ဖိုး
သော်ငယ်ငယ်တုံးက အလွန်ခင်တဲ့သူတယောက်ရှိတယ်။ သူ့နာမည်က ကိုတင်ငြိမ်းတဲ့။ ကိုတင်ငြိမ်းက ဖိုးသော်တို့နဲ့ တရွာတည်း။ ဖိုးသော်တို့ရွာက ဖုံထူလို့ခြင်ကိုက်တဲ့ အညာမြေတနေရာက။ သူတို့ရွာက ရွာကြီးသလား ဆိုတော့လည်း ကြီးတယ်။ သို့သော် မြို့လို့အမည်တပ်ရအောင်လည်း အဲသလောက်မကြီးပြန်ဖူး။ ရွာသားအများစုကတော့ ယာသမား တွေပါပဲ။ ၀က်တွေ၊ ဆိတ်တွေလည်းမွေးပြီး မန္တလေးဖက်ကို သွားရောင်းလေ့ရှိတယ်။
ကိုတင်ငြိမ်းက အညာသားပီပီ အသားက ထန်းလျက်ရောင်။ မျက်နှာမှာ ကျောက်ပေါက်မာ သဲ့သဲ့ရှိတယ်။ သို့သော် ကိုရင် ထွက်ပြီးကတည်းက ယာသမားဘ၀မှာ ရုန်းကန်လာရတာဆိုတော့ ချပ်ရပ်တဲ့ဝမ်းပျဉ်းရှိပြီး လက်မောင်းလက်ဖျံ တွေက ကြွက်သားအဖုအထစ်တွေနဲ့ ခိုင်ခံ့လှတယ်။ ပြန်စဉ်းစားလိုက်တော့ ကိုတင်ငြိမ်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းက အခုဆို အနှစ်ဆုံးဆယ် နီးပါးလောက်တောင်ရှိပြီ။
ကိုတင်ငြိမ်းစစ်ထဲဝင်သွားတော့ ဖိုးသော်တို့ငါးတန်း ခြောက်တန်းလောက်ပဲရှိဦးမယ်။ သူက ဖိုးသော်တို့ထက် ခွန်နှစ် နှစ် ရှစ်နှစ်လောက် ကြီးတယ်။ စစ်ထဲဝင်ပြီး နှစ်နှစ်သုံးနှစ်လောက်ရှိတော့ ရွာကိုခွင့်နဲ့အလည်ပြန်လာတယ်။ စိမ်းညို့တဲ့ စစ်ယူနီဖောင်းနဲ့ ကိုတင်ငြိမ်းဟာ အလွန်ကြည့်ကောင်းလို့ ဖိုးသော်အပါအ၀င် သူငယ်ချင်းတွေ အလွန်အားကျခဲ့တာ ကလား။
ကိုတင်ငြိမ်း ပြောပြတဲ့ စစ်အတွေ့အကြုံတွေဟာ ဖိုးသော်တို့လို လူပျိုမပေါက်တတ်သေးတဲ့ သူတွေအတွက် မဟာ စွန့်စားခန်း တွေလို့ ဆိုနိုင်ပါရဲ့။ ကြီးလာရင် ငါလည်း ကိုတင်ငြိမ်းလို စစ်ထဲဝင်မယ် ဆိုပြီးစိတ်ထဲမှာ တေးထားတယ်။ အမေ့ကိုတော့ မပြောရဲဖူး။ စစ်ထဲဝင်မှာကို အမေကဘယ်တော့မှ မထောက်ခံလို့။ ဒါ့အပြင် ကိုတင်ငြိမ်းနဲ့ စကား ပြောပြီး ပြန်လာတိုင်း အမေက ဖိုးသော်ကို ပြောလေ့ရှိတာကတော့၊ “ဟဲ့ ...... တင်ငြိမ်းပြောတာတွေ အဟုတ်မှတ် မနေနဲ့နော်။ သူက ကျောက်ရူး ရယ်။ ထင်တိုင်းပြောနေတာ။” အမေက ကိုတင်ငြိမ်းဆို သိပ်နှိမ်တာပဲဟု ဖိုးသော်စိတ် မှာ ဖြစ်မိတယ်။
ကိုတင်ငြိမ်းကလည်း မြှောက်ပေးတယ်။ “ညီလေး ...... အကို့လို စစ်ထဲကိုရဲဘော်အနေနဲ့တော့ မ၀င်နဲ့။ ဆယ်တန်း အောင် အောင်ဖြေပြီး မေမြို့မှာ စစ်တက္ကသိုလ်သွားတက်”။ ဟုတ်လိုက်လေ ကိုတင်ငြိမ်းရယ်။ ရွာမှာဆက်နေရင် အလွန် ဆုံးဖြစ် ကျောင်းဆရာ၊ ဒါမှမဟုတ် အမေ့ပွဲရုံ ပိစိကလေးအတွက် ပဲ၊ နှမ်း၊ ကြက်သွန်ကောက်တဲ့ တောပွဲစားပဲ ဖြစ်တော့မပေါ့။ ”
သိုပေတဲ့ ဖိုးသော်ကိုးတန်းကျောင်းသားလောက်မှာ ကိုတင်ငြိမ်းရွာကို နောက်တခေါက် အလည်ပြန်လာတော့ အရင် ကနဲ့ မတူ သည်လူနည်းနည်းတော့ ပြောင်းသွားသလိုပဲလို့ ထင်မိတယ်။ ဖိုးသော်တို့မေးလွန်းလှတဲ့ တိုက်ပွဲကြောင်း၊ စွန့်စားခန်း အစရှိတာတွေကို မပြောတော့ဖူး။ သူပြောပြောနေတာကတော့ “ကွာ .... ညီလေးရာ၊ စစ်ထဲမှာလည်း မပျော်တော့ပါဖူး။ တပ်ကထွက်ပြီး ရွာမှာတခုခု ပြန်လုပ်စားရင် ကောင်းမလားလို့ အကိုစဉ်းစားနေတာ”။ သူ့အတွက် ကြားထဲက ဖိုးသော် မချင့်မရဲ ဖြစ်မိတယ်။ အားကျစရာကောင်းတဲ့ လူစွန့်စား စစ်သားဘ၀ကို ကိုတင်ငြိမ်း တယောက် ဘာကြောင့်များ စွန့်လွှတ် ချင်သလဲပေါ့လေ။ ဘာဖြစ်လို့စစ်ထဲမှာ မပျော်သလဲဆိုတာ ဖိုးသော်က သိချင်လို့ ကိုတင်ငြိမ်းကို ထပ်ထပ်မေးတယ်။ “မသိပါဖူးညီလေးရာ။ သည်လိုပါပဲ.... ဘယ်လိုကြီးမှန်းတော့မသိပါဖူး။ ရှေ့တန်းရောက် လည်းမပျော် နောက်တန်းမှာ နေလည်း စိတ်ညစ်”။ အဲတာကိုကြားတော့ အမေ့ဂွင်ထဲကို ဖိုးသော်ကားကနဲ တန်းရောက်သွားတယ်။ “ငါပြောတယ်မို့လား၊ တင်ငြိမ်းကကျောက်ရူးပါဆို။ တော်နေစာကလေးကျော်၊ တော်နေဆီထမင်း ဆိုတဲ့ဟာမျိုး”။ ဖိုးသော်လည်း ကိုတင်ငြိမ်း ဖက်က ရှေ့နေမလိုက် သာတော့ဖူး။
ဆယ်တန်းတက် တော့မယ်ဆိုတော့ အဖေနဲ့အမေက ဖိုးသော်ကို မန္တလေးမှာ ကျောင်းအိပ်ကျောင်းစား သွားထားတယ်။ အမှန်ကတော့ အမေ့လောဘကြောင့် ဖြစ်တဲ့အစီအစဉ်ပါ။ ဖိုးသော်ကို အမှတ်ကောင်းကောင်းနဲ့အောင်ပြီး အင်ဂျင်နီယာတို့ ဘာတို့ ဖြစ်စေချင်လို့။ ဖိုးသော်ကလည်း ကိုယ့်တွက်ကိန်းနဲ့ကို ဆယ်တန်းအောင်တာနဲ့ အမေမ သိအောင် ဗိုလ်သင်တန်း လျှောက်မယ်ဆိုတဲ့ စိတ်ကူးကို ရင်ထဲမှာ အသာလေးမှေး ထားလိုက်တယ်။
ကံကောင်းတာလား ကံဆိုးတာလားတော့မသိ၊ မန္တလေးမှာ ကျောင်းတက်ရင်းနဲ့ အပျော်လွန်လိုက်တာ ဆယ်တန်းကို သုံးနှစ်ဆက်ဖြေမှ အောင်တော့တယ်။ ဆယ်တန်းအောင် သော်ငြားလည်း အသက်ကန့်သတ်ချက်ကြောင့် ဗိုလ်သင်တန်း ဖြေမဲ့ ဖိုးသော်ရဲ့တိုက်အိမ်ကြီး လေထဲမှာပဲပြိုကြသွားပါတယ်။ နောက်ပိုင်းတော့ ဖိုးသော်ရဲ့ စစ်ဗိုလ်ဖြစ်ဖို့ဆိုတဲ့ ငယ်ငယ်က စိတ်ကူးတွေတဖြည်းဖြည်းနဲ့ မှေးမှိန်သွားပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ပိုလို့တောင်ခုံမင်လာပါတယ်။ မျက်စေ့လည်း ပိုကျယ်လာတယ်လို့ ပြောရမလားပဲ။ စစ်ဗိုလ်မဖြစ်လည်း ဘ၀မှာ ဂုဏ်မငယ်ပဲ တန်းတန်းတူတူ လုပ်စရာတွေ ရှိတယ် ဆိုတာကို သဘောပေါက်သွားတာ ကလည်း တကြောင်းပေါ့လေ။ ကိုတင်ငြိမ်းအကြောင်းတောင် မေ့တေ့တေ့ ဖြစ်နေပါပြီ။
တက္ကသိုလ်တက်နေရင်း တနှစ်တော့ အလည်မပြန်တာ ကြာပြီဖြစ်တဲ့ ရွာကိုဖိုးသော်တယောက် ပြန်လာတယ်။ ရွာမှာ ကျန်နေရစ်တဲ့ ငယ်သူချင်းများဆီကို အိမ်ပေါက်စေ့ရှောက်လည်ရင်းနဲ့ ဗြုံးဆို ရွာထဲမှာ ကိုတင်ငြိမ်းနဲ့ပက်ပင်းဆုံပါရော။ နှစ်ယောက်သားဝမ်းသာအယ်လဲ ဖက်ရမ်းနုတ်ဆက်ကြတာပေါ့လေ။ ဖိုးသော်ထင်တာက ကိုတင်ငြိမ်းခွင့်နဲ့ ပြန်လာတာလို့ ထင်နေတာ။
ကိုတင်ငြိမ်းက ဖိုးသော်ကိုပြုံးဖြီးဖြီးနဲ့ပြောတယ်။ “ညီလေး.... အကိုတပ်က ထွက်လိုက်ပြီ။ အခုဝက်မွေးနေတယ်၊ အားတဲ့ အချိန်လည်း သူများယာလုပ် ခေါ်ရင်လိုက်ပေါ့”။ ဖိုးသော်ရင်မခုန်တော့ပါ။ စစ်သားကြီး ဘ၀က ထွက်လိုက်လို့ သူ့ အတွက် ကြားကနေ နှမြောတသတဲ့ ခံစားချက်မျိုးလည်း အခုဖိုးသော်မှာ မရှိတော့။ သို့သော် ဖိုးသော် သိချင်တာလေး တွေကတော့ တန်းစီလို့ပေါ်လာပါတယ်။ ဘာဖြစ်လို့တပ်ကထွက်လဲ။ နောက်ပြီး အထွက်ရခက်တဲ့ စစ်တပ်ထဲက ဘယ်လိုများ ကိုတင်ငြိမ်း ထွက်လာသလဲပေါ့လေ။
နောက်ရက်တွေ ကိုတင်ငြိမ်းနဲ့ အေးအေးဆေးဆေးတွေ့တော့မှ အကြိုးအကြောင်းအကုန်လုံးကို သိရတော့တယ်။ ကို တင်ငြိမ်းကသည်လို ရှင်းပြတယ်။ “ဒို့ တောသားတွေကတော့ကွာ..... ဘယ်လောက် ကြိုးစားကြိုးစား ဒုံရင်းဒုံရင်းပါပဲ။ အမြဲဗိုလ်ကျခံနေရတာကို ငါအခံရအခက်ဆုံး။ စစ်တပ်ဆိုတာ တရစ်ကနေ တပ်ရင်းမှူးအထိ ကြောက်နေရတာ ညီ လေးရေ။ ရောက်လေရာမှာလည်း လူတွေကို နှိပ်စက်ရတော့ ငါစိတ်မသန့်တော့ဖူး။ မပျော်တော့ဖူးကွာ”။ ဒါက ကိုတင်ငြိမ်းရဲ့ ခံစားချက်။
“ကိုတင်ငြိမ်း.....တပ်ထဲက ဘယ်လိုရှောရှောရှုရှု ထွက်လာတယ် ဆိုတာလည်းပြောစမ်းပါဦး”။ ကိုတင်ငြိမ်းမျက်နှာကြီး တဖြည်းဖြည်းနဲ့ ပြုံးဖြီးဖြီးဖြစ်လာပြီး “ညီလေး.... မင့်မို့လို့ပြောမယ်။ သို့သော် ဘယ်သူ့ကိုမှတော့ သွားမပြောနဲ့။ ငါ့အမေတို့နဲ့ တဆွေလုံး တမျိုးလုံးကိုတောင် ကနေ့အထိငါ ဖွင့်မပြောဖူး”။
ကိုတင်ငြိမ်း တပ်ထဲက ထွက်ချင်နေတာကို ရိပ်မိနေတဲ့ စီနီယာဗိုလ်ကြီး တယောက်ရှိသတဲ့။ သည်ဗိုလ်ကြီးက သူ လည်း တပ်ထဲကထွက်ချင်နေတာ အသက်က စကောစက ဖြစ်နေတော့ ထွက်လိုက်ရင် တမိသားစုလုံး ငတ်မှာစိုးလို့ မထွက်ရဲဘဲ ပင်စင်ယူမဲ့နေ့ကို စောင့်နေရသူ။ ကိုတင်ငြိမ်းက အဲသည့်ဗိုလ်ကြီးကို ဖွင့်ပြောတယ်။ အရက်ကိုမူးအောင် သောက်ပြီး သေနတ်ကို မိုးပေါ်ထောင်ဖေါက်လိုက်မယ်၊ အားလုံးကိုလည်း မအေနဲ့ နှမနဲ့ကော်ဆဲ လိုက်ရင် ထောင်ကျလည်း ခဏပေါ့။ တပ်ကထွက်ရရင် ပြီးစတမ်း။ သူ့ဗိုလ်ကြီးကို အဲသလိုတိုင်ပင်လိုက်တယ်။
ဗိုလ်ကြီးကအတွေ့အကြုံရှိတဲ့သူဆိုတော့ “တင်ငြိမ်း.... မင်းအဲလို လုပ်လို့မရဖူး။ မင်းအဲလို လုပ်တာကို အရပ်ထောင်မချဘဲ စစ်ထောင်ချလိုက်ရင် ပြဿနာရှိတယ်။ မင်းသိတဲ့ အတိုင်းပဲ စစ်ထောင်က ပြန်လွတ်ရင် စစ်ထဲမှာပြန်အမှုထမ်းရတယ်။ မင်းတပ်က ထွက်ခွင့်ရမှာ မဟုတ်ဖူး။ ဘာဖြစ်လို့လဲ သိလား စစ်ရေးအတွေ့အကြုံရှိပြီး အရွယ်ကောင်းသေးတဲ့ သူတွေကို တပ်ထဲကလွယ်လွယ်ပေးမထွက်ဖူးကွ။ သည်ကိစ္စက အကြမ်းနည်းသုံးလို့မဖြစ်ဖူး။ ”
အဲတော့ သည်လိုလုပ်ဆိုပြီး ဗိုလ်ကြီးက အဆင့်လိုက်အကြံပေးတယ်။ တပ်ရင်းမှူးက ဘာသာရေးသမား ပုတီးသမား ဆိုပြီး နာမည်ရှိတယ်။ အမဲသားလည်း မစားဖူးတဲ့။ ဗုဒ္ဓဘာသာဝင်တွေ ဘာကြောင့် အမဲသားမစားထိုက်ဖူး ဆိုတာ ကြုံရင် ကြုံသလို ဟောလွန်းလို့ ဘယ်သူမှ သူ့အနား ကြာကြာမနေချင်ဖူး။ စစ်သားဆိုတာ အကုန်စားတဲ့ အမျိုးမို့လား။ သို့သော် အပြင်မှာ မယားငယ် ယူထားတယ် ဆိုတာကလည်း တပ်ထဲမှာ ပြောနေကြတာပဲ။ ထားပါတော့လေ။
“မင်းသည်လိုလုပ် တပ်ရင်းမှူးနဲ့ရင်ဆိုင်တွေ့တိုင်း ငိုလိုက်ရယ်လိုက်လုပ်၊ စကားတွေကို တောင်တောင်မြောက်မြောက် လျှောက်ပြော။ သူကမေးရင် အမဲသားမစားရလို့ အမဲသားစားပါရစေဆိုပြီး သူ့ဆီမှာတောင်း”။ ဒါနဲ့ ကိုတင်ငြိမ်းလည်း တပ်ရင်းမှူးနဲ့တွေ့တိုင်း သူ့ဗိုလ်ကြီး သင်ပေးထားသလိုလုပ်တယ်။ သုံးခါက လေးငါးခါဖြစ်လာတော့ အဲသည့်ဗိုလ်ကြီးက ကိုတင်ငြိမ်းကို ဆေးစစ်ဖို့လိုကြောင်း တပ်ရင်းမှူးကို ကြပ်တာပေါ့။ တခြားအရာရှိတွေကလည်း ဘုမသိဘမသိနဲ့ ၀င် ထောက်ခံကြသတဲ့။ နောက်ဆုံးတော့ ကိုင်း ...တင်ငြိမ်း မင်းရန်ကုန်သွား ဆေးစစ်ရမယ် ဆိုပြီးဖြစ်လာတယ်။
အဲသည့်မှာ နောက်အရေးကြီးတဲ့ အဆင့်ကိုရောက်လာပြီ။ ဗိုလ်ကြီးလုပ်သူက ကိုတင်ငြိမ်းကို ရန်ကုန်မသွားခင်မှာ သူကြားဖူး ထားသလောက် အိတ်သွန်ဖာမှောက် အသေးစိတ် ထပ်သင်တန်း ပေးလိုက်သေးတယ်။ စိတ်ရောဂါ ဆရာဝန် က သည်လို မေးရင် ဟိုလိုဖြေ၊ ဟိုလိုမေးရင် သည်လိုဖြေ။ မျက်စေ့ဆရာဝန်က စစ်ဆေးရင်လည်း ဘယ်လိုတလွဲတွေ ဖြေရမယ် ဆိုတာ တွေကို လက်ချာပေးတာပေါ့။
နောက်ဆုံးအဆင့်က အရေအကြီးဆုံးလို့ ပင့်သက်ချရင်း ကိုတင်ငြိမ်းက ဖိုးသော်ကိုပြောပြနေတယ်။ အဲတာက ဘာလဲ ဆိုတော့ “ငါ့ကို ဗိုလ်ကြီးက သင်ပေးလိုက်တဲ့ အထဲမှာ နောက်ဆုံးရဲ့နောက်ဆုံး တချက်က အရေးအကြီးဆုံးပဲ ညီလေး။ လူတွေ့မေးမြန်း စစ်ဆေးတာတွေက ဘယ်လောက်ပဲ ရူးကြောင်းယုတ္တိရှိပစေ နောက်ဆုံး စမ်းသပ်ချက်မှာ ရဲဘော် တော်တော်များများ မအောင်မြင်လို့ စစ်ထဲကမထွက်ရဘဲ အိပ်ရာလိပ်ပြီး မိခင်တပ်ရင်းကို ခေါင်းငိုက်စိုက်နဲ့ ပြန်ရတာ များတယ်”။ ပြောရင်းကနေ မီးသေနေတဲ့ ဖက်ကြမ်းလိပ်ကို မီးပြန်ညှိလိုက်သေးတယ်။
ဖိုးသော်က စိတ်မရှည်တဲ့လေသံနဲ့ “ဘာလဲဗျ၊ ဒါဖြင့်လည်း ပြောလေဗျာ”။ ကိုတင်ငြိမ်းက ဖိုးသော်နဲ့ခေါင်းခြင်း ထိလုမ တတ် ဆိုင်လိုက်ပြီး လေသံကိုနှိမ့်ကာ “သည်လိုကွ.... ဗိုလ်ကြီးကမှာလိုက်တယ်။ နောက်ဆုံးအဆင့်မှာ မင်းတို့သတိ မထားမိတဲ့ အချက်ကိုရောက်လာလိမ့်မယ်။ ဘာလဲဆိုတော့ သတ္တုပြားတွေ ခင်းထားတဲ့ အခန်းတခုထဲကို ဖိနပ်မပါ ခြေဗလာနဲ့ ဖြတ်လျှောက်ခိုင်းလိမ့်မယ်။ အဲသည့်ကြမ်းပြင်က လျှပ်စစ်လွှတ်ထားတာ။ မရူးတဲ့သူတွေဆို ဓာတ်လိုက်လို့ လမ်းလျှောက်ရင်း ထခုန်ယူရတယ်။ လျှပ်စစ်က သေလောက်အောင် လွှတ်ထားတာတော့ မဟုတ်ဖူး။ သို့ပေတဲ့ ထခုန်တော့ အလိမ်ပေါ်တာ ပေါ့ကွာ။ တကယ်ရူးနေတဲ့ ရဲဘော်များကတော့ အခန်းဟိုဖက်ရောက်တဲ့ အထိ အေးအေး ဆေးဆေးပဲ။ အဲလောက် ဓာတ်လိုက်တာတော့ အရူးတွေအနေနဲ့ ထခုန်တာတွေ ပြေးတာတွေမလုပ်ဖူး။”
အဲတာကို ကြိုသိထားလိုက်တဲ့ ကိုတင်ငြိမ်းတယောက် နောက်ဆုံးအဆင့်ကို အောင်မြင်ခဲ့လို့ အရူးလက်မှတ်ရပြီး တပ်ကနေ ရှောရှောရှုရှု ထွက်ခွင့်ရခဲ့ပါတယ်။ ဖိုးသော်က မနေနိုင်တော့ပဲ “ကိုတင်ငြိမ်းရဲ့.... ဓာတ်လိုက်နေတဲ့ ကြမ်းပြင် ကြီးမှာ ခင်ဗျားဘယ်လိုလုပ် ဟိုဖက်ထိပ်ဒီဖက်ထိပ် လမ်းလျှောက်ခဲ့သလဲ။” “ ငါလား ...သည်လိုပဲ လျောက်လိုက်တာပဲ၊ နည်းနည်း တော့ စစ်စစ် စစ်စစ်နဲ့ ဖြစ်တာပေါ့။ ခေါင်းလေးကိုခါ၊ မျက်လုံးတွေကို ကလယ်ကလယ် လုပ်ပြီးဆုံးအောင် ခပ်တည်တည်နဲ့ လျှောက်ရတာပေါ့ ညီလေးရာ။ ငါ့ဗိုလ်ကြီး မှာထားသလိုပေါ့ကွာ။”
ချက်ခြင်းဆိုသလို အမေပြောခဲ့ဖူးတဲ့ “ဟဲ့ .... တင်ငြိမ်းကကျောက်ရူး” ဆိုတာကို ပြန်သတိရမိတယ်။ သို့သော် သူ့ ဗိုလ်ကြီး မှာသလို ရူးချင်ယောင်ဆောင်ရ တော့လည်း လုပ်ရမှာပေါ့လေ။ ဘယ်သင်းက ဘာလဲဆိုတာတော့ ဖိုးသော် မသိဖူး။ ဖိုးသော်အတွက်တော့ ဘယ်သူတွေဘာပြောပြော ငယ်ကတည်းက သူခင်တဲ့ ကိုတင်ငြိမ်းဟာ ရူးနေတယ် ဆိုရင် တောင် အရူးကောင်း။ သူတပါး မျက်ရေကျမှ ချမ်းသာကောင်းစားတဲ့ လူတွေကို အလုပ်ကြွေးမပြုတော့ဘဲ စွန့်ခွာလာခဲ့လို့။
ဇော်မင်း (လူ့ဘောင်သစ်)
၂၆ ရက် နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်။
Tuesday, November 27, 2007
ကိုတင်ငြိမ်း သို့မဟုတ် အရူးကောင်း
Posted by ရွက်မွန် at 9:59 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
Thank you very for your artical.We want to read more like this.
Post a Comment