ရွက်မွန်စာမျက်နှာ

Sunday, September 23, 2007

မြန်မာပြည် နှလုံးသားမဲ့မြေ မဖြစ်စေရ

၂၂
ရက်နေ့ညနေ စောစောပိုင်း (၄) နာရီလောက်က တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ဆီသို့ သံဃာတော် ဆရာတော်အပါး (၂, ၀၀၀)ခန့် စုရုံးရောက်ရှိလာခဲ့တယ်လို့ ကြားသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အိမ်ရှေ့ကိုထွက်ပြီး ဆရာတော်များအား ဖူးမျှော်ခဲ့တယ် ဆိုတာကို ကြားရတော့ ရွှင်လန်းမှု၊ ပျော်ရွှင်မှု၊ အားတက်မှု၊ နိုးကြားမှုဆိုတဲ့ ခံစားချက်တွေ ရင်ထဲမှာ၊ နှလုံးသားထဲမှာ တသိမ့်သိမ့်နဲ့ လှိုက်လှိုက်တက် လာပါတယ်။

ပြီးတဲ့အခါ သံဃာတော် ဆရာတော်များဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကနေ ပြန်လည်ထွက်ခွါ သွားကြပါတယ်။ သြဂုတ်လ (၁၉) ရက်နေ့ ကိုမင်းကိုနိုင်တို့ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်တဲ့ လှုပ်ရှားမှုက စတင်လို့ သည်တလ စွန်းစွန်း ကာလအတွင်း သံဃာတော်ဆရာတော်များ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံရေးနဲ့ လူထုလှုပ်ရှားမှုတွေ နိုင်ငံအနှံ့အပြား ဆက်တိုက်ဖြစ်နေတာ အားလုံးမျက်မြင်ပါပဲ။

ကျနော်တို့ရဲ့ ဒီမိုကရေစီရေး ခေါင်းဆောင်ဖြစ်တဲ့၊ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကို အခုလို သံဃာတော်အရှင်သူမြတ်များ ကြွချီလာတယ်ဆိုတာ တကယ့်မင်္ဂလာရှိတဲ့၊ အားတက်ဖွယ်ကောင်းတဲ့ ဖြစ်စဉ် တခုလို့ ဆိုချင်ပါတယ်။ များမကြာခင်မှာ ဒေါ်စုကိုချစ်ခင်တဲ့ ကျနော်တို့ပြည်သူများ ဒေါ်စုအိမ်ရှေ့ကို လာရောက်စုရုံး နိုင်တော့မယ်လို့ အတတ်ပြောရဲပါတယ်။ အဲသည့်အချိန်ကို နှလုံးသားတို့ ပေါင်းစုမိတဲ့အချိန်လို့ တင်စားရင် လွန်မယ် မထင်ပါဖူး။

အဲသလို နှလုံးသားတို့ လှပစွာပေါင်းစုမိချိန်မှာ တပ်မတော်သားတို့ကလည်း သူတို့ရဲ့နှလုံးသားများကို လူထုနဲ့အတူ လာရောက်စုပေါင်းလိုက်ရင် သည်အလှဟာ ပိုလို့တောက်ပလာမှာပါ။ တကယ်တန်းတော့ တပ်မတော် ဆိုတာကလည်း ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူတွေဖြစ်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူ့မိသားစုဝင် အဖွဲ့အစည်း ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ ရှိနေသင့်တယ်လို့ ဆိုပါရစေ။

တချိန်တည်းမှာ စာပေအနုပညာရှင်လောကက ကိုဇာဂနာတို့၊ ကဗျာဆရာ ကိုအောင်ဝေးတို့ကလည်း အနုပညာရှင် များအနေနဲ့ သံဃာတော်ဆရာတော်များရဲ့ ပြည်သူ့ကိုယ်စား ငြိမ်းချမ်းစွာ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ပြသနေခြင်းကို ထောက်ခံအားပေး ကြိုဆိုနေပါတယ်။ သည်လိုနှလုံးသားလှလှ ပေါင်းစုတဲ့ပွဲမှာ စာပေအနုပညာရှင်များ ဖက်ကလည်း တတပ်တအားပါဝင် လာကြဖို့ သူတို့ကထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်ဆိုတာ ပြည်သူတွေနဲ့ အမြဲထပ်တူရှိစမြဲပါ။

တဆက်တည်းမှာ သံဃာ့တပ်ပေါင်းစုကြီးအနေနဲ့ကလည်း အလုပ်သမား၊ လယ်သမား၊ တပ်မတော်သား အပါအ၀င် လူထုလူတန်းစား အသီးသီး ငြိမ်းချမ်းစွာဆန္ဒပြပွဲကြီးမှာ တတပ်တအားပူးပေါင်းပါဝင်လာကြဖို့ ဆော်သြထားပါတယ်။ နိုင်ငံတော်နဲ့လူထုကြီးတရပ်လုံး ကနေ့ ရင်ဆိုင်နေရတဲ့ များမြောင်လှတဲ့ ပြဿနာများကို ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲ ဖြေရှင်းခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ဆရာတော်တို့က ထပ်မံမိန့်ဆိုထားပါတယ်။ နှလုံးသားတို့ထပ်မံ ကြေကွဲခြင်း မရှိဘဲ၊ သွေးမြေမကျဘဲ ဖြေရှင်းမှသာ မြန်မာပြည်ဟာ နှလုံးသားလှတို့ ပြန်လည် ပေါင်စည်းမိနိုင်မှာပါ။

မြန်မာပြည်ဟာ နှလုံးသားမဲ့မြေ ဖြစ်နေရတာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပါပြီ။ အမိတို့ အဖတို့ရဲ့နှလုံးသားများ ကွဲအက် ကြေမွခဲ့ရတယ်။ အမတို့ ညီမတို့ရဲ့ နှလုံးသားများ ကြေပြုန်းဖူးပါတယ်။ ဇနီးနဲ့ခင်ပွန်းတို့ရဲ့ နှလုံးသားများ တစစီ ဖြစ်ခဲ့ရတယ်။ သားနဲ့သမီးတို့ရဲ့ နှလုံးသားများ ရပ်ဆိုင်းခဲ့ရတယ်။ ချစ်သူတို့ရဲ့ နှလုံးသားများ လုံးလုံးဆုံးရှုံးခဲ့ဖူးတယ်။ အဲသည့် ရလဒ်များကြောင့် ကလေးတို့ဟာလည်း နှလုံးသားမဲ့စွာ မွေးဖွားလာကြတယ်။ မြန်မာပြည်ဆိုတဲ့ မြေကြီး ဟာစိမ်းလန်းစို ပြေပေမဲ့၊ မြန်မာပြည်ဆိုတဲ့ အိမ်ကြီးဟာ လှပပေမဲ့ နှလုံးသားမဲ့ရာဌာနကြီးဖြစ်ခဲ့တယ်။

နှလုံးသားမဲ့သူ လူတစုဟာ အခြားသူများကိုလည်း သူတို့လို နှလုံးသားမဲ့အောင် ရက်စက်ခဲ့ကြတယ်။ နှလုံးသားမဲ့ခြင်း ဆိုတဲ့ လှိုက်စားပိုးတွေ ကူးစက်အောင် ဖြန့်ဖြူးခဲ့တယ်။ သို့သော်လည်း သူတို့ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲကြိုးစား ကြိုးစား နှလုံးသား ကင်းမဲ့ခြင်းကို အဆုံးသတ် ရပ်တန့်စေတော့မဲ့ အသံတွေ၊ လှိုင်းတွေ တရိပ်ရိပ်နဲ့ တက်လာနေပါပြီ။
သတိတမံ ညဏ်မြေကတုတ်ဆိုတဲ့ စကားအတိုင်း မပြီးဆုံးသေးတဲ့ နှလုံးသားလှလှများ ပြန်လည်စုစည်းရေးလုပ်ငန်း အတွက် နေရာပေါင်းစုံကနေ ၀င်လာနိုင်တဲ့ အနှောက်အယှက်များကိုတော့ အထူးသတိထားဖို့လိုပါတယ်။ တညီတညွှတ် ထဲရှိဖို့၊ တသံတည်းထွက်ဖို့ လိုအပ်သလို နှလုံးလှသူများနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ သူများကိုလည်း နွေးထွေးစွာ လက်ကမ်း ကြိုဆိုဖို့လိုပါတယ်။ မေတ္တာနဲ့ခွင့်လွှတ်ခြင်းဆိုတာ နှလုံးသားလှသူများသာ လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။
မြန်မာပြည်ဟာ လှပတဲ့နှလုံးသားတို့ ပေါင်းစုံရာမြေ ဖြစ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံဟာတချိန်က ကွဲကြေခဲ့ရတဲ့ နှလုံးသား များစွာတို့ စုဝေးခဲ့ရာအရပ်ဖြစ်ခဲ့တယ်။ သည်လောက်လှပတဲ့ မြန်မာပြည်ဟာ အနာဂတ်မှာ နှလုံးသားမဲ့မြေ နောက်တကြိမ် မဖြစ်စေရ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၂ ရက် စက်တင်ဘာလ၊ ၂၀၀၇

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.