ဗီး
ရာဒြရိတ် ဆိုတဲ့အမည်က လူတဦးရဲ့ အမည်ဖြစ်သလို ရုပ်ရှင်ကားတကားရဲ့ အမည်လည်းဖြစ်ပါတယ်။ ဗီးရာဒြရိတ် ဟာ အသက်ငါးဆယ်ကျော် အင်္ဂလိပ် အမျိုးသမီးကြီး တဦး ဖြစ်ပါတယ်။ သူမဟာ ခေတ်ပညာမတတ်တဲ့ ဆင်းရဲသူ၊ သာမန်အိမ် ထောင်ရှင်မ ဇာတ်ကောင်တဦး လည်းဖြစ်ပါတယ်။ အဲသည့် ရုပ်ရှင်ကားဟာ မကြာသေးမှီကာလ အတွင်း မှာ ရိုက်ကူး ခဲ့တဲ့ ကား ဖြစ်ပေမဲ့ ဒုတိယ ကမ္ဘာစစ်ပြီးကာစ နှစ်များကို အခြေခံထားပါတယ်။ စစ်ပြီးခါစ နှစ်များအတွင်း ဆင်းရဲတွင်းမှာ အပြင်း အထန် ရုန်းကန်နေခဲ့ရတဲ့ လန်ဒန်မြို့က ဆင်းရဲသား အင်္ဂလိပ်လူ့အဖွဲ့အစည်းထဲက အမျိုးသမီးများ အကြောင်းကို အဓိက မီးမောင်းထိုးပြ ထားတာ ဖြစ်ပါတယ်။
အချိန်ကတော့ စစ်ကြီးပြီးတာ ငါးနှစ်ရှိပြီဖြစ်တဲ့ ၁၉၅၀ ခုနှစ် ဖြစ်ပါတယ်။ ဗီးရာဟာ ချမ်းသာတဲ့ အိမ်တအိမ်မှာ သန့်ရှင်းရေး၊ ချက်ပြုတ်ရေးအလုပ်ကို အချိန်ပိုင်းလုပ်ရင်း ၀င်ငွေရှာသူဖြစ်ပါတယ်။ သူ့ခင်ပွန်းကတော့ ကားဝပ်ရှော့တခု မှာ အလုပ် လုပ်ပါ တယ်။ သူတို့မိသားစုမှာ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သားနဲ့သမီးလည်းရှိပါတယ်။ မိသားစုလေးဦးဟာ ဆင်းရဲသား ရပ်ကွက် တခုရဲ့ မှောင်မဲကျဉ်းမြောင်းတဲ့ တိုက်ခန်းတခန်းမှာ နေထိုင်ကြပါတယ်။
ဗီးရာရဲ့ လူမသိတဲ့၊ သူ့ယောက်ကျားတောင်မသိတဲ့ နောက်အလုပ်တခု ရှိပါသေးတယ်။ အဲတာကတော့ ကိုယ်ဝန်ဖျက်ချ ပေး တဲ့ အလုပ်ကိုလုပ်ခြင်းပါ။ သို့သော် အဲသလိုကိုယ်ဝန်ဖျက်ချ ပေးတဲ့အပေါ်မှာ သူမဟာ ပိုက်ဆံမယူပါဖူး။ တခါတရံ စည်သွတ် ဗူး၊ စားစရာအချို့ လက်ဆောင်ရတာကလွဲရင် ဒီလုပ်ငန်းဟာ ဗီးရာအတွက် ၀င်ငွေရတဲ့လုပ်ငန်း မဟုတ်ပါ။ ဘာဖြစ်လို့ တုန်းဆိုတော့ ဗီးရာကူညီရတဲ့ သူ့ဖောက်သည်များဟာ ဆင်းရဲသားအမျိုးသမီးများ ဖြစ်နေလို့ပါပဲ။ သို့သော် ကြားထဲက ပွဲစားလုပ်ပေးတဲ့ အမျိုးသမီးကတော့ ကိုယ်ဝန်ဖျက်ခြင်တဲ့ အမျိုးသမီးတွေဆီက ပွဲခ အနည်းအကျဉ်း ယူလေ့ရှိပါတယ်။ ဗီးရာဟာ ပညာမတတ်တဲ့သူဆိုတော့ သူမကိုယ်ဝန်ဖျက်ချ ပေးတဲ့နည်းဟာ ရှေးရိုးအရပ် နည်းဖြစ်သလို အန္တရာယ်များတဲ့ နည်းလို့လဲဆိုနိုင်ပါတယ်။
အဲသည့်အချိန်တုံးက အင်္ဂလန်ဟာ နိုင်ငံတခုအနေနဲ့ ချမ်းသာဆဲ ကိုလိုနီအရှင်သခင်နိုင်ငံ ဖြစ်ပေမဲ့ တိုင်းပြည်မှာ ဆင်းရဲသား လူတန်းစား အများအပြား ရှိနေတုန်း ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ကိုယ်ဝန်ဖျက်ချတာဟာ ရာဇ၀တ်မှု မြောက်ပါ တယ်။ သို့သော် ချွင်းချက်အနေနဲ့ကတော့ ကိုယ်ဝန်ဖျက်ချလိုသူ အမျိုးသမီးဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာအရ ကျန်းမာရေးမကောင်းဖူး ဆိုရင်တော့ ဆရာဝန်ကြီးများရဲ့ ထောက်ခံချက်နဲ့ တရားဝင်တည်ရှိနေတဲ့ ဆေးရုံ၊ ဆေးခန်း များမှာ ဆောင်ရွက်နိုင်ပါတယ်။ သို့သော် အဲသလိုထောက်ခံချက် ရဖို့မလွယ်ကူပါ။ သို့သော် လို အပ်တဲ့ ငွေကြေး ပမာဏကို ပေးနိုင် ရင်တော့ အဆင်ပြေလွယ်ကူလေ့ရှိပါတယ်။ သို့သော် ဆင်းရဲသူ အမျိုးသမီးများ အနေနဲ့ ထိုမျှ ကြီးမားသော ငွေကြေးပမာဏ ကို ပေးနိုင်တဲ့အင်အား မရှိကြပါ။
ဗီးရာ အလုပ်လုပ်တဲ့ အိမ်ကသူဌေးသမီးဟာ အမျိုးသားတဦးရဲ့ အလိုမတူဘဲ ကျင့်ကြံမှုကြောင့် ကိုယ်ဝန်မတော်တဆ ရလာ ပါတယ်။ ဆရာဝန်ကြီးတဦးနဲ့ တိုင်ပင်တော့ ဆရာဝန်ကြီးက ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ရာဇ၀တ်မှု ဖြစ်တဲ့ အတွက် ဆောင်ရွက်ပေးဖို့ မလွယ်ကူကြောင်း ပထမဆိုပါတယ်။ သို့သော် ဆရာဝန်ကြီးကပဲ အကြံ ပေးပါတယ်။ အဲတာ က ဘာလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး မကောင်းရင်တော့ ဥပဒေက ခွင့်ပြုကြောင်းဆို လာပါတယ်။ ဒါနဲ့ သူဌေးသမီးက သူ့မတို့ မိသားစုအတွင်းမှာ သူမအဒေါ်တဦးဟာ ကိုယ်ဝန်ရှိနေတုံး ကိုယ့်ကိုယ်ကို သတ်သေခဲ့သူဖြစ် တယ်လို့ ဆိုပါတယ်။ အဲသည်တော့ ဆရာဝန်ကြီးက အဆိုပါ မိန်းကလေးသည် စိတ်ပိုင်းဆိုင်ရာအရ ကျန်းမာရေး မကောင်းမွန်သူ တဦးဖြစ်လို့ ကိုယ်ဝန်မဆောင်သင့်ကြောင်း ထောက်ခံစာ ရေးပေးလိုက်ပါတယ်။
သို့သော် အစစအ၀၀ ကုန်ကျစရိတ်ကတော့ ပေါင်ငွေ (၁၅၀) ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူဌေးသမီးလည်း ရှောရှောရှုရှုနဲ့ သူမကိုယ်ဝန်ကို ပုဂ္ဂလိက ဆေးရုံတခုမှာ တရားဝင် ဖျက်ချခွင့်ရပါတယ်။ ခေတ်မှီဆေးရုံမှာ ခေတ်မှီဆေးဝါး များအသုံးပြုပြီး ဆေးပညာရှင်များ အကူအညီနဲ့ ဖျက်ချတာဖြစ်တော့ အနည်းနဲ့အများ အန္တရာယ် ရှိသေးတယ် ဆိုပေမဲ့ ဆင်းရဲသူမများ တိတ် တဆိတ် အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချတာလို အန္တရာယ် မများဖူးလို့ ဆိုနိုင် ပါတယ်။
စစ်ပြီးခေတ် အင်္ဂလန်နိုင်ငံဟာ ဆင်းရဲသားတွေများလွန်းပါတယ်။ ချမ်းသာသူတွေကတော့ ချမ်းသာတာပေါ့လေ။ အဲ သည့် ခေတ်တုံးက သာမန်လူလတ် တန်းစားအဆင့် နေထိုင်တဲ့ အိမ်တလုံးရဲ့ ပေါက်ဈေးဟာ ပေါင်ငွေ (၆၀၀) ခန့်ရှိပါ တယ်။ တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်အောင် အဆင့်ဆင့်ဆောင်ရွက်ရတဲ့၊ ပေးရတဲ့ အဲသည့်ပေါင်ငွေ (၁၅၀) ဟာ အခု ခေတ်ပမာဏ နဲ့ဆိုရင် ပေါင်ငွေ (၅,၀၀၀) ခန့်ရှိပါတယ်။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် အခုခေတ် ဒေါ်လာတသောင်း ၀န်းကျင်လောက်ရှိ ပါတယ်။ ဘာကြောင့် ဆင်းရဲသူအမျိုးသမီးများ ဗီးရာဒြရိတ်လို အရပ်လက်သည်များနဲ့ ကိုယ်ဝန် ဖျက်ချ ကြတယ်ဆိုတာ တွက်ဆနိုင် ပါတယ်။
တခါမှာတော့ ဗီးရာကိုယ်ဝန်ဖျက်ခြပေးတဲ့ မိန်းကလေးတဦး ကိုယ်ဝန်ပျက်တဲ့အရှိန်နဲ့ အပြင်းအထန်နာမကျန်း ဖြစ်လို့ အရေးပေါ် ဆေးရုံတင်ရတဲ့အခါမှာ ဆရာဝန်ဖြစ်သူက ဒီကိစ္စကိုရိပ်မိသွားလို့ ပုလိပ်ဖက်ကို အကြောင်းကြားရပါတယ်။ တိုတို ပြောရရင် နောက်ဆုံးမှာ ဗီးရာအဖမ်းခံရပါတယ်။ သူ့သမီး စေ့စပ်ကြောင်းလမ်းတဲ့နေ့ သူတို့ တိုက်ခမ်းကျဉ်းကျဉ်း လေးထဲမှာ ပုလိပ်များက လာရောက်ဖမ်းဆီးသွားပါတယ်။ ရှေ့နေ အလျှောက်ကောင်းလို့ ထောင်ဒဏ် နှစ်နှစ်ခွဲပဲ ကျခံ ရပါတယ်။ သို့သော် အသက်ကြီးမှ ထောင်ဒဏ်နှစ်နှစ်ခွဲကျတယ် ဆိုတာကလည်း မနည်းပါဖူး။ ဗီးရာရဲ့ရည်ရွယ်ချက် က ငွေကြေး မတတ် နိုင်တဲ့ သူတို့လိုဆင်းရဲသား အသိုင်းအ၀ိုင်းက မိန်းကလေးများကို သူတတ်နိုင်တဲ့ဖက်က ကူညီတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတခုလို လုပ်ဆောင်ခဲ့တာ မဟုတ်ပါ။
ဒီရုပ်ရှင်ဟာ ၁၉၅၀ ၀န်းကျင်လောက်က လန်ဒန်နေဆင်းရဲသူ အမျိုးသမီးများရဲ့ ဘ၀တစိတ်တပိုင်းကို မီးမောင်းထိုးပြထား တာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ရတဲ့ လူမှုဒုက္ခ အ၀အ၀ကို ရောင်ပြန်ဟပ်စေတယ်လို့ ပြောရင် လည်း မမှားပါဖူး။ အမျိုးသမီးထုရဲ့ တိုက်ပွဲဝင်မှု အဆက်ဆက်ကြောင့် အခုခေတ်မှာတော့ ဗြိတိန်နိုင်ငံဟာ ကိုယ်ဝန် ဖျက်ချတာကို တရားဝင် ခွင့်ပြုလိုက်ပါပြီ။ သို့သော် ယေဘူယျအားဖြင့် ကိုယ်ဝန်ဆောင်သက် (၂၄) ပတ်ထက်ကျော် ရင်တော့ ဖျက်ချခွင့် မပေးပါဖူး။ ရာဇ၀တ်မှုမြောက်ပါတယ်။ ဥပဒေကခွင့် ပြုတယ် ဆိုပေမဲ့ ဒါကိုကန့်ကွက်ရှုတ်ချတဲ့ ဘာသာရေး အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များလည်း တဖက်မှာ ရှိနေပါသေးတယ်။ ကိုယ်ဝန်ဖျက်ချတာကို လူသတ်မှု အဖြစ် စွပ်စွဲပြီး ကန့်ကွက်နေဆဲဖြစ်တဲ့ အဖွဲ့ အစည်းအသင်း အပင်းများလည်း ရှိပါတယ်။
ဆင်းရဲနွမ်းပါးမှုကြောင့် ပညာရေးကိုထိခိုက်စေပါတယ်။ ပညာရေးထိခိုက်လာတဲ့ အတွက် အသိအမြင်အကြား ဗဟု သုတ ဆိုင်ရာ ကိစ္စတွေမှာ ထပ်မံထိုခိုက်သလို အသက်မွေးဝမ်းကြောင်း အတွက်အလုပ်အကိုင် ရှာဖွေတဲ့နေရာမှာ လည်း ခက်ခဲ ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်ပါးမှုက တဖက်မှာလည်း မညီမျှမှုများကို ဖိတ်ခေါ်ပါတယ်။ လူမှုဘ၀ မှာ ရှိနေတဲ့ အဲသည့် မညီမျှမှုတွေဟာ ဆင်းရဲနွမ်းပါးမှုကို တဖန်ပြန်လည် သက်ဆိုးရှည်စေပြန်ပါတယ်။ မုံ့လုံးစက္ကူ ကပ်သလို ဖြစ်နေလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆင်းရဲနွမ်းပါးမှု သက်ဆိုးရှည်နေတာ နှစ်ပေါင်းကြာရှည်လှပါပြီ။ စစ်အုပ်ချုပ်ရေးအောက်မှာ ပိုလို့ တောင်ဆိုးဝါးလာပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း ကလည်း ပြိုကျနေပြီလို့ ပြောရင်တောင်ရပါတယ်။ မြန်မာ ပြည်မှာ ကနေ့ရင်ဆိုင်နေရတဲ့ ရောဂါကပ်ဘေးများက များလှပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပြဿနာ၊ တီဘီ၊ ငှက်ဖျား၊ အသဲရောဂါများဖြစ်တဲ့ ဟိုက်ပါတိုက်တစ် အေ၊ ဘီ၊ စီ အစရှိ တဲ့ ရောဂါများကို ကြီးမားစွာရင် ဆိုင်နေရပါတယ်။ မြန်မာပြည်သားတွေရဲ့ လူ့သက်တန်းဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင် အလွန်တိုတောင်း လှတယ်လို့ ပြောနိုင်ပါ တယ်။
ဆင်းရဲနွမ်းပါးမှုဟာ အောက်ဆုံးအဆင့်ကို ရောက်နေပါတယ်။ တချိန်တည်းမှာလည်း ဖိနှိပ်မှု အမျိုးစုံကို နိုင်ငံသားတို့ ရင်ဆိုင် နေရပါသေးတယ်။ လွတ်လပ်ခွင့် ဘာဆိုဘာမှ မရှိတဲ့ တိုင်းပြည်ပါ။ လူဆင်းရဲတွေ အတွက် မေတ္တာနဲ့ အခမဲ့ ဖွင့်လှစ်ကုသ ပေးနေတဲ့ ဆေးခမ်းတွေ၊ စောင့်ရှောက်ရေးဌာန တွေကိုတောင် အစိုးရက မကူညီဘဲ အနှောင့်အယှက်ပေး နေတာတောင် တွေ့နေရပါ တယ်။
ဗီးရာဒြရိတ် ရုပ်ရှင်မှာတင်ပြထားတာက စစ်ကြီးအပြီး ဆင်းရဲတွင်းနက်တဲ့ ကာလကို ရည်ညွှန်းပါတယ်။ သို့သော်ထို ကဲ့သို့ ဆင်းရဲတွင်းနက်မှုဟာ အခုအထိဆက်လက် ဖြစ်ပွားခြင်းမရှိတော့ပါ။ မြန်မာပြည်မှာတော့ ဆင်းရဲတွင်းနက်ခြင်း ဟာ အခု အထိ ဖွားဖက်တော်တယောက်လို ရှိနေဆဲဖြစ်ပါတယ်။ အင်္ဂလန်နဲ့တော့ နှိုင်းတတ်ပလေလို့ တချို့ကဆို ကောင်း ဆိုနိုင်ပါ တယ်။ အင်္ဂလန်နဲ့ တိုက်ရိုက်နှိုင်းတယ် ဆိုတာထက် ဆင်းရင်းမွဲတေမှုကို ရင်ဆိုင်လာရတဲ့ အခါမှာ ဘယ် လူ့အဖွဲ့အစည်း ပဲဖြစ်ဖြစ် ခံစားရတဲ့ လူမှုဒုက္ခ မမျှတမှုတွေ၊ မညီမျှမှုတွေဟာ သာမန်လူထုကိုသာ ပိုမိုထိခိုက် ကြောင်း ပြဆိုလိုတဲ့အတွက် ဖြစ်ပါတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၀ ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၇ ခုနှစ်
Monday, December 10, 2007
ဆင်းရဲနွမ်းပါးခြင်းနှင့် ဗီးရာဒြရိတ်
Posted by ရွက်မွန် at 6:38 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment