ရွက်မွန်စာမျက်နှာ

Friday, September 7, 2007

ဒေါက်တာဦးမြင့်၏ တုံ့ပြန်ချက် (မြန်မာဘာသာဖြင့်)

ကျ
နော် ယုံကြည်ထားသည်မှာ ယခုကိစ္စနှင့်ပတ်သက်၍သော်လည်းကောင်း၊ အခြားသော စီးပွားရေးကိစ္စများစွာနှင့် ပတ်သက်၍ သော်လည်းကောင်း မိမိတို့က တင်ပြခဲ့သည့်အတိုင်း၊ တိုင်းပြည်နှင့် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့မည် ဆိုဦးတော့ ချမ်းသာကြွယ်ဝလှသော မြန်မာနိုင်ငံသည် လူဆင်းရဲများဖြင့် ပြည့်နေရန် အကြောင်းမရှိပါ။


Unofficial Translation
ရန်ကုန်
၅ စက်တင်ဘာ၊ ၂၀၀၇။

အယ်ဒီတာခင်ဗျား။
ခင်ဗျားတို့ သိကြတဲ့အတိုင်းပါပဲ၊ လွန်ခဲ့တဲ့ရက်များအတွင်းကတော့ ရန်ကုန်မှာ လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းထန်ခဲ့ကြပါ တယ်။ ကျနော် သိရသလောက်ဆိုရင် ရန်ကုန်မှာရှိတဲ့ လူထုသတင်းမီဒီယာတွေက ရည်ရွယ်ချက်နဲ့ ထုတ်ပေးလိုက်တဲ့ စာရွက်စာတမ်းတချို့ လက်ခံရရှိခဲ့ကြပါတယ်။ ဒီစာရွက်စာတမ်းတွေမှာ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ကို အကြံပေးအဖြစ် ဆောင်ရွက်နေကြတဲ့ (ကျနော်အပါအ၀င်) စီးပွားရေး ပညာရှင် အုပ်စုတခုက ယခုအခါ တိုင်းပြည်အတွင်း အကောင်အထည်ဖော်လိုက်တဲ့ လုပ်ငန်းတခုကို အဆိုပြုတင်ပြခဲ့ကြပုံ မျိုး ဖော်ပြထားပါတယ်။

ဒီလိုမြင်ရတာ စိတ်ထဲကျေနပ်ရလောက်တဲ့ အံ့အားသင့်စရာပါပဲ၊ ခင်ဗျားတို့ တင်ပြချက် အဆိုပြုချက်တွေကို အလေးထား စဉ်းစားပြီး အကောင်အထည်ဖော်ခဲ့တာ ဆိုရင်တော့ သိပ်ကောင်းတဲ့ကိစ္စပါပဲ။ ဒီကိစ္စဟာ ကျနော်တို့ မကြုံရဖူးသေးတဲ့ ကိစ္စ မျိုးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကျနော်တို့အဆိုပြုတင်ပြတာကို အလေးအနက်စဉ်းစားပြီး အကောင်အထည်ဖော်တာမျိုး မရှိခဲ့ဖူးသေးပါဘူး။ သို့သော်လည်း ကံမကောင်းအကြောင်းမလှတဲ့ကိစ္စကတော့ ဒီကိစ္စဟာ အကြီးအကျယ်လိမ်လည်ထား တဲ့ကိစ္စဖြစ်နေပြီး၊ ကျနော်တို့အတွက်လည်း အလွန်စိတ်ပျက်ကြရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ခံအချင်းအရာ အနည်းငယ်ကိုဖော်ပြရမယ်ဆိုရင် ၂၀၀၆ ခုနှစ်၊ မတ်လကနေ ပြန်စရပါလိမ့် မယ်။ UMFCCI က ကျနော်အပါအ၀င်၊ ကျနော့် လုပ်ဖော်ကိုင်ဖက်အချို့ကို ဖိတ်ကြားခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်လို့ လက်ငင်းစိတ်ဝင်စားဖွယ်ကိစ္စတွေမှာ ပြင်ဆင်လေ့လာ၊ သုတေသနပြုတဲ့အခါ အကြံပေးများအဖြစ် တာဝန် ယူပေးဖို့ ပြောလာပါတယ်။ ကျနော်တို့ကလည်း အသင့်ပဲ လက်ခံခဲ့ပါတယ်။ ကျနော်တို့ သဘောတူတဲ့အချက်ကတော့ ဒီလို ဆွေးနွေးကြ၊ အပြန်အလှန် အမြင်ဖလှယ်ကြတဲ့နေရာမှာ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ဖို့ လိုအပ်ပြီး၊ တရားဝင်ပြော တာ ဆိုတာမျိုးမဟုတ်ဘဲ၊ မိတ်ဆွေအချင်းချင်း သက်တောင့်သက်သာ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းမျိုး လိုအပ်ပါတယ်။ အခြားသဘောတူညီချက်တခုကတော့ Chatham House Rule လို့ခေါ်တဲ့ ဥပဒေသကို ကျနော်တို့ အလေးအနက်ချင့်ချိန် စဉ်းစားကြတဲ့ အခါမှာ ကျင့်သုံးကြဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဆွေးနွေးပွဲမှာ ဘယ်သူတဦးတယောက်ကဖြစ်စေ၊ ဆွေး နွေးတင်ပြကြတဲ့အချက်တွေ၊ အမြင်တွေကို လူတဦးတယောက်နဲ့ ယှဉ်တွဲပြီး မဖော်ပြဖို့ပါပဲ။ ဒါ့အပြင် UMFCCI အရာရှိတွေ အာမခံကြတဲ့အချက်က ကျနော်တို့က ပညာရှင် academic တွေအနေနဲ့ ကျနော်တို့ရှေ့တင်လာကြတဲ့ကိစ္စတွေကို ပွင့်လင်း ရိုးသားစွာ မထောက်မညှာ အမြင်တွေပြန်ပေးနိုင်၊ ဆွေးနွေးနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

အကြံပေးအဖွဲ့နဲ့ UMFCCI အရာရှိတွေရဲ့ ပထမဦးဆုံး အစည်းအဝေးကို ၂၀၀၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါ တယ်။ တင်လာတဲ့ပြဿနာက အဲဒီအချိန်က အလွန်အရေးကြီးနေတဲ့ကိစ္စပါ။ ပြောရရင်တော့ အစိုးရ၀န်ထမ်းများကို လစာ တိုးပေးမှုနှင့် ဒီလိုတိုးမြှင့်လိုက်တာနဲ့အမျှ လိုအပ်လာမယ့် ဘတ်ဂျက်လိုငွေပြမှုကို ကာမိအောင် အပိုဝင်ငွေ ဘယ်လိုရှာကြ မလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ပိုပြီး အသေးစိတ်ကျကျ၊ ဦးတည်ချက်ရှိရှိ ဆွေးနွေးနိုင်ရအောင် UMFCCI ရဲ့ သုတေသန အဖွဲ့တခုက ဒီကိစ္စအပေါ်မှာ စာတမ်းတခုပြုစုထားပြီး ကျနော်တို့ကို မှတ်ချက်ပေးနိုင်ဖို့၊ သုံးသပ်ပေးနိုင်ဖို့ ကြိုတင်ဝေထား ပါတယ်။

အတိုချုပ်ဆိုရရင်တော့ UMFCCI ရဲ့ သုတေသနအဖွဲ့က လစာတိုးလာတာနဲ့အမျှ ပိုမိုကုန်ကျမယ့်စရိတ်တွေကို ခန့်မှန်း တွက်ချက်ထားပြီး ဒီလိုလိုငွေပြတာ ကာမိစေဖို့ ချမှတ် လုပ်ဆောင်ရန်အချက်အချို့ကို အကြံပြုတင်ပြထားပါတယ်။ အစိုးရ ဓါတ်ဆီဈေးနှုန်းကို လက်ရှိနှုန်းထား တစ်ဂါလံ (၁၅၀၀) ကျပ်ကနေ တစ်ဂါလံ (၃၀၀၀) ကျပ်အထိ တိုးမြှင့်ဖို့၊ လျှပ်စစ်မီတာ အသုံးစရိတ်ကိုလည်း တစ်ယူနစ်ကို (၂၅) ကျပ်ကနေပြီး (၁၀၀) တိုးမြှင့်ဖို့ အချက်တွေ ပါဝင်ပါတယ်။

ကျနော်တို့ အကြံပေးအဖွဲ့ဝင်တွေဟာ တချိန်မဟုတ် တချိန်ဆိုသလို အစိုးရ၀န်ထမ်းတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ ယခုကာလ တိုင် အစိုးရ၀န်ထမ်းအလုပ် ဆက်လုပ်နေကြပြီး၊ (လစာ မတိုးမီက) အလွန်နည်းလွန်းတဲ့ ပမာဏမျှသာ လစာရကြလို့၊ လောက်ငှအောင် ရုန်းကန်နေကြရတဲ့ ၀န်ထမ်းတွေကိုလည်း အထူး ကိုယ်ချင်းစာနာစိတ်ထားကြပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးက လစာတိုးတဲ့အချက်ကို ကြိုဆိုကြပါတယ်။

သို့သော်လည်း အကြံပေးအဖွဲ့ထဲမှာပါတဲ့ ကျနော်တို့အားလုံးက UMFCCI ရဲ့ သုတေသနအဖွဲ့က တင်ပြလာတဲ့ လစာ တိုးမြှင့်ပေးတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ဘတ်ဂျက်လိုငွေပြမှု ကာမိအောင် ဆောင်ရွက်ရမည့်ကိစ္စ အဆိုပြုချက်တွေကို တော့ လက်ခံဖို့ အခက်အခဲရှိကြပါတယ်။ အထူးသဖြင့် စွမ်းအင်လောင်စာဈေးတွေ မြှင့်တင်တဲ့ကိစ္စအပေါ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စအပေါ်မှာ အထူးငြင်းချက်ထုတ်ခဲ့ကြတာကတော့ ကျနော်နဲ့ ကျနော့်လုပ်ဖော်ကိုင်ဘက် ပါမောက္ခဒေါက်တာ တင်စိုးပဲ ဖြစ်ပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းတော့ ရရှိခဲ့ခြင်းမရှိသော်လည်း၊ ဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် အသံဖမ်းထားတာတော့ အထောက်အထားရှိပါတယ်။ ဒါကြောင့် လောင်စာစွမ်းအင်ဈေးတွေ တိုးမြှင့်မယ့်ကိစ္စ အပေါ် ထင်မြင်ချက်တွေ ပေးခဲ့ကြပြီး၊ ဒီအဆိုပြုချက်ကို ဘာဖြစ်လို့ ကျနော်တို့ ကန့်ကွက်ရတယ်ဆိုတာ ဆွေးနွေးခဲ့ကြပါ တယ်။ ဒါတွေအားလုံး အထောက်အထားရှိပါတယ်။

ဒီလိုဖြစ်ခဲ့သော်လည်း၊ အခု ဖြန့်ဝေလာတဲ့ မှတ်တမ်းစာရွက်တွေမှာ UMFCCI က အကြံပေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာ ချက်စာနဲ့ ကျနော်တို့အမည်တွေ ပါလာပါတယ်။ ဒီစာနဲ့ ပူးတွဲပြီး UMFCCI သုတေသနအဖွဲ့က အစိုးရ၀န်ထမ်းများကို လစာ တိုးမြှင့်လိုက်တဲ့အတွက်ကြောင့် ရန်ပုံငွေအပိုရရှိစေရန် လောင်စာစွမ်းအင်ဈေးတွေ တိုးမြှင့်ဖို့ကိစ္စအပါအ၀င်၊ အခြားအဆိုပြု ချက်တွေပါတဲ့ စာတမ်းကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီစာတမ်းရေးသူတွေအမည်ပါတဲ့ ခေါင်းစီးစာမျက်နှာကိုတော့ ဖြုတ်ချန်ထားခဲ့ပါတယ်။ သည်တော့ လူတွေအမြင်မှာ ယခုအဆိုပြုချက်ကို UMFCCI နဲ့ ၎င်းရဲ့ အကြံပေးအဖွဲ့က ပြုခဲ့ သယောင် မြင်လာစေပါတော့တယ်။ ဒီအချက်ဟာ ကျနော်အစောပိုင်းက ဖော်ပြခဲ့သလိုပါပဲ၊ မှန်ကန်မှု မရှိပါဘူး။

ကျနော်ခံစားရတာကတော့ အခုဖြစ်လာတဲ့ကိစ္စတွေနဲပ ပတ်သက်လို့ ပြဿနာကြုံလာရသူတွေက ကျနော်တို့နဲ့ မထိုက် တန်တဲ့ သိက္ခာကျဂုဏ်ပျက်ရမယ့်ကိစ္စကို ပုံချလိုက်တာလို့ မြင်ပါတယ်။ မြန်မာပြည်တွင်း ပြည်ပမှာရှိတဲ့ တာဝန်သိတဲ့ သတင်းမီဒီယာသမားတွေ သိထားကြသလိုပါပဲ၊ မြန်မာပြည်သူလူထုတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ကိစ္စတွေ ဆုံးဖြတ် ချက်တဲ့နေရာမှာ ကျနော်တို့လို ပညာရှင် Academic တွေရဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ မရှိလှသလို၊ ဘယ်လို ဆုံးဖြတ် ဆောင်ရွက်နေကြတယ်ဆိုတာတောင် သိနိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြနေတဲ့ နိုင်ငံတွင်းထူးခြားဆန်းကျယ် ဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ကို ချီးကျူးအမွှမ်းတင်ဖို့လည်း မထိုက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြနေကြတဲ့ နိုင်ငံအတွင်း ဖြစ် ပျက်နေတဲ့ ထူးခြားအံ့သြဖွယ်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ တာဝန်မရှိပါဘူး။

ဒီမျှမက၊ ဖြန့်ဝေနေတဲ့ စာရွက်တွေမှာ ဖော်ပြထားတဲ့အချက်ကတော့ စွမ်းအင်နဲ့ အခြားလူအများသုံး ၀န်ဆောင်မှုတွေ အတွက် ကျသင့်ပေးဆောင်စေတဲ့ငွေကြေးဟာ အိမ်နီးချင်းနိုင်ငံများသာမက၊ ကမ္ဘာပေါ်ရှိနိုင်ငံများထက်ပါ အများကြီး နည်းတယ်လို့ ဖော်ပြထားပါတယ်။ ဒီအတွက်ကြောင့် ဈေးနှုန်းမြှင့်တင်ပြီး ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနဲ့အညီ ချိန်ညှိဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဆွေးနွေးချက်နဲ့ ပတ်သက်လို့ ကျနော်လုံးဝ သဘောမတူပါဘူး။ ဒီကိစ္စနဲ့ ပတ်သက် လို့ ကျနော့်အကြောင်းပြချက်ကတော့ အောက်မှာဖော်ပြထားပါတယ်။ ဒီကိစ္စကိုလည်း နေရာအတော်များများမှာ ပြောခဲ့ပါ တယ်။

အစိုးရအရာရှိတွေက မကြာခဏဆိုသလို အစိုးရကထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေဟာ အာရှနဲ့ ပစိဖိတ်ဒေသမှာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ကြောင်း သတိပေးပြောဆိုလေ့ရှိကြပါတယ်။ ဒီအချက်က အမှန်ပါ။ သို့သော်လည်း မြန်မာလူထုရဲ့ ၀င်ငွေဟာ ဒေသအတွင်းမှာ အနည်းဆုံးဆိုတာလည်း မှန်တဲ့အချက် ဖြစ်ပါတယ်။ နောက် ဆုံးထုတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ (၂၀၀၅) ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းရဲ့ ဂျီဒီပီပျမ်းမျှဝင်ငွေ (per capita GDP) က အမေ ရိကန်ဒေါ်လာ ၁၇၀ ပဲ ရှိပါတယ်။ ဒီဝင်ငွေဟာ ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံများက လူထုတွေရဲ့ တစ်ဦးချင်းပျမ်းမျှ ဂျီဒီပီ ၀င်ငွေထက် တ၀က်သာပဲ ရှိပါတယ်။ ဥပမာအားဖြင့်- ကမ်ဘောဒီးယားနိုင်ငံက ပြည်သူတွေရဲ့ တစ်ဦးချင်းပျမ်းမျှ ဂျီဒီပီဝင်ငွေက အဲသည်နှစ်မှာပဲ အမေရိကန်ဒေါ်လာ (၃၅၀) ရှိပါတယ်။ လာအိုက အမေရိကန်ဒေါ်လာ (၄၀၀) ၀င်နေပြီး၊ ဘင်္ဂလားဒေ့ရှ်က အမေရိကန်ဒေါ်လာ (၄၄၀) ၀င်နေပါတယ်။

ဝမ်းနည်းစရာကောင်းတာက မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ၀င်ငွေက ဒေသအတွင်းမှာ အနည်းဆုံးဖြစ်နေရုံမက၊ အစိုးရက ထောက်ပံ့ပေးနေတဲ့ ၀န်ဆောင်မှုအရည်အသွေးကလည်း စံချိန်အတိုင်းအတာထက်နိမ့်နေပြီး၊ ဒေသအတွင်းမှာ အဆိုးရွား အချို့တဲ့ဆုံးလို့ ပြောလို့ရနိုင်တဲ့ အနေအထားရှိနေပါတယ်။ အခုလက်ရှိကာလမှာ အိမ်တွေ၊ လုပ်ငန်းတွေမှာ သူတို့လိုအပ် တဲ့ လျှပ်စစ်အတွက် ကိုယ်ပိုင်မီးစက်တွေဆောင်ထားရတာ အဆန်းမဟုတ်တော့ပါဘူး။ ကိုယ့်ကားပေါ်ကိုယ် အမှိုက်တင် အမှိုက်ပုံသွားပစ်ရတာ၊ ရေအတွက် ကိုယ်ပိုင်ရေစုတ်စက်တွေနဲ့ ရေတင်ဖိအားပေးစက်တွေ ဆောင်ထားရတာ အဆန်း မဟုတ်တော့ပါဘူး။ ဒီအချက်တွေက စီးပွားရေးစနစ်တခုအတွက် ကုန်ကျစရိတ်ကြီးလှသလို၊ လူအများဝန်ဆောင်မှု လုပ်ငန်းတွေအတွက် ထိရောက်တဲ့ ဖြေရှင်းနည်းလည်း မဟုတ်ပါဘူး။ လျှပ်စစ်၊ ရေရရှိရေး၊ သန့်ရှင်းရေး၊ တယ်လီဖုန်း၊ လူထု သယ်ယူပို့ဆောင်ရေးကိစ္စတွေရဲ့ လူထုဝန်ဆောင်မှု အရည်အသွေးကျဆင်းလာခြင်းဟာ မြန်မာပြည်က စားသုံးသူ လူထုတွေအတွက် ဆေးခါးကြီးမြိုရသလို ဖြစ်နေပါတယ်။ အထူးသဖြင့် ၀င်ငွေနည်းတဲ့ပြည်သူတွေမှာ ပိုလို့ခံစားရပါတယ်။ သူတို့က မီးစက်တွေ၊ ရေတင်စက်တွေ ၀ယ်ဖို့ မတတ်နိုင်ရုံမျှသာမက၊ သူတို့နေထိုင်ရာရပ်ကွက်က ဆင်းရဲတဲ့အိမ်နီးနားချင်း တွေကြောင့် ဒီလိုအခွင့်အရေးမရနိုင်ကြပါဘူး။ အစိုးရက ထောက်ပံ့ပေးနေတဲ့ကိစ္စတွေကို တန်းတူညီမျှ မရနိုင်ကြပါဘူး။

UMFCCI ဗဟို အလုပ်အမှုဆောင်ကော်မတီတွေနဲ့ ကျနော် ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့ အကြံပေးအဖွဲ့ အကြောင်း ပြန်ပြောရင်း နိဂုံးချုပ်ပါရစေ။ ကျနော်တို့အနေနဲ့ တိုင်းပြည်ဘဏ္ဍာငွေ လိုအပ်ချက်ကာမိစေဖို့ လောင်စာစွမ်းအင် ဈေးနှုန်းတွေကို နှစ်ဆတိုးဖို့ အာဏာပိုင်တွေဆီကို တရားဝင်တင်ပြ အဆိုပြုချက် လုပ်ခဲ့ခြင်း အလျဉ်း မရှိပါ။ ကျနော် ယုံကြည်ထားသည်မှာ ယခုကိစ္စနှင့်ပတ်သက်၍သော်လည်းကောင်း၊ အခြားသော စီးပွားရေးကိစ္စများစွာနှင့် ပတ်သက်၍ သော်လည်းကောင်း မိမိတို့က တင်ပြခဲ့သည့်အတိုင်း၊ တိုင်းပြည်နှင့် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့မည် ဆိုဦးတော့ ချမ်းသာကြွယ်ဝလှသော မြန်မာနိုင်ငံသည် လူဆင်းရဲများဖြင့် ပြည့်နေရန် အကြောင်းမရှိပါ။

ကောင်းမွန်သောဆန္ဒဖြင့်

တည်ကြည်စွာဖြင့်-
ဦးမြင့်

RFA/ BBC/ DVB/ VOA/ Irrawaddy Magainze/ Mizzima News/ Burmanet News အယ်ဒီတာများထံသို့-

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.