ရွက်မွန်စာမျက်နှာ

Friday, September 28, 2007

ဒီနေ့အကျဉ်းသား မနက်ဖန်အစိုးရ

လွန်
ခဲ့သော ၁၉ နှစ်က၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတ၀ှမ်းလုံး လှည်းနေလှေအောင်း မြင်းစောင်း၌ပါ မကျန်ဖြစ်ပွါးခဲ့ပါတယ်။ ပြည်သူတို့သည် သူတို့လိုလားသည်များကို လက်နက်ဆို၍ အပ်တိုတချောင်း မကိုင်ဆောင်ပဲ ဆန္ဒပြခဲ့ကြတယ်။ ထိုပြည်သူတို့အား စစ်တပ်မှလက်နက်များသုံး၍ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ရဟန်းရှင်လူ၊ ကျောင်းသားများနှင့် ပြည်သူများ သွေးမြေကြ သေဆုံးခဲ့ရသည်မှာ အမြောက်အများ။

စစ်တပ်၏အကြမ်းဖက်နှိပ်ကွပ်မှု အကျိုးဆက်အဖြစ် ကျောင်းသားလူငယ် အများအပြား စစ်အစိုးရကို လက်နက် ကိုင်၍ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍ နယ်စပ်ဒေသများရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများထံသို့ ဆက်သွယ်ရောက်ရှိလာခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရောက် ရှိလာသော ကျောင်းသားများထဲမှ သူငယ်ချင်းတဦး၏ အဖြစ်အပျက်ကို ပြန်လည် ပြောပြလိုပါတယ်။ သည်အဖြစ် အပျက်ကလည်း နောက်ပိုင်းသူပြန်ပြော၍ သိရခြင်းဖြစ်ပါတယ်။

ထိုသူငယ်ချင်းအား ပြည်တွင်းပြန်လည်ဝင်ရောက်၍ မြေအောက်လုပ်ငန်းများလုပ်ကိုင်ရန် သူ၏အဖွဲ့အစည်းမှ တာဝန် ပေးအပ်ခဲ့တယ်။ ပြည်တွင်း၌ သူလုပ်စရာရှိသည့် တာဝန်များကို ထမ်းဆောင်နေရင်း တချိန်တွင်အဖမ်းခံလိုက်ရပါ တယ်။ စစ်ထောက်လှမ်းရေး၏ ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းမှုကို ခံရပါတယ်။ စစ်ထောက် လှမ်းရေးတို့၏ လူမဆန်စွာ နှိပ်စက်စစ်ကြောမှုအောက်တွင် လပေါင်းများစွာနေခဲ့ရတယ်။ လူတကိုယ်လုံး ပျော့ဖတ်သဖွယ်ဖြစ်အောင် နှိပ်စက်ခံရရုံ သာမက စိတ်ပိုင်းဆိုင်ရာအရ လက်နက်ချအောင်လည်း သူနှိပ်စက်ခံခဲ့ရတယ်။ သို့သော် ထိုအခြေအနေ အားလုံးကို သူသည် ကြံ့ကြံ့ခံ၍ ရင်ဆိုင်ခဲ့ပါတယ်။

ထို့နောက်သူ့အား အကျဉ်းထောင်သို့ အကျဉ်းသမားအဖြစ် လွှဲအပ်လိုက်တယ်။ ထောင်တွင်းမှာ ရှိနေသည့် နှစ်များ စွာအတွင်း စစ်အစိုးရ၏ ထောင်ဝန်ထမ်း နောက်ပိတ်ခွေးတို့ရဲ့ နှိပ်စက်မှုမျိုးစုံကိုလည်း ဆက်လက်ရင်ဆိုင် ရပါသေးတယ်။

တနေ့တွင် ထောင်အရာရှိတဦးမှ သူ့ကိုဤသို့ပြောလာတယ်။ ‘မင်းတို့ကျောင်းသားတွေက ဘာနားလည်လို့ အစိုးရကိုဆန့်ကျင်နေတာလဲ။ နိုင်ငံရေးကိုမင်းတို့ ဘယ်နောက်နားလည်လို့လဲ။ မင်းတို့လောက်ကောင်တွေကို ဒို့ အစိုးရက လက်ချောင်းလေး နှစ်ချောင်းကြားမှာ ထည့်ဖျစ်လိုက်ရုံပဲ’။ အဲသည့်အခါမှာ သူကလည်း ‘ကျုပ်တို့က နိုင်ငံရေးနားလည်တယ်။ နားလည်လို့လည်း အနာခံပြီးလုပ်နေတာ’ လို့ပြန်ဖြေတယ်။ ‘အေး ... ခံပေါ့ကွာ၊ အနာ ခံပြီး ဆက်လုပ်ပေါ့ ဟုတ်လား ခွေးမသားတွေ’ ဆိုပြီးထောင်အရာရှိက ဆဲပြီးပြန်ပြောတယ်။ အဲသည့်အခါမှာ သူက ထောင်အရာရှိကိုဘာဆက် ပြောလိုက်သလဲဆိုတော့၊ ‘ကျုပ်တို့ဘာဖြစ်လို့အနာခံ လုပ်နေသလဲသိလား၊ ကျုပ်တို့ လမ်းစဉ်က ဒီနေ့အကျဉ်းသား မနက်ဖန်အစိုးရ၊ ဒါကြောင့်အနာခံလုပ်နေတာ’ လို့ပြန်ဖြေလိုက်သတဲ့။ သူ့အဖြေ ကြောင့်ထောင်အရာရှိဟာ အံ့အားသင့်သွားပြီး မျက်နှာက ပျော့ပြောင်းသလိုဖြစ်သွားတယ်။ သူပြန်ပြောပြချက်အရ အဲသည့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ နိုင်ထားပြီးကာစကာလ။

အခု ၂၀၀၇ ခုနှစ် လူထုလှုပ်ရှားမှု စနေပြီ။ ရဟန်းသံဃာတော်များက ရှေ့ကအနာခံပြီး ဦးဆောင်ချီတက် နေတာကို တွေ့ရပါတယ်။ အန္တရာယ်မှန်သမျကို ကြံ့ကြံ့ခံ အနာခံ၍ ဇွဲနပဲဖြင့်တောင့်ထားဖို့လိုပါတယ်။ သည်ကာလဟာ ၁၉၈၈ တုံးက လူထုလှုပ်ရှားမှုနှင့် ဆင်တူသော်လည်း အခြေအနေနှင့်ကွာခြားချက် အချို့ရှိပါတယ်။ ဥပမာအားဖြင့် လူထုက ရွေးချယ်ထားသော လူထုခေါင်းဆောင် သတ်သတ်မှတ်မှတ် ရှိလာသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံတကာအသိအမှတ်ပြု ထားသော နိုင်ငံရေးအဖွဲ့အစည်းများ ရှိထားနှင့်ပါတယ်။ တရားဝင်နိုင်ငံရေး ရလဒ်များလည်း ရှိထားပြီးသားဖြစ်တယ်။

နိုင်ငံတကာမှ အကူအညီများ၊ ထောက်ခံမှုများ အထူးလိုအပ်သည်ဖြစ်သော်လည်း မိမိအခွင့်အရေးအတွက် မိမိကိုယ် တိုင်တိုက်ပွဲဝင်ရသည်မှာ သဘာဝဖြစ်ပါတယ်။ မိမိဖက်က အနာခံရသည်မှာလည်း ယခုပင်လက်တွေ့မျက်မြင်ပါပဲ။ သူ ငယ်ချင်း ပြောခဲ့သလို ပြည်သူဆန္ဒနဲ့အတူ ဓွန်တွဲ၍ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရ တရပ်ဖြစ်ရေးအတွက် အားလုံး အနာခံ ရင်ဆိုင်နေရခြင်းပင်ဖြစ်ပါတယ်။

အနာခံမှ အသာစံရမည်ဟူသော မြန်မာစကားပုံရှိသည် မဟုတ်တုံလော။

ဇော်မင်း (လူ့ဘောင်သစ်)
၂၈ ရက် စက်တင်ဘာလ ၂၀၀၇ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.