ရွက်မွန်စာမျက်နှာ

Sunday, November 25, 2007

တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့တွေ အောင်ဖို့ဆိုရင်

မြန်
မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်နေပုံက အားမရစရာ။
တဘက်က စိတ်လှုပ်ရှားဖွယ် တိုးတက်မှုတွေ တွေ့မြင်နေရသလို၊ တဘက်ကလည်း သံသယကြီးထွားဖွယ် ကိစ္စများ ကလည်း အများအပြား။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပြန်လည်တွေ့ဆုံရေးအတွက်ဟုဆိုကာ စစ်အစိုးရဘက်က ဆက်ဆံရေးဝန်ကြီးတဦး တရားဝင် ခန့်အပ်ပေးခဲ့သည်။ သူ့ပါတီခေါင်းဆောင်များနှင့် တွေ့ခွင့်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်အစိုးရ နှင့် တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ကုလအထူးသံ မစ္စတာဂမ်ဘာရီမှတဆင့်ထုတ်ပြန် ကြေငြာခဲ့ သည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကလည်း လွန်းထိုးသွားလာ ကြိုးပမ်းနေကြသလို၊ နိုင်ငံတကာလည်း အာရုံ စူးစိုက်ကာ မြန်မာပြည်ပြောင်းလဲရေးအတွက် အထူးအလေးပေးတိုက်တွန်းနေကြသည်။ အိမ်နီးချင်း နိုင်ငံများကပင် နှုတ်ဆိတ်မနေနိုင် ပြောလာကြရပြီ။ ဤအခြေအနေက အခြေအနေကောင်းများဟု ယူဆနိုင်သည်။

သို့သော်လည်း ကုလ ဖွံ့ဖြိုးရေးအစီအစဉ် ဌာနေတာဝန်ခံကို ကြေငြာချက်တခုအပေါ် အကြောင်းပြု၍ နှင်ထုတ်ခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အားလျှော့စေမည့် ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း အစိုးရခေါင်းဆောင်အချို့နှင့် နိုင်ငံပိုင် သတင်းစာများက တက်တက်ကြွကြွလုပ်နေဆဲ။ သံဃာ့ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ၁ လကျော်ကြာလာသည့် တိုင်၊ သွေးထွက်သံယိုမှုများ ရှိခဲ့သည့်တိုင် တရားဝင် စုံစမ်းစစ်ဆေးမှုများ မရှိသေး။ ဖမ်းဆီးမှုများ ဆက်လက်ရှိနေသလို၊ အကြောက်တရားဖြင့် ဖိနှိပ်မှုများလည်း ရှိနေသည်။ လူစုလူဝေးဖြင့် လမ်းပြမြေပုံနှင့် အမျိုးသားညီလာခံကို တဘက်သတ် အဓမ္မထောက်ခံ ခိုင်းမှုများကလည်း ရှိနေသည်။ လမ်းပြမြေပုံ ၇ ချက်နှင့် ဖွဲ့စည်းပုံမူကြမ်းများကိုလည်း မပြောင်းအလဲ ဆက်လက်ချီတက် မည်ဟု စစ်အစိုးရအာဏာပိုင်များက ဆိုနေသေးသည်။ ဤသို့ဆိုလျှင် အကောင်းဘက်အပြောင်း အလဲများအတွက် မျှော်လင့်ဖွယ် သိပ်မရှိလှ။ ဆွေးနွေးနေလျှင်လည်း ထူးစရာ အကြောင်းမမြင်။ ပို၍ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်က မလွတ်မြောက်သေး။ အိမ်အကျယ်ချုပ်ဘ၀ဖြင့် ဆွေးနွေးပွဲကို မျှော်နေရသည့်နှယ် ရှိနေသည်။ ဆွေးနွေးပွဲများကလည်း အချိန်တိတိကျကျ၊ ပီပီပြင်ပြင် ဖြစ်မလာသေး။

ပြောရလျှင် သံသယရှိစရာ အများအပြား။ မျှတစွာ ပြောရလျှင် စစ်အစိုးရဘက်ကလည်း ဒီမိုကရေစီအတိုက်အခံ အင်အား စုများအပေါ် သံသယရှိနေနိုင်သေးသည်။ တွေ့ဆုံဆွေးနွေးပွဲတောင်းဆိုနေသည့်အချိန်၌ပင် ဖိအားပေးမှုများ၊ လှုပ်ရှားမှုများ ကလည်း လုပ်နေကြသေးဟု ဆိုနိုင်ပါသည်။ ယုံကြည်မှု မရှိနိုင်ကြ။ ယုံကြည်မှုရလာဖို့င် တည်ဆောက်ကြရပါလိမ့်ဦးမည်။

ဤအခြေအနေတွင် ပညာရှင်အချို့တင်ပြထားသည့် စဉ်းစားစရာအချက်အချို့ကို ဝေငှချင်သည်။ ကံကောင်းထောက်မစွာ ထိုင်းနိုင်ငံရှိ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ဖရပ်တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ ဒေါက်တာမာ့ခ် ထမ်တိုင်၏ ဟောပြောချက် တခုကို နားထောင်ခွင့် ကျနော်ရခဲ့သည်။ သူကိုယ်တိုင်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပဋိပက္ခဖြေရှင်းရေးကိစ္စများတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်နေခဲ့ရသူ တဦးလည်း ဖြစ်သည်။ သူကတော့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”များအကြောင်းကို အခြေ တည်၍ ယေဘူယျသဘော ပြောခဲ့ခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်၊ ကျနော်တို့ အခြေအနေနှင့်လည်း ဆက်စပ်မှု ရှိသည်ဟု တော့ ယူဆပါသည်။

သူက စ၍ မေးခွန်းထုတ်သည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ကြပြီ ဆိုပါစို့။”
“ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလဲ”
ဤမေးခွန်းမျိုးကို အရင်မေးဖို့လိုပါလိမ့်မည်။ ယခုလည်း ကျနော်တို့က “ဘယ်သူ့အတွက် တွေ့ဆုံဆွေးနွေးရေးလဲ” ဟု မေးရန် လိုပါလိမ့်မည်။
မိမိအတွက် အကျိုးစီးပွားမပါလျှင် ၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲများက မအောင်မြင်တတ်ကြပါ။
ယခုလည်း မေးစရာရှိလာပါသည်။ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲများ လုပ်ကြမည်ဆိုပါစို့။ “ဘယ်သူ့အတွက် အပြောင်းအလဲ လဲ” ဟု မေးစရာတော့ ရှိနေပါသည်။ အကယ်၍ ဤဆွေးနွေးပွဲများ က ကျနော်တို့အတွက် အရေးမကြီးဖူးဆိုလျှင် မည်သည့်အတွက်ကြောင့် စွန့်လွှတ်အနစ်နာခံနေကြမည်နည်း။ အလားတူ ဤဆွေးနွေးပွဲများက သူတို့အတွက် အရေးမကြီးဖူးဆိုလျှင်လည်း စစ်အုပ်စုဖက်က၊ သို့မဟုတ် အုပ်ချုပ်နေသူများဖက်က မည်သည့်အတွက်ကြောင့် စွန့်လွှတ်အနစ်နာခံနေကြမည်နည်းဟုလည်း ပြန်တွေးဖွယ် ရှိနေပါသည်။

စစ်အစိုးရကလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းစနစ်ကျနသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မည်ဟု ဆိုနေပါသည်။ ကျနော်တို့ကလည်း ဒီမိုကရေစီနည်းကျသော၊ အရပ်သားပြည်သူများက အစိုးရကို ထိန်းချုပ်မှုရှိသော စနစ်သို့ ပြောင်းလဲလိုနေကြပါသည်။ ဤအချက်ကို ဆွေးနွေးပွဲ၏ ဦးတည်ချက်အဖြစ် အတူတူ သတ်မှတ်နိုင်ကြရန် လိုအပ်ပါလိမ့် မည်။

ဤသို့ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်လာဖို့ဆိုလျှင် အကြမ်းဖက်မှုသံသရာလည်နေသည့်ကိစ္စကို အရင်ရပ်ဆိုင်းပစ်ရန် လိုအပ်သည်ဟု ဆိုပါသည်။ အကြမ်းဖက်မှုများက ကြောင်လိမ်လှေခါးသဖွယ် ဖြစ်သည်။ ကိုယ်က အကြမ်းဖက်၍ သူက အကြမ်းပြန်ဖက်သည်။ သူက အကြမ်းဖက်သောကြောင့် တဖန်ပြန်၍ ဖက်ရသည်။ မဆုံးတော့။ ဤသို့ဖြင့် ပဋိပက္ခများက မဆုံနိုင်သည့် အပြန်အလှန်အကြမ်းဖက်မှုသံသရာဖြင့် လည်နေရတော့သည်။ ဤဖြစ်ရပ်မျိုးကို ရပ်ပစ်လိုက်ဖို့ လိုပါသည်။ ၎င်းအချက်ကို အချို့သောပညာရှင်များကလည်း ပဋိပက္ခကို အဆင့်လျှော့ချခြင်း (De-esclation of conflict) ဟု ဆိုကြပါ သည်။ တဘက်နှင့် တဘက်ပုတ်ခတ်တိုက်ခိုက်နေမှုများ၊ အမနာပ ဖော်ပြနေမှုများကို ရပ်ဆိုင်းကြရန် လိုလိမ့်မည်ဖြစ်သည်။ သို့မှသာ ယုံကြည်မှု တည်ဆောက်ရာတွင် တဆင့်တက်နိုင်ကြမည် ဖြစ်သည်။

ပါမောက္ခ မာ့ခ်က ငြိမ်းချမ်းရေးတည်ဆောက်သူသည် ကွန်ရက်များ ဖြစ်တည်နေပုံကို စောင့်ကြည့်လေ့လာနေသည့်သူ (Web-watcher)၊ ကွန်ရက်ကို ကိုယ်တိုင်တည်ဆောက်နေသည့်သူ (web-builder) ဖြစ်ရန် လိုသည်ဟု ဆိုပါသည်။ လူမှု အဖွဲ့အစည်းအတွင်း မတူကွဲပြားသည့် အကျိုးစီးပွားများ၊ မတူကွဲပြားသည့် အုပ်စုများ၊ မတူကွဲပြားသည့် လူမျိုးများ၏ အရေး၊ ဤအဖွဲ့အစည်းများအကြား တည်ရှိနေသည့် ပဋိပက္ခများ နားလည်နိုင်အောင်၊ ဖြေရှင်းနိုင်အောင် ဆောင်ရွက်နိုင်ရ မည့်သူဟု ဆိုခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုမျှမက ပဋိပက္ခများ၏ ဘက်အသီးသီး၌လည်း သဘောထားပျော့ပြောင်းသူ၊ သဘောထား တင်းမာသူများ ရှိနေနိုင်ကြသေးပါသည်။ ဤသို့သဘောထားတင်းမာသူ၊ ပျော့ပြောင်းသူ၊ ရန်-ငါ၊ အခြား သြဇာရှိနိုင်သော အုပ်စုများအကြား ချိတ်ဆက်ပေးရသော ပညာသည် အနုပညာ ဖြစ်ပါသည်။

တွေ့ဆုံဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများအတွက်လည်း စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ ကြိုတင်ပြုထားရန် လိုအပ်ပါလိမ့်မည်။ အခြေအနေက နောက်ပိုင်းတွင် အတွေးအခေါ်ကွဲပြားနေသော အုပ်စုများအကြား ပူးတွဲ လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သောကြောင့် ပိုရှုပ်ထွေးလာမည်ကတော့ အမှန်ပင်။ မိမိအလိုကျ မဖြစ်နိုင်တော့ သလို၊ သူ့အလိုကျချည်းပဲ မဖြစ်နိုင်တော့ပါ။ သည်နေရာတွင် “အိမ်ထောင်ပြု”တော့မည့် စုံတွဲ တခုနှင့် ဥပမာပေးလိုသည်။ အိမ်ထောင်ပြုတော့မည် ဆိုလျှင် အရှည်ကိုတွေး၍ နှစ်ယောက်ပေါင်းရန် စဉ်းစားကြရတော့သည်။ ကိုယ့်အလိုချည်း မဖြစ် နိုင်သလို၊ သူ့အလိုချည်း မဖြစ်နိုင်၊ တယောက်နှင့်တယောက် လိုက်လျောဖို့ ကြိုတင်ပြင်ဆင်ထားရပါမည်။ စိတ်ထဲက ကြိုတင် ၍ စိတ်ကူးယဉ်ကြည်နူးတတ်ကြသလို၊ လိုက်လျော အပေးအယူလုပ်ဖို့လည်း အဆင်သင့်ပြင်ထားကြရတော့သည်။ ကိုယ်အိမ် ထောင်ပြုမည့် မိန်းမကို အနိုင်ကျင့်လိုက်မည်ဟု စဉ်းစားထားလျှင် ဖြစ်နိုင်စရာ အကြောင်းမရှိတော့ပါ။ မတူကွဲ ပြားသည့် ဘ၀ကို အတူလျှောက်လှမ်းကြရတော့မည် မဟုတ်ပါလား။

တွေ့ဆုံဆွေးနွေးပွဲတွင် တစုံတရာ တိုးတက် အောင်မြင်မှုရလာပါက ဖြစ်လာနိုင်သည့် အခြေအနေများကို ကျနော်တို့က ကြို မျှော်မြင်ထားဖို့လည်း လိုပါသည်။ စစ်ဗိုလ်ချုပ်ကြီးများ အားလုံး ခုံရုံးတင်ပစ်လိုက်ဖို့ စဉ်းစားသည်မှာ မဖြစ်နိုင်လှပါ။ အလားတူပင် ဒီမိုကရေစီပါတီများအားလုံးကို “ရေဗူးပေါက် တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဟူသည်မျိုး အမိန့်ပေး စနစ်ဖြင့် စစ်တပ်ပုံစံ သွား၍ မဖြစ်နိုင်တော့ပါ။

ထို့အပြင် ခေတ်အပြောင်းအလဲကာလများသည် အရှုပ်အထွေး၊ အကျပ်အတည်းများ များစွာ ပေါ်ပေါက်လာတတ်သည့် သဘောလည်း ရှိနေပါသည်။ အပြောင်းအလဲများသည် မချောမွေ့တတ်၊ ပို၍ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်လာကြရသည်က တော့ မူလသဘာဝပင် ဖြစ်သည်။ ဤသို့ ရှုပ်ထွေးလာမည့်အခြေအနေကို ကြိုမျှော်တွေးထားရန်လည်း လိုအပ်ပါသည်။ ဤသို့ ရှုပ်ထွေးလာမှုများ၊ ပြဿနာများကို ကြောက်ရွံ့နေသောကြောင့် အပြောင်းအလဲမလုပ်သည်မှာ မိုက်မဲရာကျလွန်း လှပါသည်။ ဤပြဿနာများကို သတ္တိရှိရှိဖြင့် ရင်ဆိုင်ကျော်ဖြတ်ကြဖို့သာ လိုအပ်ပါသည်။

ဖြစ်နိုင်သည်က ယခင်ပုံစံမျိုး အသားကျနေကျ ပုံစံမျိုးဖြင့် ပြန်သွားရန် မဖြစ်နိုင်တော့ခြင်းပင်။ မိမိသက်တောင့်သက်သာ ဖြစ်နေသော ဇုံမှ ထွက်ကြရပါသည်။ လက်တွေ့ကျကျ အခြေအနေများ၊ ပြဿနာများကို ရင်ဆိုင်ကြရပါသည်။ ထိုမျှမက ကစားပွဲတွင် ကစားသူအသစ်များ၊ စည်းမျဉ်း အသစ်များ၊ ပြဿနာအသစ်များ ပါဝင်လာမည်ဖြစ်သောကြောင့် တီထွင် ဖန်တီးမှု ရှိရန်လည်း အထူးလိုအပ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်ဖို့ဆိုလျှင် နယ်ပယ်အသစ်သို့ တက်လှမ်းရန် လိုအပ်သလို၊ မိမိကျွမ်းဝင်ထားသည့် ဧရိယာ၏ပြင်ပသို့ ထွက်ရပါတော့မည်။ သို့မဟုတ်ပါက မအောင်မြင်နိုင်ဟုပဲ ဆိုပါရစေ။

ထိုမျှမက ဒေါက်တာမာ့က်က ပြောရာ၌ ဆွေးနွေးပွဲရလဒ်အပေါ် မျှော်လင့်နေသူများ၏ စိတ်မရှည် သည်းညည်းမခံနိုင်တော့မှု (Fatigue) ရှိတတ်ကြောင်းလည်း ပြောပါသည်။ လူအများ၏ မျှော်လင့်ချက်များက တသမတ်တည်း ရှိမနေတတ်ပါ။ အချိန် မည်မျှ ယူကြမည်နည်း။ အချိန်ကြာလေလေ သို့လော သို့လော ဖြစ်လာလေလေပင် ဖြစ်သည်။ အချိန်ကြာလာ သည်နှင့် အမျှ၊ ရှုပ်ထွေးမှုများ၊ ပြဿနာများ ရင်ဆိုလာရသည်နှင့်အမျှ၊ ထင်သလို မဖြစ်လာသည်နှင့် အမျှ ပြန်၍ကျဆင်း သွားတတ်သော လူ့သဘောလည်း ရှိနေပါသည်။ အလားတူ ဆွေးနွေးပွဲတွင် ပါဝင်နေသည့် ပါတီများသာမက၊ သာမန် လူထုများ၊ နိုင်ငံတကာ စောင့်ကြည့်ကူညီနေသူများတွင်လည်း အလားတူ စိတ်အတက်အကျ ခံစားမှုမျိုး ရှိနေတတ်ကြပါသည်။

စိတ်အားထက်သန်မှု၊ တက်ကြွမှုအပြည့်ဖြင့် ရှိနေကြသည့် အချိန်တွင် တွေ့ဆုံဆွေးနွေးနိုင်မှသာ တွေ့ဆုံ ဆွေးနွေးပွဲများက အောင်မြင်မှု ရှိနိုင်ပါသည်။

အောင်သူငြိမ်း
နို ၂၄၊ ၂၀၀၇။

ဤဆောင်းပါးကို မဇ္ဈိမအွန်လိုင်းစာမျက်နှာ (မြန်မာဘာသာ) တွင်လည်း ဖော်ပြထားပါသည်။

3 comments:

ခင်မင်းဇော် said...

နအဖက သူတို့ ဇုံထဲက ထွက်ပါ့မလား။
မထွက်ခဲ့ရင် တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ အောင်ဖို့အလားအလာ ဘယ်လိုဖြစ်မလဲ။
စဉ်းစားစရာ...

ရွက်မွန် said...

အခုအထိတော့ နအဖက သူ့ဇုံထဲက ထွက်ခင်ျပုံ မရသေးပါ။ ဗိုလ်နေမြဲ ကျားနေမြဲပဲ သွးလို့ရဦးမယ်လို့ ယူဆနေပါတယ်။ ဒီလိုဆိုရင်တော့ အလားအလာဘယ်ကောင်းပါ့မလဲ။

Anonymous said...

ပိုပြီးလက်တွေ့ ကြတဲ့ approach တွေနီးစပ်လာပြီလို့ ထင်ပါတယ်။ အားလုံး mature ဖြစ်ဖို့ လိုပါတယ်။ အလားလာကောင်းတွေတွေ့ မယ်လို့ မျှော်လင့်ပါတယ်

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.