ရွက်မွန်စာမျက်နှာ

Saturday, September 8, 2007

မြန်မာပြည်သည် ချွင်းချက်ထဲတွင် မပါဝင်ပါ။

သည်
ရက်ပိုင်းအတွင်း ကျနော်တို့ မိတ်ဆွေအချို့နှင့် လုပ်ဖေါ်ကိုင်ဖက်အချို့က ဤသို့ ဆွေးနွေးလာကြသည်။ သူတို့ ဆွေးနွေးလာသည့် အချက်များကလည်း စဉ်းစားဖို့ လိုသည့်အချက်များ ဖြစ်သည်။ သူတို့ ဘာတွေ ဆွေးနွေးငြင်းခုန် ပါသလဲ။ သူတို့ ဆွေးနွေးလာသည့် အချက်များထဲက တချက်ကတော့ မြန်မာနိုင်ငံ၏ အခြေအနေကို တောင်အာဖရိက အတွေ့အကြုံများနှင့် နှိုင်းယှဉ်တင်ပြခြင်းကို ဘ၀င်မကျဖြစ်နေခြင်းဟု ကျနော်ရိပ်စားမိပါသည်။

အခြားနိုင်ငံများ၏ ကြုံတွေ့ခဲ့ရသော အခြေအနေများသည် မြန်မာနိုင်ငံလောက် ခက်ခဲကျပ်တည်းခြင်း မရှိဟု အချို့ မိတ်ဆွေများက ဆွေးနွေးငြင်းခုန်ပါသည်။ မယုံရင် ကိုယ်တိုင် ပြည်တွင်းပြန်ဝင်ပြီး လုပ်စမ်းကြည့်ပါလားဟု ပြောသော မိတ်ဆွေများလည်း ရှိပါသည်။ သူတို့ ပြောဆိုတင်ပြသည့် အချက်များကို အလေးဂရုပြုပြီး နားထောင်ရန်လည်း လိုပါသည်။

သို့သော် ကျနော့်အနေဖြင့် ငါတို့ မြန်မာပြည်က လွတ်မြောက်ရေး တိုက်ပွဲသည် သူတပါးနိုင်ငံတွင် ကြုံခဲ့သော အဖြစ်အပျက် အခြေအနေများထက် ပိုခက်သည်၊ ပိုစွန့်စားရသည်ဟုလည်း တခါတည်း မပြောလို မဆုံးဖြတ်လိုပါ။ တူနိုင်သည့် အခြေအနေများ ရှိသလို၊ မတူသည့် သဘာဝရှိသည့် အနေအထားများကို ကျနော်အနေဖြင့် ခွဲမြင်ဖို့လိုသည် ဟုလည်း ယူဆပါသည်။

ဥပမာတခု တင်ပြပါရစေ။ တောင်အာဖရိက နိုင်ငံတွင် လူမျိုးရေးအရ အသားရောင် ခွဲခြားဆက်ဆံခံရသည့် အခြေအနေကို ဖြတ်သန်းခဲ့ရသည်။ ထို့အတွက် နောက်ဆက်တွဲ ပြဿနာများကတော့ အသားအရောင် မတူသူများ လိင်ဆက်ဆံခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းကို လူဖြူအုပ်စိုးသူ အစိုးရမှ ဥပဒေဖြင့် တားဆီးခဲ့သည်။ ထို့အပြင် ခရစ်ယန် ဘုရားကျောင်းများ၊ ရုပ်ရှင်ရုံများ၊ တက္ကဆီ အငှားယဉ်များနှင့် အသုဘကားများ အသုံးပြုသည့် အခါများတွင်လည်း လူမဲနှင့်လူဖြူအတွက် ခွဲခြားသတ်မှတ် ထားသည်။ အတူယှဉ်တွဲ လုပ်ကိုင်အသုံးပြု၍ မရပါ။ လူမဲကျောင်းသားများသည် သတ်မှတ်ထားသော ကျောင်းများ၌သာ ပညာသင်ကြားခွင့်ရသည်။ လူဖြူကျောင်းသားများ တက်ရောက်နေသည့် ကျောင်းများတွင် ပညာ သင်ကြားခွင့်မရှိ။ လူတိုင်းအတွက် တန်းတူအခွင့်အရေး ရှိသည် ဆိုသောစကားမှာ လူဖြူများအတွက်သာ အကျုံး ၀င်သလို ဖြစ်နေသည်။ လူမဲတို့နှင့် ဘာမျှမဆိုင်။ အစိုးရသည် လူဖြူကျောင်းသားများအား လူမဲကျောင်းသားများထက် ဆယ်ဆပို၍ ဂရုစိုက် စောင့်ရှောက်သည်။ လူမဲများနှင့် ကာလာဟုခေါ်သည့် အခြားလူဖြူမဟုတ်သူများသည် (လူမဲလူဖြူကပြားများနှင့် အိန္ဒိယနွယ်ဖွားများ) သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိသလို စီးပွားရေးအရလည်း ကုမ္ပဏီများ ထောင်၍ ကူးသန်းရောင်းဝယ် လုပ်ပိုင်ခွင့်မရှိ။ ထို့ကြောင့် လူဖြူများ ကြီးစိုးသည့်စနစ် အားကောင်းလာခဲ့သည်။

မြန်မာနိုင်ငံတွင် လူဖြူလူမဲကဲ့သို့ ပြဿနာများ မရှိသော်လည်း၊ မြန်မာ မဟုတ်သော လူနည်းစု တိုင်းရင်းသားများသည် ဘာအခွင့်အရေးမျှ မရပါ။ မရသည့်အပြင် သူတို့နေထိုင်ရာ ပြည်နယ်များအတွင်းတွင် ဖိနှိပ်ခံနေရသည်။ မြန်မာများသည် ပင်လျှင် ဖိနှိပ်ခံနေရသည်။ စစ်ဗိုလ်စစ်သားများနှင့် သူတို့၏ နောက်လိုက်များသာ အခွင့်အရေးရသည့် ကာလကြီး ဖြစ်နေသည်။ သာမန်ပြည်များအနေဖြင့် သူတို့ကလေးများကို ကျောင်းမထားနိုင်။ မူလတန်းအပြီး ကျောင်းထွက်လိုက်ရသည့် အရေအတွက်သည် ၅၀% ရှိနေသည်။ သာမန် ကျောင်းသားတို့ တက္ကသိုလ်သွားဖို့ မလွယ်။ စစ်ဗိုလ်များနှင့် သူတို့ စီးပွားဖက်များ၏ သားသမီးများကား နိုင်ငံခြားအထိပင် သွားရောက် ပညာနိုင်သည်မှာ အားလုံးမျက်မြင် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ယနေ့ကုမ္ပဏီအကြီးစားများ ထောင်၍ စီးပွားရေး လုပ်ကိုင်နိုင်သည်မှာ ဘယ်သူတွေပါလဲ။ စစ်ဗိုလ်များ၊ သူတို့သားသမီးများနှင့် သူတို့ယုံကြည်သော စီးပွားဖက်များသာ ဖြစ်သည်။ ဥပမာအားဖြင့် တေဇလိုလူမျိုး ထောင်ထားသော စီးပွားရေးလုပ်ငန်းမျိုးကို ဘယ်သူယှဉ်၍ လုပ်နိုင်ပါသလဲ။ မြင်သာအောင် တင်ပြခြင်းဖြစ်သည်။ ထပ်မံဆိုရပါက မြန်မာနိုင်ငံသားများ နိုင်ငံရေးတွင်လည်း ပါဝင်ခွင့်မရပါ။ အာဏာရှင်များ သတ်မှတ်ထားသော ဘောင်ထဲတွင် လုပ်နိုင်လျှင်လုပ် မလုပ်နိုင်ပါက နိုင်ငံရေးတွင် အနားတောင် သီမရပါ။ အနားသီလို့ အဖမ်းခံရသူများလည်း ရှိနေသည်မှာ အားလုံးအသိ ဖြစ်သည်။ ထို့အတွက် ပြန်ကောက်ရပါက တောင်အာဖရိတွင် လူဖြူများကြီးစိုး အားကောင်းခဲ့သလို ယနေ့မြန်မာနိုင်ငံတွင်လည်း စစ်တပ်ကြီးစိုး အားကောင်းနေသည်မှာ သဘောသဘာဝခြင်း တူသည်ဟု ဆိုနိုင်ပါသည်။

တောင်အာဖရိကတွင် ဖြစ်ခဲ့သည့် အခြေအနေများကို ပြန်သုံးသပ်ကြည့်ပါက လူဖြူကြီးစိုးမှုကို ကာကွယ်ရန် မတရားဥပဒေ များကို ပြောင်ပြောင်တင်းတင်း တဖက်သတ် ပြဌာန်းထားခဲ့သည်။ မြန်မာပြည်တွင် ပြောင်ကျကျ ပြဌာန်းမထားသော်လည်း စစ်တပ်စစ်ဗိုလ် အသိုင်းအ၀ိုင်းမှ မဟုတ်သူများအဖို့ ဘာအကာအကွယ်မှ မရသလို၊ ဘာအခွင့်အရေးမှလည်း မရပါ။ ထို့ထက် ပို၍ဆိုရပါက စစ်တပ်ကို နှစ်ရှည်လများ ကျားကန်ထားဖို့ အတွက် ညောင်နှစ်ပင်မှာ ဆွေးနွေးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲကြီး ပြီးစီးသွားပါပြီ။ စစ်တပ်ဖက်ကိုသာ တဖက်သတ် အသာစီးရစေမည့် ဥပဒေများကို ရေးဆွဲ အတည်ပြုဖို့ရန်သာ ကျန်တော့သည်။ လူဖြူတို့ ပြောင်ကျကျရေးဆွဲထားသည့် ဥပေဒများနှင့် သဘောခြင်း တူလှသည်။

ရဲများသည် လူမဲမည်သူ့ကို မဆို ကြိုက်သည့်အချိန်တွင် ဖမ်းဆီးခွင့်ရှိသည်။ တရားရုံး မတင်ဘဲ အကန့်အသတ်မရှိ ချုပ်နှောင်ထားခွင့် ရှိသည်။ လူမဲ မည်သူမဆို အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်ဆိုရုံမျှနှင့် မြို့ပေါ် အလုပ်လုပ်ခွင့် ရုပ်သိမ်းခံရသလို နယ်နှင်ခြင်းလည်း ခံရသည်။

လူဖြူအစိုးရသည် တောင်အာဖရိကနိုင်ငံကို သူတို့ တသက်လုံးစိုးမိုးနိုင်ရန် အတွက် ဖက်ပေါင်းစုံမှနေ၍ နိုင်ငံတော်ကို ခံတပ်ကြီးသဖွယ် တည်ဆောက်ခဲ့သည်။ သို့သော် တဖက်တွက် ပြန်ကြည့်သည့်အခါ လူဖြူများစိုးမိုးနိုင်ရန်အတွက် ထုထည်ကြီးမားသော လူများစုလူမဲများ ခိုင်းစေရန် လိုအပ်နေသည်။ လူမဲများကား လူများစုဖြစ်သည်။ ထိုလူမဲများ ထကြွ လှုပ်ရှားလာ၍လူဖြူအစိုးရကို ဆန့်ကျင်လာခဲ့ခြင်းသည် နောင်တွင်လူဖြူအစိုးရကို အာဏာထိုင်ခုံမှ ဆွဲချနိုင်သည်အထိ အားကောင်းလာခဲ့သည်။ နိုင်ငံရေးရေချိန် အရှိန်ရလာသော၊ ၁၉၈၅ မှပြန်လည် စတင်အားကောင်းလာခဲ့သည်ဟု ဆိုနိုင်သော လူမဲတို့လှုပ်ရှားမှုသည် ၁၉၉၀ ခုနှစ် မင်ဒဲလားကို ထောင်မှ လွှတ်ပေးရသည့်အချိန်အထိ ရပ်တန့်မသွားခဲ့။ ငါးနှစ်လုံးလုံး လူဖြူအစိုးရကို ဗျောင်းဆန်သွားအောင် လုပ်နိုင်ခဲ့သည်။ ထိုအတောအတွင်း လူမဲတို့ရင်းခဲ့ရသော အရင်းအနှီးကလည်း ကြီးမားလှသည်။

မြန်မာပြည်တွင်လည်း သာမန်ပြည်သူတို့က လူများစုဖြစ်သည်။ စစ်တပ်စစ်ဗိုလ် ဆိုသည်မှာ လူနည်းစုသာ ဖြစ်သည်။ လူများစု ပြည်သူများက ဆန့်ကျင်သော အစိုးရသည် ရေရှည်တွင် သက်ဆိုး မရှည်ပါ။ သို့သော် လှုပ်ရှားမှု၏ ရေချိန်၊ အရှိန်၊ အဟုန်တို့ ပို၍ပို၍ မြန်ဆန် အားကောင်းလာအောင်တော့ မလွဲမသွေ ဆောင်ရွက်ရန် လိုပါသည်။ တပွဲနှစ်ပွဲအပြီး အရှိန်သေ သွားခြင်းသည် ပြည်သူများအတွက် များစွာ နစ်နာစေသည်။ ထိုသို့ အရှိန်သေမသွားစေရန် လူထုအတွင်း နေရာတိုင်း ထောင့်တိုင်း၌ ကြီးကြီး၊ ငယ်ငယ်၊ လတ်လတ် လူထုခေါင်းဆောင်များ ပိုမိုပေါ်ပေါက်လာဖို့ လိုပါသည်။ ထိုသို့ပေါ်ပေါက် လာအောင်လည်း ဖန်တီးဖို့ အရေးကြီးသည်။ ထိုပေါ်ပေါက်လာသော လူထုခေါင်းဆောင် အသီးသီးနှင့် တိုက်ပွဲဝင် လူထု ပေါင်းစပ်လိုက်ပါက မြန်မာစစ်အစိုးရကို ဗျောင်းဆန်သွားအောင် လုပ်ပစ်နိုင်မည် ဖြစ်သည်။

မင်ဒဲလားသည် ကျွန်းပေါ်ရှိ ထောင်ထဲတွင်း (၂၇) နှစ် ချုပ်နှောင်ခံခဲ့ရသည်။ သူ၏ အေအဲန်စီအဖွဲ့ကြီးသည်လည်း လူဖြူ အစိုးရ ပိတ်ပင်ထားသောကြောင့် တရားဝင်နိုင်ငံရေး လုပ်ခွင့်မရခဲ့။ သို့သော် နိုင်ငံရေးအရ အချက်အချာကျသော မြို့များ တွင် အေအဲန်စီအဖွဲ့ဝင် မဟုတ်သော လူထုလှုပ်ရှားမှု ခေါင်းဆောင်များ ပေါ်ပေါက်လာ၍ လူမဲတို့၏ လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဆက်လက် အားကောင်းစေခဲ့သည်။ အေအဲန်စီအဖွဲ့ကြီး ပိတ်ပင်ထားခံရသော ကာလများအတွင်း ညီညွတ်သော ဒီမိုကရေစီတပ်ဦး ဆိုသည့် UDF တပ်ပေါင်းစုကို လူထုလှုပ်ရှားမှု အဖွဲ့ပေါင်း (၅၀၀) ကျော်ဖြင့် ဖွဲ့စည်းခဲ့ သည်။ ထိုအဖွဲ့များအားလုံးသည် လူဖြူအစိုးရ လက်အောက်တွင် တရားဝင် ဖွဲ့စည်းခွင့်ရသည့် အဖွဲ့အစည်းများ မဟုတ်ပါ။ တပ်ပေါင်းစုဖြစ်သော UDF တပ်ဦးသည် လှုပ်ရှားမှုများကို ဦးဆောင်သည့် အဖွဲ့ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နှစ်များကို ပေါင်းလိုက်ပါက (၁၂) နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အေအဲန်စီကဲ့သို့ အပိတ်ပင် မခံရသေး။ တဖက်တွင်လည်း အချက်အခြာကျသော မြို့များတွင် လူထုလှုပ်ရှားမှု ခေါင်းဆောင်များ ပေါ်ပေါက်လာရန် လိုအပ်နေသေးသည်။ ထင်ရှားသော လူထုခေါင်းဆောင်များသည် ရန်ကုန်တွင်သာ ရှိနေသည်။ ထို့အပြင် လူထုလှုပ်ရှားမှုများကို လက်တွေ့ကျကျ ဦးဆောင်မှု ပေးမည့် တပ်ပေါင်းစုမျိုး မပေါ်ပေါက်သေး။ ဒီ/ချုပ် ဘာဆက်လုပ်မလဲ ဆိုသည်ကိုသာ စောင့်ကြည့်နေရသလိုမျိုး ဖြစ်နေသည်။

မြန်မာပြည်မှ လွတ်မြောက်ရေး လှုပ်ရှားမှုက သူများနိုင်ငံထက် ပိုခက်သည်ဟု ဆိုပါက အခြားတိုင်းပြည်များက လွတ်မြောက်ရေး လှုပ်ရှားခဲ့သူများကို အထင်အမြင်သေးရာ ရောက်ပါသည်။ ထို့အပြင် ဒို့တိုင်းပြည်က နိုင်ငံရေး လှုပ်ရှားမှုက ပိုခက်သည် ဟူသော အစွဲသည် မိမိချီတက်ရာလမ်းကိုလည်း အတိုင်းအတာတခုအရ ပိတ်ဆို့စေပါသည်။ ဘယ်တိုင်းပြည်က လွတ်မြောက်ရေး လှုပ်ရှားမှုမှ လွယ်လွယ်နှင့် အောင်မြင်ခဲ့သည် မဟုတ်ပါ။ မြန်မာပြည်က ဒီမိုကရေစီရေး လှုပ်ရှားမှုသည်လည်း သူများနိုင်ငံများထက် ပို၍ခက်သည်ဟု ပြောမရပါ။ မြန်မာပြည်သည် ချွင်းချက်ထဲတွင် မပါဝင်ပါ။ သို့သော် လွယ်လွယ်နှင့်တော့လည်း အောင်ပွဲမရပါ။ အဘယ်ကြောင့် ဆိုသော် လွတ်မြောက်ရေး လှုပ်ရှားမှု မှန်သမျှသည် ခက်ခဲ ကြမ်းတမ်းခြင်းဆိုသော သဘာဝနှင့် နွယ်ပင်များကဲ့သို့ အချင်းချင်းလို လိမ်ယှက်နေသောကြောင့်ပင်။

ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.