ရွက်မွန်စာမျက်နှာ

Sunday, September 2, 2007

စဉ်ဆက်မပြတ်သော လူထုလှုပ်ရှားမှုများနှင့် အကျိုးရလဒ်

လှုပ်
ရှားမှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပေါ်လာနေခြင်းသည် အစဦးကာလ၌ ထင်ထားသလောက် အားမကောင်းသေး သော်လည်း ဘာမှမဖြစ်ဘဲ ငြိမ်နေသည့် အခြေအနေမျိုးဖြင့် နှိုင်းယှဉ်ပါက အုပ်စိုးသူများကို အလုပ်များစေသည်။ စိုးရိမ် သောကပွားများ စေသည်။ ထိုလှုပ်ရှားမှုများကို အနားနေရသည်မရှိဘဲ နှိမ်နင်းနေရသည့်အတွက် အစိုးရအဖို့ နေ့တဓူဝ ကုန်ကျစရိတ်များ တရိပ်ရိပ် တက်လာစေသည်။ ကြာလာသောအခါ ထိုလှုပ်ရှားမှုများကို နှိမ်နင်းရသော စရိတ်စကများ သည် အုပ်စိုးသူအစိုးရများအတွက် ၀န်ထုပ်ဝန်ပိုးကြီးသဖွယ် ဖြစ်လာတော့သည်။


မိတ်ဆွေတဦးမှ ဤပုံကို ကျေးဇူးပြုပါသည်။


သည်ရက်များအတွင်း မြန်မာပြည်တွင် ဖြစ်ပေါ်လာနေသည့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို လေ့လာကြည့်သောအခါ လူထုအများစု ပါဝင်လာခြင်း မရှိသေးသည်ကို တွေ့ရသည်။ လူထုလှုပ်ရှားမှု အားမကောင်းသေးဟု ဆိုနိုင်သည်။ အုပ်စိုးသူ စစ်အစိုးရသည် ထိုအားမကောင်းသေးသော လှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် ကြံ့ဖွတ်နှင့်စွမ်းအားရှင်ဟု နာမည် ခံထားသော လက်ကိုင်ဒုတ်အဖွဲ့များကို အသုံးပြုလာသည်။ သို့သော် ထိုလက်ကိုင်ဒုတ်များကို အလကားခိုင်း၍ မရ။ ထိုသူများကို နေ့တွက်ပေးရသည်။ သတင်းများအရ ကြံ့ဖွတ်ကဲ့သို့ လက်ကိုင်ဒုတ် တယောက်ကို ခိုင်းစေရန် တရက်လျှင် ကျပ် (၅, ၀၀၀) ပေးနေရသည်ဟုသိရသည်။ လက်ကိုင်ဒုတ်များ ရာနှင့်ချီ၍သုံးဖို့ လိုလာသည်။ သည့်ထက်ပို၍ လိုအပ်ပါက ထောင်ဂဏန်း အရေအတွက်လည်း ခိုင်းဖို့လိုလာမည်။ ထိုလက်ကိုင်ဒုတ်များကို သယ်ယူပို့ဆောင်ရန် ကားများလိုလာသည်။ ကားများကို ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ထည့်ဖို့လည်း လိုလာသည်။ ကားများသည့် ရေထည့်၍ မောင်းမရ။

တချိန်တည်းတွင်လည်း အဓိကရုဏ်း နှိမ်နင်းရေး၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်များကိုလည်း ထိုလှုပ်ရှားမှုများ ဖြစ်နေသည့် ဧရိယာများ အတွင်း လိုအပ်ပါက အချိန်မရွေး အသုံးပြုနိုင်ရန် အသင့်လုပ်ထားရသေးသည်။ ထို့အတွက် ငွေ၊ စားနပ်ရိက္ခာ၊ လောင်စာဆီများ ထပ်မံ လိုအပ်လာပြန်သည်။ ထို့အပြင် ဌာနဆိုင်ရာပေါင်းစုံကိုလည်း လိုအပ်ပါက အသင့်ဖြစ်စေရန် စီစဉ်ညွှန်ကြားရသောကြောင့် ဘဏ္ဍာငွေများ ထပ်မံကုန်ကျရသလို စိတ်မောလူမောလည်း ဖြစ်လာစေသည်။

ပြန်၍ကောက်ရပါက တိုင်းပြည်အတွင်းနေရာ အနှံ့လှုပ်ရှားမှုများ ဖြစ်ပွားခြင်း၊ ထိုလှုပ်ရှားမှုများ ကာလကြာမြင့်စွာ ဆက်တိုက်ဖြစ်ပွားနေခြင်း တို့သည် အုပ်စိုးသူ အစိုးရအား ချက်ခြင်းပြိုပျက်သွားအောင် မစွမ်းဆောင်နိုင်သေးသော်လည်း အစိုးရအား တဖြည်းဖြည်းနှင့် ဘဏ္ဍာရေးအကျပ်အတည်း လမ်းသို့ ခေါ်ဆောင်သွားနိုင်စွမ်း ရှိသည်။ ထိုအခြေအနေ အောက်တွင် အစိုးရသည် စီးပွားရေး ဦးမော့လာအောင်လည်း မဆောင်ရွက်နိုင်၊ နိုင်ငံတကာမှလည်း စီးပွားရေးပိတ်ဆို့ ထားသည့် ပြစ်ဒဏ်ကိုလည်း ခံနေရပါက အစိုးရအတွက်အကျပ်အတည်းသည် ပို၍ပို၍ ကြီးမားလာတော့သည်။

တောင်အာဖရိကနိုင်ငံတွင် ၁၉၈၀ နှစ်များ၏ ကာလအစောပိုင်းတွင် လှုပ်ရှားမှုများ ရပ်တန့်နေသလို ဖြစ်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်မှစ၍ လှုပ်ရှားမှုများ တဖြည်းဖြည်းနှင့် ပြန်လည် အားကောင်းလာခဲ့သည်။ တနိုင်ငံလုံး အသွင်ဆောင်သည့် လှုပ်ရှားမှုကြီးအထိ ဖြစ်မလာသေးသော်လည်း လူတန်းစားအသီးသီးကို အခြေခံသော လှုပ်ရှားမှုများ နေရာအနှံ့ ဖြစ်ပွား လာခဲ့သည်။ မြို့နယ်များကို အခြေခံသော သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း စသည့်လှုပ်ရှားမှုများအား လူဖြူအစိုးရက ခေါင်းမဖေါ်နိုင်အောင် နှိမ်နင်းခဲ့သည်။ သို့သော် လှုပ်ရှားမှုများကား တန့်မသွား။ ၁၉၈၆ ခုနှစ်အရောက်တွင် လှုပ်ရှားမှု များ၏ တိုက်ပွဲဝင်ဗဟိုချက်မသည် အလုပ်သမားထုဆီသို့ ရောက်လာခဲ့သည်။ KOSATU (ကိုဆာတူး) ဟုခေါ်သည့် အလုပ်သမားသမဂ္ဂမှ ဦးဆောင်မှုကို ဆက်တိုက်ပေးလာခဲ့သည်။ ၁၉၇၀ ခုနှစ်များဆီက စစ်သွေးကြွ ခေါင်းဆောင်များ ဖွဲ့စည်းထားခဲ့သော သမဂ္ဂများသည် နောက်ပိုင်းတွင် အောက်ခြေလူထု လှုပ်ရှားမှုများ၊ ကျောင်းသား လှုပ်ရှားမှုများဖြင့် ပေါင်းစပ်လာခဲ့သည်။ လှုပ်ရှားသည့် အဖွဲ့အစည်းများ ပေါင်းစည်းလုပ်ကိုင်လာသည့်အတွက် အစိုးရသည် လှုပ်ရှားမှုများ အားလုံးချုပ်ငြိမ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့။

၁၉၈၅ ခုမှစ၍ ၁၉၉၀ ခုနှစ် မင်ဒဲလားအကျဉ်းထောင်မှ လွတ်သည့်ကာလအထိ လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ သည်။ ထိုကာလများအတွင်း လှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် လူဖြူအစိုးရ သုံးစွဲခဲ့ရသည် ဘဏ္ဍာငွေကြေးသည် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်ကလည်း အစိုးရအတွက် မရှုနိုင်မကယ်နိုင် ဖြစ်ခဲ့ရသည်။ သည်ကြားထဲ စီးပွားရေး တိုးတက်လာအောင် အစိုးရအနေဖြင့် ဘာမှမလုပ်နိုင်တော့သည့် အနေအထားကလည်း အစိုးရအတွက် ရင်မောစရာတရပ် ဖြစ်လာခဲ့သည်။ နိုင်ငံတကာ အစိုးရများကလည်း စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားသေးသည်။ လူဖြူအစိုးရ အဖို့ ငွေရေးကြေးရေး အကျပ်ဆိုက်လာသည်။ လူဖြူအစိုးရ၀န်ထမ်းများ ကိုယ်တိုင်သည်ပင်လျှင် သည်အတိုင်းဆိုပါက အစိုးရသည် တိုင်းပြည်ကို ရေရှည် ထိန်းမထားနိုင်တော့ဟု သတိထားမိလာခဲ့ကြသည်။

၁၉၈၄ နှင့် ၈၅ ခုနှစ်ကာလများမှ စတင်၍ လူဖြူအစိုးရသည် အကျဉ်းထောင်အတွင်းမှ မင်ဒဲလားနှင့် တိတ်တဆိတ် ဆွေးနွေးတွေ့ဆုံမှုများ ပြုလုပ်နေခဲ့သည်။ သို့သော်လည်း ထိုအချိန်က တွေ့ဆုံဆွေးနွေးမှုများသည် တိုင်းပြည်အတွင်း အမှန်တကယ် အပြောင်းအလဲ လုပ်လိုသည်ထက် လူဖြူအစိုးရအဖို့ နိုင်ငံရေးကစားကွက် ရွှေ့သည့်ဖက်ကို ပို၍ အလေးကဲခဲ့သည်ဟုလည်း ပြောနိုင်သည်။ လူမဲလူထုကြီးသည် ထိုအချက်ကို မျက်ခြေမပြတ်။ သူတို့ဆောင်ရွက်ရမည့် တာဝန်များ၊ လှုပ်ရှားမှုများကို နိုင်ငံအနှံ့ ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။

လူဖြူအစိုးရမှ အမှန်တကယ် မပြောင်းလဲမခြင်း သူတို့လုပ်စရာရှိသည်များကို ဆက်လုပ်နေခဲ့ကြသည်။ ထိုနှစ်များအတွင်း လူဖြူအစိုးရသည် လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးများနှင့် အကြီးအကျယ် နပမ်းလုံးနေခဲ့ရသည့် ကာလများ ဖြစ်ခဲ့သည်ဟု ဆိုလျှင်လည်း မမှား။

ထို့အတွက် လူဖြူအစိုးရအတွက် အထိအနာဆုံးကတော့ ငွေကိုရေလိုသုံး၍ လှုပ်ရှားမှုများကို နှိမ်နင်းရခြင်းပင် ဖြစ်သည်။ ယေဘူယျအားဖြင့် ဆိုရပါက ၁၉၈၅ မှ ၁၉၉၀ အထိ လူထုလှုပ်ရှားမှုများကို ဖိနှိပ်ဖြိုခွင်းရန်သုံးစွဲခဲ့ရသည့် ငွေကြေး ပမာဏသည် ဒေါ်လာပေါင်းကုဋေနှင့်ချီ၍ သုံးစွဲခဲ့ရသည်။

တောင်အာဖရိက၏ လူထုလှုပ်ရှားမှု အတွေ့အကြုံအမြောက် အများထဲတွင် အထက်က တင်ပြခဲ့သည့် အစိုးရအား ကုန်ကျစရိတ် ကြီးမားလာစေခြင်းသည် နမူနာယူထိုက်သည့် အချက်ပင် ဖြစ်သည်။ မြန်မာပြည် ရေမြေနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် အချက်အလက်များကို ထပ်မံရှာဖွေ၍ လှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ်စေဘဲ ဆက်လက် ခရီးနှင်နိုင်ပါက စစ်အာဏာရှင်အစိုးရ အဖို့ တောင်အာဖရိက လူဖြူအစိုးရကဲ့သို့ ငွေများလည်း ကုန်သထက်ကုန် နိုင်ငံရေးအရလည်း မျက်ဖြူဆိုက်လာသည့် ကိန်းမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။ ငွေကြေး ကုန်ကျမှု မတန်တဆ များပြားလာသည်။ ထို့ကြောင့် စစ်အစိုးရသည်နောက်ဆုံးတွင် လက်လျှော့ကာ ဒီမိုကရေစီပေးလိမ့်မည်ဟု ဆိုလိုသည် မဟုတ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရေးပါသော ခေါင်းဆောင်များနှင့် စတင်စကားပြောရန် အတွက် အရေးကြီးသော တွန်းအား တခုသဖွယ် ဖြစ်လာနိုင်သည်ကို ဆိုလိုရင်းဖြစ်သည်။ စစ်အစိုးရကို ဘဏ္ဍာငွေကြေး အကုန်အကျ များစေခြင်း သည် ထိရောက်သော လက်နက်များထဲက လက်နက်တခုသဖွယ် အသက်ဝင်လာစေရန်ကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ ခြုံ၍ ဆိုရပါက လူထုလှုပ်ရှားမှုများသည် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ တိုင်းပြည်အတွင်း နေရာအနှံ့ စဉ်ဆက်မပြတ် ဆက်တိုက် ပေါ်ပေါက်နေမှသာလျှင် စစ်အစိုးရကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။ လှုပ်ရှားမှုများ အဆက်ပြတ် မသွားစေရန် သံဃာတော်များ အပါအ၀င် လူထုလူတန်းစား အသီးသီးအတွင်း ဖြန့်ကျက် ဆောင်ရွက်သွားနိုင်ဖို့က အရေးကြီးသည်။

မီးစ၊ မီးပွားလေးတခုခြင်းစီသည် သေးပင် သေးငြားသော်လည်း အားလုံးကို ပေါင်းစု မိလိုက်သောအခါ ခြိမ်းခြောက်နိုင် စွမ်းရှိသော မီးတောက်မီးလျှံ အသွင်သို့ ရောက်ရှိမြဲပင် ဖြစ်သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။

2 comments:

bdparadise said...

yes.I agree with ur opinion 100% fully.

pea said...

လှုပ်ရှားသည့် အဖွဲ့အစည်းများ ပေါင်းစည်းလုပ်ကိုင်လာသည့်အတွက် အစိုးရသည် လှုပ်ရှားမှုများ အားလုံးချုပ်ငြိမ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့။

တောင်အာဖရိကလှုပ်ရှားမှုထဲက ဆရာဇော်မင်းဘာသာပြန် ထားတဲ့စာထဲက အထက်စာပိုဒ်လေးကို အရမ်းစိတ်ဝင်စား တယ်။ အဲဒီကာလက တောင်အာဖရိက လူဖြူအစိုးရရဲ့ ဖိနှိပ်မှုဟာ ဒီကနေ့ နအဖ ထက် မလျှော့လောက်ဘူး ထင်ပါတယ်။ တောင်အာဖရိက မှာ အဖွဲ့အစည်းတွေ တရားဝင် ဖွဲ့ခွင့်ရှိလား။ ရှိတဲ့အဖွဲ့တွေက လူမှုရေးအသင်းတွေလား.နိုင်ငံရေးပါတီတွေလား.သဘောက မြေပေါ်ပါတီတွေလား.မြေအောက်အဖွဲ့အစည်းတွေလား. သူတို့ဘယ်လို ဆက်စပ်လုပ်ကိုင် ကြသလဲ.အင်အားဘယ်လို စုစည်းကြလဲ အဲဒီအကြောင်း တွေကို သီးသန့် ထုတ်နူတ်ရေးပြစေချင်ပါတယ်။ ဥပမာ ကိုဆာတူးက တရားဝင်အလုပ်သမားသမဂ္ဂ ထင်ပါတယ်။

မောင်ပေစိတို့မှာက ဘာအဖွဲ့အစည်းမှ တရားဝင်ဖွဲ့ခွင့် လူစုခွင့်မရှိ။ ရှိတဲ့အဖွဲ့တွေကလည်း များများမလုပ်နိုင်။ လုပ်နေတဲ့တဦးချင်းခေါင်းဆောင်တွေ. နအဖက တရားဝင်လုံးဝခွင့်မပြုတဲ့ ကိုယ့်ဟာကိုယ် ရဲရဲရင့်ရင့် ဖွဲ့ထားတဲ့ အဖွဲ့တွေက ခေါင်းဆောင်စုတွေက အဖမ်းခံနေရ သူတို့အဖမ်းခံရရင်လည်း လှုပ်ရှားမှုက ရပ်သလိုဖြစ်နေ မရပ်လည်း အားနည်းသွားဆိုတော့ ....

ခေါင်းဆောင်. အဖွဲ့အစည်း အသင်းအပင်း. နောက်လိုက်များ သာမန်ပြည်သူများတွေ၇ဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆက်စပ်မှုတွေကို ကိုယ့်နိုင်ငံသားတွေ mind set ပေါ်မှာ အခြေခံပြီး ရေးပြစေချင်တယ်။ ဆရာဇော်မင်း ကိုလည်းကောင်း ဆရာအောင်သူငြိမ်းကိုလည်းကောင်း ရေးပေးပါလို့ တက်(ဂ်). အဲလေ..တောင်းဆိုလိုက်ပါတယ်ခင်ဗျ ။ ။

စောင့်မျှော်နေတဲ့
မောင်ပေစိ ( pea ce )

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.