ရေ
ကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းဒဏ်ခံရခြင်း၊ ငလျင်ဒဏ်ခံရခြင်း အစရှိသော သဘာဝ ဘေးဒုက္ခကပ်များနှင့် ရင်ဆိုင်ရသော အခါများတွင် နိုင်ငံတခုအတွင်းရှိ ထိုဘေးဆိုးများကို ခံစားရသော နိုင်ငံသားတို့အဖို့ စားနပ်ရိက္ခာ၊ ကျန်းမာရေး စသဖြင့် အရေးပေါ် အကူအညီများ လိုအပ်လာလေ့ရှိသည်။
ကူညီပံ့ပိုးဖို့ရန် လိုအပ်သော စားနပ်ရိက္ခာများ ဆေးဝါးပစ္စည်းများ၏ အရေအတွက်သည် ပြည်တွင်းထုတ်လုပ်မှု ပမာဏ အတွင်း ပြည့်မှီသည်ဆိုပါက နိုင်ငံရပ်ခြားမှ တင်သွင်းစရာ မလိုဘဲ ဒုက္ခရောက်နေသူများအတွက် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ရန်အတွက် ပိုမိုလွယ်ကူစေသည်။
ဘင်္ဂလားဒက်ရှ် နိုင်ငံတွင် နှစ်စဉ်လိုလိုမုန်တိုင်းဒဏ်၊ ရေကြီးသည့်ဒဏ်များ ခံရလေ့ရှိသည်။ ၁၉၇၀ ခုနှစ်များ ကစပြီး နိုင်ငံတကာမှ လိုအပ်သော စားနပ်ရိက္ခာများ၊ ဆေးဝါးများမှအစ အ၀တ်အစားအထိ ကူညီလှူဒါန်းကြလေ့ရှိသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အန်ဂျီအိုများ အစရှိသည့်အဖွဲ့အစည်းများသည် အဆိုပါ သဘာဝ ကပ်ဘေးဒဏ်ကို ခံရသော လူများအတွက် လိုအပ်သော အကူအညီများ ပေးခဲ့သည်။ ပေးနေဆဲလည်း ဖြစ်သည်။
လွန်ခဲ့သည့် (၂) နှစ်ခန့်က ပါကစ္စတန် နိုင်ငံတွင် ငလျင်အကြီးအကျယ် လှုပ်သောကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်။ မဆိုင်းမတွပင် နိုင်ငံတကာအဖွဲ့အစည်းများမှ လိုအပ်သောပစ္စည်းများ ထောက်ပံ့၍ ကူညီပံ့ပိုးပေးခဲ့သည်။ လူသားချင်းစာနာ၍ ထောက်ပံ့သော အကူအညီများဖြစ်သည်။ နိုင်ငံရေး နှောင်ကြိုးများ မပါပါ။ သို့သော်ချွင်းချက်ရှိခဲ့သည့် အဖြစ်အပျက်များတော့လည်း ရှိဖူးသည်။ ဒါကလည်း သည်နေ့ခေတ်မှာ မရှိတော့ သလောက် ရှားပါးလှသည်။ ဥပမာအားဖြင့် ၁၉၇၀ ခုနှစ်များက သဘာဝဘေးဒဏ်များကြောင့် ငတ်မွတ်နေသော ဘင်္ဂလားဒက်ရှ် နိုင်ငံသားတို့အတွက် အမေရိကန်အစိုးရမှ ဆန်များအကြီးအကျယ် ကူညီ ထောက်ပံ့ဖူးသည်။ အပြန်အလှန် အားဖြင့် ဘင်္ဂလားဒက်ရှ်အစိုးရသည် အမေရိကန်အစိုးရမှ တားမြစ်ထားသော နိုင်ငံများသို့ ဂုန်လျော်တင်ပို့ ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ ဥပမာ ကျူးဘားနိုင်ငံသို့ ဂုန်လျှော်များ တင်ပို့ခြင်း ရပ်ဆိုင်းခဲ့ရသည်။
သည်လိုမျိုး အဖြစ်အပျက်တွေက စစ်အေးတိုက်ပွဲ ကာလအတွင်း ကမ္ဘာအနှံ့ဖြစ်ပွါးခဲ့ဖူးသည်။ ဤကဲ့သို့ ပြောင်ပြောင် တင်းတင်း စွက်ဖက်မှုမျိုးတွေ ကနေ့ မတွေ့ရတော့သလောက်ပါ။
အလားတူပင် အာဖရိကတိုက်တွင် မိုးခေါင်းရေရှားခြင်းကြောင့် ဘာမှစိုက်လို့မပျိုးလို့မရသည့် နိုင်ငံများမှာ ငတ်မွတ်မှုကို ခံစားနေရသော နိုင်ငံသားများအတွက် ကုလသမဂ္ဂမှ ဦးဆောင်၍ အကူအညီများ ပေးနေသည်။ နိုင်ငံရပ်ခြားအစိုးရများ မှလည်း တိုက်ရိုက်အကူအညီများ ပေးနေကြသည်။ ထို့အပြင် ပြည်တွင်းစစ်ဒဏ်ကြောင့် ငတ်မွတ်နေရသော၊ လုံခြုံစွာ မနေရသော အာဖရိကတိုက်သားများ အတွက်လည်း ကမ္ဘာအဖွဲ့အစည်းများက အလုံးအရင်းနှင့် ကူညီနေတာတွေလည်း ရှိပါသည်။
ဘင်္ဂလားဒက်ရှ် အစိုးရပဲဖြစ်ဖြစ်၊ ပါကစ္စတန် အစိုးပဲ ဖြစ်ဖြစ်၊ အာဖရိကနိုင်ငံများမှ အစိုးရများပဲဖြစ်ဖြစ် ငတ်မွတ်မှုကိုခံစား နေရသော သူတို့နိုင်ငံသားများ အတွက် နိုင်ငံတကာမှ အကူအညီကို တောင်းခံကြသည်။ ပေးနေသည့် အကူအညီများ မလုံလောက်ပါ၊ သည့်ထက်ပို၍ လိုအပ်နေပါသေးသည်ဟုပင် ထပ်မံတောင်းဆိုရန် ၀န်မလေးကြ။
မြန်မာပြည်သို့ ခရီးထွက်၍ ပြန်လာသော ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP မှ အာရှဒေသလုံးဆိုင်ရာ ဒါရိုက်တာ တဦးဖြစ်သူ တိုနီဘန်ဘူရီက ဘန်ကောက်တွင် အောက်တိုဘာလ ၁၈ ရက်နေ့တွင် သတင်းစာ ကွန်ဖရင့် တခု ပြုလုပ်သွားသည်။ ထိုသတင်းစာ ကွန်ဖရင့်တွင် မစ္စတာဘန်ဘူရီက အခုလို ပြောသွားခဲ့သည်။
“ကျနော် မြန်မာပြည်မှာ ခရီးသွားနေစဉ်အတွင်း သတိထားမိတာကတော့ ဘယ်နေရာရောက်ရောက် စိမ်းလမ်းစိုပြေတဲ့ စိုက်ခင်းတွေ၊ လယ်ကွင်းတွေကို မြင်ခဲ့ရတယ်။ သည်လို စိုက်လို့ပျိုးလို့ သဘာဝအရ အခက်အခဲ မရှိတဲ့နိုင်ငံမှာ ဘာကြောင့် နိုင်ငံသားတွေ စားရေရိက္ခာ ရှားပါးမှုကို ရင်ဆိုင်နေရတယ် ဆိုတာ ကျနော် ပထမတော့ နားမလည်နိုင်ခဲ့ဖူး။ အာဖရိကတိုက်က အချို့နိုင်ငံတွေလို မိုးခေါင်ပြီး ကျပ်တည်းကုန်း၊ သဲကန္တရမြေတွေလို ဖြစ်နေရင်တော့ ထားပါတော့။ နောက်တော့ ကျနော်သဘောပေါက်သွားပါတယ်။ ဆန်ထွက်တဲ့အရပ်ကနေ ငတ်မွတ်မှုကို ရင်ဆိုင်နေရတဲ့ ဒေသဖက်တွေကို သယ်ယူပို့ဆောင်ရ ခက်ခဲနေတဲ့ ပြဿနာက အဓိကဖြစ်နေတာကို သွားတွေ့ရပါတယ်။ မြန်မာအစိုးရက ကျနော်တို့ ကုလသမဂ္ဂ ၀န်ထမ်းတွေ ဆန်သယ်ယူတဲ့ ကိစ္စကို ကြည်ကြည်ဖြူဖြူ သယ်ယူခွင့်မပေးပါဖူး။ အင်မတန် ရှုပ်ထွေး ကြန့်ကြာတဲ့ ဗြူရိုကရေစီစနစ်ကို ဖြတ်သန်းရတဲ့အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်နေတဲ့ စားနပ် ရိက္ခာတွေကို လိုအပ်တဲ့သူများဆီ အချိန်မှီဖြန့်ဖြူးခြင်း မပြုနိုင်ခဲ့ပါဖူး”။
သည်လို ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မစ္စတာ ဘန်ဘူရီက ဆက်ရှင်းပြပါသည်။ အာဖရိကတိုက်က နိုင်ငံတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများကို နိုင်ငံခြား ကနေ တင်သွင်းရသည်။ များသောအားဖြင့် ဒုက္ခရောက်နေသော အာဖရိက တိုင်းပြည် အတော်များများသည် သူတို့နိုင်ငံအတွင်းမှာပင် ဘာမှစိုက်လို့ ပျိုးလို့ မရသည့် နိုင်ငံများက ပို၍ များနေသည်။ မြန်မာပြည် အနေအထားက ဆန်ကဲ့သို့ ပစ္စည်းများအတွက် နိုင်ငံခြားမှ တင်သွင်းစရာမလို၊ ပြည်တွင်းဆန် ထုပ်လုပ်သည့် နေရာများမှ ၀ယ်ယူဖြန့်ဖြူးရန်သာ လိုသည်။ သူတို့ WFP ၀န်ထမ်းများအနေဖြင့် တလလျှင် လူဦးရေ (၅၀၀,၀၀၀) အထိ ပစ်မှတ်ထား၍ စားနပ်ရိက္ခာ ဖြန့်ဖြူးရန် စီစဉ်ထားသော်လည်း မြန်မာစစ်အစိုးရမှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် တလတွင် လူဦးရေ (၂၅၀, ၀၀၀) လောက်ကိုသာ ကူညီခွင့်ရကြောင်းလည်း ပြောသွားခဲ့သည်။
သူတို့သွားရောက် ကူညီရမည့် ဒေသများက နယ်စပ်ဒေသများ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အနောက်ခြမ်း၊ ရှမ်းပြည်နယ်နှင့် အပူပိုင်းဇုံ ဒေသများဖြစ်ကြောင်း၊ ယေဘူယျအားဖြင့် ထိုကဲ့သို့ရှားပါးမှုကို ရင်ဆိုင်နေရသော အခြေအနေသည် မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖြစ်နေပွားနေသော်လည်း WFP အနေဖြင့် မြို့ပြဒေသများရှိ လူအများအား ကူညီရန်ထက် နယ်စွန်နယ်ဖျားဒေသများအား ကူညီရန်သာ ဘဏ္ဍာရေး အခြေအနေက ခွင့်ပြုကြောင်း အစရှိသဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အချို့ဒေသများတွင် လူတဦး၏ နေ့စဉ်ဝင်ငွေသည် တဒေါ်လာနှင့် တဒေါ်လာအောက် တွင်သာရှိနေသည့်အတွက် အမှန်တကယ် အကူအညီများလိုအပ်နေသည်။ ထို့အပြင် နယ်စွန်နယ်ဖျား ဒေသများသို့ သွားရောက်ကူညီရန်အ တွက် အစိုးရထံမှ ခရီးသွားခွင့် ပါမစ်များတောင်းခံရခြင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့် တောင်းခံရခြင်း၊ အထူး ပါမစ်များ တောင်းခံရခြင်းတို့အတွက် အချိန်များစွာကုန်၍ ရှည်လျားစွာစောင့်ဆိုင်းရခြင်းတို့သည် စားနပ်ရိက္ခာကူညီခြင်း လုပ်ငန်းအား ကြီးစွာ ဖင့်လေးစေသည်ဟုလည်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
သူတပါး တိုင်းပြည်များတွင် ကိုယ့်တိုင်းသူပြည်သား ငတ်မွတ်နေသည့်အတွက် မရှက်မကြောက်နိုင်ဘဲ ကူညီပါမည့် အကြောင်း ပွင့်ပွင့်လင်းလင်း ပြော၍အကူအညီတောင်းခံနေသည်။ မြန်မာစစ်အစိုးရသည် ကိုယ်တိုင်လည်း မကူညီ၊ ကူညီသည့် သူများကိုလည်း အလုပ်မတွင်ရန် နည်းပေါင်းစုံဖြင့် နှောက်ယှက်နေသည်။ တကယ်တန်းတွင် မြန်မာပြည်သို့ ငတ်မွတ်နေသည်မှာ သဘ၀ကပ်ဘေးများကြောင့် မဟုတ်။ လူလုပ်ကပ်ဘေးများ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများ လုပ်သော ကပ်ဘေးကြောင့်သာ ဖြစ်သည်။ မိမိတိုင်းသူပြည်သားများ ငတ်မွတ်ခေါင်းပါးနေသည်ကို ဘာကြောင့် လက်ပိုက်ကြည့် နေကြသနည်း။ ကိုယ့်အိတ်ထဲက ပိုက်ဆံစိုက်၍ ၀ယ်ကြွေးနေရသည်လည်းမဟုတ်။
တချိန်တည်းမှာတော့ ဗိုလ်ချုပ်များနှင့် သူတို့ အသိုင်းအ၀ိုင်းများသည် မြန်မာနိုင်ငံ၏သယံဇာတများကို ခိုးဝှက်ရောင်းချ နေပြီး သန်းပေါင်းများစွာသော ဒေါ်လာများအား ပုံစံမျိုးစုံ၊ နာမည်မျိုးစုံသုံး၍ စင်္ကာပူမှ ဘဏ်များ၊ ဟောင်ကောင်မှဘဏ် များတွင် အပ်နှံထားကြသည်။ နိုင်ငံတော် အကြီးအကဲ ဆိုသူများ၏ စေတနာများကား ကြီးမားလှပါပေသည်ဟု သာ အရွဲ့တိုက်၍ ဆိုခြင်တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၉ ရက် အောက်တိုဘာလ ၂၀၀၇ ခုနှစ်
Friday, October 19, 2007
လူလုပ် ကပ်ဘေးများ
Posted by ရွက်မွန် at 9:00 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment