ရွက်မွန်စာမျက်နှာ

Friday, September 14, 2007

ဘာမထီသိန်းအောင်

ကို
သောင်းဒန်က ရန်ကုန်မြို့ တနေရာမှာရှိတဲ့ ကန်ထရိုက်တိုက်ခန်းများ ဆောက်တဲ့နေရာမှာ အလုပ်ကြပ်။ သူတို့လောက အခေါ်နဲ့ဆိုရင်တော့ ၀ပ်ဆိုက်အင်ချပ်ပေါ့။ အလုပ်သမားများကို ကြီးကြပ်ရသလို ဆောက်လုပ်ရေး အတွက်လိုအပ်တဲ့ သဲ၊ ဘိလပ်မြေ၊ အုတ်၊ သံ အစရှိတဲ့ ပစ္စည်းတွေလိုရင် လိုသလိုဝယ်ယူရတဲ့ အ၀ယ်တော် အလုပ်မျိုးကိုလည်း လုပ်ရတယ်။

ကိုဝင်းကြူကတော့ အငယ်တန်းအင်ဂျင်နီယာ။ သူတို့အလုပ်ထဲမှာ ဆိုရင်တော့ ကိုဝင်းကြူက ကိုသောင်းဒန်နဲ့ တွဲဖက်။ အလုပ်ဆိုက်ထဲမှာ အတူတူလုပ်ကြရသလို ညနေတိုင်လာရင်လည်း အတူတူသောက်ကြတယ်။ သုံးနှစ်၊ လေးနှစ်လောက်အတူတူ တွဲလုပ်လာကြတာ ဆိုတော့လည်း တဦးနဲ့တဦး ပြောမနာ ဆိုမနာ။ ညီရင်းအကိုလို ဆက်ဆံရေးရှိကြတယ် ဆိုရင်လည်း မမှားဖူးပေါ့။

သူတို့အလုပ် ဆိုက်ထဲမှာ ပန်းရံ၊ လက်သမား ကစလို့ အုပ်သယ်အလုပ် ကြမ်းသမားအဆုံး သုံးဆယ်ကျော် လေးဆယ် လောက်ရှိတယ်။ အိမ်ခံအလုပ်သမား တွေကလွဲလို့ နယ်ကလာအ လုပ်လုပ်တဲ့ အလုပ်သမား တွေကတော့ အဲသည့် အလုပ်ဆိုက် ထဲမှာပဲချက်စားကြ အိပ်ကြတယ်။ နယ်ကလာတဲ့ အလုပ်သမား တွေထဲမှာ မကွေးဖက်က လာအလုပ်လုပ်တဲ့ သိန်းအောင်ဆိုရင် သူတို့ထဲမှာ နာမည်ကျော်။ သူ့ကို ဘာမထီသိန်းအောင် လို့လည်း ခေါ်ကြတယ်။

ဘာမထီဆိုတဲ့နာမည် ရပုံကသည်လို။ သိန်းအောင်က ကျောင်းကောင်းကောင်း မနေဖူးပေမဲ့ ဘာမဆိုသူသိ၊ သူတတ် ပြောလွန်းတဲ့အတွက် ရလာတဲ့နာမည်။ ပြောလိုက်ရင်လည်း သည်လောကကြီးမှာ သူမလုပ်ဖူးတာဆိုတာ ဘာမှမရှိ သလောက်ပဲ။ သို့သော် လူကပြုံးပြုံး ပြုံးပြုံးနဲ့ ဘာပဲခိုင်းခိုင်း ဖင်ပေါ့တဲ့အတွက် အလုပ်ဆိုက်ထဲက တာဝန်ရှိတဲ့ လူကြီးများက သူ့ကိုချစ်ခင်ကြတယ်။ အလုပ်သမား အချင်းချင်းကြား မှာတော့ လေကြီးလွန်းတဲ့ သိန်းအောင်ကို ခင်လည်း ခင်တယ်၊ ချဉ်လည်းချဉ်တယ် ဆိုတာမျိုးပေါ့။

သိန်းအောင်လေကြီးပုံကတမျိုး။ ညနေအလုပ်သိမ်းပြီးတော့ ထုံးစံအတိုင်း ကိုသောင်းဒန်နဲ့ ကိုဝင်းကြူတို့ သောက် ဖို့ပြင်ကြတယ်။ သိန်းအောင်က သူ့ဆရာသမား များအတွက် အမြီးလုပ်ပေးရင်း ဘေးကနေ စကားကို ဖေါင်နေ အောင်ဝင်ပြောလေ့ရှိတယ်။ တခါသားမတော့ ကိုသောင်းဒန်နဲ့ ကိုဝင်းကြူ ပဲခူးဖက်မှာဓါးပြ တိုက်သွားတဲ့ အကြောင်းပြောနေတုံး၊ ဘာမထီသိန်းအောင်က ၀င်ပြောတယ်။ ‘ကျနော်လည်း ဓါးပြတိုက်ဖူးတယ်ဗျ’။ ‘မင့်ဟာ ဟုတ်ကဲ့လား သိန်းအောင်ရယ် ’၊ ကိုသောင်းဒန်နှင့် ကိုဝင်းကြူကတပြိုင်နက်မေးလိုက်တယ်။ သိန်းအောင်ကသူ့ ဆရာသမားများ ကိုဒီလိုရှင်းပြတယ်၊ ‘ဒီလိုဗျ ...... ကျနော်တို့အရပ်မှာ အရွယ်ရောက်လာရင် ကာလသား အကြီးတွေက ဦးဆောင်ပြီး လူပျိုပေါက်တွေနဲ့ ဓားပြတိုက်လေ့ရှိတယ်။ သို့ပေမဲ့ စီးပွါးဖြစ်တိုက်တာ မဟုတ်ဖူး။ အပျော်တိုက်ကြတာ။ သုံး၊ လေးကျပ်လောက်ပဲ ယူပြီး ပြန်လာကြတာ။ ရတဲ့ပိုက်ဆံနဲ့ ကြက်သားဝယ်ချက်၊ ထန်းရည် သောက်လိုက်တာပဲ။ အဲသလိုမျိုး ဓားပြတိုက်တာ သုံးလေးခါ လောက်လုပ်ဖူးတယ်။’ ကိုသောင်းဒန်က မယုံနိုင်တဲ့ လေသံနဲ့၊ ‘မင့်ဟာကလဲ သိန်းအောင်ရယ် .... အေးလေ ထားလိုက်ပါတော့။’အဲသည့်အချိန်မှာ ကိုဝင်းကြူက မျက်လုံးကြီးပြူးပြီး သိန်းအောင်ကိုစိုက် ကြည့်နေလေ့ရှိတယ်။

တခါတော့လည်း အမဲလိုက်တဲ့ အကြောင်းပြောနေရင်း သိန်းအောင်က၊ ‘ကျနော်လည်း အမဲလိုက်ဖူးတယ်၊ ရွာမှာတုံးက။ ကျားတောင်ရဖူးတယ်။ ’ လာပြန်ပေါ့တခါ သိန်းအောင်တို့ပြောလိုက်မှဖြင့်။ ဒါနဲ့ ကိုသောင်းဒန်က ‘မင်းတို့မကွေးဖက်မှာ ကျားရှိတယ်လို့ ငါဖြင့် မကြားဖူးပေါင်၊’ ဆိုပြီးထောက်လိုက်တယ်။ ‘မဟုတ်ဖူးဗျ၊ သည်လို။ ဟို .... တောနက်တဲ့ ချင်းရွာတွေဖက်က မျက်စေ့လည်လာတဲ့ကျား’ ဆိုပြီးသိန်းအောက်က ပြန်ပိတ်တယ်။ သည်တော့ ကိုဝင်းကြူက ‘မင်းတယောက်တည်း သွားပစ်တာလား’ လို့မယုံကြည်တဲ့ မျက်နှာပေးနဲ့ ၀င်မေးတယ်။ သိန်းအောင်က လူပါးဆိုတော့၊ ‘အဲလိုတော့မဟုတ်ပါဖူး၊ ကျနော်တို့ ရွာသားတွေအားလုံး ၀ိုင်းလိုက်လို့ရတာ’ ဆိုပြီး လျှောချလိုက်တယ်။ ထုံးစံအတိုင်း ကိုဝင်းကြူက အရက်ခွက်ကို ကိုင်ထားရင်း သိန်းအောင်ကို မျက်လုံးကြီး ပြူးပြီး စိုက်ကြည့်နေတယ်။

သိန်းအောင်က သူချောင်ပိတ်မိနိုင်တဲ့ ကိစ္စမျိုးဆို ၀င်ပြီးလေ မကြီးရဲဖူး။ ဥပမာ၊ ကိုဝင်းကြူနဲနဲ မူးလာရင် ဂစ်တာတီး သီချင်းဆို လေ့ရှိတယ်။ အဲသလိုအချိန်မျိုးမှာတော့ သူလည်းဂစ်တာ တီးတတ်တယ်လို့မပြောဖူး။ ပြောလိုက်ရင် ဟိုက သူ့ကိုတကယ်တီးခိုင်းရင် ဂွကျကုန်မယ်လေ။ ဒါမျိုးတော့ သိန်းအောင်က ၀င်မရှုတ်ဖူး။ မရှုတ်တဲ့အပြင် သူနားထောင် ဖူး သမျထဲမှာ ကိုဝင်းကြူ တီးတာဆိုတာ အကောင်းဆုံး ဆိုပြီး မြှောက်ပင့်စကား ဆိုလိုက်သေးတယ်။

သည်ကြားထဲမှာလည်း လစ်ရင်လစ်သလို သူ့ဆရာများကို သိန်းအောင်က ပညာစမ်းလေ့ ရှိသေးတယ်။ သိန်းအောင် ကျော်လှော်ပေးတဲ့ အမြီးလေးတွေနဲ့ ဆက်ရက်မင်း စည်းစိမ် ယူနေရတဲ့ ကိုသောင်းဒန်နဲ့ ကိုဝင်းကြူတို့ကလည်း သိန်းအောင်အပေါ် ဗွေယူတယ်လို့မရှိပါဖူး။ သိန်းအောင်ပြောလေ့ရှိတာက ‘ဆရာတို့ကောလိပ် ကျောင်းထွက်များ ဟာ အက်ဂျူကေးရှင်းမှာတော့ ဖူးလ်၊ ဒါပေမဲ့ ဂျင်နရယ်နောလစ် မှာတော့ နိုးပဲ’ ဆိုပြီးအင်္ဂလိပ်လိုလည်း ညှပ်ပြောရင်း တခါတခါ ပြန်ပက်လေ့ရှိတယ်။ သည်တော့ ကိုသောင်းဒန်က ‘အံမယ် ..... မင်းကဘာကြောင့် သည်လိုပြောနိုင်ရတာတုံး’။ ‘ဒါဆိုရင် ကျနော်မေးခွန်း တခုမေးမယ်လေ’ ဆိုပြီး သိန်းအောင်က တဆင့်တက်ပြန်တယ်။ ကိုသောင်းဒန်နဲ့ ကိုဝင်းကြူ တယောက် မျက်နှာ တယောက်ကြည့်ရင်း သိန်းအောင်ကို မေးခွင့်ပေးလိုက် ရ တယ်။ ‘ကိုင်း .... ဒါဖြင့်၊ ဘရင်းဂန်းစက်သေနတ်မှာ နတ်ဘယ်နှစ်လုံးပါလဲ ’။ ဒါကသိန်းအောင်ရဲ့မေးခွန်း။

ကိုသောင်းဒန်နဲ့ ကိုဝင်းကြူတို့ နှစ်ယောက်စလုံး ခေါင်းကုတ်ရုံက လွဲလို့ဘာမှ အဖြေမပေးနိုင်ဖူး။ ‘ မင်းကော သိလို့ လား’ ဆိုပြီး ကိုသောင်းဒန်က ပြန်မေးတယ်။ သည်တော့ သိန်းအောင်က ဘရင်းဂန်းစက် သေနတ်မှာ နတ်ဘယ်နှစ်လုံး ပါကြောင်း။ သေနတ်တလက်ဖြစ်ဖို့ရာ ဘယ်နေရာမှာ နတ်တွေကိုဘယ်လို တတ်ထားကြောင်း ဝေေ၀ဆာဆာပြန်ဖြေတယ်။ ကိုဝင်းကြူက ‘မင်းကဒါတွေ ကိုဘယ်လိုလုပ်သိတာလဲ ’လို့ပြန်မေးရတယ်။ ‘ကျနော်က ရွာမှာတုံးက ပြည်သူ့စစ် သင်တန်းတက် ထားဖူးလို့သိနေတာ ’ လို့ဆိုပြီးပြန်ဖြေတယ်။ ဒါ့အပြင် သိန်းအောင်က ဒီလို ထပ်ပြောသေးတယ် ‘ဒါကြောင့်ကျနော် ပြောတာပေါ့။ ဆရာတို့ ကောလိပ်ကျောင်း ထွက်တွေ ဟာ အက်ဂျူကေးရှင်းမှာ ဖူးလ် ဖြစ်ပေမဲ့၊ ဂျင်နရယ်နောလစ် မှာတော့ နိုးပဲ။ ’ ကိုသောင်းဒန်လည်း သိန်းအောင်ကို နိုင်အောင်မ ပြောနိုင်တော့။ ကိုဝင်းကြူကတော့ ထုံးစံအတိုင်း အရက်ခွက်ကိုင်ရင်း သိန်းအောင်ကို မျက်လုံးပြူးကြီး များနဲ့ စိုက်ကြည့်နေတယ်။

နောက်တခါဖြစ်ပုံ ကတော့သည်လို။ ထုံးစံအတိုင်း တညနေမှာ စကားပြောနေကြရင်း လေယာဉ်ပျံတွေ အကြောင်းရောက် သွားတယ်။ သိန်းအောင်က သူ့ဆရာနှစ်ယောက် ပြောနေတာကို နားထောင်ရင်း ဘာပြောသလဲ ဆိုတော့ ‘ဟုတ်တယ်ဆရာ။ ကျနော်ကြုံဖူးတာကိုပြောရဦးမယ်။ မင်္ဂလာဒုံလေ ယဉ်ကွင်းမှာ ကျနော်ပန်းရံ လုပ်ခဲ့တုံးက တခါသားမတော့ လေယာဉ်မှူးက ကျနော့ကိုလေယဉ် ခေါင်းခန်းထဲ တက်ကြည့်ခွင့်ပေးတယ်။ ဒါနဲ့ ကျနော်လည်း ဟိုခလုတ် သည်ခလုတ်တွေ စမ်းနှိပ်ကြည့်နေတုံး၊ ဗြုံးဆိုလေယာဉ်ပျံက စက်နိုးသွားတယ် ... ’ ။ သည်အချိန်မှာ ကိုဝင်းကြူရဲ့အသံကြီးက ဟိန်းထွက်လာတယ် ‘ဟေ့ကောင်.... သိန်းအောင်၊ မင့်လေယာဉ်ပျံ မိုးပေါ်တက်သွားလို့ကတော့ ဒီထင်းချောင်းနဲ့ မင့်ကိုအရိုက်ပဲ ’ ဆိုပြီး မီးဖိုဘေးက ထင်းချောင်းတချောင်းကို လက်ထဲမှာ ကောက်ကိုင်ထားလိုက်တယ်။ သည်တော့မှ သိန်းအောင်က ပြုံးဖြီးဖြီးနဲ့ ‘သည်လိုပါ ဆရာကြူရဲ့ ဘာဖြစ်လို့မှန်းတော့ ကျနော်လည်းမသိဖူး။ လေယာဉ်စက်က ပြန်ရပ်သွားတာ။ အဲတာကိုပြောမလို့ပါ ’ ဆိုပြီးသူ့စကားကို ပိတ်လိုက်တယ်။ အဲသည့်တခါပဲ သိန်းအောင်ကို သူတို့နှစ်ယောက်နိုင်ဖူးတယ်။ ဒီလောက်ဆိုရင် သိန်းအောင်တယောက် ဘာဖြစ်လို့ ဘာမထီဘွဲ့ ရထားသလဲဆိုတာ သဘောပေါက်လောက် ကြပြီထင်ပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာမပြီးသေးဖူး။ အဆက်ရှိနေ သေးတယ်။ ၁၉၈၈ မှာလှည်းနေ လှေအောင်းမြင်းဇောင်း မကျန်ပြည်သူ တွေထွက်လာပြီး ဒီမိုကရေစီအရေး အတွက် ဆန္ဒပြခဲ့ကြတယ် မဟုတ်လား။ အဲသည့်ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ သိန်းအောင်တယောက်လည်း သူ့ဆရာများနဲ့အတူ ပါဝင်ခဲ့တယ်။ ရွှေဂုံတိုင်မီးပွိုင့်နားမှာ အဖြူအစိမ်းကျောင်းသား လေးတွေကို စစ်တပ်က သေနတ်နဲ့ပစ်ခတ် နှိမ်နင်းတုံးက ဒဏ်ရာရတဲ့ ကျောင်းသားလေးတွေကို ၀င်ထမ်းရင်း သိန်းအောင်တယောက် ကျည်သင့်ပြီးသေဆုံးခဲ့ပါတယ်။

အဲသည့်နှစ်များနောက်ပိုင်း ကိုသောင်းဒန်နဲ့ကိုဝင်းကြူ တို့လည်းလူချင်းကွဲသွားပါတယ်။ သူတို့ကန်ထရိုက် တိုက်လုပ်ငန်းများ ရပ်ဆိုင်းသွားတာကလည်း တကြောင်းပေါ့လေ။ မနှစ်က မမျော်လင့်ပဲ သူတို့နှစ်ယောက် မြို့ထဲမှာ ပြန်ဆုံဖြစ်ကြတယ်။ ရှေးဟောင်းနှောင်းဖြစ် တွေပြန်ပြောရင်းနဲ့ သူတို့နှစ်ယောက် တညီတညွတ်တည်း သဘောတူ လိုက်တာကတော့ သိန်းအောင်ဟာတကဲ့ ဘာမထီစစ်စစ် ဖြစ်သွားပြီ ဆိုတာပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၃ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.