ရွက်မွန်စာမျက်နှာ

Saturday, September 8, 2007

မစုစုနွေး ထုတ်ပြန်ကြေငြာချက်

စစ်
အစိုးရ၏ ယခုကဲ့သို့ တရားလက်လွတ် ပြုမူဆောင်ရွက်နေမှုများနှင့် သာသနာတော်အား သွေးစွန်းစေသော လုပ်ရပ် များကို ရပ်တန့်ပေးရေးအတွက် တ ညီတညွတ်တည်း စုပေါင်းတောင်းဆိုရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံ တစ်ဝှမ်းရှိ သံဃာတော်များနှင့် ပြည်သူအပေါင်းတို့အား ပန်ကြားအပ်ပါသည်။

ပရိယတ္တိ သံဃာတော်များအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူအပေါင်းသို့ ပန်ကြားလွှာ

နိုင်ငံတော်၏ သမိုင်းတစ်လျှောက်တွင် သံဃာတော်များသည် သာသနာတော်ကြီး သုံးရပ်၏ တာဝန်များကို ထမ်းဆောင် နေကြရင်း တစ်ဖက်မှလည်း လွတ်လပ်ရေး ကြိုးပမ်းမှု၊ အမျိုးသားရေး ကြိုးပမ်းမှုများတွင် တစ်တပ်တစ်အား ပါဝင်ပြီး ပြည်သူလူထုရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်ပါသည်။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း စစ်အစိုးရ၏ ထင်ရာစိုင်း အုပ်ချုပ်မှုကြောင့် ဆင်းရဲကြပ်တည်းနေသော မြန်မာပြည်သူ လူထုကြီး၏ အခက်အခဲများ ပြေလည်စေရေးအတွက် မကွေးတိုင်း၊ ပခုက္ကူမြို့မှ သံဃာတော်များမြို့တွင်း၌ မေတ္တာပို့ စီတန်း လှည့်လည်ခဲ့ကြပါသည်။

နိုင်ငံသားအားလုံး၏ အေးချမ်းသာယာရေးကို ရှေးရှုပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်စဉ် စစ်အစိုးရ၏ လက်ကိုင်တုတ် ကြံ့ ဖွံ့နှင့် စွမ်းအားရှင် လူရမ်းကား တစ်စုမှ အကြမ်းဖက် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ သံဃာတော်အချို့ သွေးစွန်း ခဲ့ရပါသည်။

ယခုကဲ့သို့ သံဃာတော်များအား ပြင်းထန်စွာ ဖမ်းဆီးရိုက်နှက်၊ သတ်ဖြတ်ခြင်းသည် စစ်အစိုးရနှင့် အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းများ၏ သမိုင်းတွင် ဖြေ၍မပြေ၊ ဖျက်၍မပျက်သော ရာဇဝင်တွင် ကျန်ရစ်မည့် အမဲစက် ဖြစ်ပါသည်။ ၎င်းတို့၏ အကြမ်းဖက်မှုသည် သာသနာကို ညှိုးမှိန်ပျက်စီးစေသော ဘုရားရှင်လက်ထက်က ဒေဝဒတ်၏ လုပ်ရပ်များနှင့် အလားတူ ပင် ဖြစ်ပါသည်။

စစ်အစိုးရ၏ ယခုကဲ့သို့ တရားလက်လွတ် ပြုမူဆောင်ရွက်နေမှုများနှင့် သာသနာတော်အား သွေးစွန်းစေသော လုပ်ရပ် များကို ရပ်တန့်ပေးရေးအတွက် တ ညီတညွတ်တည်း စုပေါင်းတောင်းဆိုရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံ တစ်ဝှမ်းရှိ သံဃာတော်များနှင့် ပြည်သူအပေါင်းတို့အား ပန်ကြားအပ်ပါသည်။

စုစုနွေး
၆၊ စက်တင်ဘာလ၊ ၂ဝဝ၇

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.