အ
မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ လွတ်လပ်ရေးနေ့အခမ်းအနားကို ထူးထူးခြားခြား ဖြစ်အောင် ကျင်းပမယ်ဆိုလို့ ကျနော် စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းတွေက အခမ်းအနားတွေ စီစဉ်တာလည်း ကြာလာတော့လည်း သမား ရိုးကျ ဖြစ်လာကြသလားလို့ ထင်မိတယ်။ လုပ်ကိုင်ရတဲ့ အခက်အခဲ အကျဉ်းအကျပ်တွေကိုတော့ ကျနော်နားလည် စာနာမိပါတယ်။ သို့သော်လည်း ကျနော်က ကျနော်ကြုံရတဲ့ ထူးထူးခြားခြား အခမ်းအနားလေးတွေ ဆိုရင် မှတ်မိနေတတ် တယ်။ မှတ်တမ်းရအောင်လည်း ယူထားတတ်တယ်။ ဒီလိုနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေမိတာ ဖြစ်ပါတယ်။
တခါတလေတော့လည်း ကျနော်တို့ မြန်မာလူမှုအဖွဲ့အစည်းက သိပ်သမားရိုးကျ ဆန်သွားပြီလားလို့ ထင်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်အစိုးရ မျက်စေ့ပိတ် နားပိတ်ထားတာအပြင်၊ တီထွင်သူတွေကလည်း နည်းလာသလားလို့ စဉ်းစားမိ တယ်။ စစ်အစိုးရကတော့ တကယ့်ကို ရှေးရိုးစွဲ သမားရိုးကျ အဆန်ဆုံး သူတွေပါ။ ထိုင်ပုံကအစ စနစ်ရှိနေတယ်။ ရာထူး ကြီးသူက ခုံမြင့်မြင့်၊ ခုံကောင်းကောင်း၊ ရှေ့နောက် ကြီးစဉ်ငယ်လိုက်၊ တန်းစီလို့ ထိုင်ကြရတယ်။ သူတို့ဗိုလ်ချုပ်တွေတင် မကဘူး။ ဗိုလ်ချုပ်ကတော်တွေကပါ ရာထူးကြီးစဉ်ငယ်လိုက် တန်းစီထိုင်ကြရပြန်တယ်။ သတင်းစာဖော်ပြရင်လည်း ရာထူး ကြီးသူက အပေါ်က၊ ထူးခြားတဲ့ သတင်းက အပေါ်က မဟုတ်လေဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုသမားရိုးကျ ဖြစ်မှုတွေကို ဖောက်ထွက်ချင်တဲ့သူ၊ လူချင်းချင်း သာတူညီမျှလို့သာ သဘောထားသူ၊ ဒီလိုဆိုတော့လည်း ဒီလို အမြင်မတူ တာတွေ ကြောင့်ပဲ ပေါင်းစပ်မရကြတာလားလို့ ထင်မိတယ်။
၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်ဖြစ်လိမ့်မယ်။ ကျနော်တို့က ထိုင်းနိုင်ငံက တီဗွီမှာ မြို့ကြီး မြို့ငယ် အသွယ်သွယ်မှာ နှစ်သစ်ကူး (New Year) လုပ်နေတာကို ထိုင်ကြည့်နေကြတယ်။ မီးတွေကလင်းထိန်လို့၊ ကောင်းကင်မှာလည်း မီးရှူး မီးပန်း တွေ ဖောက်ခွဲ လင်းလက်လို့၊ ဘောလုံးကွင်းကြီးလို တခုထဲမှာတော့ သရုပ်ပြဖျော်ဖြေပွဲ လုပ်နေကြတယ်။ ထိုင်း ဘုရင်ကို သူတို့က မဟာဇနကနဲ့ တင်စားဖော်ပြလေ့ရှိကြတော့ ရေလှိုင်းတွေကြား ကူးခတ်ရပုံကို လူအုပ်ကြီးနဲ့ မီးတွေနဲ့ ကွင်းထဲမှာ သရုပ်ဖော်နေပုံက အံ့မခန်းပါပဲ။ မြန်မာနိုင်ငံက တီဗွီဘက်ပြောင်းကြည့်လိုက်တော့ အကယ်ဒမီဆုပေးပွဲလာ နေ တယ်။ သိကြတဲ့အတိုင်း အမှောင်ထဲမှာ မီးမောင်းကြီးတွေက ဆုရသူကို လိုက်ရှာနေတယ်ပေါ့။ ရိုက်ကူးမှု မကောင်း တာရယ်၊ အလင်းစနစ် မဟုတ်တာတွေကြောင့် တီဗွီက မှောင်မှောင်မဲမဲက အများစု ဖြစ်နေတယ်။ အကယ်ဒမီဆုတွေ ပေး ပြီးတဲ့ အခါကျတော့ ကျနော့်မိတ်ဆွေကတော့ ပြောတယ်။ ဒီနှစ်တော့ အကယ်ဒမီဆုပေးပွဲမှာ တခုတော့ တီထွင်ထားပါ တယ်တဲ့။ ကျနော်က ဘာလဲလို့ မေးမိတယ်။ “နိုင်ငံတော်အကြီးအကဲ ဆိုသူကို အကယ်ဒမီဆုရတဲ့သူတွေက အုပ်စုလိုက် ထိုင် ကန်တော့ ကြတာပါတဲ့”။ သူဖြေပုံ ပြောပါတယ်။ ဒေါက်တာလွမ်းဆွေ ဘလော့မှာ မဆုမွန်ကဗျာကို ဖတ်ရတော့ ဒီအဖြစ်ကို ပြန်အမှတ် ရသေးတယ်။
သို့သော်လည်း ကျနော်ဝေငှချင်တာကတော့ ကျနော်ကိုရီးယားနိုင်ငံမှာ ကြုံခဲ့ဖူးတဲ့ အမှတ်တရ နေ့ကလေးတခုပါ။ အခမ်း အနားက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူတွေအတွက် ရည်စူးတဲ့ အထိမ်းအမှတ် အခမ်းအနားတခုပါ။ ကိုရီးယား မှာလည်း စစ်အာဏာရှင် အုပ်ချုပ်ရေးသက်တမ်းက မနည်းခဲ့သလို၊ လွတ်မြောက်ရေး တိုက်ပွဲတလျှောက်လည်း ပေးဆပ်ခဲ့ ကြရတဲ့ သူတွေလည်း မနည်းလှပါဘူး။ ကျနော်ရောက်ခဲ့တဲ့ အခမ်းအနားကလေးက ၂၀၀၅ ခုနှစ်၊ ဇွန်မှာ လုပ်တာ။ သူတို့ ရဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွေထဲက တခုလို့ပဲ မှတ်မိတော့တယ်။ ကျနော်ကတော့ သူတို့ လုပ်ပုံကိုင်ပုံကို သဘောကျလို့ ဝေငှ ပါရစေ။
အခု ဒေါက်တာလွမ်းဆွေ ဘလော့မှာ ဖတ်ရတယ်။ လွတ်လပ်ရေးနေ့မှာ လူအချို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ မှာရော၊ အခြားနေရာမှာပါ နိုင်ငံရေးအကျဉ်းသားဝတ်စုံတွေနဲ့ သရုပ်ဖော်ပြကြတာကို တွေ့လိုက်ရတယ်။ ကျနော်နည်းနည်း တော့ ကျေနပ်နေမိတယ်။ ဒီလို ထင်သာမြင်သာ လှုပ်ရှားမှုတွေက လူထုကို ပိုးနိုးကြားစေတယ်လေ။
အောင်သူငြိမ်း
No comments:
Post a Comment