လွန်
ခဲ့တဲ့ (၁၂) နှစ်ကျော်ကျော်လောက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကို ပြန်ပြောချင်လို့ပါ။ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းက လွတ်လပ်စွာပြောဆို၊ တင်ပြ၊ နေထိုင်၊ စုဖွဲ့ခြင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်နေလို့လည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ နိုင်ငံများမှာ နေထိုင်ခွင့် ရရဲ့သားနဲ့ မလွတ်လပ်ခြင်း၊ ချုပ်နှောင်ခြင်း ဆိုတဲ့ ဖိစီးမှုတွေကို ဆက်လက်ကျင့်သုံးနေတဲ့ သူတွေအတွက် သတိပေးခြင်လို့ ဆိုရင်လည်း မမှားပါဖူး။
အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတဦးရဲ့ ဇနီးအကြောင်းဖြစ်ပါတယ်။ အဲသည့် ထိုင်းသံအမတ်ကြီးက အမေရိကန် နိုင်ငံမှာ နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူပင်စင်ယူတော့ ထိုင်းနိုင်ငံမှာ ပြန်လာပြီး မနေဘဲ အမေရိကန် နိုင်ငံမှာ စီးပွားရေးလုပ်ပါတယ်။ သူတို့ဇနီးမောင်နှံ လုပ်တဲ့ စီးပွားရေးကတော့ ထိုင်းစားသောက်ဆိုင် တည်ထောင်ခြင်းပါပဲ။ အမေရိကန်နိုင်ငံ အနောက်ခြမ်းက မြို့ကြီးတမြို့မှာ အဲသည့် ထိုင်းစားသောက်ဆိုင် လုပ်ငန်းကို လုပ်ကြပါတယ်။ ၀င်ငွေလည်း အတော်ကောင်းပြီး လူသိများတဲ့ ပေါ်ပြူလာ ဖြစ်တဲ့ စားသောက်ဆိုင် ဖြစ်လာခဲ့ပါတယ်။
အဲသည် ထိုင်းစားသောက်ဆိုင် အတွက် ကျွမ်းကျင်တဲ့ စားဖိုမှူးတွေ၊ စားပွဲထိုးတွေကို ထိုင်းနိုင်ငံကနေ ခေါ်ယူရပါတယ်။ သံအမတ်ကြီး ဇနီးမောင်နှံက ထိုင်းလူမျိုးတွေ ဖြစ်တဲ့အတွက် သည်ကိစ္စက သူတို့အတွက် ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဖူး။ တရားဝင် ခေါ်ယူလို့ရပါတယ်။ အဲတာအပြင် အိမ်မှာလည်း ဗာဟီရလုပ်ဖို့ ထိုင်းမိန်းကလေး တယောက် နှစ်ယောက်ကိုလည်း ခေါ်ထားပါတယ်။ သူတို့ဆိုင်က အတော်လည်း အောင်မြင်တဲ့ ထိုင်းစားသောက်ဆိုင် ဖြစ်ခဲ့ပါတယ်။
နှစ်အတော်လေးကြာတော့ ပင်စင်စားသံအမတ်ကြီး ကွယ်လွန်ပါတယ်။ သံအမတ်ကတော်ဟောင်းက စားသောက်ဆိုင်ကို ဆက်ပြီး ဦးစီးပါတယ်။ ပြဿနာ အစပျိုးခဲ့တာက ထိုင်းစားသောက်ဆိုင်နဲ့ မပတ်သက်ပါဖူး။ သူတို့အိမ်က အိမ်ဖော်မလေး နှစ်ယောက်ကနေ စခဲ့တယ်လို့ ဆိုရမှာပါ။ သံအမတ်ကတော်ဟောင်းက အိမ်မှာ ဘယ်လို စည်းမျဉ်းတွေ လုပ်ထားသလဲ ဆိုတော့၊ သူကဧည့်ခန်းမှာ ထိုင်နေတုန်း တခုခု ခိုင်းလိုက်ရင် (သောက်ရေပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် အစရှိသဖြင့် ယူလာဖို့) အဲသည့် ကလေးမလေးတွေက ယူလာရပါတယ်။ သို့သော် ဧည့်ခန်းထဲကို ရောက်တာနဲ့ သည်အတိုင်း မတ်တပ်ရပ် လာခွင့်မရှိဘဲ ခန်းလုံးပြည့် ခင်းထားတဲ့ ကောဇောပေါ်မှာ ဒူးထောက်လာပြီးမှ ရေကြည်တော်ကို ဆက်သရပါတယ်။ အဲတာကိုလည်း သံအမတ်ကတော်ဟောင်းအဖွားကြီးက ဂုဏ်တခုလို သတ်မှတ်ဟန် ရှိပါတယ်။
သူတို့အိမ်ကို လာတဲ့ဧည့်သည်များ ရှေ့မှာလည်း အဲသည့်မိန်းကလေး နှစ်ယောက်က စောစောက ပြောခဲ့သလို ဒူးထောက်ပြီး အမှုတော်ကို ထမ်းရပါတယ်။ ကျနော်တို့ အာရှတိုက်က နိုင်ငံအချို့မှာတော့ အိမ်စေ (အိမ်ဖေါ်) မိန်းကလေး က အဲသလိုမျိုး ကျေးကျွန်သဖွယ် ကျိုးကျိုးနွံနွံ လုပ်ရတာ ဆန်းတယ်လို့ မဆိုနိုင်ပါဖူး။ ကနေ့အထိ တွေ့နေမြင်နေရသေး တာကိုး။
တနေ့ အဲသည့်အိမ်ကို လာလည်တဲ့ အမေရိကန်တွေကို ဒီအိမ်ဖေါ် မိန်းကလေးတွေက ခါတိုင်းလိုပဲ ဒူးထောက်လာပြီး စားစရာ သောက်စရာတွေကို ဆက်သရတယ်။ အဲသည့် အမေရိကန်ဧည့်သည်တွေ တော်တော်လေး တုန်လှုပ်သွားတယ်။ ရက်များ မကြာခင်မှာပဲ သံအမတ်ကတော်ဟောင်း အဖွားကြီးဆီ တရားရုံး ဆင့်ဆိုစာ ရောက်လာတယ်။ စွဲဆိုထားတဲ့ အမှုကတော့ အမေရိကန် မြေကြီးပေါ်မှာ ကျေးကျွန်စနစ်ကို ပြန်လည်အသက်သွင်းမှုတဲ့။ ဒီအမှုကိုတရားစွဲတဲ့သူက အိမ်ဖော်မိန်းကလေး နှစ်ယောက် မဟုတ်ဖူး။ အဲသည့်နေ့ကလာတဲ့ အမေရိကန်ဧည့်သည်တွေထဲက တယောက်က စွဲဆိုတဲ့အမှု ဖြစ်နေတယ်။
တရားရုံး ရောက်တော့အဖွားကြီးကို သူ့ရဲ့အိမ်ဖော်တွေအပေါ်မှာ ကျေးကျွန်သဖွယ် ထားရှိဆက်ဆံမှုနဲ့ တရားစွဲတယ်။ တရားလိုဖက်က ရှေ့နေက အမေရိကန်နိုင်ငံ ဆိုတာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့လို့ ကျွန်စနစ်ကို မဖျက်သိမ်းလိုသူ တွေနဲ့ ထိပ်တိုက်ဖြစ်ပြီး ပြည်တွင်းစစ်တောင် ဖြစ်ခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ အဲသည့် ပြည်တွင်းစစ်အတွင်း လူပေါင်း (၆) သိန်း သေဆုံးခဲ့ရတယ်။ အခုသည်မြေပေါ်မှာ အဖွားကြီးက ကျွန်စနစ်ကို သူ့အိမ်တွင်းကနေ အသက်သွင်းတယ်၊ ကျွန်စနစ်ကို လက်တွေ့ကျင့်သုံးတယ် ဆိုပြီး စွပ်စွဲတယ်။ တိုတိုပြောရရင် နောက်ဆုံးမှာ အဖွားကြီး အမှု ရှုံးသွားတယ်။ ဒဏ်ငွေ အမြောက်အများ ပေးဆောင်လိုက်ရသလို အသက်ကြီးမှ ထောင်ဒဏ်လည်း ကျခံရတယ်။ သို့သော် ထောင်ဒဏ်ကတော့ (၁၀) လလောက်ပဲ ဖြစ်ပါတယ်။ များတယ်လို့ မဆိုနိုင်ပါဖူး။
မြန်မာပြည်မှာတော့ ဗိုလ်ချုပ်မှုးကြီးကတော်က ကျန်တဲ့ဗိုလ်ချုပ်ကတော်များလာရင် အခန်းထဲမှာ ထိုင်ခုံကြီးတလုံးသာ ထားပြီး အဲသည့်အပေါ်မှာ သူကထိုင်၊ အခြားဗိုလ်ကတော်များက ကြမ်းပြင်မှာထိုင် ဆိုပြီးလုပ်တယ်လို့ ကြားနေတာ ကြာပါပြီ။ မိဖုရားခေါင်ကြီး သဘောမျိုး လုပ်တာပေါ့။ အမှန်တော့ ကျေးကျွန်စနစ်ကို ခံတွင်းတွေ့နေတယ်လို့လဲ ပြောနိုင်ပါတယ်။
ပြောခြင်တဲ့ အချက်က သည်လိုပါ။ ပြီးခဲ့တဲ့၂၀၀၇ သင်္ကြန်တုံးက အမေရိကန်နိုင်ငံ အနောက်ဖမ်းခြမ်းဒေသမှာ နေကြတဲ့ မြန်မာများထဲက လူငယ်လူလတ်တွေက သံချပ်ဝိုင်းတခု ထည့်ဖို့စီစဉ်တယ်။ သံချပ်ဆိုတော့လည်း ဝေဖန်တာတွေ ပါတာပေါ့။ သင်္ကြန်ကော်မတီက သံချပ်ဝိုင်း မပါရလို့ တားမြစ်တယ်လို့ ကြားရတယ်။ သံချပ်ဆိုတာ လူတွေက အုပ်စိုးသူ အစိုးရ ပုံမတော်တာ လုပ်တာတွေကို ဝေဖန်လေ့ ရှိမြဲ။ ဒါကို မြန်မာပြည်သားတိုင်း သိတယ်။ မြန်မာပြည်က ဗိုလ်ချုပ်တွေကို ဝေဖန် ထိုးနှက်မှာလည်း ဖြစ်တယ်။ သံချပ်ဝိုင်း ခွင့်မပြုလို့ သင်္ကြန်ကော်မတီက ဆုံးဖြတ်တဲ့ အတွက် မြန်မာလူငယ် အတော်များများ အဲသည့် သင်္ကြန်ပွဲကို မသွားကြဖူး။
သင်္ကြန်ကော်မတီ လူကြီးတွေက ဘာဖြစ်လို့ သံချပ်ဝိုင်းကို ထည့်ခွင့် မပြုရတာလဲ။ အသိသာဆုံး ကတော့ အဲသည့်ကော်မတီမှာ ပါတဲ့လူကြီးတွေက မြန်မာပြည်နဲ့ အမေရိကန်ကို အိမ်ဦးကြမ်းပြင် သွားနေတဲ့သူတွေ ဖြစ်လို့ဆိုတာ သိရတယ်။ တချို့လူကြီးများက ရန်ကုန်မှာ ရင်းနှီးမြှုတ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းများ ရှိတယ်လို့လည်း ကြားရပါသေးတယ်။ သံချပ် ၀ိုင်းများ သင်္ကြန်ပွဲမှာ ပါသွားရင် သူတို့ကို နောက်တခေါက် မြန်မာပြည်ကို ပေးမ၀င်မှာ စိုးရိမ်လို့ ဖြစ်နိုင်တယ် ဆိုတာကို ကောက်ချက်ဆွဲလို့ ရပါတယ်။ သို့သော်လည်း သူတို့ကို ပြန်မေးရမဲ့ မေးခွန်းကတော့ သင်္ကြန်ကော်မတီက မြန်မာစစ်အစိုးရကို ဝေဖန်တဲ့ သံချပ်ဝိုင်းမထည့်ရလို့ တားမြစ်တာမျိုး အမေရိကန်မြေကြီးပေါ်မှာ လုပ်ခွင့်ရှိသလား။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ လူတွေဟာ သူတို့ ထင်မြင်ချက် ဝေဖန်ချက်များ လွတ်လပ်စွာ ဖေါ်ထုတ်ခွင့် ရှိပါတယ်။ အမေရိကန် အစိုးရ ကိုယ်တိုင်တောင် ၀င်တားပိုင်ခွင့် မရှိပါဖူး။ အဲတာကို ဘာဖြစ်လို့ သင်္ကြန်ကော်မတီက သံချပ်ဝိုင်းမပါရလို့ တားရတာလဲ။ တဖက်မှာလည်း ဒီလိုလုပ်တာမျိုးက နိုင်ငံခြားရောက် မြန်မာအသိုင်းအ၀ိုင်းကို စည်းလုံးမှု လျော့ပါးပြီး အချင်းချင်း သွေးကွဲစေပါတယ်။
အမေရိကန် အနောက်ဖက်ခြမ်းက မြန်မာများအနေနဲ့ သင်္ကြန်ကော်မတီက ဒီလိုလုပ်တာမျိုးကို လက်ပိုက်ကြည့် မနေသင့် ဖူးလို့ မြင်ပါတယ်။ မြန်မာ အသိုင်းအ၀ိုင်းကနေ သင်္ကြန်ကော်မတီကို နောက်နောင် သည်လိုမျိုးမလုပ်ဖို့ သတိပေးဖို့ လိုပါတယ်။ အဲသလို သတိပေးလို့မှ မရရင် တရားစွဲဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပါတယ်။ သူတို့နိုင်ငံကို ဥရောပတိုက် နိုင်ငံပေါင်းစုံက လာရောက်အခြေချတဲ့ လူများနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပြီး မျိုးချစ်စိတ် ဆိုတာမျိုးကို အခြေခံပြီးနဲ့ ထူထောင်ခဲ့တာ မဟုတ်ပါ။ လူတိုင်းတန်းတူ လွတ်လပ်ခွင့် ရှိရမယ်ဆိုတဲ့ အချက်နဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လူသားအချင်းချင်း ဖိနှိပ်ချုပ်ချယ်ဖို့ မည်သူမျှ လုပ်ခွင့်မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် ရောက်နေတာတောင် မိုင်ပေါင်းတသောင်းလောက်က စစ်ဗိုလ်ချုပ်တွေကို ကြောက်ရွံ့ နေသေးတဲ့ လူမျိုးတွေကို နောင်နှစ် သင်္ကြန်ကော်မတီမှာ ၀င်မပါဖို့ ပြောင်ပြောင်တင်းတင်း ပြောဖို့ လိုပါတယ်။
မလွတ်လပ်မှုများကို ဆက်လက် သယ်ဆောင်လိုတဲ့ သူများရဲ့ ထင်ရာစိုင်း လုပ်နေတာမျိုးကို လွတ်လပ်မှု မြတ်နိုးတဲ့သူများက သေသေချာချာ ၀င်ရောက်ဟန့်တားဖို့ လိုပါတယ်ဆိုတာ အကြံပြုရင်းဖြင့်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၃ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်။
Wednesday, September 12, 2007
မလွတ်လပ်ခြင်းကို ဆက်လက် သယ်ဆောင်သူများ
Posted by ရွက်မွန် at 9:31 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment