ရွက်မွန်စာမျက်နှာ

Thursday, November 15, 2007

အခြား နည်းလမ်းများဖြင့်လည်း ကျော်လွှားနိုင်ပါသေးသည် (အောင်မော်)


ဆောင်းပါသည် စာရေးသူ ကိုအောင်မော်၏ ထင်မြင်ယူဆချက်သာ ဖြစ်ပါသည်။

ပြီးခဲ့သည့် လူထုလှုပ်ရှားမှုများအား စစ်တပ်ဖြင့် နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူတောင်းဆိုထားသည့် အချက်လေးချက်ကို စွန့်လွှတ်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟု ကမ်းလှမ်းခဲ့သည်။ ဤကမ်းလှမ်းမှုနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြောရေးဆိုခွင့်ရှိသူများ၏ သဘောထားများကို မီဒီယာများမှတဆင့် တွေ့မြင်ကြားသိ နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၏ သဘောထား၌ အဓိက အချက်နှစ်ချက်ကို တွေ့ရှိရသည်။ ပထမတချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တောင်းဆိုချက်များသည် ဒေါ်အောင်ဆန်းစုကြည် အနေနှင့်ရော အဲန်အယ်ဒီ၏ မူဝါဒများ အရပါ လုပ်ဆောင်ခဲ့သည့်၊ လုပ်ဆောင်နေသည့် ကိစ္စရပ်များ လုံးဝမဟုတ်ပါသဖြင့် (နဂိုကတည်းက မလုပ်ခဲ့ သည့် ကိစ္စများဖြစ်နေသဖြင့်) စွန့်လွှတ်ရန် မလိုသည့်ကိစ္စဟု ယူဆကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဒုတိယတချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်ဖြစ်သည်။ မဆိုင်းမတွပင် ရှိရှိသမျှသော အတိုက် အခံအဖွဲ့အစည်းများမှ ပြောရေး ဆိုခွင့်ရှိသူများကလည်း အလားတူ သဘောထားမျိုးအပြင် အခြား တောင်းဆိုချက်များကိုပါ ဖြည့်စွက်၍ တန်ပြန် တောင်းဆိုခဲ့ကြသည်။ အတိုက်အခံအဖွဲ့များ၏ ထိုထိုဤဤသော တန်ပြန်တောင်းဆိုချက်များသည် အခြေအနေနှင့် လည်းကိုက်ညီမှုရှိ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စများလည်း ဖြစ်ပေမည်။


ထို့အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကမ်းလှမ်းချက်နှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုးမျိုးကိုလည်း တွေ့မြင်ကြားသိ ရသည်။ တချို့က အချိန်ဆွဲလို၍ဖြစ်သည်၊ တကယ်မတွေ့ဆုံမဆွေးနွေးလိုသဖြင့် မဖြစ်နိုင်သည်ကို စွန့်လွှတ်ခိုင်းခြင်း ဖြစ်သည်၊ ဂမ်ဘာရီကို ကျောသပ်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာကို လှည့်စားရန်ဖြစ်သည် ဟူသည့် အချက်များအပါအ၀င် အသီးသီး အသကသော ဝေဖန်သုံးသပ်ချက်များကို လည်း အလျှံပယ်တွေ့မြင်ကြားသိရသည်။ အတိုက်အခံအဖွဲ့အစည်းများ၏ ထိုထိုဤဤသော ဝေဖန်သုံးသပ်ချက်များသည် အခြေအနေနှင့်လည်း ကိုက်ညီမှုရှိ၍ ကြောင်းကျိုးဆီလျော်မှုလည်းရှိသည့် ကိစ္စများလည်းဖြစ်ပေမည်။

သို့သော် ဇာတ်လမ်းက ဤနေရာတွင် တခန်းရပ်သွားသည်။ (နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် အခြားသော ပဒေသာတောင်းဆိုချက်များကို အပထား) လက်တွေ့၌ ဒေါ်အောင်ဆန်းစုကြည်လည်းမလွတ်၊ တွေ့ဆုံဆွေးနွေးရေးလည်း မဖြစ်။ နိုင်ငံရေးဖြစ်စဉ်သည် လွန်ခဲ့သည့် (၁၉)နှစ်က အတိုင်း (သို့တည်းမဟုတ်) လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကအတိုင်း ဒုံရင်းကိန်း ပြန်ဆိုက် သွားသည်။ နိုင်ငံရေးသည် ဖြစ်စဉ်အရသာ ပိုနေမြဲ -ကျားနေမြဲ။ မြေဇာမြက်များကား တနေ့တခြား ညှိုးသည်ထက် ညှိုးလာနေကြသည်။ ငတ်မွတ်ခေါင်းပါးသူများ တနေ့တခြား များသည်ထက် များလာနေကြသည်။ အေအိုင်ဒီအက်စ် ကမှ ရောဂါပိုးရှိ/မရှိ ဆေးစစ်နေရဦးမည်။ ခုဟာက ရုပ်ကြည့်လိုက်တာနှင့်ကို ငတ်နေမှန်း သိသာ လွန်းနေသူ များ ဒုနှင့်ဒေး တိုးပွားလာနေသည့် ရင်နင့်ဘွယ် ကပ်ဆိုက်မှုကြီး။

မြန်မာပြည်နိုင်ငံရေးသည် အဖြေမရှိသည့် ပုစ္ဆာတပုဒ်တော့ မဟုတ်တန်ရာ။ ဖြစ်ခြင်းဖြစ်လျှင် အဖြေမတွေ့သေးသည့် ပုစ္ဆာ တပုဒ်ပင် ဖြစ်ရပေမည်။ တချို့က လက်နက်ကိုင်သီဝရီဖြင့် တွက်ချက်ရမည်ဟု ဆိုကြ၍ တချို့က အကြမ်းမဖက်သီဝရီဖြင့် တွက်ချက်ရမည် ဟု ဆိုကြသည်။ တချို့က လက်နက်ကိုင်သီဝရီနှင့် အကြမ်းမဖက်သီဝရီ နှစ်ခုကိုပေါင်းစပ်၍ တွက်ချက် ရမည်ဟု ဆိုကြသည်။

တွက်နည်းများ မမှားသည်ကို သိသော်ငြား ခုထိတိုင် အဖြေမှန်မရနိုင်ကြသေးသဖြင့် တချို့က လုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာ အကူအညီကို “မျှော်”ကြသည်။ တချို့က စစ်တပ်ကြီး အကွဲအပြဲကို “မျှော်”ကြသည်။ တချို့က ရှစ်လေးလုံးလို ကြီးမားကျယ်ပြန့်သည့် လူထုလှုပ်ရှားမှုကြီး တခုကို ‘မျော်’ကြသည်။ အတိုက်အခံအဖွဲ့အစည်းများဘက်အနေနှင့် ဆိုလျှင် တော့ မပြောတတ်။ သို့သော် နိုင်ငံရေးလှေသည် ရှေ့သို့လည်း ဆန်မတက်၊ နောက်သို့လည်း စုန်မဆင်း။ ရှေ့မတိုး နောက် မဆုတ်သာ ဟူသည့်အဆင့်၌ပင် အသေရပ်၍ ၀ဲလည်နေသည်။ ချုပ်ပြောရလျှင် နှစ်ပေါင်း (၆၀)ကြာ နိုင်ငံရေး ဇာတ်မျော ကြီး။

ထိုအခြေအနေကို လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့် ဖောက်ထွက်ရန် ရေရှည်စစ်ဆင်ကြသည်။ သို့သော် လက်နက် ကိုင် တော်လှန်ရေးအနေဖြင့် တပြည်လုံးကို ထိုးစစ်ဆင်တိုက်ခိုက်ရန်ထက် စစ်တိုင်းတတိုင်းကို တိုက်ခိုက် သိမ်းပိုက်၍ ထိန်းချုပ်နိုင်သည့် အခြေ အနေတွင်မရှိသေး။ မိမိတို့အခြေခံ ဒေသမျှား ရန်သူ့လက်မကျရောက်စေရေးအတွက် ရွေ့လျား လှုပ်ရှား၍ ပြောက်ကျားဆန်ဆန် ခုခံ ကာကွယ်နေရသည့် ခုခံစစ် အဆင့်၌ပင် ရှိနေသေးသည်။ သူ့အကန့်အသတ် နှင့်သူ ကြံ့ကြံ့ခံရပ်တည်နေရသည့် အခြေအနေ။

ထိုအခြေအနေကို အကြမ်းမဖက်နည်းဖြင့် ဖောက်ထွက်ရန် ပြည်တွင်းမှ (၈၈)မျိုးဆက်ကျောင်းသားများနှင့် ရဟန်းသံဃာ များ ကြိုးစားကြသည်။ သို့သော် ပစ်ခတ်ဖမ်းဆီးမှုနှင့် ဖြိုခွဲခံခဲ့ကြရသည်။ အနှစ်နှစ်အလလ လျှို့ဝှက်စုစည်းထားသည့် အမာခံများ (တချို့ အဖမ်းခံရ၊ တချို့ မြေအောက်သို့ တိမ်းရှောင်ရ၊ တချို့ နယ်စပ်ထွက်ပြေးရ စသဖြင့်) မိသားစုလိုက်ပါ ကစဥ့်ကလျား ဖြစ်ခဲ့ကြရသည်။

ထို့အတူ တတိယသီဝရီတခုဖြစ်သည့် လက်နက်ကိုင်လှုပ်ရှားမှုနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးသီဝရီဖြင့်တွက်ချက်ရန် အခွင့် အလမ်းတခု ပေါ်ခဲ့သေး သည်။ သို့သော် ရှိနှင့်ပြီးလက်နက်ကိုင်တပ်ပေါင်းစုနှင့် လောလောလတ်လတ် လူထု လှုပ်ရှားမှုတို့ ဟန်ချက်ညီ မပေါင်းစပ်နိုင်ခဲ့ကြသဖြင့် တွက်နည်း မှန်သော်ငြား အဖြေမှန်ရရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန်မှာ ပို၍သေချာသွားသည်။

ဤကဲ့သို့ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေသည့် နိုင်ငံရေးအခြေအနေ (တနည်း) နိုင်ငံရေးဇာတ်မျောကြီးကို ကိုယ်သန်ရာ အသေရပ်၍ တွက်ချက် နေခြင်းထက် “အခြားနည်းလမ်းများနှင့်လည်း ကျော်လွှားနိုင်ပါသေးသည်”ဟူသည့်အချက်ကို လက်ခံစဉ်းစား၍ ဖောက်ထွက်သင့်ကြပြီဟု ထင်မိသည်။ “အခြားနည်းလမ်းများ”ထဲ၌ “တွေ့ဆုံဆွေးနွေးရေး” နည်းလမ်း သည် ပကတိ နိုင်ငံရေး အခြေအနေနှင့် ကိုက်ညီမှုလည်းရှိ၊ လက်တွေ့လည်း ကျ၍ လုပ်နိုင်စွမ်းလည်း ရှိသည်ဟု ထင်မိ သည်။ ဤသည်ကို အတိုက်အခံအဖွဲ့အစည်းများ အနေဖြင့် မသိမဟုတ်၊ သိကြပေမည်။ မလုပ်လိုခြင်းမဟုတ်၊ လုပ်ဆောင် လိုကြပေမည်။ သို့သော် ကိုယ့်ဘက်က အသာရစေလိုသည့်ဆန္ဒ (သို့) ကိုယ့်ဘက်က မနာရစေလိုသည့် ဆန္ဒတို့ကြောင့် ကန့်ကွက်/ပယ်ချနှင့် အကောင်အထည်မပေါ်နိုင်သေးခြင်း ဖြစ်မည်ထင်သည်။

ကိစ္စမရှိ။ ယခုဗိုလ်ချုပ်မှူးကြီးသန်းရွှေက စတင်ကမ်းလှမ်းလာပြီဖြစ်သည်။ ဤကမ်းလှမ်းချက်နှင့်ပတ်သက်၍ အတိုက်အခံ အင်အားစုများ၏ အထွေထွေသဘောထားများ၊ ပဒေသာတောင်းဆိုချက်များနှင့် အသီးသီးအသကသော ဝေဖန်သုံးသပ် ချက်များကို အများသိရှိပြီးလည်းဖြစ်သည်။ ဤအချက်များနှင့် ပတ်သက်၍ ကျနော့်အနေဖြင့် ဘာမျမပြောလို။ သို့သော် ကျနော်အာရုံစိုက်သည်မှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး။ ဤနေရာ၌ သေချာမှုတခုကိုပြောချင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြန်ကြိုးတုပ်၊ မျက်လုံး အ၀တ်စည်း၊ ပါးစပ် ပလာစတာဖြင့်ပိတ်၍ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ရမည်မဟုတ် ဆိုသည့် အချက်ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ရောင်းစားရေးထက် တိုင်းပြည်ကောင်းစားရေးလုပ်နေခြင်းကို လူထုလည်း သိသည်၊ တကမ္ဘာလုံးလည်း သိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရဖြုတ်ချရေးထက် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးလုပ်နေခြင်းကို လူထုလည်းသိသည်၊ တကမ္ဘာလုံးလည်းသိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပြည်ထောင် စနစ်ထက် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် လုပ်နေခြင်းကို လူထုလည်းသိသည်။ တကမ္ဘာလုံးလည်းသိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သွေးချောင်းစီးရေးထက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း ရေးအတွက် လုပ်နေခြင်းကို လူထုလည်းသိသည်။ တကမ္ဘာလုံးလည်းသိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလုံးစုံ ကြေပြုန်းရေးထက် သင်ပုန်းချေရေးနှင့် အာဃာတကင်းစင်ရေး အတွက် လုပ်နေခြင်းကို လူထုလည်းသိသည်။ တကမ္ဘာလုံး ကလည်း သိသည်။

အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးရေးဖြစ်သည်။ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်နိုင်ငံရေး၌ ဦးဆောင်မှုအခန်းမှ ပါဝင်ခွင့်ပေးရေးဖြစ်သည်။ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ဦး ခေါင်းဆောင်မှု နေရာပေး၍ လုပ်ပိုင်ခွင့် ပေးအပ်ရေးဖြစ်သည်။ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ခွင့် ပေးရေးဖြစ်သည်။ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကဲ့သို့ ယုံကြည်ကိုးစားရေးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုအကြား ရရှိထားသည့် နားလည်မှုမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုအကြား တည်ဆောက်ထားသည့် ယုံကြည်မှုမျိုး မည်သည့်နိုင်ငံရေးသမားမျ မရနိုင်သလို မည်သူမျ ချေဖျက်၍လည်း မရနိုင်ဟု ထင်မိသည်။ ဒေါ်အောင်ဆန်းစုကြည်ရရှိထားသည့် လူထုထောက်ခံမှုမျိုး တရုတ်သမတလည်း မရရှိနိုင်သလို၊ အမေရိကန်သမတလည်း မရရှိနိုင်ပေ။

ဆိုကြပါစို့။ စစ်အစိုးရ၏ တောင်းဆိုချက်ထဲ၌ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ပေးရမည်ဟူသည့်အချက်ပင် ပါဝင်စေဦး တော့။ မှုစရာမလို။ နောက်ထပ် ရွေးကောက်ပွဲအသစ် အကြိမ်တရာပဲလုပ်လုပ်၊ လူထုဆန္ဒခံယူပွဲ အကြိမ်တရာပဲ လုပ်လုပ် ဒေါ်အောင်ဆန်းစုကြည် ပင် ထောက်ခံမဲအများဆုံး ရရှိဦးမည်မှာ မြေကြီးလက်ခတ်မလွဲ။ သူမသည် လူထု၏ ယုံကြည် ကိုးစားမှုကို အနက်ရှိုင်းဆုံးရရှိထားသူ။

အတိုက်အခံများအနေဖြင့် မိမိတို့သဘောထားကို ထုတ်ပြန်ကြေညာပြီးလျှင် မိမိတို့တာဝန်ကျေပြီဟု မယူဆတန်ရာ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်ကို အဆင့်တဆင့်သို့ တွန်းတင်နိုင်လိုက်မှသာလျှင် လူထုကိုကိုယ်စားပြုရာရောက်သည်ဟု ယူဆတန်ရာ၏။ မိမိတို့၏ အခန်းကဏ္ဍကိုလည်း ထိထိရောက်ရောက် ဖော်ဆောင်ရာရောက်သည်ဟု ယူဆတန်ရာ၏။

ကျနော်ထင်သည်။ အတိုက်အခံများ၏ လိုလားချက်များ၊ ပြည်သူများ၏ လိုလားချက်များတင်မက ပထ၀ီနိုင်ငံရေး၏ လိုလားချက်များအပြင် စစ်အစိုးရ၏လိုလားချက်များ၊ ထက်အောက်တပ်မှူးတပ်သားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လိုလားချက်များကိုပါ ထဲထဲဝင်ဝင် သိရှိနေနိုင်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တခုလုံးကို လွှမ်းခြုံနိုင်မည့် အချိုးအကွေ့တခုကို ပဲ့ကိုင်နိုင်ပေလိမ့်မည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိမ်းညွှတ်မှု ကဲလွန်းသည်ဟူ၍ မှတ်ချက်ပြုသူများရှိမည်ဆိုပါက ဗိုလ်ချုပ်အောင်ဆန်းအပေါ် နက်နက်ရှိုင်းရှိုင်းယုံကြည်ကိုးစားခဲ့ဖူးသည့် ကျနော်တို့ရှေ့မှ မျိုးဆက်များအား အပြစ်တင် ရမည်လောမပြောတတ်။

သေချာသည်မှာ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်သည် မည်သည့်နည်းနှင့်မျှ အာဏာရှင်မဖြစ်နိုင်။ ထို့အတူ မည်သည့်နည်းနှင့် မျှလည်း အာဏာရှင် အလိုကျ မဖြစ်နိုင်။

အောင်မော်
အောက်တိုဘာ၊ ၂၁၊ ၂၀၀၇။

1 comment:

Unknown said...

hello fine leaves,
this post is very good and i also agree with you.i think dialogue is only way in this time for our country.we should not base on our emotion thinking about our country future.
hta2

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.