မ
နေ့က အာစီယံချာတာနဲ့ပတ်သက်လို့ ပို့စ်တခုတင်လိုက်ပါတယ်။ တင်လိုက်တဲ့ အကြောင်းကလည်း အာစီယံချာတာဟာ သွားမပါတဲ့၊ တနည်းဆိုရမယ်ဆိုရင် အကျိုးသက်ရောက်မှု နည်းလွန်းလှတဲ့ သဘောတူညီချက် ပုံဖေါ်ခြင်း တရပ်သာ ဖြစ်တဲ့အကြောင်းပါ။
ကနေ့ ဘန်ကောက်ပို့စ်မှာ အဲသည့်ကိစ္စနဲ့ ပတ်သက်လို့ သတင်းပါလာပါတယ်။ သတင်းခေါင်းစဉ်ကတော့ (Burma backs toothless charter) အဆိပ်မရှိတဲ့ တနည်းဆိုရသော် အစွယ်မရှိတဲ့ ချာတာအား မြန်မာစစ်အစိုးရမှ ထောက်ခံခြင်း ဆိုတဲ့ ခေါင်းစဉ်ပါပဲ။ ထောက်ခံမှာပေါ့။ အာစီယံချာတာဟာ လူ့အခွင့်အရေးနဲ့ လူသားတို့မှာမရှိမဖြစ် လိုအပ်တဲ့ အခြေခံ လွတ်လပ်ခွင့် များကို မြှင့်တင်မယ်၊ ကာကွယ်ပေးသွားမယ်လို့ ဆိုပေမဲ့ အာစီယံအဖွဲ့ဝင် နိုင်ငံများ အချင်းချင်း အကြားမှာ တဦးနဲ့တဦး အိမ်တွင်းရေး ပြဿနာများကို ၀င်ရောက် မစွက်ဖက်ရေး ဆိုတဲ့ သဘောတူညီချက်နဲ့ ပြန်ချုပ်ထားတာကိုး။
မညှာတမ်း ကောက်ချက်ဆွဲရရင် အာစီယံချာတာဟာ နိုင်ငံတကာက ပညာရှင်များ ထောက်ပြထားသလို ဘာမှစွမ်းဆောင် ပေးနိုင်မဲ့ အနေအထား မရှိပါ။ ခွေလှေးခုံလို့ ဖုံမထတဲ့ သဘောတူညီချက်တွေလို့တောင် ပြောလို့ရပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ကြီးက ရေးဆွဲကျင့်သုံးနေတဲ့ သဘောတူညီချက်များနဲ့ကတော့ ဆီနဲ့ရေလို ကွာခြားလွန်းလှပါတယ်။
လူသားတွေရဲ့ နစ်နာချက်တွေကို ကာကွယ်ပေးရမဲ့ အရေးကြီးတဲ့ အချက်အလက်များကို တဦးနဲ့တဦး မစွက်ဖက်ရေး ဆိုတဲ့ အချက်နဲ့ ပြန်ပြီး ၀ိုင်းကြီးချုပ် ချုပ်ထားပါတယ်။ အာစီယံသဘောတူညီချက်မှာ ဘာအနှစ်သာရမှ မရှိပါ။ (နအဖ) စစ်အစိုးရ လိုချင်တဲ့ပုံစံနဲ့ ကွက်တိပါပဲ။ ဒါကြောင့် ဓာတ်ပုံထဲမှာ စစ်အစိုးရ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် ပြုံးပြုံးကြီး လုပ်နေတာ လဲ တွေ့ရပါသေးတယ်။
ဒီကြားထဲမှာ ဦးအောင်ဘွားဆိုတဲ့ စစ်အစိုးရရဲ့ သံတမန်တဦး ဘယ်လိုပြောသလဲဆိုတော့ “အခုကျနော်တို့မှာ အလွန် ကောင်းမွန်တဲ့ ချာတာ သဘောတူညီချက်တခု အာစီယံအဖွဲ့ဝင်များ အကြားမှာရှိလာပါပြီ။ သည့်အတွက်လူတိုင်း ပျော်ရွှင်ကြလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒီချာတာမှာ ပါဝင်တဲ့ သဘောတူညီချက်များဟာ အလွန်ပဲ သဟဇာတရှိပြီး မျှတပါတယ်။” သည်လိုဆွဲထားတဲ့ ချာတာကြီးဟာ သဟဇာတ မဖြစ်ဖူး၊ အာဏာရှင်များကို ထွက်ပေါက်ပေးထားတယ် ဆိုတာ အသိဉာဏ်ရှိသူတိုင်း သဘောပေါက်ပါတယ်။
အာစီယံချာတာ သဘောတူညီချက်များ ကိုထပ်မံအတည်ပြုဖို့အတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ ပါလီမန်များကနေ တဆင့် ဆက်လက်ဆောင်ရွက်ဖို့ လိုပါသေးတယ်။ အဲသည့်လုပ်ငန်းစဉ်အတွက် တနှစ်ခန့် အချိန်ကြာနိုင်တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ ပါလီမန် အခုအထိ မရှိသေးပါ။ ရုပ်သေးပါလီမန်တောင် မရှိသေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲတာကြောင့် မြန်မာရဲ့ ပါဝင်မှုက ဘယ်လိုဖြစ်လာမလဲ ဆိုတာစိတ်ဝင် စားဖို့ကောင်းပါတယ်။ ဒါကြောင့် တနှစ်အတွင်း မြန်မာ စစ်အစိုးရ အဖို့ အမြန်ဆုံး ပါလီမန်တခု ထူထောင်မလားဆိုတာ မေးဖို့ကောင်းတဲ့ မေးခွန်းပါ။ သို့မဟုတ်ပါက အခြားအဖွဲ့ဝင် ကိုးနိုင်ငံက ပါလီမန် မရှိသေးတဲ့ မြန်မာနိုင်ငံကို ခွေးဝင်စားလို သဘောထားပြီး သူတို့ဝိုင်းဆုံးဖြတ်မယ် ဆိုရင်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။
အာဆီယံချာတာ အသစ်ဟာ ကိုက်စရာသွားမပါတဲ့ ခွေးတကောင်လို ဖြစ်နေကြောင်း ပါမောက္ခ ဂျယ်ရမီဆာကင်က မနေ့က ထောက်ပြခဲ့ပါတယ်။ သည်နေ့မှာလည်း ဂျီနင်နာဂျွိုင်း ရှာဗက် ဆိုတဲ့ အမျိုးသမီး ပညာရှင်တဦးက အာစီယံ ချာတာဟာ အမှန်တကယ် လိုအပ်နေတဲ့ အမြင်များ မပါပဲ ရေးဆွဲထားတဲ့ သဘောတူညီများသာ ဖြစ်ကြောင်း ကောက်ချက်ဆွဲ ထားပါတယ်။ ဂျီနင်နာဂျွိုင်းဟာ Global South အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တဦးဖြစ်သလို (Action for Economic Reforms) အဖွဲ့ကြီးမှာလည်း နာယကအဖွဲ့ဝင်တဦးဖြစ်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်တုံးက အာစီယံချာတာ ရေးဆွဲဖို့ဆွေးနွေးခဲ့ကြပါတယ်။ အဲသည်တုံးကတော့ အာစီယံချာတာမှာ အဖွဲ့ဝင် တွေ လိုက်နာရမဲ့ စည်းမျဉ်းများ၊ တာဝန်များ၊ တာဝန်ရှိမှုများ ဘယ်လိုဘယ်ပုံ ပါဝင်ရေးဆွဲမယ်ဆိုပြီးတော့ အာစီယံ ခေါင်းဆောင်များ (မြန်မာစစ်ဗိုလ်များမပါ) ဆွေးနွေးခဲ့ပါတယ်။ သို့သော် အဲသလို အရေးကြီးတဲ့ အချက်တွေဟာ အထူးသဖြင့် မြန်မာစစ်အစိုးရကို ငဲ့နေရတဲ့အတွက် အသက်မ၀င်၊ အလုပ် မဖြစ်ဘဲ အဖျားရှုးသွားရတယ်လို့ ဂျီနင်နာဂျွိုင်းက ထောက်ပြထားပါတယ်။ အရှေ့တောင်အာရှအသင်းကြီး (သို့) အာစီယံအဖွဲကြီးဟာ သူဖြေဆိုတဲ့ ပထမဆုံးစာမေးပွဲ ကျရှုံး သွားခဲ့ပြီလို့ ဂျီနင်နာဂျွိုင်းက တင်စားပြောခဲ့ပါတယ်။
မြန်မာကိစ္စတခုတတည်းသက်သက်ကြောင့် အာစီယံချာတာဟာ အလုပ်မဖြစ်တဲ့ ဖော်မြူလာလို့ ဆိုတာမဟုတ်ပါဖူး။ အာစီယံချာတာမှာ ပျောက်ဆုံးနေတဲ့ အခြားကိစ္စများလည်း အများအပြားရှိနေပါသေးတယ်။ ဥပမာအားဖြင့် ဒေသတွင်း ဆက်လက်တည်ရှိနေတဲ့ နိုင်ငံရွှေ့ပြောင်း အလုပ်သမားများ ပြဿနာများကို အလေးပေး ထည့်သွင်းထားခြင်း မရှိတာကို တွေ့ရပါတယ်။ လိင်ခွဲခြားခံရမှုနဲ့ အမျိုးသမီးများအခွင့်အရေး စတာတွေကိုတော့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ သူ့ရဲ့ လက်ထောက် နှစ်ယောက် ဆက်လက်ဆောင်ရွက်ရန်ဆိုပြီး တာဝန်ကိုလွှဲ ထားပါတယ်။
လူ့အခွင့်အရေးကော်မတီကစလို့ ဖွဲ့စည်းပုံအတိုင်း ရှိနေတဲ့ ကော်မတီများကို လုပ်ပိုင်ခွင့်များ ပေးထားတယ်လို့ ဆိုပေမဲ့ ဘယ်လိုဆောင်ရွက်နိုင်မလဲ ဆိုတဲ့အသေးစိတ် အချက်အလက်များကို ချာတာမှာ ဖေါ်ပြထားခြင်းမရှိပါဖူး။ အဲသလို လိုအပ်နေတဲ့ အချက်များကို ၀န်ကြီးများအဆင့် ဖြေရှင်းရမဲ့ နယ်ပယ်ထဲမှာ ချန်လှပ်ထားခဲ့တာမို့ ကော်မတီများဟာ ရုပ်သေးရုပ်များလိုသာ ဖြစ်နေပါတယ်။ ကော်မတီအသီးသီးဟာ လုပ်ပိုင်ခွင့်အာဏာ မရှိပါဖူး။
ဈေးကွက်စီးပွါးရေးရဲ့ အလိုအတိုင်း ရေးဆွဲထားတဲ့ သဘောတူညီချက် ချာတာ ဆိုရင်လည်း မမှားပါဖူး။ ယခင်က နိုင်ငံတကာ ကနေ မျှော်လင့် ထားသလို အဆင့်အတန်း မြင့်မားတဲ့ ချာတာဖြစ်မလာပဲ ယောယိမ်းလိုက် ဘသားယိမ်းလိုက် ဆိုတဲ့ မည်ကာမတ္တ သဘောတူညီချက်များသာ ဖြစ်နေပါ တော့တယ်။
အမှန်တကယ် လိုအပ်နေတာကတော့ ခေါင်းဆောင်များ သက်သက်ဝင်ရေးဆွဲတဲ့ ချာတာမျိုးမဟုတ်ဘဲ အရှေ့တောင် အာရှ နိုင်ငံများက နိုင်ငံသား များကိုယ်တိုင် လွတ်လပ်စွာ ပါဝင်ပူးပေါင်းရေးဆွဲပြီး ပေါ်ပေါက်လာမဲ့ ချာတာမျိုးသာ ဖြစ်ပါတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၂၀ ရက်၊ နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်။
Tuesday, November 20, 2007
ခေါင်းဆောင်များသာရေးဆွဲသည့် ချာတာသည် ပြည်သူများအတွက်မဟုတ်ပါ
Posted by ရွက်မွန် at 9:08 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment