ရွက်မွန်စာမျက်နှာ

Friday, November 30, 2007

အာဏာရှင်တို့၏ သဘာဝနှင့် ဆွေးနွေးရေးအတွက် မောင်းနှင်အားများ

ဒေါ်
အောင်ဆန်းစုကြည်နဲ့ စကားပြောမယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးတို့ ဘက်က စတင်ကမ်းလှမ်းတယ်ဆိုတော့ တကမ္ဘာလုံးက စိတ် ၀င်စားကြပါတယ်။ စစ်အစိုးရဖက်က ကြိုတင်ကန့်သတ်မှုတွေ လုပ်ထားတာကတော့ စောင့်ကြည့်နေရတဲ့ နိုင်ငံတကာနဲ့ မြန်မာ ပရိတ်သတ်တွေအတွက် သို့လောသို့လော ဖြစ်ရတာတော့ အမှန်ပါ။

တွေ့ဆုံဆွေးနွေးဖို့ ကိစ္စတွေကို ပြောလာတိုင်း ကြားရတိုင်းမှာ ဘာဘဲပြောပြော တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အချက်ကို တော့ လူတိုင်းက အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ်၊ တိုးတက်မှုတရပ်အဖြစ် မြင်ကြပါတယ်။ သို့သော် အာဏာကို တဦး တယောက်ထဲက ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးအခြေနေမျိုးမှာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတဲ့ ကိစ္စဟာ သီအိုရီများနဲ့ တွက်ချက်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဘာဖြစ်လို့တုံးဆိုတော့ အဆုံးစွန်အာဏာကို ကိုင်တွယ်ထားတာက ကိုယ်စားပြုအဖွဲ့တဖွဲ့ (သို့မဟုတ်) အစုသေးသေးလေးတခု တောင်မဟုတ်ဘဲ လူတဦးကပဲ ကိုင်တွယ်ထားလို့ဖြစ်ပါတယ်။

အာဏာကို ကိုင်တွယ်ထားတာက လူတဦးတည်း ဖြစ်နေတော့ အဲသည့်လူပုဂ္ဂိုလ် စိတ်ကြည်သာရင် ကြည်သလို အခြေ အနေ တိုးတက်လာနိုင်ပြီး၊ စိတ်မာန်တက်နေရင်လည်း တက်နေသလို အခြေအနေကမတိုးတက်ဘဲ ဖြစ်နေနိုင်ပါတယ်။ ထိုပုဂ္ဂိုလ်ရဲ့ မတည်ငြိမ်ဘဲ အမြဲပြောင်းနေတဲ့ စိတ်အခြေအနေနဲ့တိုက်ရိုက် ဆက်စပ်ပတ်သက် နေလေ့ရှိပါတယ်။ အဲသလို အခြေအနေ မျိုးမှာ အဆိုပါလူပုဂ္ဂိုလ် အနေနဲ့ စုဖွဲ့မှုကနေ စီးဆင်းလာတဲ့ အကြံပေးမှုများ၊ သို့မဟုတ် ဆွေးနွေးမှုများကို ဂရုစိုက် နားထောင် စရာလည်း မလိုတော့ပါဖူး။ သူ့အတွက် စုဖွဲ့မှုဆိုတာက အမည်ခံရုံ သက်သက်ပဲ ဖြစ်နေလို့ပါ။

ကျနော်တို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပြန်ကြည့်ရင် အလားသဏ္ဌာန် တူတာတွေ ရှိခဲ့ပါတယ်။ အပျော့အပြင်းတော့ ကွာ တာတွေ ရှိပါတယ်။ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း လက်ထက်တုံးကလည်း အဲသည့်သဘောမျိုးတွေ တွေ့ခဲ့ရပါတယ်။ တချို့ အခြေအနေတွေကို ဥပမာ ပေးရရင် ဗိုလ်ချုပ်နေ၀င်း နားကိုပေါက်ဖို့၊ သူ့ဆီက သဘောတူညီချက် တခုခု၊ သို့မဟုတ် ခွင့်ပြု ချက် လိုချင်ရင်၊ ဆုံးဖြတ်ချက်တခုခု လိုချင်ရင် သူ့ဇနီး ဒေါ်ခင်မေသန်းကို အရင်ကပ်ပြီး နားသွင်းရပါတယ်။ ဒေါ်ခင်မေသန်း ကလည်း သဘောတူရင်တော့ များမကြာမီ ဗိုလ်ချုပ်နေ၀င်းကလည်း သဘောတူလေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒေါ်ခင်မေ သန်း ဆုံးပြီးတော့ အရေးပါလာတဲ့သူကတော့ မျက်မှန်တင်ဦး (သို့မဟုတ်) ၀မ်းအင်ဟပ်ဖ် လို့အခေါ်ခံရတဲ့ ထောက်လှမ်းရေး မှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး ဖြစ်ပါတယ်။ မျက်မှန်တင်ဦးက တဆင့်နားသွင်းရင် အောင်မြင်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ပြန်ကောက်ရရင် အဲသည့်တုံးက နိုင်ငံတော်ကောင်စီတဖွဲ့လုံးဟာ ဖွဲ့စည်းပုံ သဘောအရတောင် ဗိုလ်ချုပ်နေ၀င်း ကို ဘာမှမပြောရဲတဲ့ မဆိုရဲတဲ့ အစုအဖွဲ့သာ ဖြစ်ခဲ့ပါတယ်။

အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဘာများထူးခြားသလဲ ကြည့်တော့ သူလည်းဘာမှမထူးပါဖူး။ ပိုတောင်ဆိုး လာတယ်လို့ ပြောနိုင်ပါသေးတယ်။ ဗိုလ်ချုပ်နေ၀င်းကာလတုံးက သူ့ကိုနားသွင်းနိုင်တဲ့ လူတဦးစ၊ နှစ်ဦးစရှိခဲ့သေးတယ် (သို့သော် အာဏာကိုထိခိုက်တဲ့ နားသွင်းမှုမျိုးတော့ လက်ခံမည်ဟုမထင်ပါ)။ အခုကာလမှာ တပ်ချုပ်ကြီးကို နားပေါက် အောင် ဘေးကနေ ပြောပေးနိုင်တဲ့သူ ရှိတယ်ဆိုတာ မကြားဖူးပါဖူး။ သူရရွှေမန်းတို့၊ သေသွားတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်း တို့ဟာ တပ်ချုပ်ကြီးအမာခံလူတွေလို့ ပြောတာကလွဲလို့ အဲသည့်သူတွေလည်း တပ်ချုပ်ကြီးကို နားပေါက်အောင် ပြောနိုင်တဲ့ အဆင့်ရှိသူများ စာရင်းထဲမှာ မပါပါဖူး။

တခါတရံ ဒီမိုကရေစီအရ ဖွဲ့စည်းထားတဲ့ အစိုးရများမှာတောင် အာဏာအရှိဆုံးလူကို ပြောရဆိုရ အကြံပြုရတာ ခက်ခဲတာ မျိုးနဲ့ ကြုံရလေ့ရှိပါတယ်။ ဦးနု ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်တုံးကတောင် ပါလီမန်ထဲမှာ ၀န်ကြီးများက ရော ပါလီမန်ကပါ သဘောတူထားတာတွေကို ဦးနုကသူ့တဦးတည်း သဘောနဲ့ ပယ်ဖျက်၊ ကန့်ကွက်၊ သဘောမတူ ခဲ့တာ တွေရှိလို့၊ အဲသလို မကြာခဏ ဖြစ်ခဲ့လို့ ဦးနုကို ပါလီမန် အာဏာရှင်လို့တောင် ဝေဖန်ခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။

ပါလီမန်ခေတ်တုံးကတောင် အဲသလိုမျိုးဖြစ်ခဲ့တာတွေကို ကြုံရရင် အာဏာကိုတဦးတည်း တယောက်တည်းက ချုပ်ကိုင် ထားတဲ့အပြင် အုပ်ချုပ်ရေးစနစ်ကလည်း စစ်တပ်အပ်ါမှာ အခြေခံပြီးတည်ဆောက်ထားတဲ့ အောက်မှာ တွေ့ဆုံ ဆွေးနွေး ရေးကို စစ်စစ်မှန်မှန် ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့ဟာ မလွယ်ကူပါ။ အဲသလို မလွယ်တာကို ဆောင်ရွက် ရတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ထည့်သွင်းရမဲ့ အားတွေ (စွမ်းအားပေါင်းစုံ) အများကြီးလိုပါတယ်။ အဲသည့် လိုအပ်တဲ့ အား တွေမပါဘဲနဲ့ မထည့်သွင်းလဲနဲ့ အာဏာရှင်ကို ဆွေးနွေးရေးဝိုင်းသို့ ရွေ့လျားလာအောင် လုပ်ဖို့ခက်ပါတယ်။

သည်နေရာမှာ အလျဉ်းသင့်လို့ အာဏာရှင်ဟစ်တလာ အကြောင်းထည့်သွင်းပြောပါရစေ။ အားလုံးသိထား ပြီးတဲ့ အတိုင်း ဟစ်တလာဟာ အာဏာကို သူတဦးတည်းက ချုပ်ကိုင် စီးဆင်းတဲ့သူပါ။ သူရဲ့အားအကိုး ရဆုံးဖြစ်တဲ့ လက်ထောက် (သို့မဟုတ်) ဒုတိယအရေးပါတဲ့ နာဇီပါတီရဲ့ ခေါင်းဆောင်ကတော့ ရူးဒေါ့ဖ် ဟက်စ်ဆို သူဖြစ်ပါတယ်။ အကယ်၍ ဟစ်တလာ မတော်တဆ သေဆုံးသွားခဲ့ရင် နာဇီပါတီရဲ့ နံပတ်တစ်နေရာကို ဆက်ခံမဲ့သူဖြစ်ပါတယ်။

၁၉၃၉ ကုန်ခါနီးမှာ ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပါတယ်။ ရူးဒေါ့ဖ် ဟက်စ်ရဲ့ အယူအဆက ဂျာမနီအနေနဲ့ ရုရှားနဲ့ အင်္ဂလန်ကို မတိုက်သင့်ဖူးလို့ ယူဆတဲ့ အုပ်စုထဲမှာပါနေပါတယ်။ အဲသလို တိုက်လိုက်ရင် အနာဂတ် ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန် အင်အားကြီး သွားလိမ့်မယ်လို့ တွက်ချက်သူလည်း ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဆွေးနွေးပြီး နှစ်ဖက် ငြိမ်းချမ်းရေး ယူထား သင့် တယ်လို့ အယူအဆရှိသူလည်း ဖြစ်ပါတယ်။ သို့သော် ဂျာမနီအနေနဲ့ သိမ်းပိုက်ထားရမဲ့ ဥရောပအတွင်းက နယ်မြေတွေ ကို တော့ လက်မလွှတ်ဘဲ သိမ်းပိုက်မှာ ဖြစ်ပါတယ်။ အဲသလို အင်္ဂလန်နဲ့ စေ့စပ်ထားရေး အယူအဆက ဟစ်တလာ အားကိုးတဲ့ ဂျာမန်ပညာရှင်တွေထဲက တဦးဖြစ်တဲ့ ပါမောက္ခ ကားလ် ဟော့ပါ ဆီက ဆင်းသက်လာတဲ့ တွက်ဆချက် ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော် ဟစ်တလာအနေနဲ့ အင်္ဂလန်ကိုသင်ခန်းစာပေးချင်နေတဲ့ စိတ်ကများနေတော့ အဲသည့်အယူအဆကို လက် မခံပါဖူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ကိုဘယ်သူကမှလည်း မဖျောင်းဖြရဲကြပါဖူး။ ဒါကိုသိထားတဲ့ ရူးဒေါ့ဖ် ဟက်စ် က နောက်ဆုံးမှာ သည်လို ဆုံးဖြတ်ချက်ခြပြီး လုပ်ခဲ့ပါတယ်။ အဲတာကတော့ ၁၉၄၁နှစ်ဆန်းပိုင်းလောက်မှာ သူကိုယ်တိုင် တဦးတည်း လေယာဉ်ပျံကို မောင်းထွက်သွားပြီး စကော့တလန်မှာ လေထီးနဲ့ ခုန်ချလိုက်ပါတယ်။ ပြီးတော့ အင်္ဂလိပ် အစိုးရနဲ့ တွေ့ပါ တယ်။ သူဟာငြိမ်းချမ်းရေး အတွက်လာတဲ့ တမန်တော်ဖြစ်ကြောင်း၊ ဂျာမဏီနဲ့အင်္ဂလန်တို့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ကြိုးစားမည် ဖြစ်ကြောင်း တင်ပြပါတယ်။ သို့သော် အင်္ဂလိပ်အစိုးရက မယုံတဲ့အတွက် ရူးဒေါ့ဖ် ဟက်စ် ကို ထိန်းသိမ်းထား လိုက်ပါတယ်။

ရူးဒေါ့ဖ်ဟက်စ် ကိုယ်တိုင်ယုံကြည် နေတာက သူအဲသလို လုပ်လိုက်ရင် နာဇီပါတီ စထောင်ကတည်းက တသက်လုံး လက်တွဲ လာခဲ့တဲ့ ဟစ်တလာ အနေနဲ့ မလွဲမရှောင်သာ ငြိမ်းချမ်းရေးကို လက်ခံလိမ့်မယ်လို့ ယူဆထားကြောင်း သမိုင်း သုတေသီတွေ က ကောက်ချက်ချပါတယ်။

မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဖူး။ ဟစ်တလာ ယမ်းပုံမီးကျ ဖြစ်တော့တာပါပဲ။ သူပြီးရင် ပါဝါအကြီးဆုံးဖြစ်တဲ့ သူက အဲသလို လုပ်တဲ့အတွက် အရှက်ကွဲသလိုလည်း ခံစားရတာ ပါပါတယ်။ နောက်တချက်က နာဇီထိပ်ပိုင်း ခေါင်းဆောင် တွေအကြား ကွဲနေကြပြီလို့ အခြားအနောက်တိုင်းခေါင်းဆောင်များ မြင်မှာကိုလည်း အထူးစိုးရိမ်ပါတယ်။ ဒါ့ကြောင့် ဟစ်တလာက နာဇီ ပါတီ အစည်းအဝေးကြီး ခေါ်လိုက်ပြီး ရူးဒေါ့ဖ်ဟက်စ်ကို သစ္စာဖေါက်အဖြစ် ရှုတ်ချပါတယ်။ ထို့အပြင် ရူးဒေါ့ဖ်ဟက်စ်ဟာ စိတ်ပေါ့သွပ် နေသူတဦး ဖြစ်ကြောင်းလည်း ကြေငြာခဲ့ပါတယ်။

ပြန်ကောက်ရရင် အာဏာကို တဦးတည်းကချုပ်ကိုင်ထားတဲ့ အခြေအနေမျိုးမှာ တွေ့ဆုံဆွေးနွေးရေး လုပ်ရတာ ထင်သ လောက်မလွယ်ဘူးဆိုတာကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါတယ်။ ရူးဒေါ့ဖ်ဟက်စ်လို ဒုတိယပါဝါ အရှိဆုံး လည်းဖြစ်၊ နှစ်ရှည် လများက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ သူများကိုယ်တိုင် ၀င်ဆောင်ရွက်တာတောင် မအောင်မြင်တဲ့ သာဓက ရှိခဲ့ပါတယ်။ အာဏာကို တဦးတည်းက ချုပ်ကိုင်ထားတော့ ဆုံးဖြတ်ချက်တွေဟာ နေ့တမျိုး ညတဖုံ ဖြစ်လေ့ရှိတာ သဘာဝပါ။

အခုကျနော်တို့ တိုင်းပြည်က တပ်ချုပ်ကြီးမှာ ရူးဒေါ့ဖ်ဟက်စ် လိုသူနဲ့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေမရှိပါ။ သူကလွဲရင် အားလုံးက အသက်ကော၊ ၀ါကော သူ့ထက်နိမ့်သူတွေ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်ရွှေမန်းတို့၊ ဗိုလ်ချုပ်သိန်းစိန်တို့ လည်း သူတို့ကိုယ်သူတို့ ရူးဒေါ့ဖ်ဟက်စ်လို လုပ်ရဲမဲ့သူတွေ ဖြစ်နိုင်ဖို့ အသာထား ဘာကြောင့် ဒေါ်စုနှင့် စစ်စစ်မှန်မှန် ဆွေးနွေးဖို့ လိုကြောင်းတောင် တပ်ချုပ်ကြီးကို ပြောရဲပါ့မလား။ ဗိုလ်ချုပ်အောင်ကြည် ကတော့ မက်ဆင်ဂျာ (သတင်း သယ်ပို့သူ) သာ ဖြစ်လို့ ဒီစာရင်းထဲထည့် မပြောတော့ပါ။

နောက်ထပ်တချက် ထပ်မံဖြည့်စွက် လိုပါသေးတယ်။ တချို့မိတ်ဆွေများက ဒိုင်ယာလော့ စတော့မည့် ရပ်ဝန်းသို့ တဖြည်း ဖြည်းခြင်း သွားနေသည်မို့ နှစ်ဖက်အပုတ်ချတိုက်ခိုက်ခြင်းများ၊ စွပ်စွဲပြောဆိုမှုများကို မပြုလုပ်ကြရန် အကြံပြု ကြပါတယ်။ မှန်သည်ဟု ဆိုပါရစေ။ ဒေါ်စုအပါအ၀င် အရေးကြီးသော ခေါင်းဆောင်များ အနေဖြင့်လည်း ထိုသို့လုပ်မည်ဟု ကျနော့် အနေဖြင့်မထင်ပါ။ အရင်ကလည်း သူတို့ဖက်က မလုပ်ခဲ့ပါ။ ဆွေးနွေးရေး ချောမွေ့လာရေးကိုသာ စောင်းပေးမည်ဟု တပ်အပ်ပြော ရဲပါတယ်။

သို့သော် ကျနော်တို့အပါအ၀င် လူသာမန်များက သည်ကြားထဲတွင် ဘာလုပ်ကြမည်နည်း။ အပုတ်ချတာ မဟုတ်ပဲ သည် အာဏာရှင် နိုင်ငံရေးစနစ်ကြောင့် ပြည်သူတို့ နစ်နာခံစားနေရသည်ကို ထုတ်ဖော်မပြောသင့်တော့ပြီလော။ ဆွေးနွေးပွဲ အောင်မြင်သည်အထိ စောင့်ပြီးမှ ပြောရမည်လော။ အခုထုတ်ဖေါ်ပြောရင် ဆွေးနွေးပွဲကို ထိခိုက်မည်ဟု ထင်ပါသလော။

မဂ္ဂင်ကျောင်းတိုက်က ဆရာတော်များကို နှင်ထုတ်ခြင်း။ နိုင်ငံရေးလှုပ်ရှား သူများကို ဆက်လက်ဖမ်းဆီးနေခြင်း။ နှိပ်စက်နေ ခင်း။ ကလေးစစ်သားများကို ဆက်လက် အသုံးပြုနေခြင်း။ မြေမြှုပ်မိုင်းများကို တိုင်းရင်းသားနယ်မြေ များထဲတွင် ဆက်လက် အသုံးပြုနေခြင်း။ လူမမြင်ရာတွင် တိုင်းရင်းသူ လုံမေတို့ကို စစ်တပ်က အဓမ္မပြုကျင့်ခြင်း။ မြစ်များကို ပိတ်၍ ဆည်ဆောက် သောကြောင့် ဒေသခံများနစ်ရခြင်း။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးရခြင်း။ သဘာဝ ဓာတ်ငွေ့များ ကို တိုင်းသူပြည်သားတို့ မသုံးရဘဲ ဘေးနိုင်ငံများကို ရောင်းစားနေခြင်း။ စီးပွါးရေးမှန်သမျ သူတို့သာ လက်ဝါးကြီးအုပ် ထားဆဲ ဖြစ်ခြင်း။ အိတ်ခ်ျအိုင် ဗွီ/ အေအိုင်ဒီအက်စ် ပြဿနာများကို မကူညီမဖြေရှင်းပေးခြင်း။ ကလေးများ ကျောင်းတက်နိုင်စေရန် စီစဉ်ဆောင်ရွက် မပေးခြင်း။ ပညာရေးကို မြှင့်တင်မပေးခြင်း။ စိုက်ပျိုးရေးကို အခြေခံဆဲ ဖြစ်သော လူအများစုကို ပစ်ထား၍ စစ်တပ်ကိုသာ ကြီးသထက် ကြီးအောင် ငွေတွေကိုသုံးနေခြင်း။ နိုင်ငံရေးတွင် တိုင်းသူပြည် သားတို့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရန် အခွင့်အရေးရှိခြင်း။

့  ခြင်း။့  ခြင်း။့  ခြင်း။ ခြင်းတွေအများကြီး ရှိပါသေးတယ်။

ထိုထိုသော များမြောင်လှသည့် ကိစ္စများအတွက် ပြောကိုပြောရပါလိမ့်မယ်။ ကမ္ဘာကသိအောင် လုပ်ရပါလိမ့်မယ်။ ထိုထို့ သော ကိစ္စများမှ ပေါက်ဖွားလာသော မောင်းနှင်စွမ်းအားများကသာ ဒိုင်ယာလော့ ဖြစ်စဉ်ကို ပိုမိုအသက်ဝင် အကျိုးများ စေမည်ဟု ဆိုပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၉ ရက် နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်

1 comment:

hta said...

hello ko zaw min,
i also agree your post.we have to do to know all over the world what's military government doing.any ways if we can.today i fell very angry and very sad about MAGGIN MONASTRY .i think we must do something like JIHAD for protection of our buddshism.
hta2

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.