လူ
သားတို့ရဲ့ ဆန္ဒအပြင်းပြဆုံး အရာကဘာလဲ ဆိုတာမေးရင် လူ့ဘ၀မှာ လူလိုလူပီပီသသ လူသားဆန်စွာ နေထိုင် သက်ရှင်ခြင်းဆိုတဲ့ အဖြေကို အများစုကြီးက ဖြေမှာမြေကြီး လက်ခတ်မလွဲပါဖူး။ သူများတိုင်းပြည်က ပြည်သူ ပြည်သားတွေကတော့ ဘယ်လိုဖြေမလဲဆိုတာ အတတ်မပြောနိုင်ပေမဲ့ မြန်မာနိုင်ငံတ၀ှမ်းလုံးက ပြည်သူတွေကတော့ လူပီသစွာ လူသားဆန်စွာနေထိုင်လိုတယ် ဆိုတာကို ပြောရဲပါတယ်။
ကနေ့မြန်မာပြည်တွေဟာ လူပီသစွာနေထိုင် ကျင့်ကြံခွင့်မရပါဖူး။ တားမြစ်ပိတ်ပင်ထားတဲ့ အရာတွေကလည်း အများသား မို့လား။ ဒီကြားထဲ နေထိုင်စားသောက်နေရတဲ့ဘ၀ဟာ အဟိတ်တိရိစ္ဆာန်တွေလို နိမ့်ကျလာနေတာကလည်း မငြင်းနိုင်တဲ့ အချက်ပါ။ မြန်မာပြည်ဟာ ရှေးတုံးက သာယာဝပြောခဲ့တဲ့ နိုင်ငံလို့ပြောရင် ဘယ်သူကမှတောင် ယုံနိုင်ဖွယ်မရှိပါဖူး။
ဒီလိုဖြစ်ခဲ့ရတာဟာ မှားယွင်းတဲ့စနစ်တွေ၊ အယူအဆတွေကို လက်ကိုင်ထားခြမှတ်အသုံးပြုခဲ့လို့ ဖြစ်ခဲ့ရတဲ့ အကျိုး ဆက်တွေပဲဖြစ်ပါတယ်။ ရှင်းပါတယ် မှားယွင်းတဲ့စနစ်ဆိုတာကတော့ စစ်တပ်ကို မဏ္ဍိုင်ပြုတဲ့အုပ်ချုပ်ရေး စနစ်ကြောင့်ပါ။ အယူအဆဆိုတာကတော့ ဒို့စစ်တပ်ကသာ တိုင်းပြည်ကိုချစ်တယ်။ သာမန်လူတွေက ဒို့လောက်တိုင်း ပြည်ကိုမချစ်ဖူး။ တိုင်းပြည် ချောက်ထဲကျ မလိုဖြစ်တိုင်း ဒို့စစ်တပ်က ကယ်တင်ခဲ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဦးဆောင်တဲ့ နေရာမှာ နေမှကိုဖြစ်မယ် ဆိုတဲ့အယူအဆပါ။ တပ်မတော်ထဲမှာ ဒီအယူအဆကို တပ်သားငယ်တွေ၊ စစ်ဗိုလ်ငယ်တွေ ဘ၀တည်းက တောက်လျှောက် ရိုက်သွင်းခံလာခဲ့ရပါတယ်။
တကယ်တန်းကျတော့ သာမန်စစ်ဗိုလ်တွေ၊ စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုများ ကိုယ်တိုင်သည်ပင်လျင် မလောက်မငှ ဘ၀မှာစားသောက်နေရတာ စစ်သားတိုင်းအသိပါ။ သည့်အတွက် တိုင်းပြည်မှာအများပြည်သူတွေ လိုလားတောင့်တတဲ့ ဆန္ဒနဲ့အညီ အပြောင်းအလဲရှိဖို့ လိုအပ်တယ်ဆိုတာကို စစ်သားတွေအပါအ၀င် ပြည်သူအများစုကြီးက နားလည် လာခဲ့ပါတယ်။ အဲတာရဲ့အကျိုးဆက်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူတွေတင်မက တပ်မတော်သားများကပါ ပုံအောလို့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တာကို ကြည့်ရင် အထင်းသား မြင်နိုင်ပါတယ်။
သို့သော်လည်း ဗိုလ်ချုပ်နေ၀င်းနဲ့ သူရဲ့နောက်လိုက်အချို့က သည်ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ပါတယ်။ ဒါနဲ့ပဲ တိုင်းပြည်ဟာ အနှစ် (၂၀)နီးပါးထပ်မံလို့ ရေစုံမျောခဲ့ရပါတယ်။ သည်နှစ်များအတောအတွင်းမှာပဲ မြန်မာပြည်ဟာ ဆင်းရဲသထက် ဆင်းရဲလာပါတယ်။ သူတို့က အပြောင်းအလဲကို ကြောက်သူတွေဖြစ်ပါတယ်။ နေမြဲအတိုင်း နေရ စားရတာကို ပိုခုံမင်သူတွေဖြစ်လို့ပါ။ သူတို့ထိပ်ပိုင်းက စစ်ခေါင်းဆောင်တွေကတော့ နေမြဲအတိုင်းစားနေ သောက်နေ ကြီးပွား နေပေမဲ့ အောက်ခြေတပ်မတော်သားများ အပါအ၀င် ပြည်သူတွေကတော့ အနင်းခံရလို့ ပြားသထက်ပြား လာပါတယ်။ လူလိုသူလို နေထိုင်ရခြင်းဆိုတဲ့ ဘ၀ကနေပိုလို့ ဝေးသထက်ဝေးလာပါတယ်။
ဗိုလ်ချုပ်စောမောင် လက်ထက်မှာလည်း ဘာမှထူးမလာပါဖူး။ သူ့ခမျာ ဇာတ်သိမ်းလည်း မလှရှာပါဖူး။ တိုင်းပြည်ဟာ အရင်ထက်ပိုလို့ ဖွံ့ဖြိုးတိုးတက်လာနေ ပါတယ်ဆိုပြီး လည်ချောင်းတထောင်ထောင်နဲ့ အော်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွှန့်တ ယောက်လည်း နောက်ဆုံးတော့ သူ့ဆရာကြီးများလမ်းကို လိုက်ရပါတယ်။ အရှိန်ပြင်းပြင်းနဲ့ အောက်ကို ပြုတ်ကျခဲ့တဲ့သူ တယောက်ပါ။
ဗိုလ်ချုပ်နေ၀င်း လက်ထက်ကတည်းက ပါလာခဲ့တဲ့ အိမ်တော်ပါကျွန်တွေ တယောက်ပြီးတယောက် ဇာတ်သိမ်းကုန်ပါပြီ။ သို့သော်လည်း ကပ်ပြီးကျန်နေတဲ့ တယောက်ရှိပါသေးတယ်။ ကပ်ကျော်ကောင်လို့ပြောရင် ရနိုင်မလားပဲ။ သူကတော့ ဘ၀ရှင်မင်းတရားကြီးစိတ် ၀င်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါပဲ။
တကယ်တန်းပြောရရင် သည်ဗိုလ်ချုပ်မှူးကြီးဟာ တိုင်းပြည်ကို တကယ်ချစ်တာ မဟုတ်ပါ။ သူ့ကိုယ်သူနဲ့ သူ့မိသားစု များကိုသာ ချစ်သူဖြစ်ပါတယ်။ ဒါကြောင့်တိုင်းသူပြည်သားတွေ မွဲသထက်မွဲနေတာကို အေးအေးကလေး လက်ပိုက် ကြည့်နေတဲ့အပြင် သူနေဖို့ နေပြည်တော်အသစ်ကိုတောင် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီးတည်ထားတာ လူတိုင်းအသိ။ တိုင်းပြည်ကို တကယ်ချောက်ထဲ ကျအောင်လုပ်နေတာက ဗိုလ်ချုပ်မှူးကြီးသာ ဖြစ်ပါတယ်။
အခုသည်ရက်ပိုင်းတွေမှာ သံဃာတော်အရှင်သူမြတ်များက ဆင်းရဲတွင်းနက်လာတဲ့၊ လူလိုသူလို ကောင်းကောင်းမွန်မွန် မနေရမစားရတဲ့ ပြည်သူတွေအတွက် အသက်ကိုပဓာနမထားပဲ လမ်းမပေါ်ထွက်လာပြီး ပြည်သူတွေရဲ့ဆန္ဒကို အုပ်ချုပ်သူတွေ မြင်အောင်ကြားအောင် ဖေါ်ထုတ်နေပါတယ်။ အမြို့မြို့ အနယ်နယ် မှာသီတင်းသုံးနေထိုင်တဲ့ ဆရာ တော်သံဃာတော် များလည်း ပါဝင်လာနေပါတယ်။ ဒါဟာဆူပူရေး လုပ်နေတာမဟုတ်ပါ။ တိုင်းပြည်ကိုတကယ်ချစ်လို့ တိုင်းပြည်ချောက်ထဲ မကျအောင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
လူထုလူတန်းစား အသီးသီးကလည်း မကြာခင်မှာ ဆရာတော်များနဲ့အတူ ပိုမိုပူးပေါင်းပါဝင်လာဖို့ အလားအလာရှိ နေတာကိုလည်း တွေ့နေရပါတယ်။ တိုင်းပြည်နဲ့အ၀ှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေပါဝင် လာရင် တပ်မတော်က ဘယ်လိုတုံ့ပြန်မလဲ။ မကြာခင်မှာ တပ်မတော်သားတို့ ဘယ်လဲ၊ ဘာလဲ ဆိုတာကို သိရ တော့မှာ လည်းဖြစ်ပါတယ်။ ပြည်သူတွေကို သွေးထွက်သံယို ဖြစ်သည်အထိ အကြမ်းဖက်နှိမ်နင်းမှာလား။ သို့မဟုတ် ပြည်သူတို့နဲ့ ပူးပေါင်းမှာလား ဆိုတဲ့လားပေါင်းများစွားလည်းရှိနေပါတယ်။
တပ်မတော်သားတို့အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်၊ ချောက်ထဲမကျစေလိုရင် တကယ့်စေတနာ အမှန်နဲ့ လုပ်လို့ရတဲ့ အလုပ်များရှိပါတယ်။ အဲတာတွေက ဘာတွေလဲလို့မေးရင်၊ ဗိုလ်ချုပ်နေ၀င်းရဲ့ နောက်ဆုံးလက်ကျန် ကျေးတော်မျိုး ကျွန်တော်မျိုးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ၀ိုင်းဝန်းဖယ်ရှားလိုက်ရုံပါပဲ။ တကယ်တန်းပြောမယ်ဆိုရင် မျိုးဆက်သစ်တပ်မတော် ခေါင်းဆောင်များက အများစုပါ။ အိုမင်းရွတ်တနေတဲ့ ဗိုလ်ချုပ်မှူးကြီးကို ဖယ်ရှားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရေးပါတဲ့ ခေါင်းဆောင်များနဲ့ စတင်တွေ့ဆုံ စကားပြောခြင်းက အကောင်းဆုံးလို့ ဆိုရပါလိမ့်မယ်။ ဆွေးနွေးအဖြေရှာခြင်းကသာ တိုင်းပြည်ရဲ့အထွေထွေ အခက်အခဲ အကြပ်အတည်းများကို သွေးထွက်သံယို မရှိဘဲ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖယ်ရှားဖို့ အချိန်အခါကောင်း ရောက်လာပြီလို့ဆိုပါရစေ။ ဒါမှမဟုတ် နောက်တနည်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ နေပြည်တော်သစ်က လေယာဉ်ကွင်းသစ်ကနေ အထူးလေယဉ်နဲ့ တရုတ်ပြည် (သို့မဟုတ်) စင်္ကာပူ (သို့မဟုတ်) သူသွားလိုရာကို သွားပါစေတော့။ သူနဲ့လိုက်ပါလိုတဲ့ တခြားဗိုလ်ချုပ်များ ရှိနေရင်လည်း သူတို့ အားလုံးကို အန္တရာယ်မပေးဘဲ အတူတူ သွားကြပါစေ။
သည်နောက်လုပ်ရမဲ့ အလုပ်များကတော့ ပြည်သူများနဲ့အတူ တပ်မတော်သားတို့လက်တွဲပြီး အားလုံးလူလိုသူလို လူသားဆန်ဆန် သက်ရှင်နေထိုင်ဖို့ ဆောင်ရွက်ရန်သာ ကျန်ပါတော့တယ်။ လူသားဆန်စွာ နေထိုင်နိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၂၁ ရက် စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။
Saturday, September 22, 2007
လူသားဆန်စွာနေနိုင်ဖို့
Posted by ရွက်မွန် at 8:22 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment