ရွက်မွန်စာမျက်နှာ

Thursday, January 3, 2008

ဖိနှိပ်မှုမျိုးစုံနှင့် ဒီမိုကရေစီခရီး

ဖိ
နှိပ်မှုလို့ ဆိုလိုက်တဲ့ အခါမှာ များသောအားဖြင့် အုပ်ချုပ်သူ အစိုးရက အုပ်ချုပ်ခံပြည်သူတွေ ကိုဖိနှိပ်ခြင်းဆိုတဲ့ အပေါ်မှာ ချက်ခြင်းမြင်လေ့ ရှိပါတယ်။ မှန်ပါတယ်။ ဒါကတိုက်ရိုက်မြင်သာတဲ့ ဖိနှိပ်မှု ဖြစ်နေတဲ့အတွက်ပါ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တခုကို တည်ထောင်ဖို့ရည်မှန်း ထားတယ်ဆိုရင် လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ အခြားအခြား သော ဖိနှိပ်မှုမျိုးစုံ ကိုလည်း တိုက်ဖျက် ဖို့လိုပါတယ်။ ဖယ်ရှားပစ်ကြဖို့လိုပါတယ်။ ဖိနှိပ်မှုဟာ နေရာများစွာမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ တည်ရှိနေပါတယ်။ နေရာ၊ အခြေအနေ၊ အချိန်အခါကို လိုက်လို့ အကြီးအသေး ကွာတာမျိုးတော့လည်း ရှိပါတယ်။

အမျိုးသမီးများ အပေါ်ဖိနှိပ်မှု။ တောင်အာရှ နိုင်ငံများမှာတော့ အမျိုးသမီးများ အပေါ်ဖိနှိပ်မှုဟာ ရိုးရာလို ဖြစ်နေပါတယ်။ ဖိနှိပ်ခြင်းဆိုတဲ့ အရာအောက်မှာ ခွဲခြားခံရခြင်း ဆိုတာကလည်း တပြိုင်နက်နဲ့ ကပ်ပါနေလေ့ရှိပါတယ်။ မိန်းမသား ဖြစ်နေတဲ့ အတွက် ဟိုဟာမလုပ်ရ၊ သည်ဟာမလုပ်ရ၊ ဘယ်နေရာမသွားရ၊ ဘယ်လိုဝတ်စားဆင်ယင်ရမယ် စတဲ့ အသေးအမွှား ကစလို့ အမွေဆက်ခံခွင့်၊ မြေယာပစ္စည်း ပိုင်ဆိုင်ခွင့်၊ နိုင်ငံရေးမှာပါဝင်ခွင့် စတာတွေကိုလည်း ကန့်သတ်ခံရပါတယ်။

ပါကစ္စတန်နိုင်ငံက အမျိုးသမီးများ ဖိနှိပ်ခံရတာ အစိုးရက တိုက်ရိုက်ဖိနှိပ်တာမျိုး မဟုတ်ပေမဲ့ ပါကစ္စတန် လူ့အဖွဲ့အစည်း အတွင်း အမျိုးသမီးများဖိနှိပ်ခံနေရတာအတွက် ကာကွယ်ပေးဖို့ တိုက်ဖျက်ဖို့ ဆိုတာကို အမျိုသားအများစုက မသိသလို မဆိုင်သလို နေကြပါတယ်။ သွယ်ဝိုက်အားပေး တာမျိုးတောင်ရှိပါတယ်။

ဥပမာတခုလောက် ပေးရမယ်ဆိုရင် ......။ ဇနီးသည်မိန်းမသားဟာ အခြားသူတဦးနဲ့ ဖောက်ပြန်တယ်လို့ လင်သား ဖြစ်သူက ထင်မြင်ယူဆတယ် ဆိုရင် အဲသည့် ဇနီးသည်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ပါတယ်။ တချို့ အခြေအနေ တွေမှာဆိုရင် ကန်ကျောက်ရုံမျှ မကဘဲ နားရွက်ကို ဖြတ်ခြင်း၊ နှာခေါင်းကို ဖြတ်ခြင်း၊ နှုတ်ခမ်းကို အကွင်း လိုက် လှီးဖြတ်ခြင်း စသဖြင့် ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။ သည်ထက်ပို ကံဆိုး သူ အမျိုးသမီးများ ကတော့ မီးရှို့အသတ် ခံရပါတယ်။ အဲသလိုမျိုး ဆိုးဆိုးဝါးဝါးလုပ်နေတာကို ကျန်တဲ့အမျိုးသားများ ကလည်း မသိကျိုးကျွန် ပြုနေကြပါတယ်။ သင်းတို့ဖောက်ပြန်လို့ ခံရတာ ခံရပစေဆိုတဲ့ အမြင်မျိုးရှိကြပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာများအရ ပါကစ္စတန်နိုင်ငံမှာ ရိုက်နှက် တာ ထက် ပိုပြီး အဲသလို အမျိုးသမီးများ ဆိုးဆိုးဝါးဝါး ဖိနှိပ်ခံနေရတာ တပတ်ကို (၄) ဦးနှုံး ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေ အရတော့ အဲသလိုလုပ်ခွင့်မရှိပါဖူး။ သို့သော် ရဲများကစလို့ အာဏာပိုင်များကလည်း အဲသလို ကိစ္စမျိုးဆိုရင် လာမတိုင်မချင်း အရေးယူ ဆောင်ရွက် ပေးတာမျိုးမရှိပါ။ မမြင်ယောင်၊ မကြားယောင် နေလေ့ရှိပါတယ်။

ကလေးများအပေါ်ဖိနှိပ်မှု။ ကလေးများအပေါ် ဖိနှိပ်မှုဆိုတာကတော့ ကလေးများကို ရိုက်နှက်နှိပ်စက်တာ တွေထက် မကဘဲ မြင်သာတဲ့ အချက်များကနေတဆင့် ပြောရရင် ကလေးများကို ကျွန်ပြုခိုင်းစေမှု၊ ပညာသင်ရမဲ့ အရွယ်မှာ ပညာ သင်ကြားခွင့် မပြုခြင်း၊ လိင်အရ ကလေးများအပေါ်မှာ ကျူးလွန်မှု စတာတွေ ပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံကိုကြည့် မယ်ဆိုရင် .....။

အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၅) မှာ ဆိုထားတာက ကလေးတိုင်းဟာ အသက် (၁၄) နှစ်အထိ မဖြစ်မနေ ပညာသင်ကြားရမယ် အဲသည့်အတွက် အခမဲ့ ပညာသင်ကြားခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ သို့သော် လက်တွေ့မှာတော့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကလေးလုပ်သား အများဆုံး နိုင်ငံများစာရင်းထဲမှာ ထိပ်ဆုံးကပါ နေ ပါတယ်။ ကလေးတွေ ငယ်ရွယ်စဉ်မှာ ပညာသင်ကြားဖို့ အခွင့်အလမ်း မရှိခြင်းနဲ့ သင်ကြားခွင့်ရအောင် သေသေချာချာ ဆောင်ရွက်ပေးခြင်း မရှိ တာဟာ ဖိနှိပ်မှု ပုံစံတမျိုးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ပုဒ်မ (၂၅) မှာတော့ လူတိုင်းဟာတန်းတူ ညီမျှဖြစ်တယ်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတယ်၊ လွတ်လပ်စွာ အသက် မွေးဝမ်းကျောင်း နိုင်တယ်ဆိုပြီးဖော်ပြ ထားပါတယ်။ သို့သော် လက်တွေ့မှာတော့ လူနည်းစု မွတ်စလင် တွေ ကို လူများစု ဟိန္ဒူတွေက အနိုင်ကျင့်ပါတယ်။ ဟိန္ဒူအချင်းချင်း ကြတော့လည်း ဇတ်နိမ့်တဲ့သူက အမြဲခံရတဲ့ဖက်က ဖြစ်ပါတယ်။ ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေး အကျိုးကျေးဇူး တခုမှ လောက်လောက်လားလား ခံစားခွင့်မရှိကြပါဘူး။ ဥပဒေက ပြဌာန်းပေးထား တယ် ဆိုပေမဲ့ မလိုလားအပ်တဲ့ ရှေးရိုးစွဲ အယူအဆတွေကြောင့် ဆက်လက်ဖြစ်ပွားနေတဲ့ ဖိနှိပ်မှုပြဿနာများ အသွင်မျိုးစုံနဲ့ ဆက်လက်တည်ရှိ နေခြင်းလို့ ဆိုနိုင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်ခံရပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ရှိနေသေးတဲ့ ဇတ်စနစ် အပါအ၀င် အခြားအရိုးစွဲ အယူအဆတွေကြောင့် ဖိနှိပ်မှုမျိုးစုံကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လည်း အိန္ဒိယဟာ တဖက်မှာ စီးပွါးရေးတိုးတက်ဖို့ အတိုင်းအတာ တခုအထိ အနှောင့်အယှက်ဖြစ်နေရသလို လစ် ဘရယ်ဒီမိုကရေစီ အထိမထွန်းကား နိုင်သေးတာလို့ တချို့ကဆိုကြပါတယ်။

တောင်အာရှ နိုင်ငံများမှာ အခုဖေါ်ပြထားတာထက် ပိုတဲ့ ဖိနှိပ်မှုများ အသွင်ပေါင်းစုံနဲ့ ရှိပါသေးတယ်။ အခြေခံကျတဲ့ အချက် အလက်များ လောက်ကိုသာ မြင်သာအောင် တင်ပြခြင်းဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မကြာသေးခင်က အတိုက်ခံအမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သူ ဘနာဇီယာ ဘူတို လုပ်ကြံခံရတာ အားလုံး သိကြပါတယ်။ မစ္စဘူတို ကိုထောက်ခံတဲ့ အင်အားစု တွေကလွဲရင် လက်ရှိစစ်အစိုးရနဲ့ ကျန်တဲ့ နိုင်ငံရေး အုပ်စု များက သူမကို မိန်းမသား ဖြစ်တဲ့အတွက် သိပ်မကြိုက်ကြပါဖူး။ ဒါ့အပြင် သူမကို အမေရိကန်လိုလား သူ အဖြစ်လည်း သတ်မှတ်ထား ပါသေးတယ်။ သူမကို နိုင်ငံရေးကနေ ဖယ်ထုတ်လိုတဲ့ သဘောထား ရှိကြပါတယ်။ အဲသည့် အုပ်စုများဟာ ပါကစ္စတန်နိုင်ငံကို မိန်းမသား တဦးအုပ်ချုပ်တာဟာ သူတို့ရိုးရာနဲ့ မကိုက်ညီဖူးလို့ သဘောထား ကြသူများလည်း ဖြစ်ပါ တယ်။ ဒီလိုအယူအဆတွေဟာ ဒီမိုကရေစီကို အခြေခံတဲ့ နိုင်ငံရေးစနစ်နဲ့ သွားမယ်ဆိုတဲ့ ပါကစ္စတန်လူ့အဖွဲ့အစည်း အတွင်း မှာ အတော်လေး အမြစ်တွယ်နေ ပါသေးတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကရယ်လာပြည်နယ်ဟာ ထူးထူးခြားခြား ရှိပါတယ်။ တခြားပြည်နယ်အများစုမှာ အမျိုးသမီး တွေဟာ အမွေဆက်ခံခွင့်နဲ့ မြေယာပိုင်ဆိုင်ခွင့်မရှိကြပါဖူး။ သို့သော် ကရယ်လာပြည်နယ်က အမျိုးသမီးတွေက တော့ အမွေဆက်ခံ ခွင့် မြေယာပိုင်ဆိုင်ခွင့် ရှိကြပါတယ်။ အဲတာက ဘာကြောင့်လဲ ဆိုတာ စောကြောလိုက်တော့ လွန်ခဲ့တဲ့ နှစ်တရာလောက်က စတင်ခဲ့တဲ့ လူမှုရေးလှုပ်ရှားမှုများ ကြောင့်ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

မြန်မာတွေက ပန်ဂျာပီလို့ အသိများတဲ့ အိန္ဒိယနိုင်ငံက ဆစ်ခ်လူမျိုးတွေကတော့ လူတိုင်းဟာ တန်းတူဖြစ်တယ် ဆိုတဲ့ အယူ အဆကို လက်ခံပါတယ်။ အဲသည့် အယူအဆဟာ ဆစ်ခ်လူမျိုးတဦးဖြစ်တဲ့ ဂုရု နာနတ်ဒေ့ဗ် ဆိုသူကနေ ဆင်းသက် လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဂုရုကြီးဟာ ခရစ်သက္ကရာဇ် ၁၄၆၉ မှာမွေးဖွားခဲ့ပြီး လူလူချင်း ဇတ်ခွဲခြား တဲ့ ဇတ်စနစ်ကို ဆန့်ကျင်ပြီး လူတိုင်းဟာတန်းတူ ဖြစ်တယ်ဆိုတာကို ဟောကြားခဲ့တဲ့ ဒဿန ဆရာတဦးလည်း ဖြစ်ပါတယ်။ အဲသည့် အယူအဆဟာ အိန္ဒိယလူ့အဖွဲ့အစည်း တခုလုံးကို ပြောင်းလဲမသွားစေ နိုင်ခဲ့သော်လည်း ထို ခေတ် ထိုအခါက သူတို့လူ့အဖွဲ့ အစည်းအတွင်း မှာ ရှိနေတဲ့ ဖိနှိပ်မှုတွေကို တနည်းတလမ်းအားဖြင့် ဖေါက်ထွက် တိုက်ခိုက်ဖို့ ပေါ်ပေါက်လာခဲ့တယ် ဆိုရင်လည်း မမှားပါဖူး။ ဆစ်ခ်လူမျိုးတွေကတော့ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှာ အဲသည့် ဂုရုကြီးအတွက် အထိမ်းအမှတ်ပွဲတော် လုပ်ကြပါတယ်။

ဖိနှိပ်မှုဆိုတာမျိုးက အသွင်မျိုးစုံနဲ့ နေရာမျိုးစုံမှာ ရှိနေပါသေးတယ်။ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေတယ် ဆိုတဲ့ အဖွဲ့ အစည်းများ အတွင်းမှာတောင် တွေ့နေရပါသေးတယ်။ ဥပမာအားဖြင့် အဖွဲ့အစည်း တခုအတွင်းမှာ မိမိနှင့် သဘောထား အယူအဆတူသူ၊ လိုင်းတူသူကိုသာ နေရာပေး အရေးထားပြီး မိမိနဲ့အတွေးအခေါ် အယူအဆ မတူသူ များကို ပိတ်ဆို့ ထားခြင်း၊ ချောင်ထိုးထားခြင်း၊ မသိမသာ ပထုတ်ထားခြင်း စတာတွေဟာ ခွဲခြားမှုလို့ သာမန်အားဖြင့် မြင်နိုင်ပေမဲ့ အဲတာ တွေကလည်း ဖိနှိပ်မှုနောက်ထပ် ပုံစံတမျိုးသာ ဖြစ်ပါတယ်။ မိမိနှင့်သဘောထား အယူအဆမတူ သူများကို ဘာမှ လုပ်ကိုင်ဆောင်ရွက်လို့ မရအောင် ကန့်ထားတာဖြစ်လို့ ဖိနှိပ်မှုထဲမှာ အကြုံးဝင်ပါတယ်။

ဒီမိုကရေစီဟာ ဖိနှိပ်မှုမျိုးစုံကို ဖောက်ထွက်၊ ပယ်ဖျက်ဖို့ ကျင့်စဉ်ဖြစ်ပါတယ်။ ဒီမိုကရေစီကို ကြွေးကြော်နေသူများ ကိုယ်တိုင် က ဒီအချက်ကို မမေ့မလျော့ ရှိဖို့အထူးလိုအပ်ပါတယ်။

စစ်အာဏာရှင်ဆိုတာကတော့ ဖိနှိပ်သူမှန်း လူတိုင်းသိနေလို့ အထူးပြောစရာမလိုပါ။ ဒီမိုကရေစီ အင်အားစုများ အတွင်းမှာ လည်း အချင်းချင်း ဖိနှိပ်ခြင်းကင်းအောင် သတိပြုဖို့လိုပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ဘယ်လိုဖိနှိပ် မှုမျိုးတွေ သက်ဆိုး ရှည်နေ သေးသလဲ၊ ဒီမိုကရေစီကို သွားတဲ့လမ်းမှာ မလိုလားအပ်တဲ့ ဘယ်လို ဖိနှိပ်မှုမျိုးတွေကို တိုက်ဖျက်သွားကြမလဲ ဆိုတာကို ဒီမိုကရေစီ ကင်းမဲ့နေသေးတဲ့ အခုလိုကာလမျိုး ကစလို့ ကျင့်ကြံဆောင်ရွက် ဖို့လို ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက်၊ ဇန်န၀ါရီလ၊ ၂၀၀၈ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.