ယူနေရသည်ဟု ဆိုသည်။ ထိုစစ်သင်္ဘောများနှင့် တွေ့တိုင်း ငဇင်းတို့ စက်လှေများတွင် ငါးဖမ်းခွင့်လိုင်စင် ရှိ-မရိ၊ှ စက်လှေလိုင်စင် ရှိ-မရှိ ပြရသည်။

လက်တွေ့တွင် သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေများနှင့် အညီ စာရွက်စာတန်းများ ပြနိုင်တိုင်းလည်း မပြီး။ စစ်ဆေးဦးမည် ဟုဆိုကာ စစ်သင်္ဘောက ယူထားလိုက်သည်။ ထိုအခါ သူတို့ ယူမထားလိုက်စေရန် ပိုက်ဆံပေး ရသည်။ မပေးလိုက်ပါက စစ်သင်္ဘောထွက်သွားသည့်နောက်သို့ သုံး-လေးရက် လိုက်နေရသည်။ ငါးဖမ်းလည်း ပျက်သည်။ တခါတရံ သူတို့စာရွက်စာတမ်းများကို ယူသွားသော စစ်သင်္ဘော ဘယ်ရောက်နေမှန်း မသိသည့်အတွက် အခြားငါးဖမ်းလှေများကို သူတို့လှေမှ ရေဒီယို ၀ါယာလက်စက်ဖြင့် စစ်သင်္ဘော နံပတ် ဘယ်လောက် ဘယ်မှာရောက်နေသနည်းဟု မေးမြန်း စုံစမ်းရသည်။

ထို့နောက်အဆိုပါစစ်သင်္ဘောရောက်ရှိနေသည့်နေရာသို့နောက်ထပ်သုံးလေးရက်ထပ်လိုက်ရပြန်သည်။

ထိုစစ်သင်္ဘောနောက်ကို စာရွက်စာတန်းများ ပြန်ယူရန်အတွက် လိုက်နေရင်း နောက်ထပ် စစ်သင်္ဘောတစင်းက ကြားထဲတွင် တွေ့၍ စစ်ဆေးပြန်သည်။ စာရွက်စာတမ်းများ မပြနိုင်၍ ရှင်းပြသော်လည်း မယုံဟုဆိုကာ မိုက်မိုက် ရိုင်းရိုင်း ဆက်ဆံခံရသေးသည်။ ပိုက်ဆံ ထပ်တောင်းခံရသည်။ ပေးရ ပြန်သည်၊ ငဇင်းတို့ အနေဖြင့် ခံငြင်းပိုင်ခွင့် မရှိ။ မခံခြင်ပေမဲ့ ဘာမှ မတတ်နိုင်။ သူတို့ စစ်သင်္ဘောတွင် သေနတ်များ အမြောက်များ ပါသည်။ ကြားထဲတွင် (၇) ရက်မှ (၁၀) ရက်လောက်အထိက အနှီကိစ္စများအတွက် အချိန်ကုန်သွားရသည်။ အပြန်တွင် စက် လှေပိုင်ရှင် သူဌေး၏ အဆူအပူကိုလည်း ခံရသေးသည်။ အဆိုးဆုံးကတော့ ပိုက်ဆံလည်း ပေးရသည်၊ သည်ကြားထဲ ဒီဇယ်နည်းနည်း ပေးခဲ့ဦး ဆိုလည်း ပေးရသည်။ သူတို့စစ်သင်္ဘောက စစ်သားများ စားရန်ငါး၊ ပုဇွန် စသည်တို့လည်း လက်ဆောင်အဖြစ် မစခဲ့ရသည်။ ကမ်းနှင့် သိပ်မဝေးသော နေရာဖြစ်ပါက မိန်းမရှာပေးရန် တောင်းဆိုသည့် အခါမျိုးတွင်လည်း နီးရာရွာသို့ ပြန်မောင်းသွား၍ ရှာပေးရပြန်သည်။ ဆန်၊ ဆီ၊ ကြက်သား၊ ၀က်သား စသဖြင့်လည်း တခါတည်းဝယ်ခဲ့ဦး ဟုလည်း မှာသေးသည်။ ပြီးတော့ ပိုက်ဆံလည်း ပေးသည်မဟုတ်။ အလုပ်ပျက်၊ ငွေဆုံး၊ အချိန်ကုန်ရုံသာမက ဒီဇယ်လည်း ပိုကုန်သည်။

ငါးဖမ်း ထွက်ရသည်မှာ (၁၅) ရက်ခန့်၊ စစ်သင်္ဘော အမှုတော်ကို ထမ်းလိုက်ရသည်က နောက်ထပ် (၇) ရက် လောက်တော့ အသာလေးရှိသည်။ သည်လို ကုန်ရသည်များအတွက် ကာမိအောင် စက်လှေပိုင်ရှင် သူဌေးကလည်း ငဇင်းတို့ကို ပို၍ ဖိခိုင်းသည်။ ဒါမှ စစ်သင်္ဘောနှိပ်စက်သမျှ ကာမိမည် ဖြစ်သည်။ သူ့ဖက်က ကြည့်တော့လည်း မှားသည်ဟု မဆိုသာ။ အမြဲတမ်း သည်လိုသာပေးနေရရင် သူလည်း စက်လှေ ပြုတ်ရန်သာ ရှိတော့သည်။ သူ့စက်လှေပြုတ်ရင် ငဇင်းတို့လည်း အလုတ်ပြုတ်သည်နှင့် မခြား။ ထို့ကြောင့် ငါးဖမ်းထွက်လေတိုင်း ငဇင်းတို့ ရေလုပ်သားများ ဆုတောင်းတာကတော့ စစ်သင်္ဘောနဲ့ မတွေ့ရပါလို၏ ဟူသောဆုတောင်းပင် ဖြစ်သည်။

သေရွာက အဖေ့ကို ငဇင်း တိုင်တည်ပြောချင်တာတွေ အများကြီးရှိသည်။ အလုပ်ကိုလည်း ကြိုးစားပါသည်။ လုပ်တာမှ တလဆိုရင် ရက်ပေါင်းအစိတ်လောက်က ပင်လယ်ထဲမှာပဲ နေရသည်။ ခိုးတာဝှက်တာလည်း အလျဉ်းမလုပ်ပါ။ ငဇင်းတို့ ရိုးသားပါသည်။ သို့သော် သူများတွေ ခိုးတာဝှက်တာတော့ ငဇင်းတို့လည်း မတားဆီးနိုင်။ ရိုးသား ကြိုးစား လုပ်အားဖြင့်နိုင်ငံတည် ဆိုသည့် ဆောင်ပုဒ်ကို အလွန်ခံတွင်းတွေ့သော အဖေ့ကို ပြောချင်တာလေး တခုတော့ ရှိသည်။ တနိုင်ငံလုံး ဘယ်လိုတိုးတက်အောင် ဘယ်သူတွေ ဆောင်ရွက် တည်ဆောက်နေသလဲ ဆိုတာတော့ ငဇင်းမသိ။ သိလောက်အောင်လည်း ငဇင်းမှာ ပညာဗဟုသုတ အဲသလောက် မရှိပါ။ သူသိနေတာကတော့ တရွာလုံး မွဲသထက် မွဲလာတာရယ်၊ ကြာရင် ရွာပျက်တော့မယ် ဆိုတာရယ်။ အဲတာပါပဲ အဖေ။

ဇော်မင်း (လူ့ဘောင်သစ်)
ဖေဖေါ်ဝါရီလ ၂ ရက်၊ ၂၀၀၇ခုနှစ်။

1 comment:

ရွက်ဝါ said...

ဖတ်ရတာ စိတ်မကောင်းစရာပါ။ တကယ်တော့ စနစ်ကောင်းရင် ပုံမှန်အလုပ်လုပ်တဲ့လူ တိုးတတ်ရမှာပေါ့။ တောင်သူတချို့လည်း အလုပ်လုပ်ရင်း အကြွေးတင်နေတာတွေ တွေ့ရတယ်။ အခုလိုတော သေချာချရေးမပြတတ်ဘူး။ ကျေးဇူးပါဗျာ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.