ဤ
လမ်းကလေးမှ အလုပ်သွားရသည်မှာ ကြည်နူးစရာကောင်းလှသည်။ လမ်းဘေးတဘက်တချက်၌ စီတန်းနေသည့် သစ်ပင် ကလေးများသည် ဆောင်း၌ ရိုးတံအပြိုင်းပြိုင်းနှင့် မှိုင်းမှိုင်းကြီး ကိုင်းနေတတ်ကြသော်ငြား နွေဦး၌မူ တသွေး တမွေးဖြင့် စိမ်းစိမ်းစိုနေ တတ်ကြသည်။ နွေနှောင်း၍ ဆောင်းဦးပေါက်တွင်မတော့ အရွက်ကလေးများဝါကျင်၍ ကြွေကျမြေခ နေကြ ပုံမှာလည်း ကွန်ပြူတာ ဖန်သားပြင်၌ သုံးလေ့ရှိတတ်သည့် နမူနာပုံလေးများထဲမှ Autumn ဟု ခေါ်သည့် ကားချပ်ကလေး နှင့်ပင် တူချေသေးတော့သည်။
ထိုမှ နည်းနည်းလွန်သော် ရည်ရွယ်ချက်ကိုယ်စီဖြင့် ကိုယ့်လမ်းကိုယ်သွားကြမည့်ကားများအား တစီးနှင့်တစီး ထိပ်တိုက် မတွေ့ကြစေရန်အတွက် အလှည့်ကျစနစ်ဖြင့် လမ်းညွှန်ပေးနေသည့် မီးပွိုင့်ကလေးများရှိရာ လမ်းဆုံလမ်းခွလေးတခုသို့ ရောက်သွား ပေလိမ့်မည်။ ဤလမ်းဆုံလမ်းခွလေး၌ သတင်းစာရောင်းသူများမရှိ၊ လက်ကမ်းကြော်ငြာဝေငှနေသူများမရှိ၊ မုန့်ပဲသွားရည်စာ ရောင်းသူ များမရှိ။ ယာဉ်ထိန်းရဲများမရှိ။ လာရာလည်းမတူကြသလို လားရာလည်းမတူကြသည့် ကားတိုင်း ကားတိုင်း ကိုယ့်အသိနှင့်ကိုယ်၊ ကိုယ့်ကိစ္စနှင့်ကိုယ် ကိုယ့်ခရီးကိုယ် ဆက်၍သွားကြသည်ပင်။
ပုံမှန်အားဖြင့်ဆိုလျှင် ကွေ့ရန် မြားအစိမ်းလေးမြင်ရသည်အထိ စောင့်ရလေ့ရှိတတ်သဖြင့် ဤလမ်းဆုံကလေးသို့ရောက်ပြီ ဆိုလျှင် အလိုလိုအရှိန်လျော့မိလျက်သား ဖြစ်နေလေ့ရှိတတ်သည်။ မီးပွိုင့်တခု၏ ပျမ်းမျှအချိန်သည် မည်မျကြာတတ်သည် ဆိုသည်ကို တခါမျှ မစဉ်းစားဘူးသော်ငြား ရှိလှမိနစ်ပိုင်းမျအချိန်တိုတိုလေးအတွင်း၌ မရည်ရွယ်ပါဘဲလျက် လုပ်မိသည့် အလုပ်များသည် မနည်းလှ။ ယနေ့လုပ်ရန်ရှိသည့် ကိစ္စများကို စဉ်းစားမည်။ တဦးဦးကို ဖုန်းဆက်လျှင် ဆက်မည်။ ဘေးဘီ နှင့် ရှေ့နောက်ရှိ ကားများကိုကြည့်မည်။
ထိုနေ့ကလည်း အခြားသော နေ့များနည်းတူ လမ်းဆုံကလေး၌ မြားအစိမ်းလေးကို ရပ်စောင့်နေချိန်ဖြစ်သည်။ တီတီ ... ပွမ်ပွမ် ... တီတီ စသဖြင့် ကားဟွန်းသံများ ဟိုမှသည်မှ ကြားလိုက်ရသဖြင့် အလန့်တကြားဖြစ်သွားသည်။ သည်မှာက မည်သူမျှ ကားဟွန်းတီးလေ့မရှိ၊ မီးကြီးထွန်းလေ့မရှိ။ ကားဟွန်းတီးပြီဆိုလျှင် မိမိသော်လည်းကောင်း၊ အခြားသူတဦးဦး သော်လည်းကောင်း တခုခုမှားနေ၍၊ တခုခုဖြစ်နေ၍ ဟွန်းတီး၍ သတိပေးခြင်း (မှန်တံခါးဖွင့်၍ အော်ဆဲလေ့မရှိ) ဟု နားလည်ထားကြသည်။
ရုတ်တရက်ဟွန်းသံများကြားလိုက်ရသဖြင့် အလန့်တကြားဖြစ်သွားသော်ငြား ကိုယ်ဘာများမှားသလဲဟု မဆိုင်းမတွ စစ်ဆေး ကြည့်လိုက်မိသည်။ အားလုံးအိုကေ။ ဒါဆို အခြားသူတဦးဦးပဲဖြစ်မှာပါဟု တွေး၍ ဘယ်သူများဖြစ်လေမည် နည်းဟု ဟိုကြည့် သည်ကြည့် ကြည့်လိုက်မိသည်။ အားလုံးအိုကေ။ သို့သော် ဟွန်းသံများကိုကား ကားတိုင်းလိုလိုဆီမှ အဆက်မပြတ် ကြားနေ ရသည်။ ဘုမသိဘမသိ နှင့် ထွက်သာလာခဲ့ရသည် ဘာကြောင့်မှန်း တိတိကျကျမသိလိုက်ရသဖြင့် စိတ်ထဲ၌ ဘ၀င်မကျလှ။
ပြီးခဲ့သည့်တပါတ်လုံးလုံး ဘ၀င်မကျဖြစ်နေခဲ့သည့်ပြဿနာ၏အဖြေကို နောက်တပါတ်ကျကာမှ တိတိကျကျ သိလိုက်ရသည်။ လမ်းဆုံကလေးသို့ မရောက်မီကတည်းက ဟွန်းသံများကို ကြိုတင်ကြားနေရသဖြင့် အရှိန်လျော့၍ ဟိုကြည့် သည်ကြည့် ကြည့်ခွင့်ရသွားသည်။ သည်တော့မှ မီးပွိုင့်ပလက်ဖောင်းပေါ်၌ ဆိုင်းဘုတ်များကိုင်၍ ရပ်နေကြသည့် လူအုပ်တအုပ်ကို တွေ့လိုက်ရသည်။ ဆိုင်းဘုတ်များ ၌ Honk for Peace ဟူသည့်စာတန်းများရေး၍ ငြိမ်းချမ်းရေး သင်္ကေတ အမှတ်တံဆိပ် ၀ိုင်းဝိုင်းကြီးများကို အကြီးကြီးဆွဲထားကြသည်။ ထိုအချိန်ကျမှ သြော် ... ဒါ့ကြောင့်ကိုးဟု သဘောပေါက်သွားသော်ငြား ထိုနေ့ကမူ ကားဟွန်းကိုကား မတီးဖြစ်ခဲ့။
နောက်တပါတ်ကျလျှင်တော့ ဟွန်းတီးဖြစ်အောင်တီးမည်ဟု ဆုံးဖြတ်၍ ဆိုင်းဘုတ်ကိုင်ထားသူများရှိရာဘက်သို့ နီးသည် ထက် နီးစေရန် ယာဉ်ကြောပြောင်းမည်ဟု အချက်ပြလိုက်မိသည်။ သို့သော် ဘေး၌ ရဲကားတစီး ကပ်ပါလာသည်ကို တွေ့လိုက်မိသဖြင့် ကျနော့်ဆန္ဒကို ချက်ချင်း ရုတ်သိမ်း၍ အချက်ပြမီးကလေးကို အသာလေးပြန်ပိတ်ထားလိုက်ရသည်။ သို့နှင့် လမ်းဆုံကလေးသို့ ရောက်လာသည်။ ဆိုင်းဘုတ်ကိုင်ထားသူများကို မြင်နေရသော်ငြား ဘေး၌ ရဲကားရှိနေသဖြင့် ဟွန်းကိုမူ မတီးရဲသေး။ (ရဲတွေ့လျှင်ကြောက်တတ်သည့် စိတ်က အဲသည် အခိုက်အတန့်ကလေးအထိ ကြီးစိုးနေခြင်းကို စက်ဆုပ်မိသည်)။
ကားထဲမှ ရဲသည် သူ့ကို ကြည့်နေ (ဘုကြည့် ကြည့်နေမိမည်ထင်သည်) သည့် ကျနော့်ကို တချက်စောင်းကြည့်သည်။ ထို့နောက် ကျနော့်ဘေးရှိ အခြားကားများကို လေQာက်ကြည့်သည်။ ထို့နောက် ဆိုင်းဘုတ်ကိုင်ထားသူများဘက်ကို လှမ်း ကြည့်သည်။ သည်အတိုင်းသာဆိုလျှင် ဆိုင်းဘုတ်များကို တွေ့သွားတော့မည်။ ထင်သည့်အတိုင်းပင် တွေ့လည်း တွေ့သွား ပုံရသည်။ ရဲကားမှ ပြာနီဝါ မီးများ မှိတ်တုတ်မှိတ်တုတ် လင်းလာသည်။ (ဤမီးများလင်းလာလျှင် ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် ကားတစီးစီး၊ လူတဦးဦးကို ဖမ်းဆီးတော့မည်မှန်း အားလုံးနားလည်ထားကြသည်) သို့သော် ထိုနေ့က ဤလမ်းဆုံကလေး၌ ယာဉ်စည်းကမ်းဖောက်ဖျက်ပုံရသည့် ယာဉ်တစီးမျှ မတွေ့မိ။ လူတဦးမျှ မတွေ့မိ။ ကျနော်အပါအ၀င် အားလုံးလိုလိုက ဘာများ ဆက်ဖြစ်လေမည်နည်းဟူသည့် အမေးမျက်လုံး များဖြင့် အခြေအနေကို မှိတ်မသုန် ကြည့်နေမိ ကြမည် ထင်သည်။
မျှော်လင့်မထားမိသည်တို့လည်း ဖြစ်လာလေ့ရှိတတ်သည်ဟူသည့် မထင်ဝံ့ဝံ့ကိစ္စများထဲ၌ ဤအဖြစ်အပျက်ကလေးကိုပါ ထည့်သွင်း၍ ရနိုင်ကောင်း၏ဟု ထင်မိသည်။ အခြားမဟုတ်။ ကားထဲမှရဲသည် ဆိုင်းဘုတ်ကိုဖတ်၍ ကားဟွန်းကို အကျယ်ကြီး တီးလိုက် ခြင်းဖြစ်ပါသည်။ တအောင့်မျ မင်သက်သွားမိကြသော်ငြား မီးစိမ်းလျှင် ကိုယ့်လမ်းကိုယ်သွားရန် တာစူနေကြသည့် လေးဘက်လေးတန်မှ ကားများအားလုံးကလည်း မဆိုင်းမတွပင် သူတို့၏ကားဟွန်းများကိုပါ လိုက်၍တီးလိုက်ကြပါသည်။ ဆိုင်းဘုတ်ကိုင်ထားကြသူများ ကလည်း ဆိုင်းဘုတ်များကို ပို၍မြင့်သည်ထက်မြင့်အောင် ဝှေ့ယမ်းလိုက်ကြပါသည်။
ကျနော့်ကိုယ်ကျနော် သတိပြုမိသည့်အချိန်၌ အားရပါးရ ဟွန်းတီးနေမိသဖြင့် ကားကွေ့ရန် အစိမ်းရောင်မြားကလေး ပေါ်လာ ခြင်းကိုပင် အမှုမဲ့အမှတ်မဲ့ဖြစ်သွားခဲ့ပါသည်။ အကယ်၍ ထိုနေ့က မီးပွိုင့်ကလေးသည် ပုံမှန်ထက် နှစ်ဆတိုး၍ မီးနီချိန် ကြာမြင့်ခဲ့မည် ဆိုလျှင် ကျနော်ဘုကြည့်ကြည့်ခဲ့မိသည့် ရဲကြီးက သူ့လုပ်ပိုင်ခွင့်ဖြင့် လုပ်ခဲ့၍ပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ (ရဲကားများထဲ၌ မီးပွိုင့်များကို လိုအပ်လျှင် လိုအပ်သလို ထိန်းချုပ်ညွှန်ကြားနိုင်သည့် ကိရိယာများ ထပ်ဆင်ထားကြပါသည်။)
ထိုနေ့က အလုပ်သာလုပ်နေရသော်လည်း အလုပ်ထဲ၌ စိတ်မကပ်။ ဆယ့်လေးငါးမိနစ်ခန့်ရတတ်သည့် ကော်ဖီသောက်ချိန် ကလေး၌ ကျနော်မြင်ခဲ့သည့် မြင်ကွင်းကို ပြန်၍ပုံဖော်ကြည့်နေမိသည်။ လမ်းဆုံကလေးရှိ ဆိုင်းဘုတ်ကိုင်ထားသူများ ပြော လိုသည်မှာ “ငြိမ်းချမ်းရေးအတွက် ဟွန်းတီးကြပါ”။ ကားများဖြစ်နေ၍ ဟွန်းတီးကြပါဟု ပြောခြင်းဖြစ်သော်ငြား အကယ်၍ လူများသာ ဖြစ်ကြမည် ဆိုပါက “ငြိမ်းချမ်းရေးအတွက် လက်ခုပ်တီးကြပါ”ဟု ပြောလိုခြင်းဖြစ်မည်ထင်သည်။
ဤလမ်းဆုံ ကလေး၌ ရှိနေကြသည့် ကားများမှာ အရောင်အသွေးလည်း စုံလင်လှသလို အမျိုးအစားလည်း စုံလင်လှသည်။ နိုင်ငံစုံမှ ဒီဇိုင်းစုံဖြင့် ထုတ်လုပ်ထားသည့်ကားများဖြစ်ကြသလို၊ ကားမောင်းသူများမှာလည်း ကားများနည်းတူ နိုင်ငံစုံမှ လူမျိုးစုံနှင့် အသားအရောင်မျိုးစုံဖြစ်နေကြသည်ကို တွေ့မြင်ရပေသည်။
ဤကားများ၊ ဤလူများသည် ဆိုင်းဘုတ်ကိုင်ထားကြသူများနည်းတူ ငြိမ်းချမ်းရေးကို လိုလားကြကြောင်း ဟွန်းတီး၍၊ လက်ခုပ်တီး၍ ဖော်ပြကြလျှင် စောစောက ကားဟွန်းကို အကျယ်ကြီးတီးခဲ့သည့် ရဲကြီး၊ မီးပွိုင့်ကို သတ်မှတ်ချိန်ထက် နှစ်ဆမျှ ကြာစေခဲ့သည့်ရဲကြီးသည်လည်း ငြိမ်းချမ်းရေးကို လိုလားသည့် ရဲကြီးဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။
ဆိုင်းဘုတ်ကိုင်ထားကြသူများကို ကြည့်ရသည်မှာလည်း စိတ်ဝင်စားဘွယ်ကောင်းလှသည်။ အဖိုးများက မြေးများကို လက်ဆွဲ၍၊ အမေများက သားများကို လက်ဆွဲ၍၊ ညီအကိုမောင်နှမများက လက်ချင်းချိတ်၍ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ထားကြပုံမှာ မိသားစုတန်ဖိုးတခု (တနည်း) လူ့ယဉ်ကျေးမှုတခုကို ပုံဖော်နေကြသည့်နှယ် ခံစားနေမိသည်။
ထို့အတူ သူတို့ရွေးချယ်သည့်နည်းလမ်းကလေးသည် လှလည်းလှ၊ သိမ်လည်းသိမ်မွေ့၊ အေးလည်းအေးချမ်း၍ အခြားသူများ အတွက် အနှောင့်အယှက်မဖြစ်ရုံမျမက လူတိုင်းလူတိုင်း လွယ်လင့်တကူ လိုက်ပါလုပ်ဆောင်နိုင်သည့် နည်းလမ်းကလေး ဖြစ်နေခြင်းပင် ဖြစ်သည်။ လွယ်သည်။ ကားမောင်းသွားနေချိန်ဆိုလျှင် ဟွန်းတီးပေး၍ လမ်းလျှောက်သွားနေချိန်ဆိုလျှင် လက်ခုပ်တီးပေးလိုက်ရုံပင်။
နည်းလမ်းရွေးချယ်သူ၏ စိတ်ကူးကို တန်ဖိုးထားမိသည်။ အခြားသူတိုင်းအတွက် အနှောင့်အယှက်မဖြစ်စေရုံ မျှမက လိုက်ပါ လုပ်ဆောင်သည့် လူတိုင်းလူတိုင်းအတွက်လည်း အန္တရာယ်မရှိစေနိုင်မည့် နည်းလမ်းမျိုးဖြစ်ရန် စိတ်ကူးကောင်း ကောင်းဖြင့် ရွေးချယ်ထားခြင်းသည်။ စိတ်ကူးကောင်းရုံမျှမက စိတ်ကူး၏နောက်၌ ကပ်လျှက်ရှိနေသည့် ရည်ရွယ်ချက်ကိုပါ တွေ့လိုက်ရ သည်။
ကားဟွန်းလေး တချက်တီးလိုက်ရခြင်း၊ လက်ခုပ်လေး တချက်တီးလိုက်ရခြင်းသည် မည်သူ့အတွက်မျှ အပမ်းမကြီး။ တကူး တက ကိစ္စမဟုတ်။ ရာဇ၀တ်မှု ကျူးလွန်သည့်ကိစ္စမဟုတ်။ ထို့ကြောင့် မည်သူမဆို လိုက်လုပ်ရန် ၀န်မလေး။ လုပ်ရသည့် ရည်ရွယ်ချက်ကလည်း မြင့်မြတ်သည့် အလုပ်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြောင်း ဖော်ပြရသည့်ကိစ္စ။
မြင်ရသည့်ကိစ္စမှာ ကားတိုင်းဟွန်းတီးခြင်းနှင့် လူတိုင်း လက်ခုပ်တီးခြင်းကို ဖြစ်သည်။ မမြင်ရသည့်ကိစ္စမှာ ဟွန်းတီး သူတိုင်း နှင့် လက်ခုပ်တီးသူတိုင်း၏ ရင်ထဲသို့ ထည့်ပေးလိုက်နိုင်သည့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးစိတ်ကလေးဖြစ်သည်။ အဖိုး လက်ကို တွဲထားသည့် မြေးကလေး၊ အမေ့လက်ကို တွဲထားသည့် သားကလေး၊ တယောက်လက်ကို တယောက်ချိတ် ထားကြသည့် ညီအကိုမောင်နှမ သားချင်းကလေးများ အားလုံးတို့၏ ရင်ထဲသို့ ထည့်ပေးလိုက်နိုင်သည့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးစိတ်ကလေး ဖြစ်သည်။
လူတဦး၏ ဘ၀၌ တခုခုကို ဆုံးဖြတ်ရွေးချယ်ရမည့် လမ်းဆုံလမ်းခွကလေးများ ရှိနိုင်ပါသည်။ ထို့အတူ မိသားစုတစု၌လည်း တခုခုကို ဆုံးဖြတ်ရွေးချယ်ရမည့် လမ်းဆုံလမ်းခွကလေးများ ရှိနိုင်ပါသည်။ ထို့အတူ လူမျိုးတမျိုး၊ တိုင်းပြည်တပြည်၊ နိုင်ငံ တနိုင်ငံ၌လည်း တခုခုကို ဆုံးဖြတ်ရွေးချယ်ရမည့် လမ်းဆုံလမ်းခွကလေးများ ရှိနိုင်ပါသည်။
အထူးသဖြင့် အချိုးအကွေ့များလှသည့် နိုင်ငံ့ရေးရာ ကိစ္စများ၌ဆိုလျှင် အလားတူ လမ်းဆုံလမ်းခွကလေးများ ပို၍ပင် ရှိကောင်း ရှိနေနိုင်ပါသည်။ မည်သို့ပင်ဆိုစေ အဆိုပါ လမ်းဆုံလမ်းခွကလေးများ၌ ဆိုင်းဘုတ်ကိုင်ထားကြသူများ (တနည်း) ငြိမ်းချမ်းရေး ကို လိုလားကြသူများကား ရှိကောင်းရှိနေကြမည်ထင်ပါသည်။ ထို့အတူ ဤမည်သော လမ်းဆုံ လမ်းခွကလေး တိုင်း၌ ဟွန်းတီးသည့် ကားများနှင့် ဟွန်းတီးသည့် ရဲကြီးများလည်း ရှိကောင်းရှိနေနိုင်ပါသည်။
နောက်ပိုင်းရက်များ၌ လမ်းဆုံလမ်းခွလေးသို့ရောက်တိုင်း (ဤလမ်းဆုံလမ်းခွကလေးမှမဟုတ်) အခြားလမ်းဆုံ လမ်းခွ ကလေးများသို့ရောက်တိုင်းလည်း ဆိုင်းဘုတ်ကိုင်ထားကြသူများ ရှိလေမည်လားဟူသည့်အတွေးဖြင့် ကြည့်မိသည်။ ထူးခြား သည်မှာ ဤအတွေး ဖြင့် ကြည့်မိလေတိုင်း ဤလမ်းဆုံလမ်းခွကလေးတွင်မှမဟုတ် အလားတူ လမ်းဆုံ လမ်းခွကလေးတိုင်း၌ ဆိုင်းဘုတ်ကိုင်ထားကြသူများ (သို့တည်းမဟုတ်) ဟွန်းတီးကြမည့်ကားများနှင့် လက်ခုပ်တီးကြမည့် သူများ ရှိနေကြသည့်နှယ် ခံစားနေမိခြင်းပင် ဖြစ်ပါသည်။ ...
အောင်မော်ဦး
ဒီဇင်ဘာ၊ ၁၊ ၂၀၀၇။
Sunday, December 2, 2007
Honk for Peace! (အက်ဆေး)
Posted by ရွက်မွန် at 6:30 PM
Labels: အက်ဆေး, အောင်မော်ဦး
Subscribe to:
Post Comments (Atom)
1 comment:
DUTIES! DUTIES! “CALL TO DUTIES” NOT “CALL TO ARMS”
OUR DUTY IS TO CHANGE PEACEFULLY AND ARMY DUTY IS TO SAVE LIVES and the UNION. NOW YOU CAN SEE “ENEMY” WITHIN.
NOW WE THINK WE ARE REALLY SEEING THE ARMY LEADERS TRICKS TO HOLD BACK THE ARMY FROM CHANGE WITHIN.
ALL COMMANDERS ARE RESPONSIBLES FOR YOUR ACTION AND YOU COMMANDING JUDGEMENT THAT YOU ALL ARE unnecessary WASTING THE LIFE OF THE REAL SOLIDERS TO MAKE YOUR BALL KYAUNG THAN SHWE AND GROUPS IN POWER. YOU ARE ALWAYS RIGHT TO ASK THE QUESTIONS “why” BEFORE MISSION FOR WAR. WE BELEIVE ALL ARMY COMMANDING POSTS ARE “PASSIVE” WATCHING ALL INTERNET BLOGGERS SITES AND NEWS MORE THAN US SO YOU ALREADY GOT PEOPLE MESSAGE. SO IT IS UP TO YOU TO DECIDE WHAT YOU WANT TO DO. NOW IS YOUR CALL. CALL TO ARM OR CALL TO CHANGE WITHIN and Save Lives!
Army look like TO SAVE THE LIVES & almost cracking that is why Ball Kyaung than shwe is trying to make bloodshed with everybody so army can not turn back against to them. If peace deal broken and war starting all over the places then all army commanders and all rebels can not stop because that is why they are calling war in every places in Burma. All commanders can not leave the battles field and thinking about to change within. It takes a couple of years to cool down. It is Ball Kyaung than shwe’s Trick, he is buying the time. He needs to trick something that he needs time. That is what Ball Kyaung than shwe is doing. Just find out more before everybody take action.
Every bloody crackdown to peoples up rising after that we all heard all peace deal is broken with rebels and fighting is broke out all over in Burma. During bloody creak down all soldiers and commanders are up set because that is their peoples and unarmed too. First thing got in their mind is like us to make change within. If you are a soldier even you are rebel you can not walk away from battle field. If your comrade is dying or injuries it makes you more binding. All commanders are very busy and threat of broken the union is become real. So what ever happen win the war first changes within latter. Change within phrase never come BECAUSE during war all commanders are monopolized and their good intention is cool down. That is why they are always stalling the time (buying time) and at the end there is never come to the second part of “CHANGE WITHIN”. So please do your responsible duties and the real peace will take care itself.
OUR PEOPLES DUTY IS TO DIE TRYING. ARMY DUTY IS TO SAVE LIVES. IF THAT TWO SOLUTION COME IN AS ONE THAN peace will take care itself.
Post a Comment