ရွက်မွန်စာမျက်နှာ

Sunday, September 9, 2007

ကျနော်ချစ်တဲ့ အဖိုးကြီးများ (မိုးသီးဇွန်)

တော်
လှန်ရေးကာလ အတွင်းမှာ ကျနော် သက်ကြီးရွယ်အို အဖိုးတွေကို ကြုံတွေ့ခဲ့ရတယ်။
အထူးသဖြင့် ဦးလေးဦးရွှေ၊ ဦးမာဃ၊ ဦးဝင်းမောင်၊ ဦးအောင်စိန် (ယမတေ)၊ အဘ ဦးစိန်သီး၊ ဗိုလ်ကြီးစိုးမင်း၊ အဘ ဦးစိုးထွဋ်တို့ အကြောင်းဖြစ်တယ်။

သူတို့ အပေါ်မှာကျနော် ဆပ်ရမယ့် ကျေးဇူးတွေ ရှိနေတယ်။ သူတို့အတွက် ဘာမှ မယ်မယ်ရရ မလုပ်ပေးနိင်သေးလို့ စိတ်ထဲမှာ မကောင်းဘူး။ သူတို့အကြောင်းကို ကျနော်ပြောပြမယ်။

ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အဖိုးကြီးကတော့ ဦးရွှေဖြစ်တယ်။ ဦးရွှေ ဆိုတာက ဗကသ အမှုဆောင်တဦး ဖြစ်တဲ့ ကိုသူရိန်ရဲ့ အဖေပါ။ ကျနော်တို့ ပေါ်ဦးတို့ကို တူလိုသားလို ချစ်တဲ့အဖိုးကြီး။
အထူးသဖြင့် သူက ကျနော်ကို အတော်သံယောဇဉ် ရှိတယ်။ ၁၉၈၈ ခုနစ် မတ်လ ကျောင်းသားလှုပ်ရှားမှုနဲ့ ဇွန်လ ကျောင်းသားလှုပ်ရှားမှု အပြီးမှာ ကျနော့် နာမည်ထွက် ခဲ့တယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ အဓိပတိလမ်းမ တရားဟော စင်မြင့်ပေါ်မှာ ကျနော်ဟောခဲ့တဲ့ မိန့်ခွန်းက ပေါက်တယ်ပေါ့ဗျာ။

အပေါက်ကောင်းတော့ ပြေးရတယ်ဗျို့။ တရားပွဲပြီးလို့ အိမ်ကို ပြန်မယ်လုပ်တော့ လမ်းထိပ်မှာ သူငယ်ချင်းတယောက်က ပြေးလာပြီး မိုးသီးရေ... မင်းဒိုးတော့ ... မင်းအိမ်မှာ စသုံးလုံးတွေ ရောက်နေပြီလို့ အမောတကောနဲ့ လာပြောသဗျ။
ကျနော်လည်း ချာကနည်း လှည့်ပြေးတော့တာပေါ့။ ထောက်လှမ်းရေးတွေက ကျနော်ကို မတွေ့တော့ ကျနော့် ညီအငယ်ဆုံး ကိုစိုးကို ဆွဲသွားတော့တာပဲ။
ကျနော်လည်း သူငယ်ချင်း အိမ်တွေမှာ တအိမ်ဆင်း တအိမ်တက်လှည့်ပြေး ပုန်းလိုက်တာ ဇွန်လနဲ့ ဇူလိုင်လ အထိ ဆိုပါစို့။

ပုန်းနေရာကနေ ကျနော်က ဗကသ ကြေညာချက်တွေကို ဆက်ထုတ်နေတယ်။ ရဲဘော်တွေက ဖြန့်ချိပေးကြတယ်။ ဇူလိုင်လထဲ ရောက်တော့ သူရိန်က ကျနော်ပုန်းနေတဲ့ မြို့ထဲကိုလာပြီး ဆက်သွယ်တယ်။ သူက သင်္ကန်းကျွန်းမှာ ပြန်လာနေဖို့ ခေါ်တာ။

သူအိမ်မှာ ပုန်းဖို့ဖိတ်ခေါ်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပိုပြီးတော့ ရဲဘော်တွေနဲ့ နီးနီးကပ်ကပ် တွေ့နိုင်တယ်။ တိုင်ပင်နိုင်ကြတယ်။

ဒါနဲ့ သူရိန်အစီအစဉ်နဲ့ သူတို့အိမ်မှာ ကျနော်ပုန်းနေလိုက်တယ်။
ဒီမှာတင် သူ့အဖေကြီးဦးရွှေနဲ့ ရင်းနှီးရတော့တယ်။ သူက အရပ်က ထောင်ထောင်မောင်းမောင်း အသားညိုတယ်။ ပိန်ပိန်ပါးပါ။ သူရိန်လို လူကောင် မညှက်ဘူး။ ခင်ဖို့ အတော်ကောင်းတယ်။ ကျနော်က သူ့ကို ဦးလေးလို့ခေါ်တယ်။

ကိုသူရိန်အိမ်တို့မှာ ကျနော်နေတုံးမှာ ကျနော်တို့ ထုတ်ဝေတဲ့ စာစောင်တွေ ကြေညာချက်တွေကို တနေ့လုံး လိုက်လံ ဖြန့်ဝေပေးတယ်။ မနက်မိုးလင်းတာနဲ့ အဖိုးကြီးက လွယ်အိပ်တလုံးနဲ့ ထွက်သွားတော့တာပဲ။ ညနေမိုးချုပ်မှာ ပြန်လာတယ်။ ကျနော်က သူ့အတွက် စိတ်ပူနေတယ်။

အဲဒီအချိန်မှာ ဇူလိုင်လ ဆိုတော့ ပြောက်ကျားသပိတ်တွေကို ကျနော်တို့ အဆက်မပြတ် ဆင်နွှဲနေတဲ့ အချိန်ပေါ့။ ပြောက်ကျားသပိတ် တိုက်ပွဲတွေမှာ အကသ ကျောင်းသားလေးတွေကို အထူးချီးကျူးဂုဏ်ပြုပါတယ်။ စာတွေ ဝေကြတယ်။ ပိုစတာတွေ ကပ်ကြတယ်။ ဒီကလေးတွေကြားထဲမှာ အိုကြီးအိုမနဲ့ လျှို့ဝှက်စာတွေကို လိုက်လံဝေနေတာတော့ ဦးရွှေပဲ။

သူက နိင်ငံရေးအသိုင်းဝိုင်းက လူကြီးတွေနဲ့လည်း ရင်းနှီးတယ်။ ဦးတင်ဦးနဲ့ ကျနော်ကို သွားတွေ့ခိုင်းပြီး ကျောင်းသား လှုပ်ရှားမှုနဲ့ ရှေ့လုပ်မယ့် အထွေထွေသပိတ်ကြီး အစီအစဉ်တွေကို ဦးတင်ဦးကို သွားဆွေးနွေးခိုင်းတယ်။ ဦးတင်ဦးရဲ့ သဘောထားတွေကို ကျနော်တို့က သိချင်နေတယ်။

သူက ဦးတင်ဦးနဲ့ သွားတွေပြီး ဆွေးနွေးပေးတယ်။
သူပြန်လာတော့ မိုးသီးရေ သတင်းကောင်းကွ။
ဦးတင်ဦးက ပြောတယ်။ မင်းတို့လှုပ်ရှားမှုကို ထောက်ခံတယ်လို့ ပြောတယ်။ အရေးကြုံလာပါက အဆင်သင့် ရှိစေရပါမယ်လို့ ပြောတယ်ကွ။

ကျနော်ဖြင့် ၀မ်းသာလိုက်တာ။ လှုပ်ရှားမှုက ကျနော်တို့ ကျောင်းသားချည်းသက်သက် ဖြစ်နေချိန်မှာ ခုလို လူကြီးပိုင်းက ပါပါဝင်မယ်လို့ စကားက အတိုင်းထက် အလွန်ပါပဲ။

ဦးလေးဦးရွှေက နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ၈ လေးလုံးလှုပ်ရှားမှုကြီး လုပ်တော့မယ့် အစီအစဉ်တွေကို စာပေအသိုင်းဝိုင်းက လူတွေအထိပါ လိုက်လံ ဆွေးနွေးပေးပါတယ်။ စာရေးဆရာ မောင်ကိုယုကိုလည်း သူပဲ ဆွေးနွေးပေးခဲ့တယ်။

သူ့အိမ်မှာ နေတုံးမှာ စားဝတ်နေရေး ကိစ္စတွေကိုလည်း သူကပဲ ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ အဆင်ပြေနေတယ်။ နောက်တော့ ကျနော်တို့ထဲက လှုပ်ရှားတဲ့သူတွေ အိမ်တွေကို ပြန်လို့မရတဲ့ အခြေအနေ တစတစများလာတော့ သူ့အိမ်မှာ ၅ ယောက် ၆ ယောက်လောက်အထိ ဖြစ်လာတယ်။ ဒါကိုသူက မညိုမငြင် ဖွက်ပေးထားခဲ့တယ်။ ကျွေးမွေး စောင့်ရှောက်ခဲ့သဗျ။ ကျနော်တို့ ဇူလိုင်လ တလျှောက်လုံး ဦးလေးဦးရွှေအားကိုးနဲ့ အဆက်မပြတ် တိုက်ပွဲဆင်လာလိုက်တာ နောက်ဆုံးတော့ ၈ လေးလုံးလှုပ်ရှားမှုကြီးဟာ မျက်ဝါးဝါးထင်ထင် ဖြစ်လာတော့တာပဲ။

ကျနော်တို့ ၉ ရက်နေ့ ချီတက်ပွဲမှာ သူရိန်နဲ့ ကိုသက်ထွန်း အဖမ်းခံရတယ်။
ကျနော်တို့ ချီတက်လာတဲ့ စစ်ကြောင်းက ဗဟန်းကြားတောရမှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းတာကို ခံရတယ်။ ကျနော်တို့ ထွက်ပြေးရတယ်။
ကျနော်သူရိန်တို့ အိမ်ကိုပြန်လို့မရ ဖြစ်သွားတယ်။ တမြို့လုံးမှာစစ်သားတွေ ပစ်ခတ်နေတယ်။ ခေါင်းဆောင်တွေကို လိုက်ဖမ်းနေလို့ ကျနော် ကန်တော်လေးက ရပ်ကွက်ထဲမှာ တညလုံး လမ်းတွေထဲမှာ လျှောက်ပြေး ပုန်းနေရတယ်။ တမြို့လုံး ညသန်းကောင်အထိ သေနတ်သံတွေကို ကြားနေရတယ်။

ရန်ကုန်မြို့ကို ပတ်ပျံနေတဲ့လေယာဉ်သံကိုလည်း ကြားနေရတယ်။
မနက်ကျမှ သူရိန်တို့အိမ်ကို ပြန်ရောက်တယ်။ သူရိန်သေပြီဆိုတဲ့ သတင်းက ရောက်လာတယ်။
သူမိသားစုတွေ ငိုကြတယ်။ ဦးလေးက လေးလေးနက်နက် စဉ်းစားနေတယ်။
အားလုံး စိတ်မကောင်းကြဘူး။ နောက်တပတ်လောက်ကြာတော့မှ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးမှ သူရိန်မသေမှန်း သိကြတော့ ကျနော်တို့ ၀မ်းသာကြတယ်။

သူအိမ်လည်း ကျနော်တို့ စားစရိတ်၊ ခရီးစရိတ်နဲ့ စာရွက်စာတမ်းဖိုးတွေကို အိပ်က စိုက်ထုတ်လာရတာများတော့ စီးပွားရေးပါ ထိခိုက်လာတယ်လေ။
ဒါပေမဲ့ ဦးလေးက မညိုငြင်ခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းတယ်။ ပါတီတွေ တည်ထောင်ခွင့်ပြုတယ်။ ကျနော် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့တယ်။ ကျနော်ကို နောက်ဆုံး လိုက်ဖမ်းတော့ လက်နက်ကိုင် တော်လှန်ရေးဖက်ကို ကူးပြောင်းခဲ့တယ်။
သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ကျနော်တောထဲရောက်ပြီး ၄ နစ်လောက်မှာ ဦးလေး ဦးရွှေ ကွယ်လွန်သွားတယ်။

သူ့ကို ကျနော် နောက်ဆုံးတွေခဲ့တာကတော့ သူ့အိမ်မှာ ကျနော်က လက်နက်ကိုင် တော်လှန်ရေးဖက်ကို ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ သူကိုတော့ မပြောပြခဲ့ပါဘူး။ ကျနော် လေးလေးနက်နက် ဖြစ်နေတဲ့အတွက် ဦးလေးက စကား သိပ်မပြောရှာပါဘူး။
ကျနော်ပြန်ခါနီးမှာ ဦးလေးကို နှုတ်ဆက်တယ်။
သူကနေဦး ဆိုပြီး အခန်းထဲကို ထ၀င်သွားတယ်။ ပြီးတော့ သူရဲ့ တိုက်ပုံအင်္ကျီတပတ်နွမ်းကို ကျနော့်ကို ပေးတယ်။ ရော့ .... မင်းနဲ့ တော့တော်မယ်ကွ။ အစည်းဝေးတွေ ရှိရင် ၀တ်ရတာပေါ့လို့ ပြောပြီး သူရဲ့ တိုက်ပုံအင်္ကျီတပတ်နွမ်းကို ကျနော်ကို ပေးတယ်။

ကျနော် တိုက်ပုံကို ယူပြီး ပြန်လာခဲ့တယ်။ ဒါသူ့ကို ကျနော် နောက်ဆုံး တွေ့လိုက်ရတာပဲ။
ဦးလေး ကောင်းရာသုဂတိ လားပါစေ။

ဆက်လက်ဖော်ပြပါမည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.