အာ
စီယံ အဖွဲ့ဝင်နိုင်ငံများက အာစီယံ လူ့အခွင့်အရေး သဘောတူညီချက်တခုနဲ့ လူ့အခွင့်အရေးကော်မတီ တခုကို အာစီယံချာတာမှာ ထည့်သွင်းပြီး သည်ဒေသအတွင်း လူ့အခွင့်အရေးမြှင့်တင်ပေးမယ်ဆိုတဲ့ ချဉ်းကပ်မှုဟာ ကြားရသူများ အဖို့ အားရစရာလို့ ဆိုနိုင်ပါတယ်။
ပြီးခဲတဲ့ နှစ်များစွာအတွင်းမှာ အာရှနိုင်ငံ အတော်များများဟာ အာရှဒေသအတွင်း လူ့အခွင့်အရေး ကင်းမဲ့နေခဲ့တဲ့ အခြေအနေများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ အဲသလို ဆွေးနွေးတဲ့ နေရာမှာ လူ့အခွင့်အရေးဆိုင်ရာ အကာကွယ်ပေးမှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများ အားနည်းနေသေးတာကို အထူးပြု ဆွေးနွေးခဲ့ ကြပါတယ်။ ဒီလိုလူ့အခွင့်အရေးနဲ့ ပတ်သက်နေတဲ့ အချက်အလက် များကို အာစီယံချာတာမှာ ထည့်သွင်း ရေးဆွဲမယ် ဆိုတာကလည်း ပထမဦးဆုံးလှမ်းရမဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ အာဖရိက၊ အမေရိကနဲ့ ဥရောပများမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့များမှာ လူ့အခွင့်အရေး စောင့်ရှောက်မှု ပိုမိုတိုးတက် လာရေးနဲ့ အကာကွယ်ပေးရေး တို့ဟာ သဘောတူညီချက်များအဖြစ် ရှိနေခဲ့ပြီးဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒီလိုအကာကွယ်ပေးဖို့ စောင့်ရှောက်ဖို့ဆိုတဲ့နေရာမှာ အားကောင်းတဲ့အခြေအနေများ ရှိနေသလို အလွန် အားနည်းနေဆဲဖြစ်တဲ့ အခြေအနေများကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အချို့နိုင်ငံများမှာ လူ့အခွင့်အရေး စောင့်ရှောက် ကာကွယ်ပေးမှုဟာ အားကောင်းလာပေမဲ့ အချို့သော နိုင်ငံများမှာ အားနည်းနေဆဲ ဖြစ်ပါတယ်။ အားနည်းနေဆဲ ရှိသော်ငြားလည်း လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးမဲ့ အဖွဲ့များ၊ သဘောတူညီချက်များ ရှိနေတယ် ဆိုတာကတော့ ဘာမှမရှိတာထက် စာရင် အများကြီး တော်သေး တယ်လို့ ဆိုရမှာပါပဲ။
မကြာခင်ရက်ပိုင်းအတွင်းမှာ ချမှတ်တော့မဲ့ အာစီယံချာတာဟာ အာစီယံအဖွဲ့ဝင် နိုင်ငံများရဲ့သဘောတူညီချက်နဲ့ ချမှတ်မှာ ဖြစ်ပါတယ်။ အဲသလို ချမှတ်ပြီးတာနဲ့ အသက်ဝင်အားကောင်းလာဖို့ ဆိုတာကတော့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ ရှေ့မှာဘယ်လို ဆက်ပြီး ဆောင် ရွက်ကြမလဲ ဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ချိုးဖောက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေ ရှိလာခဲ့ရင် ဘယ်လို ဒဏ်ခတ်အရေးယူမယ်ဆိုတဲ့ ဥပဒေမျိုးတွေ အာစီယံချာတာမှာ မပါတာကတော့ စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ အဲသလို ချိုးဖောက်တဲ့ နိုင်ငံများ ရှိလာရင် ဘယ်လိုအရေးယူမယ် ဆိုတဲ့ အပိုင်းကတော့ ရေရေရာရာမရှိပါ။ သက်ဆိုင်ရာ အာစီယံနိုင်ငံခေါင်းဆောင်များက သင့် တော်သလို ကြည့်လုပ်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ တစ်ဆို့နေသလို ဖြစ်နေတာကို တွေ့ရပါတယ်။
အားလုံးသိတဲ့အတိုင်းပါပဲ အာစီယံအဖွဲ့ကြီးမှာ မြန်မာနိုင်ငံ အပါအ၀င် အသင်းဝင် (၁၀) နိုင်ငံပါဝင်ပါတယ်။ သည်ဆယ်နိုင်ငံ အတွင်းမှာ အာစီယံချာတာ သဘောတူညီချက်တွေဟာ ခိုင်မာအားကောင်းဖို့လိုပါတယ်။ အဆိုပါ သဘောတူညီချက်များကို မလိုက်နာတဲ့ အသင်းဝင် နိုင်ငံကို ပြင်းထန်စွာဝေဖန်ဖို့ (သို့) အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ထားဖို့ (သို့) အဖွဲ့အ၀င်အဖြစ်က ထုတ်ပယ်ဖို့ ဆိုတာမျိုးကိုတော့ အချို့ အာစီယံ ခေါင်းဆောင်များက အကြံတော့ ပြုထားပါတယ်။
အာစီယံချာတာရဲ့ မူလရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံများအကြားမှတဆင့် ဒေသတွင်း၌ ဒီမိုကရေစီကျယ်ပြန့်လာစေဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိလာဖို့၊ ဥပေဒေစိုးမိုးရေးအားကောင်းဖို့ဖြစ်ပါတယ်။ အဲတာတွေအပြင် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေ မြှင့်တင်ပေးရေး၊ ကာကွယ်ပေးရေးတွေလည်း အစရှိသဖြင့် ပါဝင်ပါတယ်။ သို့သော်လည်း အခြားနိုင်ငံများရဲ့ အိမ်တွင်းရေးကို ၀င်ရောက် မစွက်ဖွက်ရေး ဆိုတဲ့မူကလည်း တဖက်မှာ ပါနေပြန်ပါတယ်။ အဲသလို သူတပါး အိမ်တွင်းရေး ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့မူဟာ အာစီယံ အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းဆောင်ရည်ကို ကျဆင်းစေမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက် မလဲဆိုတဲ့ အပေါ်မှာ အာစီယံအဖွဲ့ကြီးအနေနဲ့ အကန့်အသတ်တွေကို အကြီးအကျယ် ရင်ဆိုင်ရမှာလဲ ဖြစ်ပါတယ်။
အဲသည့်အတွက် အာစီယံချာတာဟာ ဆုံးဖြတ်ချက်များ ချမှတ်မယ်လို့ စဉ်းစားဆောင်ရွက်တိုင်း အားလုံးသဘောတူရဲ့လား ဆိုတာကို ပြန်ငဲ့ကြည့်ရတဲ့ အတွက် ချာတာဟာ ရေးဆွဲထားပေမဲ့ အသုံးမ၀င်သလို ဖြစ်နေနိုင်ပါတယ်။ အဲတာကြောင့် နိုင်ငံတကာအလယ်မှာ အာစီယံချာတာဟာ မျက်နှာငယ် ရပြီး ဂုဏ်သိက္ခာ ကျဆင်းမှုကိုလည်း ရင်ဆိုင်နိုင်ရပါတယ်။ အစဉ်အဆက် ဆိုသလိုပဲ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ရတိုင်း အာစီယံ အနေနဲ့ မအောင်မမြင် ဖြစ်ရတာတွေကလည်း အတိတ်မှာ သက်သေ အမြောက်အများ ရှိခဲ့ပြီးသား ဖြစ်တာကို တွေ့ရပါတယ်။
အခုဖြစ်ပေါ်လာတော့မဲ့ အာစီယံချာတာမှာ ပါဝင်မဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များဟာ အာစီယံအဖို့ ဘယ်လောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကို စိန်ခေါ်နေပါတယ်။ တိုတိုပြောရရင် အာစီယံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တကယ်ကော စွမ်းရဲ့လားလို့ စောင့်ကြည့်ရမဲ့ ကိန်းဆိုက်နေပါတယ်။
အာစီယံ အဖွဲ့ဝင် နိုင်ငံများဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပါဝင်ဆောင်ရွက်ပေးချင်တဲ့ သဘောသကန် ရှိနေပေမဲ့ အနောက်နိုင်ငံများက ပြဌာန်းတဲ့ စီးပွားရေးပိတ်ဆို့မှု ကျပြန်တော့လည်း လက်ခံဖို့ဝန်လေးနေပြန်ပါတယ်။
ချုပ်ပြီးဆိုရရင်တော့ အာစီယံချာတာဟာ ဒေသတွင်းမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးဖို့၊ ကာကွယ်ဖို့ ရည်စူးထားပေမဲ့ တကယ်တမ်း အကောင်အထည်ဖေါ်ဆောင်ရွက်မဲ့ လူ့အခွင့်အရေးကော်မတီကိုတော့ လိုအပ်တဲ့ လုပ်ပိုင်ခွင့်ပေးမထားပြန်ပါ ဖူး။ ကိုက်ဖို့သွားမပါတဲ့ ခွေးတကောင်လို ဖြစ်နေပါတယ်။ စက္ကူကျားလို့ ခေါ်ပြန်ရင်လည်း မမှားပါဖူး။
အမှန်ကတော့ မြန်မာနိုင်ငံကိစ္စက သည်ကာလမှာ ရှေ့ကိုရောက်နေလို့ မြန်မာကိစ္စကို နမူနာထားပြီး ပြောနေရတာ ဖြစ်ပါတယ်။ အခြား အာစီယံနိုင်ငံများမှာလည်း လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ ပြောရရင် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ပျောက်ဆုံးသွားတဲ့ ထိုင်းလူမျိုး လူ့အခွင့်အရေး ရှေ့နေ စုံချိုင်းလို ကိစ္စမျိုးတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေး ရှေ့နေစုံချိုင်းဟာ မွတ်စလင်ဘာသာဝင်ဖြစ်ပါတယ်။ စုံချိုင်းဟာ လူ့အခွင့်အရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်နေစဉ်မှာ တိတ်တဆိတ် ဖမ်းဆီးသတ်ဖြတ် ဖျောက်ဖျက်ခံရတယ်လို့ ဆိုကြပါတယ်။ ၂၀၀၃ ခုနှစ်အတွင်းကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုင်းလူမျိုး ၂,၀၀၀ ကျော်ဟာ လမ်းမများ ပေါ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့လည်း ကြားခဲ့ရပါတယ်။ သို့သော် ထိုင်းလူ့အဖွဲ့အစည်းမှာ တကယ့် မူးယစ်ရာဇာ များကတော့ လွတ်နေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဆိုတဲ့အကြောင်းအရာများက ဖယ်ထုတ်ထားလို့ မရတဲ့အတွက် အာစီယံချာတာမှာ ထည့်သွင်း နေရတာမျိုးပါ။ တကယ်တန်းပြောရရင် အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီဆိုတာ စီးပွားရေး ဖွံ့ဖြိုးဖို့ ဆိုတာရဲ့ နောက်မှာသာ ရှိနေပါသေးတယ်။ အရှေ့တောင်အာရှရဲ့ ခေါင်းဆောင်များအကြားမှာ ကတယ်ရှိနေတဲ့ အမြင်ကတော့ တရုတ်ရဲ့အမြန်နှုံးနဲ့ တက်လာတဲ့ စီးပွားရေး ဖြန့်ကျက်မှု အန္တရာယ်ကို စိုးရိမ်လို့သာ အာစီယံ စုဖွဲ့မှုကို ဒိုင်းသဘောမျိုးထားပြီး ခုသာခံသာ ရှိအောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။ အာစီယံဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အတိုင်းအတာ အထိ အကျိုးပြုနိုင် မလည်း ဆိုတာကို စောင့်ကြည့်ဝေဖန်ဖို့တော့ လိုပါတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၉ ရက်၊ နိုဝင်ဘာလ ၂၀၀၇
စာကိုး။ ။ ပါမောက္ခ Jeremy Sarkin ၏ နိုဝင်ဘာ ၁၉ ရက် ဘန်ကောက်ပို့စ်၌ ပါရှိသော Toothless Charter Will Hurt ASEAN Credibility ဆောင်းပါးမှ ကိုးကားရေးသားပါသည်။ ဆောင်းပါးရှင် ပါမောက္ခ ဂျယ်ရမီဆာကင်သည် တောင်အာဖရိကနိုင်ငံသားဖြစ်၍ အနောက်ကိပ်တောင်း တက္ကသိုလ်တွင် နိုင်ငံတကာဥပဒေဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။ လွန်ခဲ့သော ၇ နှစ်ခန့်က ထိုင်းမြန်မာနယ်စပ် အခြေစိုက်သော အဖွဲ့အစည်းများသို့လာရောက်၍ တောင်အာဖရိက နိုင်ငံ၏ အသွင်ကူးပြောင်းရေးဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဟောပြော ပို့ချခဲ့ဖူးသည်။ လက်ရှိတွင် ပါမောက္ခ ဂျယ်ရမီဆာကင်သည် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Tufts University ၌ တာဝန်ထမ်းဆောင်နေသည်။
Tuesday, November 20, 2007
သွားမပါတဲ့ အာဆီယံချာတာ
Posted by ရွက်မွန် at 9:13 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment