ရွက်မွန်စာမျက်နှာ

Sunday, November 25, 2007

ပြောင်းလဲမှုတိုင်း အကောင်းဖက်ကို ဦးတည်သလော


ကြာခင်ကာလတုံးက မြန်မာပြည်မှာ နိုင်ငံရေး ဖွံ့ဖြိုးပြောင်းလဲခြင်း ဖြစ်စဉ်တခုဖြစ်ခဲ့ပါတယ်။ အားလုံးသိပြီးသား ဖြစ်တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကြီးဖြစ်ပါတယ်။ နှိမ်နင်းခံခဲ့ရတာ ရက်စက်လွန်းလို့ နိုင်ငံတကာက တောင် ပြောယူရတဲ့အထိ ဖြစ်ခဲ့ခြင်းပါ။

အဲသလို နှိပ်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ အပြီးမှာ စစ်အစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကား ပြောမယ် ဆိုပြီးဖြစ်လာပါတယ်။ သည်လိုဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး ပြောင်းလဲဖြစ်ထွန်းရ ခြင်းအကြောင်းဟာ
ပြည်တွင်းက ပြည်သူအပေါင်းတို့ရဲ့ တိုက်ပွဲဝင်မှုပါ။ နှစ်ပေါင်းများစွာ လူနဲ့တောင်မတူအောင် နစ်နာခံစားနေရတဲ့ လူထုများရဲ့ တုံ့ပြန်မှုလို့ ဆိုလျှင်လည်းမမှားပါဖူး။

တရုတ်တို့ ကုလားတို့က သိပ်မလှုပ်၊ သိပ်မပြောပေမဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှု အထွေထွေကို စစ်အစိုးရ လက်ခံယူရပါ တယ်။ အဲသလိုဖြစ်လာခဲ့တဲ့ ပြောင်းလဲမှုတချို့ကို ကျနော်က မြန်မာပြည်ရဲ့ လတ်တလော နိုင်ငံရေးတိုးတက် ပြောင်းလဲခြင်း လို့ဆိုခဲ့ပါတယ်။ ဒါက မြန်မာပြည်အတွင်းမှာ အခြေပြုပြီး ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်တွေပါ။

တချိန်တည်းမှာလည်း မြန်မာပြည်ပြင်ပမှာလည်း ဖြစ်ထွန်းမှုတွေ၊ ပြောင်းလဲမှုကို ဦးတည်နေတဲ့ ကြိုးပမ်းမှုတွေကို မြင်နေရ၊ ကြားနေရပါတယ်။ အဲသလို ဖြစ်ထွန်းမှုတွေကို ကြိုးပမ်းနေသူတွေကတော့ နယ်စပ်တလျှောက်က လူတွေအဖွဲ့အစည်းတွေပါ သလို နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာအဖွဲ့အစည်း တချို့လည်း ပါနေကြပါတယ်။

ကြားရတဲ့သတင်းကတော့ ဒီလိုပါ။ အဲသည့်အဖွဲ့အစည်း အသီးသီးက ပြောနေကြတာကတော့ သာမန်လူတွေ သာမက နိုင်ငံတကာ ကပါ လူရိုသေရှင်ရိုသေဖြစ်စေမဲ့ ဖွဲ့စည်းပုံကတခုကို သည်လိုအချိန်မျိုးမှာလုပ်ဖို့ လိုနေပြီလို့ ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ သည်လို နိုင်ငံရေး အကွေ့အပြောင်း တခုဖြစ်ခဲ့တာကို သည်အတိုင်း လက်ပိုက်ကြည့်နေရင် ကိုယ့်ဖက်က ရှုံးတယ်လို့ဆိုပြီး ပြောနေတဲ့ သုံးသပ်နေတဲ့လူတွေကလည်း ရှိတာကိုး။ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုကို သည်အတိုင်းထားလိုက်ရင် အကင်းသေသွားမှာ စိုးတဲ့ အတွက် ပြည်ပမှာလူရိုသေ ရှင်ရိုသေ အဖွဲ့ကြီးတဖွဲ့ ဖွဲ့ဖို့ လိုကြောင်း ပြောနေကြတာပါ။ သူတို့ပြောတာကတော့ ပြည်တွင်းမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် သည်လို အဖွဲ့ကြီးမျိုး ဖွဲ့မယ်ဆိုရင် မလွယ်ကူတဲ့အတွက် တချို့ကလည်း သည်စိတ်ကူးကို ထောက်ခံကြပါတယ်။ မထောက်ခံတဲ့ သူတွေလည်း အနည်းနဲ့ အများ ဆိုသလို ရှိကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ အဲသလို လူရိုသေရှင်ရိုသေ အဖွဲ့ကြီးကို ဖွဲ့လိုက်ရင် နိုင်ငံတကာက ၀ိုင်းကူမဲ့အခြေအနေတွေ အရိပ်အရောင်တွေ ရှိနေကြောင်း ရှင်းပြနေတဲ့သူတွေလည်း ရှိပါတယ်။ လောက်လောက်လားလား ကူလိမ့်မယ် ဆိုပြီး လည်း သတင်းတွေက ဖြစ်နေတာကိုး။ ဒါကိုမယုံတဲ့သူတွေ ရှိပေမဲ့ ယုံတဲ့သူတွေက အများစု ဖြစ်နေတယ် ဆိုပြီးလည်း အသံတွေ ထွက်နေတယ်။ တချို့ကတော့ အဲသလို အဖွဲ့ကြီးတခုထပ်ဖွဲ့မှာကို လက်မခံကြပါဖူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့မှာ တုံးကလည်း အဖွဲ့တွေဖွဲ့ထားခဲ့ ပြီးတာရှိနေတာကို ထောက်ပြကြပါတယ်။ သို့သော်လည်း နိုင်ငံတကာ ကနေ ကြီးကြီးမားမား လောက်လောက်လားလား ကူမယ်ဆိုရင်တော့ ရလာမဲ့အကျိုးအမြတ်ကို ကြည့်ပြီး နောက်ထပ် အဖွဲ့ကြီး တခုဖွဲ့မှာကို အရင်က ကန့်ကွက်ခဲ့ သူတွေထဲကလည်း ပြန်လည်ထောက်ခံသူတွေ ပေါ်လာပါတယ်။

အဲသည့်အဖွဲ့ကြီးမှာ ကြီးသည်ငယ်သည်မဟူ၊ ဖြူသည်မဲသည်နှင့်လည်းမဆိုင်၊ တောင်ပေါ်မြေပြန့်လည်း မခွဲခြား အကုန်ပါ နိုင်သည်ဟုလည်း သတင်းကပြေးနေတယ်။ ဖြူဖြူမဲမဲပုပုရွရွ အားလုံးကိုလည်း လက်ခံမည်။ သည်လိုဆိုရင် ဒီအဆိုကို အားလုံးကလည်း လက်ခံနိုင်သည်မို့ သည်အဖွဲ့ကြီး ဟာမဆိုးလောက်ပါဖူးဟု ကာကွယ် ပြောသူတွေလည်း ပေါ်လာနေပါ တယ်။

သာမန်အားဖြင့်ပြောလျှင် ကြည့်လျင်တော့ အားလုံးအတွက် သည်အဖွဲ့ကြီး ဖြစ်ထွန်းပေါ်ပေါက် လာသင့်သည်ဟု ဆိုကောင်း ဆိုနိုင်ပါတယ်။ သို့သော် ပြဿနာတခုကတော့ဖြင့် ရှိနေပါသေးတယ်။ အဲတာက တခြားတော့ မဟုတ် ထိုအဖွဲ့ကြီးနှင့် အလားသဏ္ဌာန်တူသော အဖွဲ့ကြီးတခုကလည်း အစောကြီးကတည်းက ရှိနေနှင့်ပြီးဖြစ်ပါတယ်။ ထိုအဖွဲ့ကြီးကို ဖွဲ့ထားတာခဲ့ တာကလည်း မကြာခင် နှစ်(၂၀) တောင်ပြည့်တော့မယ်။ အရင်အဖွဲ့က သူ့သဘော သူနှင့်သူ ဖျက်သိမ်းမပေးပါက နောက် အဖွဲ့ကြီးကို ဘယ်လိုဖွဲ့ကြမည်နည်း။ ဒါမှမဟုတ် အရင်အဖွဲ့ကြီးနှင့် နောက်ဖွဲ့မည့် အဖွဲ့ကြီးတို့ ကြည်ကြည်သာသာနှင့် ပူးပေါင်းလုပ်ကြမည်လော။ ဒါကလည်း မသေချာ။ ပေါင်းလုပ်ကြပြန်ရင်လည်း နိုင်ငံတကာမှ လာမည် ဆိုသော အကူအညီ များကို ဘယ်လိုမျှမျှတတ ခွဲဝေကြမည်နည်း။

ကိုင်း....အေးအေးချမ်းချမ်း ခွဲဝေလိုက်ပြီဆိုပါတော့။ ဝေချမ်းပြီးသောအခါ အသီးသီး ရရှိလာသော ထိုအကူညီများသည် ဘယ်ကိုရောက်သွားပြီး ဘာလုပ်ကြမည် ဆိုတာကို ဘယ်သူကရှင်းပြမည်နည်း။ စက်တင်ဘာ ကစခဲ့သော ပြည်တွင်း နိုင်ငံရေးရေချိန် ကျဆင်းမသွားအောင် ထိုအကူအညီများဖြင့် ကြားကန်၍သုံးရမည်ဟုဆိုသော သူများက ဆိုနေပါတယ်။

မည်သို့ပင်ရှိစေကာမူ ပြောစရာတွေကတော့ ရှိနေသေးတယ်။ ကျနော် ကြားခဲ့ဖူးသော ဇာတ်လမ်းတခုကို ကြားခဲ့သလို နိုင်းယှဉ်၍ပြောခြင်ပါတယ်။

ရှေးတုံးက တောအုပ်တခုမှာ တောခွေးအုပ်များ အများအပြား မှီတင်းနေထိုင်ကြပါတယ်။ တောခွေးတို့ ထုံးစံအတိုင်း လျှင်သူက စားစတမ်းမို့ အုပ်မတောင့်သော တောခွေးအုပ်များကား ပိန်လှီသေးကွေးကြပါတယ်။ လစ်ရင်လစ်သလို တအုပ်နှင့်တအုပ် တိုက်ခိုက်ကြတာကလည်း မဆန်း။ တောခွေးတို့သဘာဝ သူ့အုပ်စု ကိုယ့်အုပ်စုနှင့် နေကြပါတယ်။ တခြားတောခွေးများကို သူတို့အုပ်ထဲသို့လွယ်လွယ်နှင့် အ၀င်မခံပါ။ သို့သော်လည်း ပြောရမည်ဆိုလျင် တောခွေးမှန် သမျှသည် ဘာအရောင်ရှိရှိ တောခွေးသာဖြစ်ကြပါတယ်။ သို့သော် တောခွေးများကား မညီညွတ်ကြ။ ကိုယ်ရသည့် အရိုးလေး ကိုယ်ချီ၍ လုံခြုံသည့်နေရာတွင် နှပ်နေကြသည်က များပါတယ်။

တနေ့သောအခါ တောခွေးများအတွင်း အိုင်ဒီယာတခု ရလာကြပါတယ်။ ဒါကတော့ အခြားမဟုတ်။ ဘာကြောင့် ဒို့ တောခွေး များ ညီညီညွတ်ညွတ် မလုပ်နိုင်ရမည်နည်းဟူသော ဆွေးနွေးချက်ဖြစ်ပါတယ်။ သည်လိုဆိုရင် တောခွေး အပေါင်းတို့ တက်ညီ လက်ညီ အလုပ်လုပ်နိုင်စေရန် အဖွဲ့ကြီးတခုဖွဲ့ဖို့ လိုသည်ဟု ဆွေးနွေးလာကြပြန်ပါတယ်။ ဒါဖြင့်ရင် အဲသည့် အဖွဲ့ကြီး ကို ဘယ်လိုဖွဲ့ကြမလဲဟု ခေါင်းခြင်းရိုက်ကုန် ကြပါတယ်။ ညဏ်ကောင်းသော အချို့ခွေးများက သည် လိုဆိုရင်တော့ အကောင်းဆုံးက အားလုံးသောတောခွေးများဆိုင်ရာ ညီလာခံ ကျင်းပဖို့လိုသည်ဟု အကြံပေးလာ ခြင်းပဲ ဖြစ်ပါတယ်။ သည်အဆိုကို အားလုံးက တညီတညွှတ်တည်း သဘောတူလိုက်ကြပါတယ်။

သို့နှင့် တောခွေးညီလာခံကြီး ဆင်ယင်ကျင်းပကြပါတယ်။ ညီလာခံ စတင်ကျင်းပသော နေ့တွင် ညီလာခံကျင်းပသည့် နေရာ၌ တောခွေးအုပ်ပေါင်းစုံ ညီလာခံတက်ရန် ဆိုက်ရောက်လာကြပါတယ်။ တောခွေးပေါင်းစုံ စုံညီသောနေ့လို့ ပြောရင်လည်း မမှားပါဖူး။

ခွေးနက်၊ ခွေးပြာ၊ ခွေးကျား၊ ခွေးဝါ၊ ခွေးညို၊ ခွေးပု၊ ခွေးရှည် စသဖြင့် စုံလင်လှပါတယ်။ မွှေးရှည်ခွေး၊ မွှေးတုံးခွေးများလည်း မြေခွေး၊ ၀ံပုလွေ တို့နဲ့အတူ တတန်းထဲ ထိုင်နေကြပါတယ်။ တောခွေးညီလာခံကြီးဟာ တောအုပ်ထဲမှာ တရုန်းရုန်း ဖြစ်နေပါတယ်။

ဆွေးနွေးသူ တောခွေးအသီးသီးက ဘာကြောင့် သည်ညီလာခံကြီးကို ခေါ်ရတဲ့အေကြောင်း အာပေါင်အာရင်း သန်သန်နဲ့ ပြောကြပါတယ်။ ကျုပ်တို့တောခွေးတွေ မညီညွှတ်လို့ကတော့ အနာဂတ်မှာ တောခွေးတွေ ဘုံပျောက်လိမ့်မည်ဟု သွယ်ဝိုက် ချိမ်းချောက်သလိုလို ဟောသူ တောခွေးများလည်း ပါပါတယ်။ တောခွေးများရဲ့ ဆွေးနွေးချက်တွေ အားလုံးကတော့ ညီညွှတ် ရေးကို အထူးအလေးပေး ဟောကြတာပါပဲ။ အဲသလို ညီညွှတ်ကြမယ် ဆိုရင်ဘာဖြစ်လို့ တစုံလုံးဆိုင်ရာ တောခွေးအဖွဲ့ကြီးကို မဖွဲ့နိုင်ရမှာတုံးလို့ ငေါက်ဆပ်ဆပ် ဟောသူ တောခွေးများလည်း မနည်းပါ။

အဲသည့်အချိန်မှာ ရွာဖက်ကနေ ပျံလာတဲ့ ကျီးကန်းတကောင်ဟာ မောမောနဲ့ တောအုပ်ထဲက သစ်ပင်တပင်မှာ နားလိုက်ပါ တယ်။ ဆူညံလွန်းလို့ အောက်ကိုငုံ့ကြည့်လိုက်တော့ လားလားလား .... တောခွေးတွေ တောခွေးတွေ များလိုက်သမှ။ တခါမှ သည်လောက် အင်အားများတဲ့ တောခွေးတွေ မတွေ့ဖူးသေးဖူး။ သင်းတို့ဘာတွေ ပြောနေကြပါ လိမ့်ဆိုပြီး ကျီးကန်းကလည်း စိတ်ဝင်တစား နားစိုက်ထောင် နေတယ်။

တောခွေးတွေရဲ့ သောသောညံနေတဲ့ ညီညွှတ်ရေး အကြောင်းဆွေးနွေးနေတာကို ကြားရတော့ ကျီးကန်းဟာ သူ့နားကို မယုံချင်တော့ဖူး။ တောခွေးဆိုတာမျိုးက သာသူ စားစတန်းပဲဟာ။ သူတို့ကျီးကန်းတွေနဲ့ သိပ်မကွာလှပါဖူး။ နားထောင်ရင်းနဲ့ ကျီးကန်းဟာ စိတ်ထဲမှာ ကျလိကျလိဖြစ်လာတယ်။ ရာရာစစ တောခွေးများညီညွှတ်ရေးတဲ့။ တောခွေးတွေ ညီညွှတ်တယ် ဆိုတာ တခါမှ မကြားဖူးပေါင်။ နောက်ဆုံးတော့ မအောင့်နိုင်တော့ပဲ ကျီးကန်းဟာ အော်ရယ် လိုက်တော့တယ်။

တချိန်တည်းမှာပဲ အဲသလို ရယ်လိုက်တဲ့အတွက် ကျီးကန်းနုတ်သီးမှာ ကိုက်ချီလာတဲ့ မုံဆီကျော်ဟာ တောခွေး ညီလာခံအုပ် ထဲကို ပြုတ်ကြသွား တော့တာပဲ။ အဲသည့် မုံဆီကျော်ကို ရွာထဲက ကလေးတယောက် လက်ထဲကနေ ကျီးကန်း ထိုးသုတ်လာ တာ။ မုံဆီကျော် တောခွေးအုပ်ထဲ ပြုကြသွားတာနဲ့ တပြိုင်နက် တောခွေးအပေါင်းတို့ မုံဆီကျော်ကို ၀ိုင်းလုလိုက်ကြတာ နောက်ဆုံးမှာ တောခွေးညီလာခံကြီး ပျက်သွားပါတော့တယ်။

ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုအတွက် နိုင်ငံတကာက လောက်လောက်လားလား ပေးမယ်ဆိုတဲ့ အပေါ်မှာ ဘုံထားပြီး နိုင်ငံပြင်ပမှာ ဖွဲ့မယ့် အဖွဲ့ကြီးအနေဖြင့် တောခွေးများကဲ့သို့ မဖြစ်စေရန် စေတနာရှေ့ထားပြီး အကြံပေးလိုက်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၄ ရက် နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်။

3 comments:

YeKyawAungMDY said...

ရွက်မွန်ခင်ဗျား--လွတ်မြောက်နယ်မြေရောက်စကကြားခဲ့ရတဲ့ စကားတစ်ခုက
''ဗမာနှစ်ယောက် သုံးပါတီတဲ့''၊ တစ်ယောက်ဆီက ကိုယ်ပိုင်ပါတီ တစ်ခုဆီတဲ့၊ နောက် နှစ်ယောက်ပေါင်း ဖွဲ့ထားတာက တစ်ပါတီတဲ့၊ ဒါဒီဘက်မှာ ပြောနေကြတဲ့ စကားတွေဖြစ်ပါသည်။ အဖွဲ့တွေ ဖွဲ့ခဲ့တာလည်း များနေပါပြီခင်ဗျား။ ညီညွတ်မှုကလည်း လိုတယ်လို့ မြင်ပါတယ်ခင်ဗျား။ ရိုးဂုဏ်ရှိတဲ့လူတွေ၊မှန်မှန် ကန်ကန်လုပ်နိုင်တဲ့သူတွေဦးဆောင်သင့်ပါတယ်ခင်ဗျား။အဲဒီလို အဖွဲ့ဖွဲ့တဲ့အခါမှာ ဖြစ်ပါတယ်ခင်ဗျား။ အဲဒီလို ဖွဲ့ တဲ့အခါမှာ နိုင်ငံရေးမှာ အတွေ့အကြုံရော သမ္ဘာရော ရင့်ကျက်တဲ့ ရွက်မွန်တို့လို ပုဂ္ဂိုဟ်တွေအနေနဲ့ မရိုးမသားနဲ့ မမှန်မကန်လုပ်ခဲ့တဲ့၊ လုပ်နေဆဲလူတွေ နေရာမပေးဖို့ အတွက် တာဝန်ရှိတယ်လို့မြင်ပါသည် ခင်ဗျား။

Unknown said...

ဖြစ်ဖို့ ရာတော့တစတစနဲ့ ရုပ်လုံးစနေပါပြီ။
ဆရာတော်ကြီးတွေလို သတ္တိရှိရှိနဲ့ ငါစမယ်ကွ ဆိုတာ
လိုပါတော့ တယ်။ မဖြစ်ဖြစ်အောင် စလိုက်ပါ ကိုဇော်မင်း။ကိုအောင်သူငြိမ်း။ကိုမိုးသီးဇွန်။
ကိုထွန်းအောင်ကျော်။ကိုဝင်းမိုး နဲ့  အခြားစိတ်ဝင်တစား
orginization မှာတက်တက်ကြွကြွလုပ်နိုင်သူများ။လုပ်ခဲ့သူများ။
စင်ပြိုင်လို အစိုးရနိုင်ငံရေးလမ်းကြောင်းတခုထဲ
သွားဖို့မကာင်းပါ။ ဒီအချိန်အဖြစ်နိုင်ဆုံးပါ။

Unknown said...

hello ko zaw min,
i agree with you.
hta2

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.